အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများ လုံခြုံရေးထူထပ်စွာချထားသည့် ရန်ကုန်နှင့် မန္တလေး ကဲ့သို့သော မြို့ပြများတွင် အုပ်စုဖွဲ့လုယက်ခြင်း၊ လူသတ် ပစ္စည်းလုခြင်းနှင့် ဓားပြတိုက်ခြင်း အစရှိသော ခိုးဆိုလုယက်သည့် ဒုစရိုက်မှု သတင်းများ နေ့စဉ်နှင့်အမျှ ကြားသိနေရသည်။
အနီးစပ်ဆုံး ဆိုရလျှင် ပြီးခဲ့သည့် မတ် ၇ ရက်က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမပေါ်ရှိ BKK T-Shirt အထည်ဆိုင်တခုကို နေ့လယ်ခင်းအချိန်မှာပင် အနည်းဆုံး အမျိုးသား ၃ ဦး ပါဝင်သော လူအုပ်စုတစုက ဆိုင်အတွင်း သို့ ဝင်ရောက်ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်ကို အဝတ်စည်း၊ လည်ပင်းကို ဓားထောက်ပြီး ဆိုင်၏ ရောင်းရငွေများ၊ ဖုန်းနှင့် ပိုက်ဆံအိတ်များကို ဓားပြတိုက်ယူ သွားခဲ့သည်။
“ကြောက်စရာကောင်းလွန်းလှတဲ့ ခေတ်ကြီးကို ရောက်နေသလိုပါပဲရှင်” ဟု BKK T-Shirt ဆိုင်က လူမှုကွန်ရက်စာမျက်နှာ တွင် ဓားပြတိုက်ခံရသည့် အခြေအနေကို ထိုသို့ ပြောဆိုရေးသားထားသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ယခုရက်ပိုင်းများအတွင်း၌ အမျိုးအစား စုံလင်လှသော ခိုးဆိုးလုယက်မှုပေါင်းစုံ ဖြစ်ပွားလျက် ရှိကြောင်း ဧရာဝတီက မေးမြန်းခဲ့သည့် သတင်းရင်းမြစ်များက ပြောဆိုသည်။
နိုင်ငံခြားသား အထည်ချုပ်ပိုင်ရှင်တဦးကို ကားပေါ်တွင် သတ်ဖြတ်ကာ ဝန်ထမ်းလစာ ငွေကျပ်သိန်း ၃၀၀၀ ကျော်ကို လုယူ သွားခြင်း၊ ဘဏ်များ ဓားပြတိုက်ခံရခြင်း၊ YBS ယာဉ် ၁ စီးကို လူအုပ်စုလိုက် တက်ရောက်လာပြီး ယာဉ်မောင်းနှင့် ခရီးသည် များထံမှ ဖုန်းနှင့် ငွေကြေးများကို ဓားပြတိုက်ယူသွားခြင်း၊ ဆိုင်ကယ်/စက်ဘီးခိုးယူခြင်း၊ ပိုက်ဆံအိတ်လုယူခြင်း၊ ဆွဲကြိုး ဖြုတ်ပြေးခြင်း၊ နေအိမ်ကို အနုကြမ်းဝင်စီးခြင်းနှင့် ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းခိုးယူခြင်း စသည်ဖြင့် ခိုးဆိုးလုယက် မှုပေါင်းစုံကို မြို့ပြနေပြည်သူများ ကြုံတွေ့ခံစားနေရသည်။
“ကျမတို့ ဘက်တွေမှာဆိုရင် ဖုန်းလုတယ်။ စက်ဘီးနဲ့ ဖြတ်လုသွားတယ်။ ဆိုင်ကယ်နဲ့ ဖြတ်လုသွားတာတို့ အမြဲတမ်း ကြား နေရတယ်။ အိမ်ရှေ့မှာ ရပ်ထားတဲ့ စက်ဘီးတွေ ပျောက်သွားတယ်။ ဆိုင်ကယ်တွေ အခိုးခံရတယ်” ဟု ရန်ကုန်မြို့ ရွှေပြည် သာမြို့နယ်တွင် နေထိုင်သော မဟန်နီ (အမည်လွှဲ) က ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင် ညမထွက်ရအမိန့် ရှိနေသေးခြင်းကြောင့် ည ၇ နာရီဝန်းကျင်အချိန်မှာပင် လမ်းမကြီးများထက် လူ နှင့် ကား အသွားအလာ ကျဲပါးသွားခြင်းကြောင့် အလုပ်ချိန် နောက်ကျမှ ရုံးဆင်းရသည့် နေ့ရက်များတွင် အိမ်ပြန်လမ်းခရီး ကို စိုးရိမ်စိတ်များစွာဖြင့် ပြန်နေရသည်ဟုလည်း ၎င်း ကြုံတွေ့နေရသော စိတ်မလုံခြုံမှုကို ပြောပြသည်။
ဆက်လက်၍ မဟန်နီက “ရန်ကုန်မှာနေရတာ ကိုဗစ်နဲ့ သေမလား၊ အငတ်ဘေးနဲ့ သေမလား၊ စစ်ဘေးနဲ့ သေမလား ပြဿနာ တွေက အရမ်းများနေတယ်။ အဲဒီတော့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုက အရမ်းကို ဆိုးလာနေတယ်” ဟုလည်း ဆိုသည်။
