သူ၏မိခင်ကို ခေါ်ဆောင်ရန် စစ်သားနှင့်ရဲများ ရောက်လာသောအခါ ကလေးငယ်တဦး အော်ငိုသည်။ ရက်စက်ရိုင်းစိုင်းစွာ ရိုက်နှက်ခံရပြီးနောက် ပလက်ဖောင်းတွင် လူတယောက် လဲကျနေသည်။ အသက်အရွယ် အလယ်အလတ် အမျိုးသမီးတဦးက ငယ်ရွယ်သော စစ်သားနှင့်ရဲများအပြည့် တင်ဆောင်လာသည့် ထရပ်ကားတစီးကို ဒေါသတကြီး အော်ဟစ်ပြီး သူမ၏သားသည် ၎င်းတို့နှင့် သက်တူရွယ်တူသာဖြစ်ပြီး ကိုယ်ချင်းစာသင့်ကြောင်း ပြောနေသည်။
ထိုမြင်ကွင်းများ အားလုံးသည် Myanmar Film Collective (MFC) ဟု ၎င်းတို့ကိုယ် ၎င်းတို့ အမည်ပေးထားသော အဖွဲ့က မြန်မာနိုင်ငံတွင် စွန့်စွန့်စားစား ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင်တခုမှ စိတ်ဖိစီးစရာ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းများအနက် အချို့သာဖြစ်သည်။
တီထွင်ဖန်တီးသော ခုခံရေးတိုက်ပွဲအဖြစ် ဖော်ပြသည့် “Myanmar Diaries” (မြန်မာဒိုင်ယာရီများ) ကို မကြာသေးမီက ဂျာမနီနိုင်ငံ၊ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ကမ္ဘာ့ပထမဆုံး ပြသခဲ့ပြီး အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆုကို ရခဲ့သည်။ ထိုဆုသည် ပရိသတ်နှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် ရုပ်ရှင်ဆုဖြစ်ပြီး လူ့အခွင့်အရေးကို အဓိကထားသော ရုပ်ရှင်များအား ပေးသောဆုဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်တခုကြာ ဒီမိုကရေစီ အတွေ့အကြုံ ရက်စက်ကြမ်းကြုတ်စွာ အဆုံးသတ်ခံရပြီး တနှစ်အကြာတွင် ထိုမှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့က ဆန့်ကျင်ကန့်ကွက်နေပြီး ငြိမ်းချမ်းစွာ ခုခံမှုအားလုံးကို ကြိုးစားနေတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုဟာ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရတယ်။ ဒါကြောင့် ပိုမိုထိရောက်အောင် ဘာလုပ်လို့ရမလဲ ဆိုတာကို ဆွေးနွေးဖို့ ကျနော်တို့ စုဝေးကြတယ်” ဟု အမည်မဖော်လိုသူ MFC အဖွဲ့ဝင်တဦးက ပြောသည်။
နောက်ဆုံးကျတော့ ကျနော်တို့ထဲက တချို့ဟာ ရုပ်ရှင်သမားတွေဖြစ်ပြီး ဒါဟာ အများကြီး ပိုမိုထိရောက်မှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်
“ရုပ်ရှင်တခု ရိုက်သင့်လား၊ စာအုပ်တအုပ် ထုတ်သင့်လား ကျနော်တို့ စဉ်းစားတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ ကျနော်တို့ထဲက တချို့ဟာ ရုပ်ရှင်သမားတွေဖြစ်ပြီး ဒါဟာ အများကြီး ပိုမိုထိရောက်မှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်” ဟုလည်း သူကပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အများစုအနေအထားဖြင့် အနိုင်ရသော ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ဆန္ဒပြပွဲများနှင့် အတိုက်အခံများကို အကြမ်းဖက် ဖိနှိပ်မှုများ ပြုလုပ်နေသည်။
