ပြည်ပမှ ပြည်တွင်းဘဏ်များသို့ နည်းလမ်းတခုခုဖြင့် စီးဝင်လာသော နိုင်ငံခြားသုံးငွေ အမေရိကန် ဒေါ်လာများကို ၁ ရက်အတွင်းမှာပင် သတ်မှတ်နှုန်းထားဖြင့် ရောင်းချမည်ဆိုသော ဗဟိုဘဏ်၏ ညွှန်ကြားချက်အသစ်ကြောင့် စီးပွားရေးလုပ်ငန်းများနှင့် သံတမန်အသိုင်းအဝိုင်းအထိပါ လှုပ်ခတ်ကုန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထိုညွှန်ကြားချက်ထုတ်ပြန်သော ဧပြီလ ၃ ရက်နေ့ မတိုင်မီက ပြည်တွင်း ဘဏ်များရှိ နိုင်ငံခြားငွေစာရင်းများလည်း ထိုလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်တွင်း၌ အမေရိကန်ဒေါ်လာ သုံးစွဲမှု လျော့ကျသွားစေရန် တင်းတင်းကျပ်ကျပ်ကိုင်တွယ်လိုက်သည်။
ထိုညွှန်ကြားချက်ကြောင့် နိုင်ငံခြားသုံးငွေ အဓိကရှာပေးနေသော ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများအားလုံး၏ ငွေစာရင်းရှိ တန်ဖိုးသည် နေ့ချင်းဆိုသလို ၂၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့သည်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ကို ပြင်ပပေါက်ဈေးထက် ကျပ် ၂၀၀ ခန့် လျော့နည်းသော ကျပ် ၁၈၅၀ ဖြင့် ရောင်းချခိုင်းခြင်းကြောင့် ဖြစ်သည်။
ထိုညွှန်ကြားချက်ကြောင့် နိုင်ငံခြားသုံးငွေ အဓိကရှာပေးနေသော ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် ပြည်တွင်းဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများအားလုံး၏ ငွေစာရင်းရှိ တန်ဖိုးသည် နေ့ချင်းဆိုသလို ၂၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံလုပ်ငန်းများအပေါ်လည်း သက်ရောက်မှုကြီးမားခဲ့၍ ဂျပန်၊ စင်ကာပူ သံရုံး နှင့် ဥရောပသမဂ္ဂ(မြန်မာ) ရုံးတို့ကလည်း ထိုညွှန်ကြားချက်မှ ၎င်းတို့၏ ကုမ္ပဏီများနှင့် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို ကင်းလွတ်ခွင့် ပေးရန် တောင်းဆိုခဲ့ကြသည်။
ယခုပြောင်းလဲလိုက်သော နိုင်ငံခြားသုံးငွေ မူဝါဒအသစ်ကြောင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများသည် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် အခက်အခဲများစွာ ဖြစ်လာနိုင်ပြီး ဆက်လက်ရပ်တည်ရန်ပင် ခက်ခဲ သွားနိုင်ကြောင်း ဆိုထားကြသည်။
ထိုနိုင်ငံခြားသုံးငွေ မူဝါဒအသစ်သည် နိုင်ငံခြားအရန်ငွေ စစ်ကောင်စီအနေဖြင့် အသည်းအသန် လိုအပ်လာနေမှုအပေါ် ရောင်ပြန်ဟပ်နေပြီး ပြည်တွင်းဈေးကွက်တွင် အမေရိကန်ဒေါ်လာ မှောင်ခိုဈေးကွက် ပိုကြီးမားလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းများက ပြောဆိုကြသည်။
နိုင်ငံခြားငွေအရန်ပမာဏ နည်းပါးလာခြင်း
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးဖွံ့ဖြိုးမှု ကျဆင်းသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု လျော့နည်းသွားခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် အမြင့်ဆုံးအခြေအနေအထိ ထိုးတက်နေလျက်ရှိသည်။
