ဧပြီလဆန်းမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ လုံမငြိမ်းချမ်းရဲ့နာရေးသတင်းက ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့်ကို ချစ်ခင်ကြတဲ့ ကဗျာဆရာတွေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကြားမှာ တုန်လှုပ်စရာတခုဖြစ်ခဲ့ပါတယ်။
ဘဝကို ဒီလိုအဆုံးသတ်တဲ့နည်းလမ်းကို လုံမဘာကြောင့် ရွေးချယ်ရတာလဲ၊ ဘယ်လို စိတ်ဒဏ်ရာတွေကများ သူ့ကိုတွန်းပို့ခဲ့တာလဲ ဆိုတဲ့မေးခွန်းတွေက သူ့နာရေးကို လာရောက်ကြတဲ့ မိတ်ဆွေတွေကြား တအုံနွေးနွေးဖြစ်နေတဲ့ မေးခွန်းတွေပါပဲ။
ထောင်နဲ့အိမ် မကြာခဏကူးနေရတဲ့ သူ့ဖခင်နိုင်ငံရေးအကျဉ်းသားဟောင်း ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့်ရဲ့ ဖြတ်သန်းမှုက လုံမငြိမ်းချမ်း ဘဝတလျှောက်လုံး ရိုက်ခတ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေဖြစ်ခဲ့ပုံပါပဲ။ ဆရာမောင်အောင်ပွင့်ဟာ သူ့မိသားစုအပေါ်တင်ကျန်ခဲ့တဲ့ စိတ်ဒဏ်ရာတွေအကြောင်း ကဗျာတပုဒ်ထဲမှာ ရိုးရိုးရှင်းရှင်းပဲ ရေးဖွဲ့ထားပါတယ်။
“သမီးဆယ်တန်းအောင်တော့ အဖေကြီး သမီးအနားမှာမရှိဘူး
သမီးဘွဲ့ရတော့ အဖေကြီး သမီးအနားမှာမရှိဘူး
သမီးလက်ထပ်မင်္ဂလာပွဲမှာ အဖေကြီး သမီးအနားမှာမရှိဘူး
သမီးသားဦးလေးမွေးတော့လည်း အဖေကြီး သမီးအနားမှာမရှိဘူး
သမီးရေ . . .ငြိမ်းချမ်းရေးကို သွားပြော။”
ငြိမ်းချမ်းတာကို မြင်ချင်လွန်းလှလို့ သူ့သားနဲ့ သမီးကို မောင်ကြီးငြိမ်းချမ်း နဲ့ လုံမငြိမ်းချမ်း လို့ အမည်ပေးခဲ့ပေမယ့်လည်း ဆရာမောင်အောင်ပွင့် ဘဝတလျောက်လုံး ငြိမ်းချမ်းရေးကို မြင်မသွားခဲ့ရပါဘူး။ သားဖြစ်သူကလည်း အဖေ အိမ်နဲ့ဝေးနေတဲ့ကာလတခုမှာပဲ နိုင်ငံစွန့်ခွါသွားခဲ့တယ်။ သားအကြောင်း သူဖွဲ့ခဲ့စဉ်ကလည်း မငြိမ်းချမ်းတဲ့ကာလကြီးထဲမှာ တယောက်ကိုတယောက် ပြန်ရှာနေရတဲ့ မိသားစုဝင်တွေအကြောင်း သူရေးခဲ့ပါတယ်။
“အမေပျောက်ကို အဖေရှာ
အဖေပျောက်ကို ကျနော်ရှာ
ကျနော်ပျောက်ကို အဖေရှာ
သံသရာလည်တဲ့ နှစ်ပေါင်း ၆၀ ကျော်
အခုလည်းပဲ ဝဲလည်နေဆဲပါအဖေတဲ့
သားရေ . . .ငြိမ်းချမ်းရေးကိုသွားပြော။”
