ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့သည် မတ် ၁၀ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ရှန်ဂရီလာဟိုတယ် တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
မစ္စတာ ဆာဆာကာဝါသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှ ခေါင်းဆောင်များနှင့် တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖွဲ့ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အကျိုးဆောင်များဖြစ်သော ဦးလှမောင်ရွှေ၊ ဦးအောင်နိုင်ဦးတို့သည်လည်း မစ္စတာ ဆာဆာကာဝါနှင့် လာတွေ့သည်။
တဖွဲ့လျှင် ၁ နာရီကျော်ကြာသည့် တွေ့ဆုံပွဲ၌ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မစ္စတာ ဆာဆာကာဝါ က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း တွေ့ဆုံပွဲတက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များကမူ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး ဆွေးနွေးခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အကျိုးဆောင်များဖြစ်သည့် ဦးလှမောင်ရွှေနှင့် ဦးအောင်နိုင်ဦးတို့အား မည်သည့် ကိုယ်စားပြုမှုဖြင့် အစည်းအဝေးသို့ လာသည်ကို ဧရာဝတီက လိုက်လံမေးမြန်းခဲ့သော်လည်း ဦးအောင်နိုင်ဦးက မဖြေကြားပေ။
ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံအတွင်းမှ ၎င်းထွက်ခွာလာသည်မှာ ၃ လခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်းနှင့် လူသားချင်း စာနာမှု အကူအညီကိစ္စအတွက် လာခြင်းဖြစ်ကြောင်း ပြောဆိုသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူများကတော့ မစ္စတာ ဆာဆာကာဝါ ခရီးစဉ်၏ နောက်ကွယ် ရည်ရွယ်ချက်အပေါ် ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း စိုးရိမ်မှုများ ရှိနေကြသည်။ ထိုခရီးစဉ်အပေါ် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တွေ့ဆုံဆွေးနွေးနိုင်ရေး ကြားဝင်နည်းလမ်းရှာခြင်း အစဟု မြင်သူများလည်း ရှိသည်။
မစ္စတာ ဆာဆာကာဝါ ဘယ်သူလဲ
အသက် ၈၃ နှစ် အရွယ်ရှိ မစ္စတာ ဆာဆာကာဝါသည် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သလို ဂျပန်ပြည်တွင်းနှင့် ပြည်ပတွင် လူသားချင်းစာနာမှု အထောက်အပံ့များ ပေးနေ သည့် နီပွန်ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ ဖြစ်သည်။
နီပွန်ဖောင်ဒေးရှင်းက ဝန်ထမ်းများကမူ မစ္စတာ ဆာဆာကာဝါသည် ပဋိပက္ခများတွင် ကြားဝင်ဖျန်ဖြေပေးတတ်သူဟု ရှုမြင်ကြသည်။
မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သော ၂၀၂၀ နိုဝင်ဘာလအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပြီး ရွေး ကောက်ပွဲ ပယ်ဖျက်စာရင်းထဲ ပါသွားသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၉ ခုကို ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ညှိနှိုင်းပြောဆိုပေးခဲ့သလို တိုက်ပွဲဖြစ်နေသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင်စစ်တပ် AA ကြား တိုက်ပွဲရပ်တန့်ရန် ကြားဝင် စေ့စပ်ပေးခဲ့သည့်အတွက် နှစ်ဖက်လုံးက ယာယီ အပစ်ရပ်ထားခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးချိန်က သက်သေတဦးလည်းဖြစ်သော ဆာဆာကာဝါသည် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သာမက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ပါ ကောင်းမွန်သော ဆက်ဆံရေးရှိသူ ဖြစ်သည်။