လွတ်လပ်သော လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက်တွင် အရပ်သား ၁,၆၀၀ ခန့် သတ်ဖြတ်ခံရပြီး ၉,၀၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည်။ သို့သော် အခြားသုတေသန အဖွဲ့အစည်းများကမူ ပဋိပက္ခ၏ ဘက်အသီးသီးမှ သေဆုံးသူ စုစုပေါင်း ၁၂,၀၀၀ ရှိသည်ဟု ဆိုသည်။
အာဏာသိမ်းပြီး ရက်သတ္တပတ် အတန်ကြာတွင် လုပ်ငန်းများ စတင်ပြီး ထိုအဖွဲ့သည် လမ်းမများပေါ်တွင် နိုင်ငံသားများက မိုဘိုင်းဖုန်းများ သို့မဟုတ် အခြား ကိရိယာများဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုအကြမ်းများကို စတင်စုဆောင်းပြီး ၎င်းတို့ကို အဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသာစုများနှင့် မိတ်ဆွေများ တွေ့ကြုံခံစားရသည့် ဖြစ်ရပ်များကို ပြန်လည်တည်ဆောက်ကာ ပေါင်းစပ်သည်။
“အပြင်ထွက်ဖို့ဆိုတာ အရမ်းကို အန္တရာယ်များတဲ့အတွက် အဲဒီနည်းလမ်းက ကျနော်တို့လုပ်လို့ရတဲ့ တခုတည်းသော နည်းလမ်းဖြစ်နေတယ်။ အဖြစ်အပျက်တွေက ဖြစ်ပျက်ပြီးသွားပြီဆိုတော့ အချိန်ကလည်း နောက်ကျသွားပြီ” ဟု ထို MFC အဖွဲ့ဝင်က ပြောသည်။
ပြန်လည်ပုံဖော် ရိုက်ကူးခြင်းများကို ပုံစံအမျိုးမျိုး၊ အနုပညာ အမျိုးအစားအမျိုးမျိုးဖြင့် ရိုက်ကူးပြီး မျက်နှာများနှင့် လူပုဂ္ဂိုလ်ကို ခွဲခြားသိရှိနိုင်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ထည့်သွင်းရိုက်ကူးခြင်း မပြုပေ။
ပြန်လည် ပုံဖော်တင်ဆက်မှုများသည် ဘဝကို တစစီ ကြေမွစေသော အကျပ်အတည်းအတွင်း သာမန်နိုင်ငံသားများ ရင်ဆိုင်ရသည့် သာမန်ဖြစ်ရပ်များမှသည် ကြောက်မက်ဖွယ်ဖြစ်ရပ်များအထိ အတွေ့အကြုံ အမျိုးမျိုးကို သရုပ်ဖော်ထားသည်။
လူငယ်များသည် အလုပ်သွားမည် သို့မဟုတ် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်မည်ကို ရွေးချယ်ကြရသည်။ အမျိုးသမီးငယ်တဦးက သူကိုယ်ဝန်ရှိနေသည့် ကိစ္စကို ခုခံရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ချစ်သူအား ပြောရမည်၊ မပြောရမည်ကို စဉ်းစားနေရသည်။ လူကြီးတဦးက ဆန္ဒပြပွဲများမှ မည်သည့်အခါမျှ ပြန်မလာတော့မည့် ဇနီးသည်ကို တမ်းတနေသည်။
