ဆောင်းပါး

အဖြေထွက်ပြီးသား စီရင်ချက်တွေကြားက ရှေ့နေတွေရဲ့ မျှော်လင့်ချက်

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းစစ်တပ်ချုပ်ကိုင်ထားသည့် တရားစီရင်ရေးစနစ်အပေါ် ပြည်သူ အများ စိတ်ပျက်ပြီး ယုံကြည်မှုပျောက်ဆုံးသွားခြင်းနှင့်အတူ အကျဉ်ထောင်များအတွင်း တရားရင်ဆိုင်နေရဆဲအမှုများ အပေါ်၌လည်း လူထု၏ စိတ်ဝင်စားမှုက လျော့ပါးမှေးမှိန်လျက် ရှိသည်။

အာဏာသိမ်းထားသည့် ၁ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီသည် အရပ်သားအစိုးရအဖွဲ့ဝင်များ အပါအဝင် ပြည်သူထောင်နှင့်ချီအား ၎င်းတို့ လိုသလိုပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများဖြင့် စွပ်စွဲကာ အကြမ်းဖက်ဖမ်းဆီးမှုများ ပြု လုပ်ခဲ့၊ ပြုလုပ်နေဆဲ ဖြစ်သည်။

နိုင်ငံ့ခေါင်းဆောင်များ အပါအဝင် ရာနှင့်ချီသည့် ပြည်သူများမှာ သေဒဏ်၊ တသက်တကျွန်းဒဏ်များ အပါအဝင် ထောင် ဒဏ်အမျိုးမျိုး ချမှတ်ခံရလျက်ရှိသည်။

စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အရပ်သားအစိုးရခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား စစ်ကောင်စီက စွပ်စွဲသည့်အမှုများဖြင့် ထောင်ဒဏ်များ ချမှတ် ခဲ့သည့်အပြင် ၎င်းတို့နှင့်ပတ်သက်သည့် သတင်းများကိုလည်း ဖုံကွယ်ထားရန် ရှေ့နေအချို့၏ ပြောဆိုခွင့်များအား ပိတ်ပင် ထားသည်။

၂၀၂၁ ဖေဖော်ဝါရီအတွင်းက မန္တလေးတွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ/ ဧရာဝတီ

မကြာမီ အသက် ၇၇ နှစ် ပြည့်မည်ဖြစ်သည့် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အသက်အရွယ် အရ ကျန်းမာရေးထိခိုက်နိုင်သော်လည်း ၎င်းအပေါ် အာဏာသိမ်းစစ်ကောင်စီ၏ စွပ်စွဲချက်များအတွက် တပတ်လျှင် ၄ ရက် ရုံးချိန်းထွက်ကာ တရားဥပဒေအရ ရင်ဆိုင်နေရသည်။

အာဏာသိမ်းစဉ်က နိုင်ငံတော်သမ္မတအား အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်ကာ ရာထူးမှနုတ်ထွက်ခိုင်းခဲ့သည့် စစ်ကောင်စီသည် နုတ်ထွက်ခြင်းမရှိခဲ့သည့် သမ္မတအပေါ် ၎င်းကိုယ်တိုင်ကာကွယ်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆန့်ကျင်ကာ စွပ်စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆိုပြီး ပြစ်ဒဏ်များချမှတ်နေခြင်း ဖြစ်သည်။

တရားခွင်အတွင်း သမ္မတအပေါ် တရားစွဲဆိုခွင့်မရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပ ဒေပါ ပြဋ္ဌာန်းချက်များအား ထောက်ပြကာ ချေပပြောဆိုချက်များမှာလည်း စစ်ကောင်စီ လက်အောက်တွင် အရာမထင်ပေ။

သို့သော် ရှေ့နေတဦးက “ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကို ဒါမျိုးစွဲဆိုခွင့်မရှိတဲ့ကိစ္စတွေ၊ တရားစွဲဆိုနေတာက ဥပဒေနဲ့ မညီဘူး ဆိုတဲ့ အကြောင်းအရာတွေ၊ တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြေရှင်းတယ်။ နောက်ပြီး စွပ်စွဲချက်တွေက မှန်ကန် မှုမရှိဘူး ဆိုတာတွေ မှတ်တမ်းအနေနဲ့ နောင်တချိန်မှာ တရားဥပဒေစိုးမိုးမှု ဘယ်လောက်အထိ လိုအပ်သလဲဆိုတာ ဒီအမှုတွေကို စံပြအနေနဲ့ အားလုံးလေ့လာနိုင်စေပါမယ်” ဟု ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၅ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၄၃ တို့တွင် “နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတရပ်ရပ်အရသော်လည်းကောင်း မိမိအား အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန်တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။