မစ္စတာ ဆာဆာကာဝါသည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ နိုဝင်ဘာအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ကြိုးစားခဲ့သော်လည်း စစ်တပ်၏ တားမြစ်မှုကြောင့် တွေ့ခွင့်မရခဲ့ပေ။
မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သည့် မတ် ၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ တော်ရှိ ငြိမ်းချမ်းရေးနန်းတော် တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် အပါအဝင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn တို့နှင့် တွေ့ဆုံခဲ့သေးသည်။
တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် ဟွန်ဆန်က မစ္စတာ ဆာဆာကာဝါအား မြန်မာ့အရေးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့်အတူ အလုပ်တွဲလုပ်ရန် ကမ်းလှမ်းခဲ့ပြီး အထူးကိုယ်စားလှယ်၂ ဦးကြား၌လည်း မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း Khmer Times သတင်းဌာန၏ ရေးသားချက် အရ သိရသည်။
ပရက်ဆိုခွန်းသည် မြန်မာအကျပ်အတည်း အဖြေရှာရန် အားထုတ်မှုအဖြစ် မတ် ၂၀ ရက်မှ ၂၇ ရက်ထိ မြန်မာသို့ ၄ ရက်ကြာ လာရောက်ရန် စီစဉ်ထားသည်ဖြစ်ရာ ၎င်း မြန်မာနိုင်ငံသို့ မလာမီတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက် ကိုင်အချို့နှင့် မစ္စတာ ဆာဆာကာဝါ လာရောက် တွေ့ဆုံခြင်းလည်း ဖြစ်သည်။
တွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးခဲ့သလဲ
မစ္စတာ ဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ချင်းမိုင်တွေ့ဆုံပွဲတွင် နိုင်ငံရေးကိစ္စ မပြောဘဲ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေး ဆွေးနွေးသည်ဟု တက်ရောက်သူ အားလုံးနီးပါးက တညီတညွတ်တည်း ပြောကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် KNU မှ ဒေါ်အိုင်းရစ်ကလည်း နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် တည်ဆောက် ခဲ့သော ကရင်ပြည်နယ် လေးကေကော်မြို့သစ်၌ အာဏာသိမ်းမှု ဖြစ်ပြီးနောက် တကျော့ပြန်တိုက်ပွဲများ ဖြစ်လာသည့် အပေါ် ဂျပန်အထူးကိုယ်စားလှယ်က စိတ်ပျက်မှု မဖြစ်ကြောင်း ဆိုသည်။
“ဆက်လက်ပြီး တတ်နိုင်သလောက် ပံ့ပိုးကူညီဖို့ သဘောတူခဲ့ပါတယ်။ သူတို့ စိတ်မပျက်ဘူး။ ရှေ့ဆက်ပြီးတော့ ကူညီဖို့ အဆင်သင့်ပါ။ အဲဒါ ဒီအတိုင်း ကျမတို့ သဘောတူခဲ့ပါတယ်။ Humanitarian ပဲ ပြောပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက် တာတော့ ကျမတို့ မပြောဖြစ်ပါဘူး။ ဒုက္ခသည် အခြေအနေကို မေးပါတယ်။ ရည်ရွယ်ချက်ကတော့ တဖက်တလမ်းက ဆက်လက် ကူညီပံ့ပိုးနိုင်ဖို့ပါ” ဟု ပြောသည်။
RCSS ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (ဦးဆောင်ကော်မတီဝင်) စိုင်းလျန်းကလည်း လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်၍ မစ္စတာ ဆာဆာကာဝါက ဆွေးနွေးပြောဆိုမှု မရှိကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“အခု လောလောဆယ်တော့ အဲဒါတွေ (ပဋိပက္ခကြားဝင်မှု) မဖြစ်သင့်သေးတဲ့ အခြေအနေ ရှိသေးတာပေါ့။ အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ထူးထူးထွေထွေ မဆွေးနွေးကြဘူး။ ခါတိုင်းရှိတဲ့ Relationship (ဆက်ဆံရေးအတိုင်း) ဆက်သွား နိုင်ဖို့ရယ်။ လူသားချင်းစာနာတဲ့ကိစ္စ ဒီနှစ်ခုပါပဲ။ EAO တွေနဲ့ ငြိမ်းချမ်းရေးအတွက် သူက ဘာလုပ်ပေးနိုင်မယ်ဆိုတာမျိုး ပြောတာ မရှိပါဘူး။ သူ့အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အကြံပေးပေါ့။ ဆိုတော့ သူ့အနေနဲ့ နည်းလမ်းရှာနေ တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ကျနော်တို့ ဒီကိစ္စတွေ မဆွေးနွေးခဲ့ရဘူး” ဟု ၎င်းက ပြောသည်။
ကယား (ကရင်နီ) ပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတိုက်နေသည့် KNPP ဘက်က လည်း မစ္စတာ ဆာဆာကာဝါနှင့် KNPP ကြား လူသားချင်းစာနာမှုအကူအညီများ မည်ကဲ့သို့ ပေးနိုင်မည်ကို တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ကရင်နီပြည်နယ်အတွက် အကူအညီများ ရောက်ရှိလာမည်ဟု မထင်ကြောင်း ဆိုသည်။
KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ဒီနေ့ ကျနော်တို့က ပြည်နယ်အတွင်းမှာ တော်လှန်ရေးပိုပြီး ပြင်းထန်တဲ့ ဒေသ ဖြစ်တယ်ဆိုတော့ သူတို့က နဂိုကတည်းကိုက လူသားချင်းစာနာတဲ့အကူအညီတွေ၊ ဖွံ့ဖြိုးရေးအကူအညီတွေက စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့ပဲ ကူညီတာ ဖြစ်တာကိုး။ ကျနော်တို့က ဒီနေ့အချိန်မှာတော့ ကူညီဖို့အခြေအနေက မရှိပါဘူး။ ကျနော်ထင်တယ်လေ ကျနော်တို့ကိုတော့ ကူညီဖို့ မရှိလောက်ဘူး” ဟု ပြောသည်။
PPST ကို ကိုယ်စားပြုပြီး တွေ့ဆုံပွဲ တက်ခဲ့သည့် ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း မစ္စတာ ဆာဆာကာဝါနှင့် တွေ့ဆုံပွဲတွင် အပစ်ရပ်လက်မှတ်ထိုးထားသည့် EAOs နယ်မြေ များရှိ စစ်ရှောင်များအတွက် ဂျပန်အစိုးရဘက်က ကူညီပေးရန် သဘောတူခဲ့ကြောင်း ဆိုသည်။
EAOs များက ဆန်အိတ်များကို အိမ်နီးချင်းထိုင်းနိုင်ငံမှတဆင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရန် တောင်းဆိုခဲ့ သော်လည်း မြန်မာစစ်ကောင်စီဘက်က ကန့်ကွက်မှုကြောင့် ပြည်တွင်းမှတဆင့်သာပေးရန် သဘောတူညီလိုက်ကြောင်း ၎င်းက ပြောပြသည်။
“နယ်စပ်ဖြတ်ကျော် မလုပ်နိုင်တော့ဘူးဆိုပြီး ရပ်လိုက်တယ်။ ဒါဆို ပြည်တွင်းက ပေးချင်လည်းပေး။ ပြည်တွင်းမှာ ဆက်ဆံရေးရုံး ရှိတယ်။ NCA ထိုးထားတဲ့ အဖွဲ့တွေမှာ ဆက်ဆံရေးရုံးတွေ ရှိတယ်။ အခုထိ ဘယ်သူမှ မပိတ်သေးဘူး။ ပေးချင်ရင် ဆက်ဆံရေးရုံးတွေကတဆင့် ပေးဆိုပြီး ဆန်ပေးတဲ့ အစီအစဉ်ကို အောင်မြင်အောင်လုပ်ဖို့ပေါ့။ အခုက နယ်စပ်ဖြတ်ကျော်ကို လုပ်လို့မရတော့ ပြည်တွင်းမှာပဲဝယ်။ ပြည်တွင်းမှာပဲပေးပေါ့။ ရသလောက်ပေါ့။ မရောက်တဲ့ နေရာကျတော့လည်း မတတ်နိုင်ဘူး” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
ဂျပန်အစိုးရကလှူမည့် ဆန်အိတ်များအား လာမည့် ဧပြီလ သင်္ကြန်မတိုင်မီတွင် စစ်ရှောင်များအား ပထမအသုတ် ဝေပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ သို့သော် ဆန်အိတ်များ ရရှိမည့် NCA လက်မှတ်ထိုး EAO များထဲတွင် KNU မပါကြောင်း ၎င်းက ရှင်းပြသည်။
“ကရင်ကိုလည်း ပေးတယ်။ ဒါပေမဲ့ ကရင်က ဆန်မလိုချင်ဘူးလို့ ပြောတယ်။ KNU က ဆေးပဲတောင်းတယ်။ ကိုဗစ် ကာကွယ်ဆေး ၅ သောင်းပေးပါတဲ့။ ဆေးကတော့ လောလောဆယ် မရသေးဘူး” ဟု ဦးခွန်ဥက္ကာ က ဆက်၍ရှင်းပြသည်။
သံသယ မျက်လုံးများအောက်က ချဉ်းကပ်မှု
မစ္စတာ ဆာဆာကာဝါ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး ချဉ်းကပ်မှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးအချို့က သတိထား၍ စောင့်ကြည့်၊ ဆက်ဆံနေကြသလို စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများကလည်း သံသယရှိနေကြသည်ကိုတွေ့ရသည်။
သံသယရှိသူတို့၏ အချက်ထဲတွင် မစ္စတာ ဆာဆာကာဝါသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အကျိုးဆောင် အချို့ အပါအဝင် EAO အချို့နှင့် တွေ့ဆုံခဲ့သော်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံဆွေးနွေးမှု မလုပ်ခဲ့သည့် အချက်လည်း ပါဝင်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပဋိပက္ခတွင် NUG နှင့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF)၊ ဒေသ အခြေပြုကာကွယ်ရေးတပ်များ (LPDF) များသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ PDF နှင့် အာဏာသိမ်း စစ်တပ်များအကြား စစ်ကိုင်းတိုင်းလို နေရာမျိုးတွင် အပြင်းအထန်ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်းအတွင်းက ပြည်သူများ လူဦးရေသိန်းနှင့်ချီ စားဝတ်နေရေး ဘေးဒုက္ခ ကြုံနေကြရသည်။ ဝေဖန်သူများက မစ္စတာ ဆာဆာကာဝါ ရိက္ခာ ထောက်ပံ့မည်ဆိုသည့် PPST ထဲမှ အဖွဲ့ငယ် တချို့၏ နေရာထက် အဆပေါင်းများစွာ စိုးရိမ်စရာဖြစ်နေသည်ဟု ထောက်ပြသည်။
ထို့အတူ သူ၏ ထောက်ပံ့ကူညီရေးသည်လည်း အာဏာသိမ်း စစ်ကောင်စီ၏ ခွင့်ပြုချက်၊ ကန့်သတ်ချက် အောက်တွင်သာ အသက်ဝင်မည်ဖြစ်ပြီး ပြည်နယ်၏ လူဦးရေ ထက်ဝက်နီးပါး စစ်ရှောင်နေရသည့် ကယားပြည်နယ်ကဲ့သို့သော နေရာမျိုးအတွက် ထောက်ပံ့ရန် ခက်ခဲနေသည်ကိုတွေ့ရသည်။
နိုင်ငံရေး အကဲခတ်တို့၏ အမြင်
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇာကလည်း မစ္စတာ ဆာဆာကာ ဝါနှင့် EAOs အချို့ တွေ့ဆုံပွဲသည် မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် ဂျပန်အထူးကိုယ်စားလှယ်က ၎င်း ဝင်၍ရနိုင်သည့် နေရာမှ ဝင်ရောက်ချည်းကပ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“အခုအခြေအနေ ခြေလှမ်းတွေကို ကြည့်ရတာ ဂျပန်ကြီးကလည်း သူ တွေ့ဆုံပွဲကို မသွားခင် ကမ္ဘောဒီးယားက ဟွန်ဆန် တို့နဲ့ သွားတွေ့တယ်။ အဲဒီတော့ အာဆီယံက ချတဲ့လမ်းအတိုင်းပဲ တဖြည်းဖြည်း ရတဲ့နေရာက တိုးဝင်ကြည့်နေတယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်နိုင်ငံသည် မြန်မာ့အရေးတွင် ထဲထဲဝင်ဝင် ပါဝင်လာသည့် တရုတ်နိုင်ငံထက် ခြေလှမ်းများစွာ နောက်မကျစေရန် ၎င်း ပါဝင်နိုင်မည့် လမ်းကြောင်းနှင့် အခွင့်အလမ်းကို ရှာဖွေခြင်း ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မစ္စတာ ဆာဆာကာဝါနှင့် EAOs များ၏တွေ့ဆုံပွဲ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အချို့သော လေ့လာသူများကလည်း သုံးသပ်ပြောဆိုသည်။
မစ္စတာ ဆာဆာကာဝါသည် EAO များနှင့် စစ်တပ်ကြား အပစ်အခတ်ရပ်စဲရေးကို ၎င်း လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပုံရသော်လည်း အဆိုပါကိစ္စမှာ ဖြစ်နိုင်ခြေနည်းကြောင်း မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးက ပြောသည်။
အာဏာသိမ်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် လက်ရှိတွင် ရပ်တန့်မည့် အရိပ်လက္ခဏာ မရှိဘဲ ဆက်လက် ကျူးလွန်နေမည့် အခြေအနေရှိပြီး စစ်တပ်၏ ရက်စက်မှုနှင့် နယ်မြေကျော်လွန် လှုပ်ရှားမှုများကို မကန့်သတ်နိုင်ပါက တိုက်ပွဲရပ်ရန် မလွယ်သည့် အနေအထား ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
၎င်းက “ဗမာတပြည်လုံးမှာက ပြည်နယ် ၄ ခုနဲ့ တိုင်း ၂ ခုမှာ အဓိကအားဖြင့် စစ်ဆင်ရေးတွေ နေ့တိုင်း ဖြစ်တယ်။ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်တယ်။ ရွာတွေ မီးရှို့ခံရတဲ့ အနေအထားမှာ၊ အခြေအနေအောက်မှာ သူ့အနေနဲ့ တပြည်လုံး လွှမ်းခြုံနိုင်တဲ့ ပြဿနာကို ပြေလည်အောင်လုပ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ ယူဆပါတယ်။ သူ့တွေ့ဆုံမှု၊ သူ့ရဲ့ ကြိုးပမ်းမှုကို ကြိုဆိုပေမယ့် ဗမာပြည်မှာ သူမျှော်မှန်းသလို ငြိမ်းချမ်းရေးရနိုင်စရာ၊ အပစ်အခတ်ရပ်စဲရေး ရနိုင်စရာ အကြောင်းသိပ်မရှိဘူး။ EAO တွေနဲ့ စစ်ကောင်စီ ကြားထဲမှာလည်း ပိုမိုကောင်းမွန်တဲ့ ဆွေးနွေးပွဲ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး” ဟု ဆိုသည်။
PPST ကဲ့သို့သော အဖွဲ့များသည် သေဆုံးသွားပြီ ဖြစ်သော NCA စာချုပ်ပါ လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ဆက်သွားလိုသည့် သဘောရှိပြီး အဆိုပါအဖွဲ့နှင့် မစ္စတာ ဆာဆာကာဝါ တွေ့ခြင်းမတွေ့ခြင်းသည် လက်ရှိ နွေဦးတော်လှန်ရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။
၎င်းက ဆက်၍ “သူ (အပစ်ရပ်အဖွဲ့အချို့) တို့က ရသမျှယူမှာပဲ။ ဆန် ၅ သောင်းပေးလည်း ယူမှာပဲ။ ဒေါ်လာ ၅ သောင်းပေးလည်း လက်ခံမှာပါပဲ။ အဲဒါက လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကျနော်တို့ နွေဦးတော်လှန်ရေး လှုပ်ရှားမှု တိုက်ပွဲအတွက် ဘာမှ အကျိုးမပြုနိုင်ဘူးလို့ ယူဆပါတယ်။ သူတို့က ရသမျှယူကြမှာပါပဲ။ ဒါကြောင့် တက်တက်ကြွကြွ တက်ရောက်ကြတယ်လို့ ယူဆပါတယ်။ PPST ကိုက NCA ငြိမ်းချမ်းရေးစာချုပ်နဲ့ လုပ်ငန်းစဉ်ကို ဆက်ပြီးတော့ အကောင်အထည်ဖော်ချင်တဲ့ စကစရဲ့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ဆိုတာကို အားပြုရင်းနဲ့ ဒီခေါင်းစည်းအောက်မှာ သူတို့ရဲ့ သက်ဆိုင်ရာ အကျိုးစီးပွားတွေ ခွဲဝေခံစားဖို့ လုံးပန်းနေတဲ့ အင်အားစုတွေလို့ပဲ မြင်ပါတယ်” ဟု ဆိုသည်။
လက်ရှိ မြေပြင်အခြေအနေတွင် KNPP နှင့် KNU ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့သည် မစ္စတာ ဆာဆာကာဝါနှင့် လာရောက် ဆွေးနွေးနေစဉ်မှာပင် ၎င်းတို့ အခြေစိုက်ရာ ပြည်နယ်၌ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။