အချို့ကို လူမှုကွန်ရက်တွင် မျှဝေထားပြီးဖြစ်သည့် မှတ်တမ်းတင် ရိုက်ကွက်များသည် အသည်းထိတ်စရာ ကောင်းလှသော်လည်း MFC အဖွဲ့ဝင်တဦးက “ပရိသတ်က မှန်းဆလို့ ရနိုင်တဲ့အတွက် အရမ်းကို အသေးစိတ်တာတွေကို တည်းဖြတ်တဲ့အခါ ဖြုတ်ထားဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ရတယ်။ ပြီးတော့ ဒီရုပ်ရှင်ကို အကြမ်းဖက်မှုကနေ ပေါက်ဖွားလာတာမျိုးလည်း ကျနော်တို့ မဖြစ်စေချင်ဘူး။ ရိုက်ကွက်အများအစုက စစ်ကောင်စီက ထိန်းထိန်းသိမ်းသိမ်း လုပ်နေဆဲဖြစ်တဲ့ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ရိုက်ကူးထားတာတွေပါ။ နောက်ပိုင်းမှာတော့ အခြေအနေတွေက အများကြီး ပိုမိုဆိုးရွားလာတာပေါ့” ဟု သူက ပြောသည်။
တည်းဖြတ်ခြင်းကို နယ်သာလန်အခြေစိုက် ZINDOC မှတဆင့် ရုပ်ရှင်များ ထုတ်လုပ်နေသော ဒတ်ချ် ရုပ်ရှင်ထုတ်လုပ်သူ ကော်ရင်နီ ဗန် အီဂါရက်နှင့် ချက်နိုင်ငံသား ဒါရိုက်တာ ပက်တာ လွမ်း တို့က ကြီးကြပ်ပေးသည်။
၎င်းတို့သည် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရုပ်ရှင်နှင့် ဓာတ်ပုံပညာကို သင်ကြားပေးခဲ့ခြင်း၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များနှင့် အဆက်အသွယ် ရှိခြင်းတို့ကြောင့် ပိုမိုကျယ်ပြန့်သော ပရိသတ်များသို့ ဆက်သွယ်ပေးနိုင်သည့်အတွက် ထိုအဖွဲ့က ၎င်းတို့ကို ဆက်သွယ်လာခြင်းဖြစ်ကြောင်း ဗန် အီဂါရက်က ရှင်းပြသည်။
ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် လွန်စွာအန္တရာယ်များသော လုပ်ငန်းဖြစ်လာပြီး ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူ အများအပြားမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး အများအားဖြင့် စွဲချက်မတင်ဘဲ လပေါင်းများစွာ ကြာတတ်သည်
ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် လွန်စွာအန္တရာယ်များသော လုပ်ငန်းဖြစ်လာပြီး ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူ အများအပြားမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး အများအားဖြင့် စွဲချက်မတင်ဘဲ လပေါင်းများစွာ ကြာတတ်သည်။
လွန်ခဲ့သော ဇွန်လက လူငယ်အမျိုးသမီး ရုပ်ရှင်ထုတ်လုပ်သူနှင့် ဇာတ်ညွှန်းရေးသူ မအိမ့် အဖမ်းခံရပြီး နိုင်ငံတွင် အမည်ဆိုးဖြင့် ကျော်ကြးလှသော အင်းစိန်ထောင်သို့ ပို့ဆောင်ခံရကာ ယနေ့တိုင် ဆက်လက် ချုပ်နှောင်ခံနေရဆဲ ဖြစ်သည်။
အခြားသော အကျဉ်းချ ခံထားရသည့် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူများတွင် ဂျပန်၌နေထိုင်ပြီး လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံသို့ ရောက်လာစဉ် အဖမ်းခံရသူ မောင်သိန်းဒန်၊ အသည်းကင်ဆာခံစားနေရသူ မင်းထင်ကိုကိုကြီးနှင့် ဝိုင်း (ခေါ်) ရုပ်ရှင်ဒါရိုက်တာ ထွန်းဇော်ဝင်းတို့ ပါဝင်သည်။ ဝိုင်းသည် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်နေရသူဖြစ်ပြီး တနှစ်ကြာ ထွက်ပြေးနေပြီးနောက် မကြာသေးမီက ဖမ်းဆီးခံရခြင်းဖြစ်သည်။