ရန်ကုန်မြို့ တာမွေမြို့နယ်တွင် နေထိုင်သော မငြိမ်းအေးကလည်း ရန်ကုန်မြို့တွင်း ခိုးဆိုးလုယက်မှုများသည် ပေါ်ပေါ်ထင် ထင် ဖြစ်လာနေပြီး လိုင်းကားစီးလျှင်ပင် ဖုန်းလုယူခံရမည်ကို စိုးရိမ်သဖြင့် ထုတ်မသုံးရဲသည့် အခြေအနေအထိ ရှိနေ ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျမတို့ တိုက်က ၄ လွှာကို ဘေးပြတင်းပေါက်ကနေ ဝင်ခိုးဖူးတယ်။ အခုဆိုရင် တိုက်ခန်း ၇ လွှာမှာ နေနေတာတောင် ညဆို တံခါးတွေ သေချာပိတ်ရ၊ အသံနည်းနည်းကြားရရင်ကို ဘာဖြစ်မလဲဆိုတဲ့ စိတ်ရှိနေတော့ သေသေချာချာ အိပ်လို့ မရဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့နေ လူထုသည် ယခုလပိုင်းတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများ၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင် အဆင်မပြေခြင်း စသည့် လူမှုစီးပွားဘဝ အကျပ်အတည်းများအပြင် အတင့်ရဲလာသော ဒုစရိုက်လောက သားများ၏ အန္တရာယ်က ၎င်းတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်လာနေသည်။
ထို့အတူ မန္တလေးမြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းများ၌ ည ၇ နာရီနှင့် ၈ နာရီဝန်းကျင် အချိန်များတွင် တဦးတည်း ဆိုင်ကယ် စီးနင်းလာသူများကို လူအုပ်စုဖြင့် စောင့်ဆိုင်းကာ တုတ်၊ ဓားများဖြင့် ရိုက်နှက်ပြီး ဆိုင်ကယ်လုယူခြင်းများ မကြာခဏ ဖြစ်ပွားနေကာ တချို့ဖြစ်စဉ်များတွင်မူ လူ့အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ကျူးလွန်မှုများလည်း ရှိသည်။
ထိုကဲ့သို့ ဖြစ်စဉ်များ မန္တလေးမြို့ရှိ ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်များတွင် အများ ဆုံး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
ထို့သို့ ခိုးဆိုးလုယက်မှုများ ထူပြောလာရခြင်းသည် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ စီးပွားရေး ကျဆင်း မှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသွားခြင်း၊ ဝင်ငွေနည်းနေချိန်တွင် ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လာ ခြင်း စသည့် အကျပ်အတည်းများစွာ ပေါင်းစုံလာခြင်းကြောင့် ဖြစ်သည်ဟု ဥပဒေပညာရှင်တချို့က သုံးသပ်ပြောဆိုသည်။
တဖက်တွင်လည်း ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာ သိမ်းယူခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ဖေဖော်ဝါရီနှင့် ဧပြီလများတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၄၀,၀၀၀ ကျော်ကို ၂ ကြိမ် ခွဲ လွှတ်ပေးခဲ့မှုများ ရှိနေသည်။
ထိုအချိန်က လွှတ်ပေးခဲ့သူ အများစုမှာ မူးယစ်ဆေးဝါးမှုနှင့် ခိုးဆိုးလုယက်မှုများကြောင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံ တဝှမ်းမှ ရာဇဝတ်အကျဉ်းသားများ ဖြစ်သည်။

“ရပ်ရွာအေးချမ်းမှု ပျက်ပြားသွားတဲ့ အခါတိုင်းမှာတော့ ရာဇဝတ်မှုတွေ ထူပြောလာတာက ဖြစ်လေ့ဖြစ်ထ ရှိတာပဲပေါ့။ တရားဥပဒေစိုးမိုးရေးကလည်း တည်တည်တံ့တံ့၊ ခိုင်ခိုင်ခန့်ခန့် အာဏာသက်ရောက်မှု မရှိတော့တဲ့အခါမှာ၊ တဖက်မှာ လည်း တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုက အဘက်ဘက်က ပျက်ပြားနေတဲ့ အနေအထားမျိုးမှာ ဒုစရိုက်လောကသားတွေ က အခွင့်ကောင်းယူပြီး တရားဥပဒေကို ချိုးဖောက်လာကြတာပေါ့” ဟု ဥပဒေပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။