ဒေါ်လာဈေးမြင့်တက်မှုနဲ့ ဒေါ်လာလိုအပ်ချက်ရှိမှု ပြဿနာရဲ့ အဓိက ရင်းမြစ်ကို သူတို့ကောင်းကောင်းမသိရင် ကုစားတဲ့ နေရာမှာ မှန်ကန်မှုမရှိဘဲ ပိုပြီးရိုက်ခတ်မှုတွေဖြစ်လာလိမ့်မယ်
ထိုအခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို နိုင်ငံ၏ အဓိက သွင်းကုန်များဖြစ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ ဝယ်ယူတင်သွင်းသော လုပ်ငန်းများကို ပြည်တွင်း ဘဏ်များမှ တဆင့်ထုတ်ရောင်းပေးလျက်ရှိရာ ယခုစစ်အာဏာသိမ်းမှု ၁ နှစ်ကျော် ကာလ (၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်းမှ ၂၀၂၂ ခုနှစ် မတ်လအထိ) အတွင်း အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် အထိ ထုတ်ရောင်း ပေးထားသည်။
သို့သော်လည်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၂၀၀၀ ကျော်မှ ကျဆင်းသွားခြင်း မရှိပေ။
ထိုနည်းလမ်းအတိုင်းသာ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ကျဆင်းရန် ယခုနှစ်အတွင်း ထပ်မံ ထုတ်ရောင်းပေးနေပါက ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ထုတ်ရောင်း ပေးမှုသည် ဒေါ်လာ ၁ ဘီလီယံအထိ မြင့်တက်လာနိုင်သည်။
“ အဓိက ပြဿနာက နိုင်ငံခြားငွေ ရှားလာလို့ ဖြစ်တာ။ သူတို့လက်ထဲမှာ နည်းသထက်နည်းလာလို့ ဖြစ်တာ။ သူတို့လုပ်ပုံလုပ်နည်းက ကြမ်းတမ်းလွန်းတယ်၊ သိပ်ပြင်းထန်လွန်းတယ်လို့ ကျနော်ထင်တယ် ” ဟု စီးပွားရေးမူဝါဒရေးရာ ပညာရှင် တဦးက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ယခုညွှန်ကြားချက်တွင် ဆိုထားသလို ၁ ရက်အတွင်း ဒေါ်လာကို ကျပ်ငွေဖြင့် ပြန်လည်ရောင်းခိုင်းခြင်းသည် လုပ်ငန်းများအတွက် အဆင်မပြေသလို ဘဏ်များမှ မြန်မာကျပ်ငွေထုတ်ယူနိုင်မှုသည်လည်း ယခုအချိန်အထိ အကန့်အသတ်ဖြင့်သာ ရရှိနေခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ပိုအကျပ်အတည်း ဖြစ်စေနိုင်ကြောင်း ၎င်းက ဆိုသည်။
“ ဒီအချိန်မှာ ပို့ကုန်သမားတွေကို မြေတောင်မြှောက်ပေးရမယ့် အချိန်၊ အားပေးရမယ့် အချိန်မှာ ပို့ကုန် သမားတွေကို သတ်လိုက်သလိုဖြစ်သွားတာ။ နိုင်ငံရေး အကျပ်အတည်း ရှိနေ တဲ့အချိန်၊ နိုင်ငံရေး ပြဿနာရှိနေတဲ့အချိန်မှာ ပို့ကုန်လုပ်နေတယ်ဆိုရင်ပဲ ကျေးဇူးတင်နေရမှာ။ ဒီလူ တွေမရှိရင် နိုင်ငံခြား ငွေ ဘယ်လိုရှာမလဲ ”ဟုလည်း ပြောသည်။
အဓိက ပြဿနာက နိုင်ငံခြားငွေ ရှားလာလို့ ဖြစ်တာ။ သူတို့လက်ထဲမှာ နည်းသထက်နည်းလာလို့ ဖြစ်တာ
ဗဟိုဘဏ်သည် ပို့ကုန်သမားများ၏ နိုင်ငံခြားရငွေများကို ဘဏ်များသို့ ပြန်လည်ရောင်းချရန် တင်းကျပ်မှုကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက စတင်လာခြင်းဖြစ်သည်။
ထိုအချိန်က ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်တင်ပို့မှုမှရရှိထားသော နိုင်ငံခြားငွေဒေါ်လာများထဲမှ မသုံးဘဲ ကျန်ရှိနေသော နိုင်ငံခြားငွေများကို ၄ လအတွင်း ဘဏ်များထံ သို့ ပြန်ရောင်းရမည်ဟု ညွှန်ကြားခဲ့သည်။ ယခင်က ၆ လအတွင်း ပြန်လည်ရောင်းချရမည်ဖြစ်သည်။