ဆရာမောင်အောင်ပွင့်က “တောင်ဇလပ်ဖြူ” လို့ အမြတ်တနိုးခေါ်တဲ့ ဇနီးသည် ကျောင်းဆရာမ (ဒေါ်) နန်းညွန့်ရွှေရဲ့ အိမ်ထောင်သက် အနှစ် ၄၀ မှာ သက်တမ်းတဝက်နီးပါး ခင်ပွန်းသည်က ထောင်နဲ့အိမ် ကူးသန်းနေခဲ့ပါတယ်။ သူ့ခင်ပွန်းထောင်ကျနေတဲ့အချိန်တွေမှာလည်း သားသမီး၂ ယောက်နဲ့ ခက်ခက်ခဲခဲ မယိုင်မလဲ ရပ်တည်ခဲ့ရပါတယ်။ ဆရာမောင်အောင်ပွင့်ကတော့ မိသားစုအပေါ် သူဖြည့်ဆည်းမပေးနိုင်ခဲ့တဲ့ အရာအားလုံးအတွက် ငြိမ်းချမ်းရေးကိုသာသွားပြောလို့ သတ္တုချခဲ့ပါတယ်။ “ငြိမ်းချမ်းရေးက မငြိမ်းချမ်းသေးလို့ ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့” လို့ ထပ်ခါတလဲလဲ ကဗျာထဲကလည်း သူအော်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ထဲမှာ အမေနဲ့အဖေ ၉၆ ပါးရောဂါနဲ့ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားခဲ့ပြီးနောက်ပိုင်း လုံမငြိမ်းချမ်းဟာ ခင်ပွန်းသည် ဦးကျော်လှမိုး၊ သား ငြိမ်းချမ်းခေတ်တို့နဲ့အတူ ပုသိမ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ဦးကျော်လှမိုးကို နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ အမှုတွေနဲ့ ၂၀၂၁ မှာ အကျဉ်းချခံလိုက်ရတဲ့အခါ သူ့အမေ တောင်ဇလပ်ဖြူလိုပဲ နိုင်ငံရေးအကျဉ်းသား ခင်ပွန်းသည်ကို ပါရမီဖြည့်ဖို့ဖြစ်လာခဲ့ပါတယ်။
ထောင်ဝင်စာတွေ့ရမယ့်ရက်တွေတိုင်းမှာ စားကောင်းသောက်ဖွယ်တွေ ဖွယ်ဖွယ်ရာရာ စီစဉ်ပြီး သွားပို့တတ်သလို ခင်ပွန်းသည်အိမ်ပြန်လာမယ့်ရက်ကိုလည်း လက်ရေချိုးနေခဲ့မှာပါပဲ။
အဲဒီကာလမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်နေ့မှာ လွှတ်ပေးတော့မယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဒီသတင်းတွေဟာ သူ့အတိတ်က စိတ်ဒဏ်ရာတွေကို ဆွပေးသလိုဖြစ်တဲ့အကြောင်း လုံမက ဆိုရှယ်မီဒီယာပေါ်မှာ ဖွင့်ဟခဲ့ပါတယ်။
“ကျမရဲ့ အတိတ်က အနာဟောင်းကို ဆွသလို ဖြစ်ရပါတယ်။
ကျမ အဖေတုန်းက မကြာခဏဆိုသလို ကြုံရဖူးပါသည်။
စိတ်အနာကျင်ရဆုံး တချိန် မမေ့ဆုံး အချိန်ကို ကျမ စိတ်နာကျင်စွာ ပြန်ပြောပြချင်ပါသည်။
ကျမ ကိုယ်ဝန်ကြီး ရင့်နေချိန် အဖေ လွတ်မယ်ကြားတော့
သာယာဝတီ ထောင်ဆီ ဆရာဝန်ခွင့်မပြုပါပဲ
အဖေကို တွေ့ချင်ဇော အားကုန်ကြီးစွာ
မနက်အစောဆုံး ရန်ကုန်ကားကိုစီး တဆင့် ပြည်ကားကိုစီး လမ်း သာယာဝတီမှာ ဆင်း.