တခြားတဖက်တွင်လည်း စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များသည် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများထက် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်သော တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ လုံခြုံရေးကိုသာ ပို၍ အာရုံ စိုက်လာရသဖြင့် နယ်မြေတည်ငြိမ်ရေးအတွက် ထိန်းချုပ်နိုင်ရန် အားနည်းလာသည့် လက္ခဏာလည်း ဖြစ်သည်။
“တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အဓိက တာဝန်ယူထားရတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း သူရဲ့ အဓိကတာဝန်တွေကို အလေးမထားနိုင်ဘဲနဲ့ တဖက်က နစကရဲ့ စစ်တပ်နဲ့ တွဲဖက်ပြီး နယ်မြေစိုးမိုးရေးကို ဆောင်ရွက် နေရတဲ့ အခါမှာကျတော့ သူ့ရဲ့ အဓိကတာဝန်တွေမှာ အားနည်းကုန်တာပေါ့” ဟုလည်း အထက်ပါ ဥပဒေပညာရှင်က မှတ် ချက်ပြုသည်။
ထို့ပြင် မှုခင်းတခုခု ဖြစ်ပွား၍ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားပါကလည်း အရေးယူဆောင်ရွက်ပေးမှု ကြန့်ကြာခြင်းများကြောင့် ပြည်သူများ အနေဖြင့် လူ့အသက်အန္တရာယ် ထိခိုက်မှု မရှိခဲ့သော ပစ္စည်းလုယက်မှုများကို ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခြင်း များ လျော့နည်းလာသည်။
“တိုင်တော့လည်း ပြန်မရတာတွေက များလာနေတော့၊ သွားတိုင်ရင်လည်း တိုင်တာပဲ ရှိတာဆိုတော့ တော်ရုံတန်ရုံ ကိစ္စဆို ဘယ်သူမှ သွားမတိုင်ကြတော့ဘူး။ စက်ဘီးလောက်ပဲကွာ၊ ဆိုင်ကယ်လောက်ပဲကွာ ဆိုပြီး ထားလိုက်ကြတာ များတယ်” ဟု ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်တွင် နေထိုင်သည့် ပရဟိတ ဦးဆောင်လုပ်နေသူတဦးက ဧရာဝတီသို့ ပြောသည်။
ထို့သို့ ဖမ်းဆီးအရေးယူမှုများ အားနည်းလာခြင်းကြောင့် ဒုစရိုက်မှု ကျူးလွန်သူများကလည်း ပို၍ အတင့်ရဲလာကာ ပစ္စည်း လုယူခြင်းများအပြင် လူ့အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာသည်အထိ ပိုမို ဆိုးရွားလာနေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယခင် နိုင်ငံရေးတည်ငြိမ်မှု ရှိနေသော ခေတ်ကာလမှာပင် ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်မှု ကြောင့် တရားဥပဒေစိုးမိုးရေး အပိုင်းတွင် အားနည်းချက်များစွာ ရှိနေခဲ့သည်။
ယခင်က ရဲတပ်ဖွဲ့အရာရှိများ၏ ထုတ်ဖော်ပြောဆိုထားသည့် မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၁ သိန်း ဝန်းကျင်ရှိပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးသည် ပြည်သူ ၁၃၀၀ ကျော်ကို ကာကွယ်ပေးနေရသည့် အခြေအနေရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံး ကောက်ယူထားသော ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၇ သန်းကျော် နေထိုင်သော ရန်ကုန်မြို့ကို ရဲတပ်ဖွဲ့ဝင်ဦးရေ ၇၇၀၀ ကျော်ဖြင့်သာ တာဝန်ယူနေရသည့် အခြေအနေ ရှိသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သော ရဲတပ်ဖွဲ့ဝင်များ ကလည်း ထောင်နှင့်ချီ ရှိနေပြီး တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရ၊ သေဆုံးသည့် ဦးရေမှာ လည်း ရာနှင့်ချီ ရှိပြီ ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်သည့် ပြဿနာကို အကြီးအကျယ် ရင်ဆိုင်လာရသည့် စစ်ကောင်စီသည် ရဲချုပ်ရုံးကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့ ၆ ခုကို ဖျက်သိမ်းရန်ပင် ပြင်ဆင်လျက် ရှိသည်။
ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးလာ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လက်အောက်ရှိ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမာ္ဘလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် အမြန်လမ်း မကြီးရဲတပ်ဖွဲ့ စသည်တို့ကို ဖျက်သိမ်းရန် စီစဉ်နေခြင်း ဖြစ်သည်။
ယခုလို ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် ခိုးဆိုးလုယက်မှုများ ပိုဆိုးလာခြင်းသည် ရဲတပ်ဖွဲ့များ အနေဖြင့် တပ်ဖွဲ့ဝင် အင်အား နည်းပါးလာခြင်းနှင့် လုံခြုံရေးအန္တရာယ်များ စိုးရိမ်ရသည့် အခြေအနေများကြောင့် မှုခင်းကြိုတင်ကာကွယ်မှုများ နှင့် လှည့်ကင်းကိစ္စရပ်များကို မလုပ်ဆောင်နိုင်တော့၍ ဖြစ်ကြောင်းလည်း မန္တလေးမြို့တွင် စခန်းမှူးတာဝန် ထမ်းဆောင်နေ သော အမည်မဖော်လိုသည့် ဒုရဲမှူးကြီးတဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ လှည့်ကင်းတွေ ကောင်းကောင်း မစိုးမိုးနိုင်ဘူး။ လှည့်ကင်း သွားပြန်ရင်လည်း တပ်ဖွဲ့ဝင်တွေ အပစ်ခံရ၊ တိုက်ခိုက်ခံနေရတော့ အရင်လို တယောက်၊ နှစ်ယောက်နဲ့ မသွားရဲကြတော့ဘူးလေ။ အခုက အဲဒီလို ထွက်လို့ အဆင်မပြေတော့လို့ အခုလိုမျိုးတွေ ဖြစ်ကုန်တာ” ဟု ၎င်းက ဆိုသည်။
လက်ရှိ မြို့နယ်တခု၏ ရဲတပ်ဖွဲ့အင်အား အခြေအနေများအရ ယခင်က လုံခြုံရေးလှည့်ကင်းအတွက် ၁ + ၅ (အရာရှိ ၁ ဦး၊ တပ်ဖွဲ့ဝင် ၅ ဦး) အင်အားဖြင့် စခန်းတခုလျှင် အနည်းဆုံး ၂ ဖွဲ့ ထွက်ရခြင်းဖြစ်ပြီး ယခုအခါ ထိုသို့ လုပ်ဆောင်ရန် အင်အား မလုံလောက်တော့သလို ၁ + ၅ နှစ်ဖွဲ့ဖြင့် လှည့်ကင်းထွက်ခဲ့လျှင်တောင် စခန်းအပိုင် နယ်မြေတခုလုံးကို လွှမ်းမိုးနိုင်ရန် မလွယ်ကူတော့ကြောင်း ၎င်းက ရှင်းပြသည်။
ဒုရဲမှူးကြီးက ဆက်လက်၍ “အခုလိုမျိုးတွေ ဖြစ်လာတာက အဓိက စားဝတ်နေရေး အခက်အခဲတွေကြောင့်ပေါ့။ နောက် နိုင်ငံရေး အခြေအနေ အရပ်ရပ်ကြောင့်လည်း တောကြောင်တွေ ထလာတာလို့ပဲ မြင်တယ်။ စီးပွားရေး ကျပ်တည်းလာ တော့ လုပ်သင့်မလုပ်သင့် ဆိုတာထက် လုပ်ချင်ရာကို လုပ်လာနေကြတာ” ဟု ပြောဆိုသည်။
အာဏာရူးသော စစ်ခေါင်းဆောင်များ၏ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များသည် ၁ နှစ်ကျော် ကာလ အတွင်းမှာပင် တိုင်းပြည်ရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို အောက်ဆုံးထိရောက်အောင် ဆွဲချနေသလို မင်းမဲ့စရိုက်များ၊ ရာဇဝတ်မှုများ ထူပြောပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့သော တိုင်းပြည်အဖြစ်သို့လည်း ထပ်မံရောက်ရှိစေတော့ မည် ဖြစ်သည်။