ယင်းသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားချက်အား ကျော်လွန်ကာ အထူးဥပဒေဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေကဲ့သို့ ဥပဒေများဖြင့် တရားစွဲဆိုနေခြင်းမှာလည်း မှားယွင်းသည့် လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း ထောက်ပြ ရန် တာဝန်ရှိသည်ဟုလည်း ရှေ့နေအချို့ က ဆိုသည်။

၂၀၁၂ အောက်တိုဘာအတွင်းက ရှေ့နေများကွန်ရက်၏ဆန္ဒပြပွဲတခု/ ဧရာဝတီ

ရှေ့နေတဦးက “စွဲဆိုခွင့်မရှိဘူးဆိုတာတွေကို ထောက်ပြရမယ်။ နောက်တခု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုတဲ့အခါမှာလည်း ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စွဲထားတာမဟုတ်ဘူး။ လုပ်ဆောင်မှုတွေက ဥပဒေအရ တရားစွဲလို့မရဘူးဆိုတာကို ထောက်ပြရမယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ လက်အောက်၌ ဖမ်းဆီးထောင်ချခြင်း၊ လွှတ်ပေးခြင်းများသည် နိုင်ငံရေးအပြောင်းအလဲပေါ် တွင်သာ မူတည်နေသော်လည်း နိုင်ငံတော်သမ္မတကိုယ်တိုင်က ၎င်းအပေါ် စွပ်စွဲတရားစွဲဆိုမှုများအား ဥပဒေနှင့်အညီ အမှန်တရားပေါ်ပေါက်ရေး စစ်ဆေးရန်နှင့် ဒေါသမပါဘဲ ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးမေးမြန်းကြရန်ကိုသာ မှာကြားလေ့ ရှိကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကဲ့သို့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသူများအား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေခြင်းသည် ပြည်သူလူထုအပေါ် ကိုယ်စားပြုသကဲ့သို့ ခံယူထားသည့်အတွက် ပြည်သူများအနေဖြင့် တရားဥပဒေစိုးမိုးရေးအပေါ် မည်မျှလိုလားကြောင်း ပြသနေခြင်းသာ ဖြစ်သည်ဟုလည်း ဖမ်းဆီးခံထားရသည့် အစိုးရအဖွဲ့ ဝင်များအား ရှေ့နေလိုက်ပေးနေသူတဦးက ပြောသည်။

“ပြည်သူတွေက တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်လိုချင်တယ်။ ဥပဒေနဲ့အညီ ဘယ်လို လိုက်နာနေထိုင်ချင်တယ် ဆိုတဲ့အကြောင်း ပြသနိုင်အောင် ကျနော်တို့ရှေ့နေတွေ ကြိုးစားရမယ်။ ဒီအမှုတွေက နောင်တချိန်မှာ စီရင်ထုံး ထွက်ချင် လည်းထွက်မယ်၊ ထွက်ချင်မှလည်းထွက်မယ်။ လွတ်လပ်တရားမျှတတဲ့ တရားစီရင်ရေးပေါ်ပေါက်ဖို့နဲ့ တရားစီရင်ရေးလော က ပြုပြင်ပြောင်းလဲဖို့ စံချိန်စံညွှန်းတွေ ဖြစ်အောင်ကြိုးစားရမယ်” ဟုလည်း ၎င်း၏ ခံယူချက်ကို ပြောပြသည်။