ရုပ်ရှင်လောကသားများအတွက် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများကို ပိုမို စိတ်ပျက်စရာကောင်းအောင် လုပ်နေသည့် အချက်မှာ အာဏာမသိမ်းမီက မြန်မာနိုင်ငံသည် ရုပ်ရှင်ပြန်လည် ထွန်းကားရေးခေတ်၏ အထွတ်အထိပ်သို့ ရောက်နေသည်ဆိုသည့် အချက်ဖြစ်သည်။
၁၉၆၀ ပြည့်နှစ်များမှ စတင်သည့် ရုပ်ရှင်ဆင်ဆာ အကြီးအကျယ် ဖြတ်တောက်မှု ဆယ်စုနှစ်များစွာ ကြာပြီးနောက် စစ်အုပ်စုက နိုင်ငံကို ထိန်းချုပ်မှု လျှော့ချလိုက်ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံသည် ဒီမိုကရေစီသို့ စတင် ပြောင်းလဲလာသောအခါ လူငယ်ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးသူ အများအပြား စတင်ပေါ်ပေါက်လာသည်။
မှတ်တမ်းရုပ်ရှင်များနှင့် ဇာတ်လမ်းတိုများကို စတင် ရိုက်ကူးကြပြီးနောက် ထို ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူများသည် ဂုဏ်သိက္ခာ မြင့်မားသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသသည့် ဇာတ်လမ်းရှည်များကို စတင်ရိုက်ကူးစသာ ရှိသေးသည်။
သည်မော်နိုင်၏ “The Monk” ဇာတ်ကားသည် သူ၏အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ရန် ကြိုးစားရသည့် ဆယ်ကျော်သက်အရွယ် ကိုရင်ငယ်တပါးအကြောင်း ဖြစ်ပြီး ထိုဇာတ်ကားကို ၂၀၁၄ ခုနှစ်က ချက်သမ္မတ နိုင်ငံတွင်ကျင်းပသည့် Karlovy Vary ရုပ်ရှင်ပွဲတော်တွင် ပြသသောအခါ လူငယ်များသည် ထိုလမ်းကြောင်းကို စတင်လာကြသည်။
မောင်ဆန်း ဒါရိုက်တာလုပ်ပြီး မအိမ့် ထုတ်လုပ်သည့် “Money Has Four Legs” သည် ရုပ်ရှင်ရိုက်ကူးရာတွင် ငွေကြေးစိုက်ထုတ်သူများနှင့် အာဏာရှင်၏ ဆင်ဆာဖြတ်တောက်မှုများကို ရင်ဆိုင်ရသည့် ဒါရိုက်တာတယောက်ကို သရော်သည့် ဇာတ်ကား ဖြစ်ပြီး ထိုကားကို ၂၀၂၀ ပြည့်နှစ်က အာရှနှင့် ဥရောပ ရုပ်ရှင်ပွဲတော် အများအပြားတွင် ပြသခဲ့သည်။
မြန်မာနိုင်ငံသည် ၎င်းတို့၏ ရုပ်ရှင်များကို ပြသရန် ရုပ်ရှင်ပွဲတော်သစ်ကိုပင် စီစဉ်လာနိုင်ပြီး ၂၀၁၁ ခုနှစ်တွင် ဝဿန်ရုပ်ရှင်ပွဲတော်ကို ပြည်တွင်းအနုပညာရှင်များနှင့် ရုပ်ရှင်လောကသားများက စတင်ခဲ့သည်။
ထိုရုပ်ရှင်ပွဲတော်သည် လူငယ်ပါရမီရှင်များ အနေဖြင့် ၎င်းတို့ခေတ်ပြိုင်များ၏ မှတ်တမ်းရုပ်ရှင်များနှင့် ဇာတ်ကားတိုများကို ကြည့်ခွင့်ရအောင် လုပ်ဆောင်ပေးရာတွင် အရေးပါသော အခန်းမှ ပါဝင်သည်။