ပြည်ပသို့ ကုန်တင်ပို့ခဲ့ရာမှ ပို့ကုန်ရငွေကို ခြောက်လအတွင်း စာရင်းရှင်းရန် ပျက်ကွက်နေသော ကုမ္ပဏီသည် ၆၆၃ ခုအထိရှိပြီး စာရင်းရှင်းရမည့်ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၇၆ ဒသမ ၈၂ သန်း ရှိ ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားဖူးသည်။
ဗဟိုဘဏ်အနေဖြင့် ဒေါ်လာလဲလှယ်နှုန်းမြင့်တက်နေမှုကို ထိန်းချုပ်ရန် ရည်ရွယ်လုပ်ဆောင် ခြင်း ဖြစ်သော်လည်း ထိုလုပ်ရပ်ကြောင့် ဒေါ်လာလဲလှယ်နှုန်း ပိုမိုမြင့်တက်သွားခြင်း၊ ဒေါ်လာ ရှားပါးလာခြင်းနှင့် မှောင်ခိုဈေးကွက်ကြီးမားလာမည်ကို စီးပွားရေးလုပ်ငန်းရှင်များကြား စိုးရိမ်နေကြလျက်ရှိသည်။
ယခုညွှန်ကြားချက်သည် ပို့ကုန်လုပ်ငန်းရှင်များအပြင် အခြားသော ဝန်ဆောင်မှုများမှ နိုင်ငံခြားငွေရရှိ နေသူများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံသားများ၏ ငွေလွှဲများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆီမှ နိုင်ငံတွင်းသို့ စီးဝင်နေသော နိုင်ငံခြားငွေ ဝင်ရောက်မှုများကို ထိန်းချုပ်သလို ဖြစ်ခြင်းကြောင့် ဒေါ်လာရှားပါးမှု ဖြစ်လာနိုင်ကြောင်း ကုန်သည်/ စက်မှုအသင်းချုပ် (UMFCCI)၏ ဗဟိုကော်မဝင် စီးပွားရေးလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ ဒေါ်လာဈေးမြင့်တက်မှုနဲ့ ဒေါ်လာလိုအပ်ချက်ရှိမှု ပြဿနာရဲ့ အဓိက ရင်းမြစ်ကို သူတို့ကောင်းကောင်းမသိရင် ကုစားတဲ့ နေရာမှာ မှန်ကန်မှုမရှိဘဲ ပိုပြီးရိုက်ခတ်မှုတွေဖြစ်လာလိမ့်မယ် ” ဟု ၎င်းက ပြောဆိုသည်။
တရုတ်ယွမ်ငွေ သုံးစွဲမှု မြှင့်တင်ခြင်းလား
ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာကို လက်ဝယ်ကိုင်ဆောင်ထားမှု လျှော့ချရန် တနည်းဆိုရသော ပြည်တွင်း၌ အမေရိကန်ဒေါ်လာ သုံးစွဲမှု လျှော့ချသွားရန် တင်းကျပ် လိုက်သော်လည်း တရုတ်ယွမ် နှင့် ထိုင်းဘတ်ငွေ အပါအဝင် အခြားသော နိုင်ငံခြားသုံးငွေများ သုံးစွဲခွင့်ကိုမူ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်အာဏာကို ရယူပြီးနောက် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် ယွမ် နှင့် ကျပ် ကို တိုက်ရိုက် အသုံးပြုပြီး ငွေပေးချေခွင့်ရှိ ကြောင်း ဗဟိုဘဏ်က ခွင့်ပြုခဲ့သည်။
အမေရိကန်ဒေါ်လာကို ပြည်တွင်း၌ သုံးစွဲမှု လျှော့ချပြီး တရုတ်ယွမ်ငွေ သုံးစွဲမှုကို မြှင့်တင်ပါက တရုတ်ယွမ် ဈေးနှုန်းမြင့်တက်လာနိုင်သလို တရုတ်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပို၍ ဩဇာ ကြီးမားလာနိုင်သည်
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူစေရန်နှင့် ပြည်တွင်း ငွေကြေးသုံးစွဲမှု တိုးမြှင့်ရန် ရည်ရွယ်ပြီး ယွမ် နှင့် ကျပ် တိုက်ရိုက်ငွေပေးချေကို ခွင့်ပြုခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။
ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင်လည်း ထိုင်းဘတ် နှင့် ကျပ်ငွေ တိုက်ရိုက်ငွေပေးခြင်းကိုလည်း ခွင့်ပြုထားသည်။