တဖက်တွင်လည်း ဥပဒေအမျိုးမျိုးထုတ်ပြန်ပြီး ဖိနှိပ်ရေးယန္တရားအဖြစ် ကျင့်သုံးနေသည့် စစ်ကောင်စီ၏ တရားစီရင်ရေး အပေါ် ပြည်သူလူထုက ယုံကြည်မှုမရှိသော်လည်း ည ဖမ်းဆီးခံရပြီး မနက် အလောင်းပြန်လာယူခိုင်းသည့် ဖြစ်ရပ်များ၊ စစ် ကြောရေးစခန်းများတွင် နှိပ်စက်ခံရမှုကြောင့် သေဆုံးရသည့် ဖြစ်ရပ်များကြောင့် ဖမ်းဆီးခံရသူတဦး အနေဖြင့် အကျဉ်းထောင်ပို့ခံရပြီး တရားရင်ဆိုင်ရသည်ကပင် ကံကောင်းမှုတခုအဖြစ် ရှုမြင်ရမည့် အခြေအနေမျိုး ဖြစ်နေသည်။

စစ်ကောင်စီ၏ စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံရကာ ပုဒ်မတပ်တရားစွဲဆိုခြင်းခံရသူတဦး အနေဖြင့် မှားသည်ဖြစ်စေ၊ မှန်သည် ဖြစ်စေ ၎င်း၏လွတ်မြောက်ရေးသည် အာဏာသိမ်း စစ်ခေါင်းဆောင်၏ လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အပေါ်၌သာ မူတည်နေပြီး တရားရုံးများတွင် တရားမျှတမှုရှာဖွေနိုင်ရန်မှာ ခဲယဉ်းလှပေသည်။

သို့သော် တရားမျှတမှုရရှိရေး မျှော်လင့်ချက်နည်းပါးသည့်တိုင် လူတဦး၏ ရပိုင်ခွင့်၊ အခွင့်အရေးများအား ဥပဒေအရ အကာအကွယ်ပေးနိုင်ရေး၊ အမှန်းတရားဖော်ထုတ်ရေးနှင့် ဂုဏ်သိက္ခာထိပါးစေသည့် စွပ်စွဲချက်များအား ချေပတုံ့ပြန်ရေး ရည်ရွယ်ကာ တရားဥပဒေကိုကိုင်စွဲပြီး အကျဉ်းထောင်များအတွင်းရှိ ယာယီတရားရုံးများတွင် အမှုလိုက်ရှေ့နေများက ရင်ဆိုင်တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

ဖမ်းဆီးခံ ဝန်ကြီးချုပ်တဦး၏ ရှေ့နေက “ငြိစွန်းမှုမရှိဘဲ အဂတိမှုတွေနဲ့ စွဲထားတာတွေကို အမှန်တရားတခုတည်းအတွက် အမှုတွေ လိုက်ခဲ့တာပါ။ အမိန့်ချတာကတော့ တရားရုံးအပိုင်းပေါ့။ အဂတိလိုက်စားတာတွေ မငြိစွန်းဘူးဆိုတာ တရားခွင် မှာ အပြည့်အစုံ ထုချေနိုင်ခဲ့တယ်” ဟု ပြောဆိုသည်။

တဖက်တွင်လည်း လူထုအနေဖြင့် အာဏာသိမ်းစစ်တပ်၏ အကြောက်တရား ဝါဒဖြန့်မှုများအောက် တရားစီရင်ရေးစနစ် ကို ယုံကြည်မှုပျက်နေခြင်းနှင့်အတူ မှားယွင်းသည့် လုပ်ကြံစွပ်စွဲမှုများကို ခုခံချေပလိုခြင်းမရှိတော့ဘဲ နေသားကျသွားမည့် အပေါ်လည်း ၎င်းတို့အနေဖြင့် စိုးရိမ်ကြသည်ဟု ဆိုသည်။

လက်တွေ့မြေပြင် အခြေအနေအရ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ တရားခွင်များတွင် စွပ်စွဲဖမ်းဆီးခံရသူများ၏ ချေပ ချက်၊ ကန့်ကွက်ချက်များမှာ အကျိုးသက်ရောက်မှု အလွန်နည်းပါးလှပြီး ဖမ်းဆီးခံရသူအများစုသည် ၎င်းတို့ စွပ်စွဲခံရသည့် ပုဒ်မများဖြင့်သာ ထောင်ဒဏ်များ ချမှတ်ခံနေရသည်။

၂၀၁၂ အောက်တိုဘာအတွင်းက ရှေ့နေများကွန်ရက်၏ဆန္ဒပြပွဲတခု/ ဧရာဝတီ

ပြီးခဲ့သည့် မတ် ၂၈ ရက်ကတင်ပဲ မကွေးမြို့၌ စစ်ကောင်စီက ဆန္ဒပြပွဲအား အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းစဉ် မျက်လုံးတဖက် ကွယ်ကာ လက်တဖက်ဆုံးရှုံးခဲ့ရသည့် မကွေးနည်းပညာတက္ကသိုလ်ကျောင်းသား ကိုလျှံဖြိုးအောင်ကို စွပ်စွဲတရားစွဲဆိုထား သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့်ပင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး မိသားစုဝင်များက စိတ်ပျက်လျက်ရှိသော်လည်း အယူခံတက်တော့မည် မဟုတ်ကြောင်း နှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတဦးအတွက် လွတ်ငြိမ်းခွင့်ကိုသာ မျှော်လင့်ကြောင်း ၎င်းတို့က ဆိုသည်။
ကိုလျှံဖြိုးအောင်ကဲ့သို့ပင် အခြားသော ကျောင်းသား၊ လူငယ် အများအပြားမှာလည်း စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံ ရပြီး အကျဉ်းထောင်များထဲတွင် စွပ်စွဲခံရသည့်ပုဒ်မများစွာဖြင့် တရားရင်ဆိုင်နေကြရသလို အချို့သောလူငယ်များမှာလည်း သေဒဏ်၊ ထောင်တသက်ပြစ်ဒဏ် စသည့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေကြရသည်။

လက်ရှိ စစ်ကောင်စီ၏ တရားစီရင်ရေးနှင့် ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံထားရသူတဦး၏ အစ်ကိုဖြစ်သူက “ယုံကြည်မှု ကတော့ ရှိစရာမှအကြောင်းမရှိတာ။ အစကတည်းက ဖမ်းဖို့မှမလိုတာ။ လုပ်ဖို့မှမလိုတာ။ ကျနော်တို့မှာ သူတို့ရဲ့ ဧရိယာထဲ မှာ နေရတဲ့အခါကျတော့ ဘာမှမပြောလိုဘူး။ သူတို့လုပ်ချင်တာ လုပ်တဲ့အတွက်ကြောင့် လောလောဆယ်မှာတော့ အသက်ရှင်ဖို့ပဲ အရေးကြီးတယ်” ဟု မှတ်ချက်ပြုသည်။

ထိုသို့ စစ်ကောင်စီက နိုင်ငံရေးအရ ပြစ်ဒဏ်ချကိုချမည်ဟု သိသော်လည်းပဲ တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်ချက်များ အပေါ် တရားသူကြီးများ၏ စီရင်ဆုံးဖြတ်ချက်များသည် မှတ်တမ်းမှတ်ရာအဖြစ်၊ စံပြနမူနာပြယုဂ်အဖြစ် နောင်တချိန် တရားရေးကဏ္ဍ ပြုပြင်တည်ဆောက်ရေးတွင် အထောက်အကူပြုနိုင်ရန် ရှေ့နေများက မျှော်မှန်းထားကြသည်။

ရှေ့နေတဦးက “ထောင်ချမှာကတော့ နိုင်ငံရေးအရ ပြစ်ဒဏ်ချမှာပဲ။ စွဲဆိုခွင့်မရှိဘူးဆိုတဲ့ ဥပဒေပုဒ်မတွေ၊ ဥပဒေအရ ပြစ်မှု ကျူးလွန်တာ မဟုတ်ဘူးဆိုတာတွေကို ထောက်ပြပြီးတော့ မှတ်တမ်းမှတ်ရာရှိဖို့အတွက် ဒီအမှုတွေကို စစ်ဆေးတာပဲ ဖြစ် ပါတယ်” ဟု ပြောသည်။

အမှုများ ကိုင်တွယ်စစ်ဆေးရသည့် တရားသူကြီးများနှင့် တရားစွဲဝန်ထမ်းများ အနေဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ရန်၊ ဥပဒေလိုက်နာရန် လိုအပ်ကြောင်း ပြသလိုခြင်းနှင့် နိုင်ငံသားများ အနေဖြင့်လည်း ဥပဒေအရ အကာအကွယ်ရှိသည့် အကြောင်းသိရှိရန် ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ တိုင်းပြည်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ တရားစီရင်ရေး ပေါ်ပေါက်ဖို့ လိုတယ်။ အပြည် ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းတွေနဲ့အညီ တရားရုံးတွေ၊ ရှေ့နေတွေ၊ ဥပဒေလောက တရားစွဲအဖွဲ့အစည်းတွေအနေနဲ့ လွတ် လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးပေါ်ပေါက်ဖို့အတွက် အခုလိုအမှုတွေမှာ ဥပဒေနဲ့ညီတယ်၊ မညီဘူးဆိုတာ ဆုံးဖြတ်ရ မှာ ဖြစ်တယ်” ဟုလည်း ဆိုသည်။

စစ်တပ်က အာဏာသိမ်းထားသည့် ၁ နှစ်ကျော် ကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပြင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပစ်မှတ်ထားဖမ်းဆီးခံရပြီး စစ်ကောင်စီက စွပ်စွဲသည့် ပုဒ်မများစွာ ဖြင့် ထောင်ဒဏ်များ ချမှတ်ခံနေရသည်။

ထိုအထဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်နှစ် ၈၀ ချမှတ်ခံရသကဲ့သို့ ကရင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်မှာလည်း ထောင် ၉၂ နှစ် ချမှတ်ခံထားရသည်။

ယင်းသို့ ထောင်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်မှ တရားစီရင်ရေးအပေါ် ကြိုတင်မျှော်လင့်ပြီးသား ဖြစ်သည့်အတွက် ဒေါ်နန်းခင်ထွေးမြင့်အနေဖြင့် တုန်လှုပ်ခြင်းမရှိသကဲ့သို့ အယူခံတက်ခြင်းလည်း မရှိကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ပြောသည်။

၂၀၁၂ အောက်တိုဘာအတွင်းက ရှေ့နေများကွန်ရက်၏ဆန္ဒပြပွဲတခု/ ဧရာဝတီ

ထို့အတူ မတ် ၁၀ ရက်တွင် အင်းစိန်ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေးကလည်း ၎င်းအနေဖြင့် မွေးနေ့လက်ဆောင်ပေးသည့် သဘောမျိုးသာ သတ်မှတ် သည်ဟု ပြောဆိုခဲ့သည်။

ယင်းနေ့သည့် ဦးမြအေး၏ ၅၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ရက်ဖြစ်ပြီး ၎င်းသည် စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသူ ဖြစ်သည်။

၎င်းက “ကျနော်ဟာ တိုင်းပြည်အတွက် အလုပ်လုပ်တယ်။ ပြည်သူလူထုဆန္ဒကို ဦးထိပ်ထားတယ်။ တိုင်းပြည်ကောင်းစေ ချင်လို့ အလုပ်လုပ်တယ်။ နိုင်ငံရေးသမားတယောက် ဖြစ်တဲ့အတွက် ကြမ်းတမ်းတဲ့လမ်းကို လျှောက်ရတာ သိပ်ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။ ဘယ်လိုပဲ စီရင်စီရင် ခံယူချက်၊ ရပ်တည်ချက် ယိမ်းယိုင်မှာ မဟုတ်ဘူး” ဟု ပြတ်သားစွာ ပြောဆိုခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းများအရ စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ ၁၀,၀၀၇ ဦး ရှိသည့်အနက် ၉၀၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခံ ထားရပြီး ၎င်းတို့အနက် အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၅၉ ဦးမှာ သေဒဏ်ချမှတ်ခြင်း ခံထားရ သည်ဟု ဆိုသည်။

ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၇၆ ဦး ရှိပြီး ၎င်းတို့အနက် မျက်ကွယ် သေဒဏ် ချမှတ်ခြင်းခံထားရသူ ၄၁ ဦး အပါအဝင် ၁၂၀ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရရာ သေဒဏ်ချမှတ်ခံထားရ သူ စုစုပေါင်း ၁၀၀ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ကမာရွတ်မီဒီယာမှ ဦးဟံသာညိန်းအား အီလက်ထရောနစ် ဥပဒေဖြင့် ထပ်မံ တရားစွဲ

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ကူးစက်ခံရမှု မရှိသဖြင့် ရုံးချိန်းပြန်တက်

ကိုမြအေးကို ထောင် ၂ နှစ် ချ

Loading