ကမ္ဘာ့ ကျန်နိုင်ငံများက ထိုဖူးပွင့်လာသော ရုပ်ရှင်ဇာတ်ဝင်ခန်းများကို စတင် အာရုံစိုက်လာချိန်တွင် အခြား ဇာတ်လမ်းရှည်များသည်လည်း ဥရောပနှင့်အာရှမှ ငွေကြေးထောက်ပံ့မှုများ၊ အကူအညီများ ရလာသည်။
“နောက်ဆုံးတော့ လူငယ်တွေဟာ သူတို့အနာဂတ်အတွက် အိပ်မက်မက်ခွင့်ရလာတယ်။ (စစ်အာဏာသိမ်းမှုက) အဖျက်စွမ်းအား ကြီးမားလွန်းလို့ အရာရာဟာ တရက်တည်းမှာပဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတယ်” ဟု ဗန် အီဂါရက်က ပြောသည်။ “ဒါပေမယ့် သူတို့မှာ စွမ်းရည်တွေ ရှိနေသေးတယ်။ ဒါကြောင့်မို့ အာဏာသိမ်းပြီး တပတ်မှာ သူတို့က ကျမတို့ကို ချဉ်းကပ်ပြီး သူတို့ကိုယ်သူတို့ ဖော်ထုတ်ပြသချင်လို့ တခုခု လုပ်ချင်တယ်လို့ ပြောလာတယ်” ဟုလည်း သူကရှင်းပြသည်။
ယခု အာဏာသိမ်းမှု တနှစ်ကျော်ကြာလာပြီး အကြမ်းဖက်မှုများ ပိုမိုဆိုးရွာလာသောအခါ ၎င်းတို့သည် ရုပ်ရှင်များကို ဆက်လက် ရိုက်ကူးလိုကြောင်း MFC က ပြောသည်။ “ကျနော်တို့ထဲက တချို့က ရုပ်ရှင်တွေ ဆက်လက် ရိုက်ကူးချင်ကြတယ်။ နေ့စဉ်နဲ့အမျှ ပိုမိုအန္တရာယ်ကြီးမားလာပြီး အင်တာနက် ပြတ်တောက်မှုကလည်း ပိုပြီးများလာတော့ ဖြစ်နိုင်၊ မဖြစ်နိုင် လက်တွေ့ကျ၊ မကျ ပြောရခက်တယ်” ဟုလည်း သူက ပြောသည်။
“ဒါပေမယ့် ကျနော်တို့က အရင်ကလို ရုပ်ရှင်မျိုးတွေကိုပဲ ရိုက်ချင်တာ မဟုတ်ဘူး။ ပိုမိုတီထွင် ဆန်းသစ်ပြီး ရသရုပ်ရှင်တွေ ရိုက်ချင်တာ။ အန်နီမေးရှင်းတွေလုပ်ပြီး ပြည်တွင်းက အန်နီမေးရှင်းသမားတွေကို အားပေးချင်တာ” ဟုလည်း သူက ဆက်ပြောသည်။
ကပ်ရောဂါအတွင်း ပေါ်ပေါက်ခဲ့သည့် အကျပ်အတည်းများမှ တခုအဖြစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုသည် ကမ္ဘာ့သတင်းခေါင်းစဉ်များမှ တိမ်မြုပ်ပျောက်ကွယ်သွားနိုင်သော်လည်း MFC အဖွဲ့ဝင်များက ၎င်းတို့၏ ရုပ်ရှင်ကို ဘာလင်တွင် တုံ့ပြန်မှု၊ ထိုရုပ်ရှင် ပြသပြီးနောက် ရရှိသော သတင်းစကားနှင့် ထောက်ခံမှု အများအပြားကြောင့် အားတက်ကြောင်း ပြောသည်။ ယခုအခါတွင် ရန်ပုံငွေရှာရန်နှင့် လာမည့် ပရောဂျက်များတွင် သတင်းအချက်အလက် ဖြန့်ချိရန်အတွက် အွန်လိုင်း ပလက်ဖောင်းတခုကို စီစဉ်နေသည်။
“ဟုတ်တယ်။ အခြေအနေက ဘယ်လိုဖြစ်မယ်ဆိုတာကို ကျနော်တို့ မသိဘူး။ ဒါပေမယ့် တနိုင်ငံလုံးက စစ်အုပ်စုကို ဆန့်ကျင်တဲ့နေရာမှာ တခါမှ ဒီလောက် မညီညွတ်ဖူးဘူး။ ဒါကြောင့်မို့ ကျနော်တို့က မျှော်လင့်ချက်ထားတယ်” ဟု ထို MFC အဖွဲ့ဝင်က ပြောသည်။
“ခုခံမှုက တနိုင်ငံလုံးပျံ့နှံ့နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖြစ် ဖြစ်ပေါ်တိုးတက်လာတယ်။ လျှပ်တပြက် ဆန္ဒပြပွဲတွေလည်း နေ့တိုင်းနီးပါး ရှိနေတယ်။ စစ်တပ်က တချို့ကလည်း ပြည်သူ့ဘက်ကို ဘက်ပြောင်းလာတယ်” ဟုလည်း သူက ပြောသည်။