“ မြန်မာပြည်မှ နိုင်ငံခြားငွေ အဓိကသုံးတာမှာ ဒေါ်လာပဲ၊ အဲဒါကို ဒေါ်လာသုံးတာကို တမင်ထိန်းချုပ် လိုက်ပြီး တရုတ်ယွမ်ငွေကို မျက်နှာသာပေးချင်တာလားပေါ့၊ ဒါလည်း ဖြစ်နိုင်တဲ့ အချက်တခုထဲမှာ ပါတယ်” ဟု အထက်ပါ စီးပွားရေးပညာရှင်က မှတ်ချက်ပြုသည်။
ထို့သို့ အမေရိကန်ဒေါ်လာကို ပြည်တွင်း၌ သုံးစွဲမှု လျှော့ချပြီး တရုတ်ယွမ်ငွေ သုံးစွဲမှုကို မြှင့်တင်ပါက တရုတ်ယွမ် ဈေးနှုန်းမြင့်တက်လာနိုင်သလို တရုတ်၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပို၍ ဩဇာ ကြီးမားလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည့် နိုင်ငံတခုဖြစ်သလို မြန်မာ့ပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန် နှင့် ရေထွက်ကုန်များအတွက် အဓိက ပို့ကုန် ဈေးကွက် တခုဖြစ်ပြီး မြန်မာ့စီးပွားရေးတိုးတက်ရေးအတွက် တရုတ်နိုင်ငံသည် အရေးပါသည့် အခြေအနေတွင် ရှိနေသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရောဂါ မဖြစ်ခင် ပုံမှန်ကုန်သွယ်ရေးကာလဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် တရုတ်နိုင်ငံ နှင့် မြန်မာကြား စုစုပေါင်း ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံ အထိရှိပြီး မြန်မာဘက်က အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံ ဖိုး ပြန်လည်တင်သွင်းခဲ့သည်။
ထိုအချက်အလက်သည် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မည်မျှ အရေးပါသည် တွေ့နိုင်သည်။
ဗဟိုဘဏ်၏ ယခု အမေရိကန်ဒေါ်လာ သုံးစွဲမှုအပေါ် ကန့်သတ်သည့် ညွှန်ကြားချက်မထွက်ခင် ရက်ပိုင်းအလိုတွင် တရုတ်နိုင်ငံက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးတိုးမြှင့်ရန်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းများကို အမြန်ဆုံး အကောင်ထည်ဖော်ကိစ္စများကို ဆွေးနွေးခဲ့ကြသေးသည်။
မြန်မာက ပို့ကုန်အများစု တရုတ် မှီခိုနေရတော့ တနည်းပြောရရင် ယွမ်ငွေအပေါ် မှီခိုနေရ တာပဲ လေ။ ဒေါ်လာကိုင်ထားဖို့ မလွယ်တော့ဘူးဆိုရင် နိုင်ငံခြားငွေထဲမှာ ဒုတိယအများဆုံးသုံးနေရတဲ့ ယွမ်ငွေကို လှည့်ပြီး ကိုင်လာကြနိုင်တာပဲ
“ မြန်မာက ပို့ကုန်အများစု တရုတ် မှီခိုနေရတော့ တနည်းပြောရရင် ယွမ်ငွေအပေါ် မှီခိုနေရ တာပဲ လေ။ ဒေါ်လာကိုင်ထားဖို့ မလွယ်တော့ဘူးဆိုရင် နိုင်ငံခြားငွေထဲမှာ ဒုတိယအများဆုံးသုံးနေရတဲ့ ယွမ်ငွေကို လှည့်ပြီး ကိုင်လာကြနိုင်တာပဲ” ဟု မူဆယ်နယ်စပ်ရှိ ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာ့စီးပွားရေးအပေါ် သက်ရောက်နိုင်မှု
မြန်မာ့စီးပွားရေးသည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ အပြင် စစ်အာဏာသိမ်းနောက် ဖြစ်ပေါ်လာ သော နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးကျဆင်းမှုကို အကြီးအကျယ် ရင်ဆိုင်နေလျက်ရှိသည်။
လက်ရှိတိုင်းပြည်၏ စီးပွားရေးအခြေအနေသည် အလုပ်လက်မဲ့နှုန်းမြင့်မားလာခြင်း၊ စီးပွားရေးတိုး တက်မှုနှုန်း ကျဆင်းခြင်း နှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှု ဖြစ်စဉ်များ စုပေါင်းဖြစ်ပေါ်နေသော Stagflation အဆင့်ကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း စီးပွားရေးမူဝါဒရေးရာ ပညာရှင် တဦးက ဆိုသည်။
“ နိုင်ငံမှာက ထုတ်လုပ်မှု အပိုင်းမှာရော စားသုံးမှု အပိုင်းမှာ ကျဆင်းနေတယ်။ အဲဒီတော့ ထုတ်လုပ်မှုပိုင်းကို ပြန်တင်နိုင်ဖို့ဆိုရင် စားသုံးမှုပိုင်း အရင်တင်နိုင်မှရမယ်။ လွယ်လွယ်ကူကူအနီးဆုံး တခုပြော ရရင် ငွေသားကို လွယ်လွယ်ထုတ်ယူပြီး သုံးစွဲနိုင်ဖို့ လိုတယ် ” ဟု ပြောဆိုသည်။
ယခုလို ပို့ကုန်သမားများ ရရှိလာသော ဒေါ်လာကို မြန်မာငွေ လဲလှယ်ရာတွင် အကန့်အသတ်မရှိ ထုတ်ပေးနိုင်မှသာ မျှတမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပို့ကုန်သမားများအတွက် မမျှတသည့် စီးပွားရေးမူဝါဒ နှင့် တွက်ချေမကိုက်နိုင်သော စီးပွားရေး အခြေအနေမျိုး ဖန်တီးပေးလိုက်ပါက ၎င်းတို့၏ ပို့ကုန်တင်ပို့ပြီး နိုင်ငံခြားငွေရရှိနေသော လုပ်ငန်းများ ကို ရပ်ဆိုင်းလာနိုင်သည်။
လတ်တလောတွင် နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေ ဝင်ရောက်နေသော နည်းလမ်းများထဲတွင် ပို့ကုန်သမားများ၏ ပို့ကုန်ရငွေများက နိုင်ငံခြားငွေ အဓိက ဝင်နေလျက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံဝင်ရောက်မှု ကျဆင်းခြင်း၊ ပြည်ပနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ခရီးသွားဝင်ရောက်မှု လျော့နည်းနေခြင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းထံမှ အကူအညီ အထောက်အပံ့မရှိတော့၍ ထိုနည်းလမ်းများမှ နိုင်ငံခြားငွေ ဝင်ရောက်မှုသည် များစွာလျော့နည်းနေလျက်ရှိသည်။
ပို့ကုန်သမားများအတွက် မမျှတသည့် စီးပွားရေးမူဝါဒ နှင့် တွက်ချေမကိုက်နိုင်သော စီးပွားရေး အခြေအနေမျိုး ဖန်တီးပေးလိုက်ပါက ၎င်းတို့၏ ပို့ကုန်တင်ပို့ပြီး နိုင်ငံခြားငွေရရှိနေသော လုပ်ငန်းများ ကို ရပ်ဆိုင်းလာနိုင်သည်။
ထို့သို့ ပို့ကုန်တင်ပို့မှုများ ရပ်ဆိုင်းလာပါက ပြည်ပပို့ကုန်များ ထုတ်လုပ်နေသော စိုက်ပျိုးရေးတောင်သူများအထိပါ ထိခိုက်လာမည်ဖြစ်သည်။
“ စီးပွားရေးလုပ်ငန်းရှင်တွေက ဘယ်လိုနည်းနဲ့ ရှင်သန်နေရမလဲဆိုတာ သူတို့ကောင်းကောင်းသိတယ်။ တရားဝင်လုပ်လို့မရရင် တရားမဝင်လုပ်လိမ့်မယ်။ သူတို့ကို သွားပြီး တင်းတင်းကျပ်ကျပ် အမိန့်သွား ပေး လို့မရဘူး။ နောက်ဆုံးသူတို့ ဘာမှလုပ်လို့မရရင် ထိုင်နေလိမ့်မယ် အဲဒီလိုဆိုရင် တိုင်းပြည်စီးပွားရေး က ဂျုံးဂျုံးကျသွားမှာပေါ့ “ ဟု အထက်ပါ စီးပွားရေးပညာရှင်က ဆိုထားသည်။
You may also like these stories:
စက်သုံးဆီ တင်သွင်း ရောင်းချသူများကို သတ်မှတ်ဈေးအတိုင်း ရောင်းရန် ဖိအားပေးနေ
ဒေါ်လာမှ ကျပ်ပြောင်းမည့် မူဝါဒသစ်မှ ဂျပန်လုပ်ငန်းများ ကင်းလွတ်ခွင့်ပေးရန် သံရုံးတောင်းဆို
ဗဟိုဘဏ်ထုတ်ပြန်ချက် ပို့ကုန်သမားနှင့် အမေရိကန်ဒေါ်လာလက်ဝယ်ရှိသူများ ထိခိုက်နိုင်
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်
စစ်အုပ်စုနှင့် ပတ်သက်သော မြန်မာဘီယာ ရောင်းအား ပြိုလဲ