ထောင်ဆီ တန်းသွား နေ့လည်လောက်
နိုး…. သွားမောကြီးပါ။ အဖေက ထွက်တဲ့ထဲမပါ……
ရင်တွေမော လူကမောကြီး
ဖြစ်ခဲ့ဖူးပါတယ်။ (လုံမငြိမ်းချမ်း၊ ဇွန်၂၅၊ ၂၀၂၁)”
၂၀၂၁ ဇွန်လကုန်မှာလည်း ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်တဲ့အထဲမှာ သူ့ခင်ပွန်းပါမလာခဲ့တဲ့အတွက် လုံမစိတ်ထိခိုက်ခဲ့ရပါတယ်။ ဇွန် ၃၀ ရက်နေ့ကတင်တဲ့ Post တခုမှာ “ကိုယ်ကြိုမယ့် ပန်းစည်းလေးတောင် ငိုနေပြီ” လို့ တင်ထားတဲ့ Status က လုံမရဲ့ စိတ်ခံစားမှုကို ဖေါ်ပြနေပါတယ်။
သူ့ခင်ပွန်းရဲ့အမတွေ ပြောပြတာအရတော့ အဲဒီနောက်ပိုင်းကတည်းက လုံမငြိမ်းချမ်းမှာ စိတ်ကျရောဂါဝင်လာခဲ့တာလို့ သိရပါတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာ ကပ်ရောဂါရဲ့ရိုက်ခတ်မှုကို ခံစားရတဲ့အခါမှာလည်း သူ့ရဲ့ မွန်းကြပ်နေတဲ့စိတ်တွေကနေ ထွက်ပေါက်ရလိုရငြား Facebook ပေါ်မှ ာဖွင့်ဟခဲ့ပါတယ်။
“ဒီကာလကြပ်ကြီးထဲ နေရတာ
မွန်းကြပ်လာတယ်။
အမေ့ အသံလေးကို ကြားယောင်နေတယ်။
ဝဋ်ကြွေးနဲ့ အတုံ့အလှည့်တွေ ရှိခဲ့ရင်
အမြန်ကြေပါစေ တဲ့….
စစ်ဘေး ကပ်ဘေး တပြိုင်တည်းကြုံရ ခံစားရတာ… နဲတဲ့ အကုသိုလ်လား……”
အဲဒီနောက်ပိုင်းမှာ လုံမငြိမ်းချမ်းတယောက် အတော်လေး တိတ်ဆိတ်သွားခဲ့တာကို သူ့ခင်ပွန်းရဲ့ဆွေမျိုးတွေက သတိထားမိခဲ့ပါတယ်။ စိတ်ကျရောဂါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ သောက်နေရပေမယ့်လည်း သက်သာမလာခဲ့ပဲ သူ့ကိုယ်သူ အဆုံးသတ်ဖို့ ကြိုးစားလာတာတွေရှိတယ်လို့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ သူ့အဒေါ်က နာရေးလာတဲ့မိတ်ဆွေတွေကို ပြန်ပြောပြပါတယ်။
လုံမငြိမ်းချမ်း မဆုံးခင်တလအလို မတ်လ၂ ရက်နေ့က Facebook စာမျက်နှာမှာ နောက်ဆုံးတင်ခဲ့တဲ့ status တခုက သူ့ရဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးအမြင်နဲ့ ငြိမ်းချမ်းရေးမွတ်သိပ်မှုကို ထင်ဟပ်စေပါတယ်။
“အပျက်တွေ ဝယ်တယ်တဲ့
အော်သွားတာ အစုံပဲ။
တိုင်းပြည်ကြီး ပျက်နေတာကျ
ဝယ်တဲ့အထဲ မပါဘူး။”
တိဘက်ဘုန်းတော်ကြီးတွေ ခန္ဓာကိုယ်ကို မီးရှို့ပြီး ဆန္ဒပြတာတွေဟာ တရုပ်အစိုးရရဲ့ ယဉ်ကျေးမှုတုံးအောင် ဖိနှိပ်မှု (Cultural Genocide) တွေကြောင့် ဖြစ်ရတာလို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာထိန်းသိမ်းအပြီး တနှစ်ကျော်အတွင်းမှာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ကိစ္စတွေကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်တဲ့ဖြစ်ရပ်တွေကို သတင်းစာမျက်နှာတွေပေါ်မှာ မကြာခဏတွေ့လာရပါတယ်။
ကျောက်ပန်းတောင်းမြို့က လျှပ်စစ်ရုံးရှေ့မှာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့တဲ့ ကိုအောင်အောင်က သူရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ “၂၄နာရီလုံး အများပြည်သူ မီးလင်းပါစေ။ ၂၀၀၁-၂၀၀၂ ပြန်မသွား” ဆိုတာကို စာရွက်ပေါ်မှာရေးထားခဲ့ပါတယ်။
မင်းကင်းမြို့နယ်၊ ကျော်ရွာမှာ လက်နက်ကိုင်စစ်သားတွေ အကြိမ်ကြိမ် အဓမ္မပြုကျင့်တာခံရတဲ့ အမျိုးသမီး ၂ယောက် က မတ်လ ၃၁ ရက်နေ့က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။
ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့်သာ သက်ရှိထင်ရှားရှိနေအုန်းမယ်ဆိုရင် ငြိမ်းချမ်းရေးက မငြိမ်းချမ်းသေးလို့ ဒီလိုဖြစ်ရပ်ဆိုးတွေဖြစ်ရတာပဲလို့ သူ့ကဗျာထဲရေးထားခဲ့သလို တထစ်ချပြောအုန်းမယ် ထင်ပါတယ်။
“မောင်သွားပြောလည်းမောင်ပြောပဲ
မယ်သွားပြောလည်းမယ်ပြောပဲ
ငြိမ်းချမ်းရေးက မငြိမ်းချမ်းသေးဘူး။
ငြိမ်းချမ်းရေးက မငြိမ်းချမ်းသေးလို့
ပြည်တွင်းစစ်ကြီးရေရပ်ပါတော့။
စောဖိုးခွါးတို့ရဲ့ သီချင်းစာသား
ထပ်ထပ်ကြားစေချင်လွန်းလို့
ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့
ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့
ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့”
၂၀၂၁ ဒီဇင်ဘာ ၂၀ရက်က လုံမငြိမ်းချမ်းတင်ခဲ့တဲ့ Facebook Status တခုမှာလည်း သူ့အဖေအော်ခဲ့သလိုပဲ “ပြည်တွင်းစစ်ကြီးရေ ရပ်ပါတော့” လို့ ပဲ့တင်ဟစ်အော်ခဲ့ပါတယ်။ စစ်မက်ပဋိပက္ခတွေကြား၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြား မြေစာပင်ဖြစ်နေရတဲ့ မိသားစုတွေ ငြိမ်းချမ်းရေးကို မွတ်သိပ်ဆာလောင်ကြသလိုပဲ လုံမငြိမ်းချမ်းရဲ့ နောက်ဆုံးဆန္ဒကလည်း ငြိမ်းချမ်းရေးမွတ်သိပ်မှုပဲ ဖြစ်ခဲ့ပါလိမ့်မယ်။
လွတ်လပ်ရေးရလို့ ၇၅ နှစ်ပြည့်ခါနီးပေမယ့် ပြည်တွင်းစစ်မီးက မငြိမ်းသေးတဲ့အပြင် တစထက်တစ ပိုကြီးထွား လာခဲ့ပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ သားအမိသားအဖသုံးယောက်ရဲ့သက်မဲ့ရုပ်ခန္ဓာတွေကတော့ ပုသိမ်သရောင်းချောင်းသုသာန်က သစ်ရိပ်အောက်မှာ ငြိမ်းချမ်းစွာ အတူရှိခွင့်ရခဲ့ပါပြီ။ ဒါပေမယ့် သူတို့ရဲ့ အထိမ်းအမှတ်အုတ်ဂူတွေက ‘ငြိမ်းချမ်းရေးက ရှင်သူတွေနဲ့ မထိုက်တန်လို့လား’ ဆိုတဲ့ မေးခွန်းတခုကို နှောင်းလူတွေအတွက် ချန်ထားရစ်ခဲ့ပါတယ်။
You may also like these stories:
စစ်ကောင်စီ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀,၀၀၀ ကျော်ပြီ
ဓားစာခံအဖြစ် ဖမ်းခံရသည့် ၄ နှစ်ကလေးငယ်နှင့် အဆက်သွယ်ပြတ်နေ
မုံရွာထောင်တွင်း ပစ်ခတ်နှိမ်နင်းပြီးနောက် နိုင်/ကျဉ်း ၁၀၀ ခန့် ထောင်ပြောင်းခံရ
စစ်ကိုင်းတိုင်းတွင် တနှစ်အတွင်း ရွာပေါင်း ၁၀၀ ကျော်မီးရှို့ခံရ
သံတိုင်များနောက်က လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