ကပ်ရောဂါနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသည် ကိုဗစ်နိုင်တင်း ဖြစ်ပွားမှုကို အကြိမ်ကြိမ် ရင်ဆိုင်ရကာ ကာကွယ်ဆေးထိုးရေး အားထုတ်မှုများသည်လည်း ဒေသတွင်း အခြားနိုင်ငံများနှင့် ယှဉ်ပါက နောက်ကျကျန်နေသည်။
“ဒယ်လ်တာမျိုးကွဲ ကူးစက်တုန်းက သေဆုံးမှုတွေ အများကြီးရှိပြီး အစိုးရက ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုပြီး အောက်ဆီဂျင်တွေ သိမ်းယူတယ်။ ကာကွယ်ဆေးတွေကိုလည်း သူတို့ကို ထောက်ခံသူတွေကိုပဲ ထိုးပေးတယ်” ဟု ထို MFC အဖွဲ့ဝင်က ပြောသည်။ “ဒါပေမယ့် ရိုရိုးသားသားပြောရရင် အခုလောလောဆယ် ကိုဗစ်နိုင်တင်းကို ဘယ်သူမှ ဂရုမစိုက်ဘူး” ဟုလည်း သူက ဆက်ပြောသည်။
ထိုရုပ်ရှင်ကို နယူးယောက်မှ MoMA Doc Fortnight တွင် မတ်လ ၁၀ ရက်နေ့အထိပြသပြီး ဗြိတိန်၊ ကိုလံဘီယာနှင့် နော်ဝေတွင်လည်း ပြသရန် ရွေးချယ်ထားသည်
တချိန်တည်းတွင် “Myanmar Diaries” သည် ဆက်လက်ခရီးနှင်နေပြီး ပရိသတ်သစ်များထံသို့ ရောက်နေမည် ဖြစ်သည်။ ထိုရုပ်ရှင်ကို နယူးယောက်မှ MoMA Doc Fortnight တွင် မတ်လ ၁၀ ရက်နေ့အထိပြသပြီး ဗြိတိန်၊ ကိုလံဘီယာနှင့် နော်ဝေတွင်လည်း ပြသရန် ရွေးချယ်ထားသည်။ ထိုရုပ်ရှင်ကို အာရှတွင် ပထမဆုံးအကြိမ် ပြသရန် ဆွေးနွေးမှုများလည်း ဆက်လက်ပြုလုပ်နေပြီး ယခုနှစ်ကုန်တွင် ပြသနိုင်ဖွယ်ရှိသည်။
နိုင်ငံတကာ စိတ်ဝင်စားမှုကြောင့် ၎င်းတို့ လွန်စွာအားတက်ကြောင်း MFC အဖွဲ့ဝင်များက ပြောသည်။
ထိုရုပ်ရှင်၏ နောက်ဆုံးဇာတ်ဝင်ခန်းမှာ သူပုန်အုပ်စုတခုသည် တောအတွင်း တိတ်ဆိတ်စွာ လမ်းလျှောက်နေရင်း နောက်ကွယ်မှအသံဖြင့် “ကျနော်တို့အသံကို ကြားရလား” ဟု တီးတိုးမေးနေသည်။ ထိုရုပ်ရှင်နှင့် ထိုကဲ့သို့သော အခြားရုပ်ရှင်များသည် ထိုအသံများကို ရှေ့လာမည့် အချိန်တချိန်ချိန်တွင် ကြားရအောင် လုပ်ဆောင်ပေးမည် ဖြစ်သည်။
(Nikkei Asia ပါ Liz Shackleton ၏ Myanmar documentary brings country’s angst and courage to big screens ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ခိုးဆိုးလုနှိုက် အန္တရာယ်နှင့် လုံခြုံမှုကင်းမဲ့လာသည့် မြို့ပြများ
လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ
မြစ်ငယ်မြို့မှ အိမ်များကို ကျူးဟုဆိုကာ အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ
ဒီနိုင်ငံတော် ရာဇဝတ်ကောင်တွေက ကျေးဇူးမသိတတ်ဘူး
အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား