နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ
တနင်္ဂနွေနေ့တွင် ကျင်းပသည့် စစ်ရေးပြပွဲနှင့် နောက်ဆက်တွဲ အခမ်းအနားများတွင် ယခင်စစ်အုပ်စုမှ ဗိုလ်ချုပ်ဟောင်းများ ထွက်ပေါ်လာခြင်းက စစ်အာဏာသိမ်းပြီး လက်ရှိအချိန်အထိ လူပေါင်း ၁၇၀၀ ကျော်ကို သတ်ဖြတ်ထားသည့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း သက်သေပြနေသည်။
တပ်မတော်နေ့အထိမ်းအမှတ် အခမ်းအနားများ၏ အစိတ်အပိုင်းအဖြစ် အာဏာသိမ်းခေါင်းဆောင်က အငြိမ်းစား စစ်အရာရှိ ၂၅ ဦးကို ဂါရဝပြုခဲ့သည်။
ထို အသက်အရွယ်ကြီးရင့်သော စစ်ခေါင်းဆောင်အများအပြားသည် နိုင်ငံကို ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဖိနှိပ်ခဲ့သော ယခင်စစ်အစိုးရ အဆင့်မြင့်အရာရှိများဖြစ်ကြသည်။ ထိုစစ်အစိုးရသည် ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရအမည်ခံ လက်ဝေခံ အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့သည်။
ထိုနောက် ဗိုလ်ချုပ်အချို့သည် အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်နေပြီး အချို့သည် ထိုလက်ဝေခံ အစိုးရတွင် ပိုမိုမြင့်မားသော ရာထူးများရယူကာ ၎င်းတို့သည် စစ်အာဏာရှင်စနစ်ကို ကျောခိုင်းလိုက်သည့် ပြုပြင်ပြောင်းလဲရေးသမားများ ဖြစ်သည်ဟုဆိုကာ ကမ္ဘာကို အရူးလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ခေါင်းဆောင်ဂါရဝပြုခဲ့သည့် တက်ရောက်သူ ၂၅ ဦးတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အကြီးအကျယ် ရှုံးနိမ့်ပြီနောက် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို အာဏာစွန်လွှတ်လိုက်ရသော အရပ်သားတပိုင်းအစိုးရ သမ္မတဟောင်း ဦးသိန်းစိန်လည်း ပါဝင်သည်။
တနင်္ဂနွေနေ့တွင် စစ်အာဏာသိမ်းခေါင်းဆောင်ကျင်းပသည့် အခမ်းအနားသိ့ သူတက်ရောက်သောကြောင့် ထိုဗိုလ်ချုပ်ဟောင်းသည် သူသမ္မတ တာဝန်ထမ်းဆောင်စဉ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အစောပိုင်းအထိ အတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ချီးကျူးခံရစဉ်ကပင် စစ်မှန်သော ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်ရှိသူ မဟုတ်ကြောင်း သက်သေပြနေသည်။
ထိုအချက်ကို ပိုမိုမီးမောင်းထိုးပြရန်အတွင် ထိုသမ္မတဟောင်းသည် အာဏာသိမ်းခေါင်းဆောင်၊ သူ၏ဇနီးနှင့် အခြားတက်ရောက်လာသူများကို အကြံပေးစကားပြောကြားသူ ၂ ဦးတွင် ပါဝင်နေခြင်းဖြစ်သည်။ ထိုနေ့က သူ မည်သည့် အကြံဥဏ်များပေးခဲ့သည်ကို မသိရသေးပေ။

ထိုအခမ်းအနားဓါတ်ပုံများတွင် အာဏာသိမ်းခေါင်းဆောင်သည် သူ၏ဂုဏ်ပြုလက်ဆောင်များကို မပေးအပ်မီ လူကြီးသူမများကို မြန်မာ့ရိုးရာ အရိုအသေပေးသည့် ထုံးစံအတိုင်း ဦးသိန်းစိန်ရှေ့တွင် ဒူးထောက်ကာ လက်အုပ်ချီနေသည်။
ထိုအခမ်းအနားကို နှစ်စဉ်ကျင်းပသော်လည်း စစ်ခေါင်းဆောင်သည် ယခင်နှစ်က ထိုအခမ်းနားကို မတက်ဘဲ ယခုနှစ်တွင် ကိုယ်တိုင်တက်ရောက်ခြင်းနှင့် သမ္မတဟောင်းက ထိုအခမ်းအနားတက်ရောက်ကာ စစ်ခေါင်းဆောင်ကို အကြံပေးခြင်းကြောင့် ထူးခြားနေသည်။ ထိုအခမ်းအနားသည် စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းပြီးနောက် အများပြည်သူပြစ်တင်ရှုတ်ချမှုများနှင့် ကြီးထွားနေသော ဘက်ပြောင်းမှုများကြောင့် စိတ်ဓါတ်ကျဆင်းနေသည့် တပ်တွင်းတွင် အနည်းဆုံး စစ်သားဟောင်းများနှင့် ညီညွတ်ဟန်ဆောင်သည့် နည်းလမ်းတခုဖြစ်နိုင်သည်။
ထိုအခမ်းအနားမှ ထူးထူးခြားခြား ပျောက်ကွယ်နေသူများမှာ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ လက်ထောက်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ၂၀၁၁ ခုနှစ်တွင် အငြိမ်းစား ယူပြီးနောက် အများပြည်သူမြင်ကွင်းသို့ ထွက်ခဲလှပြီး တော်လှန်ရေးနေ့တွင်ပင် ဂုဏ်ထူးဆောင် ဧည့်သည်များ အဖြစ် တက်ရောက်ခြင်း မရှိပေ။ ၎င်းတို့သည် ဦးသန်းရွှေကိုယ်တိုင် သူ့ကိုဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သော မင်းအောင်လှိုင်ထံမှ မည်သည့်လေးစားမှုကိုမှ တကူးတက အသိအမှတ် မပြုလို သို့မဟုတ် ထိုအခမ်းအနားသည် သူတို့ တက်ရလောက်အောင် အရေးမပါဟု ယူဆသောကြောင့်ဖြစ်မည်။

ထိုအခမ်းအနားမတိုင်မီ နာရီအနည်းငယ်အလိုတွင် အငြိမ်းစားအရာရှိများသည် နေပြည်တော်တွင် ကျင်းပသည့် အခမ်းအနာအတွက် အလွန့်အလွန် အရေးကြီး ပုဂ္ဂိုလ်နှင့် အလွန် အရေးကြီး ပုဂ္ဂိုလ် (“VVIPs” or “VIPs”) အဖြစ် စုရုံးကြသည်။ ဓါတ်ပုံများတွင် ဖေါ်ပြနေသည့်အတိုင်း ဖိနှိပ်သော ယခင် စစ်အစိုးရခေတ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်ကို ဂုဏ်ယူသောကြောင့် စစ်ဝတ်စုံဝတ်ပြီး ပြုံးရွှင်နေသည့် စစ်သားအိုများသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို လွန်ခဲ့သော ဖေဖေါ်ဝါရီလက မင်းအောင်လှိုင် အာဏာသိမ်းမှုကို ကျေနပ်နေပုံရကြသည်။
ထိုအခမ်းအနားတက်ရောက်သများတွင် ဦးသန်းရွှေခေတ်က ရေတပ်ဗိုလ်ချုပ်ဖြစ်ပြီး ဦးသိန်းစိန်းအစိုးရ ခေတ်တွင် သြဇာကြီးမားသည့် ဝန်ကြီးတဦးဖြစ်ခဲ့သူ ဦးစိုးသိန်းထက် မည်သူမျှပိုမိုပျော်ရွှင်သူ ရှိပုံမရပေ။

တက်ရောက်သည့် အခြား အငြိမ်းစား စစ်အရာရှိများတွင် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် USDP သည် NLD ကို မရှုမလှ အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ဝင်ရောက်စွက်ဖက်ရန် မင်းအောင်လှိုင်ကို တိုက်တွန်းသူများတွင် သူလည်း အပါအဝင်ဖြစ်သည်။ ထိုပါတီ ဥက္ကဋ္ဌ ဟောင်းဖြစ်သော ဦးဌေးဦးလည်း ထိုအခမ်းအနား တက်ရောက်သည်။
အခြားတက်ရောက်သူများတွင် ဦးသိန်းစိန် အစိုးရခေတ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ဟောင်း တင်အေးနှင့် ရေတပ်အကြီးအကဲနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဒုသမ္မတဟောင်း ဖြစ်ခဲ့သူ ဦးဉာဏ်ထွန်းလည်း ပါဝင်သည်။ USDP လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ဗိုလ်ချုပ်ဟောင်း များဖြစ်ကြသော ဦးအုန်းမြင့်၊ ဦးမောင်မြင့်၊ ဦးလှဌေးဝင်းနှင့် ဦးဝေလွင်တို့လည်း တက်ရောက်ကြသည်။

ထိုအခမ်းအနားတွင် မျက်နှာသစ်ဖြစ်ကောင်းဖြစ်နေနိုင်သူများတွင် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်သည့် မြန်မာ့ပထမဆုံး အာဏာရှင် နေဝင်း၏ မိသားစုများပါဝင်သည်။ ထိုအာဏာရှင်၏ သမီး ဒေါ်ခင်စန္ဒာဝင်းသည် ဆေးတပ်တွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသောကြောင့် စစ်ဝတ်စုံဖြင့်တက်ရောက်သည်။ သူသည် သားသုံးဦးဖြစ်သော အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့နှင့်အတူ တက်ရောက်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အုပ်စုကို ဖြုတ်ချရန် ကြံစည်သောကြောင့် ပုန်ကန်မှုဖြင့် ဖခင်ဖြစ်သူနှင့်အတူ ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးခံရပြီးနောက် ၂၀၁၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသူများဖြစ်သည်။
( The Irrawaddy တွင် ဖော်ပြထားသော In Solidarity with Coup Leader, Myanmar Ex-Generals Appear at Armed Forces Day Event ကို ဘာသာပြန်သည်။ )
You may also like these stories:
စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ
တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ
စစ်အုပ်စုအတွင်း အက်ကြောင်းများ ပေါ်လာနေသည်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