ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် အကြောင်းရင်း များစွာကြောင့် ကျဆုံးရသည်။ ခရီးသွားလုပ်ငန်းမှ ရရှိမည့် ဒေါ်လာများကို ကိုဗစ်နိုင်တင်းကြောင့် ဆုံးရှုံးရသည်။
ထိုနောက်တွင် ပေါ်ပေါက်လာသော လူမှုအသုံးစရိတ်သည် အများပြည်သူ ကြွေးမြီများ မြင့်မားလာစေသည်။ ထို့ကြောင့် ယူကရိန်း စစ်ပွဲစတင်ပြီး အစားအစာ၊ လောင်စာနှင့် နိုင်ငံခြားသုံးငွေ မလုံလောက်မှု အခြေအနေ ဆိုးရွားလာသည်။ သို့သော် ထိုဆိုးကျိုး အများအပြားမှာ အာဏာရှင်ဆန်သော နိုင်ငံခေါင်းဆောင်၏ စိတ်ကူးယဉ်ဆန်သော မူဝါဒများကြောင့် ဖြစ်သည်။
သမ္မတ ရာဂျာပက်စကာသည် ပျက်စီးယိုယွင်းနေသော နိုင်ငံစီးပွားရေးကို ဦးဆောင်ရသည်။ ထိုစီးပွားပျက်ကပ်သည် ၂၀၁၉ ခုနှစ်တွင် သူအာဏာရလာပြီးနောက် မကြာမီပြုလုပ်သည့် အခွန် အကြီးအကျယ် ဖြတ်တောက်ခြင်းမှ စတင်သည်။
ထို့နောက်တွင် ဂဃနဏ နားမလည်ဘဲလုပ်သည့် အော်ဂဲနစ် လယ်ယာ စိုက်ပျိုးရေးကို အားပေးခြင်း ပေါ်ပေါက်လာသည်။ ထိုစိုက်ပျိုးရေးစနစ်ကြောင့် နိုင်ငံ၏ အဓိက အစားအစာဖြစ်သော ဆန်နှင့် အဓိက ပြည်ပပို့ကုန်ဖြစ်သော လက်ဖက် ထုတ်လုပ်မှု ကျဆင်း ကုန်သည်။
ထိုနောက်တွင် စီးပွားတိုးတက်ရေးအတွက် ထူးဆန်းသော တရုတ်ပုံစံ အခွန်သက်သာခွင့် ပေးသည်။
ယခုအခါ သီရိလင်္ကာသည် အာရှတွင် ငွေကြေးဖောင်းပွမှု အမြန်ဆုံး ၁၉ ရာခိုင်နှုန်းရှိပြီး လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်ကာ ယခုနှစ်အတွင်း ပြန်လည်ပေးဆပ်ရမည့် ဒေါ်လာဖြင့် သတ်မှတ်ထားသော ချေးငွေ ဒေါ်လာ ၅ ဘီလီယံရှိနေပြီး နိုင်ငံခြားသုံးငွေ ဒေါ်လာ ၂ ဘီလီယံကျော်သာ ကျန်တော့သည်။
အစိုးရသည် ဒေဝါလီခံရန် ဆုံးဖြတ်လိုက်ပြီး ပြည်ပကြွေးမြီ ပေးဆပ်မှု ရပ်ဆိုင်းမည့် ဆုံးဖြတ်ချက်ကို ဧပြီလ ၁၂ ရက် အင်္ဂါနေ့တွင် ကြေညာလိုက်သည်။
ထိုပြဿနာများ၏ အဓိကလက္ခဏာမှာ တရုတ်ထံမှ သမ္မတ ရာဂျာပက်စကာ ရရှိထားသည့် ဆင်ဖြူတော် အလှပြ မြို့သစ် စီမံကိန်း ဖြစ်သည်။ ထိုစီမံကိန်းမှာ ဒေါ်လာဖြင့် ဝင်ငွေရရှိပြီး ရသမျှကို သပိတ်ဝင် အိတ်ဝင်ယူနိုင်သည့် ချမ်းသာကြွယ်ဝသူများအတွက် ကစားကွင်းအဖြစ်ရည်ရွယ်သော ကိုလံဘို ဆိပ်ကမ်းမြို့သစ် စီမံကိန်းဖြစ်သည်။
ထိုနေရာတွင် အခြေစိုက်သော ကုမ္ပဏီများသည် မြို့တော် စီမံခန့်ခွဲရေးကော်မရှင်၏ ဆုံးဖြတ်ချက်ဖြင့် မည်သည့် အခွန်အခမဆို ကင်းလွတ်ခွင့်ရသည်။ ထို ၂၆၉ ဟက်တာကျယ်ဝန်းသည့် ပြန်လည် ဖော်ထုတ်ထားသော မြေတွင် ကိုလံဘို စီးပွားရေးမြို့တော်ကို အာရှတွင်နေထိုင်ရန် အကောင်းဆုံးနေရာဖြစ်အောင် လုပ်ဆောင်ရန် ရည်ရွယ်သည်။
ဒူဘိုင်းနိုင်ငံတကာ ဘဏ္ဍာရေးဌာနပုံစံ အပူပိုင်းဒေသ နိဗ္ဗာန်ဘုံအဖြစ် တည်ဆောက်ရန် ရည်ရွယ်ပြီး ဒူဘိုင်းနိုင်ငံတကာ ဘဏ္ဍာရေး အချက်အခြာနေရာထက် နှစ်ဆ ပိုမိုကြီးမားသည်။ ပင်လယ် ရေမျက်နှာပြင် မြင့်တက်ခြင်းကြောင့် စင်ကာပူမှသည် ဂျကာတာနှင့် မနီလာအထိ အခြားကမ်းရိုးတန်း မြို့ကြီးများ ပေါ်ပေါက်နေသည့် စိတ်ဓာတ်ကျဆင်းမှုများကို ထိုစီမံကိန်းတွင် ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
လွတ်လပ်သော လေ့လာမှုတခုအရ ထိုမြို့သစ် စီမံကိန်းသည် ၂၀၄၁ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၏ လက်ရှိစီးပွားရေး ထုတ်လုပ်မှု၏ ၆ ပုံတပုံကို ထုတ်လုပ်ပေးသည့်တိုင် ထိုစီမံကိန်းသည် တန်ဖိုးကြီးမားသော စိတ်ကူးယဉ်မှုသာဖြစ်သည်။
တရုတ်ငွေဖြင့် ထိုမြို့သစ်ကို တည်ဆောက်နေသော်လည်း အကြွေးထူသည့် နိုင်ငံအတွက် ဝင်ငွေရှာမပေးနိုင်သော လူနေရပ်ကွက်၊ လက်လီအရောင်းဈေးကွက်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းများသည် နိုင်ငံ၏ ကမ်းရိုးတန်း သို့မဟုတ် မြေကို အကောင်းဆုံး အသုံးချခြင်း မဖြစ်နိုင်ပေ။ ထိုသို့ မဖြစ်စေရန်အတွက် ထိုအထူးစီးပွားရေးဇုန်မှ စီးပွားရေးလုပ်ငန်းများသည် ပေးသင့်ပေးထိုက်သော အခွန်ကို ပေးဆောင်ရမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တောင်းဆိုရမည် ဖြစ်သည်။
ယခုအချိန်အထိ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ထိုဆိပ်ကမ်းမြို့သစ်သည် ဗြောင်ကျသည့် မိုက်မဲမှုဖြစ်ကြောင်း အဖြစ်မှန်အတိုင်း မပြောသေးဘဲ သတိထားနေဆဲ ဖြစ်သည်။ သို့သော် ထိုစီမံကိန်း၏ အဓိက ရည်မှန်းချက်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မေးခွန်းထုတ်နေပြီ ဖြစ်သည်။
“ထိုကဲ့သို့သော ကိစ္စများကို ပြန်လည် စိတ်ဝင်စားလာကြသောကြောင့် အခွန်နှုန်းနိမ့်သော နယ်မြေတခု ထူထောင်ပေးခြင်းသည် နိုင်ငံတကာ အသိုက်အဝန်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်” ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က သီရီလင်္ကာအစိုးရနှင့် ဆွေးနွေးပြီးနောက် မှတ်ချက်ချသည်။ သီရိလင်္ကာသည် ဒီရေကိုဆန်ပြီး ကူးခတ်နေခြင်းဖြစ်သည်။
အခွန်ကင်းလွတ်ခွင့် ပေးထားသော အာရပ်စော်ဘွားများနိုင်ငံ (UAE) သည် လာမည့်နှစ်မှစတင်ပြီး ကော်ပိုရိတ်လုပ်ငန်းများကို အခွန် ၉ ရာခိုင်နှုန်း စတင်ကောက်ခံတော့မည်ဖြစ်ကာ စင်ကာပူနိုင်ငံသည်လည်း အခြေအမြစ်တိုက်စားခြင်းနှင့် အမြတ်ထုတ်ယူခြင်းဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှု ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းနှင့် ကိုက်ညီစေရန်အတွက် နိုင်ငံစုံလုပ်ငန်းများကို ထပ်ဆောင်းခွန်များ ကောက်ခံရန် နည်းလမ်းရှာဖွေနေသည်။
အခွန်သက်သာခွင့်ပေးခြင်းသည် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ပြီး လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် ထိရောက်သော နည်းလမ်းဖြစ်ပါက မှန်ကန်သော မူဝါဒ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုအထူးဇုန် လုပ်ငန်း မလည်ပတ်နိုင်သေးသမျှ ကာလပတ်လုံး ထိုဇုန်နှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးအကြား ဆက်စပ်မှုသည် အစိုးရက ငွေကြေးစိုက်ထုတ်ပေးထားသည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက်သာ ရှိနေမည်ဖြစ်သည်။
၂၀၄၁ ခုနှစ် နောက်ပိုင်းတွင်ပင် ထိုဆိပ်ကမ်းမြို့တော်သည် မည်သို့ ဆွဲဆောင်နိုင်မည်ကို ရှင်းလင်းစွာ မသိရပေ။ အခွန်မက်လုံးပေးခြင်းသည် တခါတရံတွင် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်းအတွက် အဓိကကျသည့် အဆုံးအဖြတ်ပေးသော အချက်မဟုတ်ဘဲ ထိုသို့စွန့်လွှတ်လိုက်သော အခွန်ကို လူသားအရင်းအနှီးနှင့် အခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ပြီး စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန် ပတ်ဝန်းကျင် ပိုမိုကောင်းမွန်ရေးအတွက် အသုံးချနိုင်သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က မှတ်ချက်ချသည်။
ထိုစီမံကိန်းကို သမ္မတ ဂိုတာဘာရာ၏ အစ်ကို လက်ရှိဝန်ကြီးချုပ် မဟိန္နဒါ သမ္မတတာဝန်ယူစဉ် ၂၀၁၄ ခုနှစ်က စတင်ခဲ့သည်။ ဒေသတွင်း အင်အားကြီး နိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြား ကစားခြင်းဖြင့် သီရိလင်္ကာသည် ၎င်း၏ရေကြောင်း အချက်အခြာကျသော အနေအထားမှ အမြတ်ထုတ်နိုင်မည်ဟု မကြာသေးမီကအထိ အစိုးရအဖွဲ့တွင် အများအပြားပါဝင်နေကြသည့် အခြား ရာဂါပက်စကာ ဆွေမျိုးစုဝင်များ ထင်ကောင်းထင်ကြမည်ဖြစ်သည်။
မြေယာပြန်လည်ဖေါ်ထုတ်ခြင်းလုပ်ငန်းကို ကြီးကြပ်သည့် တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာ ကုမ္ပဏီ (China Harbor Engineering Co) ကို မြေ ၁၁၆ ဟက်တာအား ၉၉ နှစ် အငှားချထားပေးသည်။ အစိုးရက ဈေးကွက်တင်နိုင်သည့် မြေမှာ ၆၂ ဟက်တာသာ ရှိသည်။
၎င်း၏အနီးနားတွင် တရုတ်နယ်ပယ်သစ် ထူထောင်ခြင်းနှင့် ပတ်သက်ပြီး အိန္ဒိယက အကြီးအကျယ် ဝေဖန်သည်။ တရုတ်ကျောထောက်နောက်ခံပြု တောင်ဘက်ဆိပ်ခံတံတားနှင့် ကပ်လျက်တည်ရှိသည့် ကိုလံဘိုဆိပ်ကမ်းမှ တစိတ်တပိုင်းသာ အလုပ်လုပ်နိုင်တော့သည့် အရှေ့ဘက် ဆိပ်ခံတံတား ပြန်လည် ပြင်ဆင်ရေးစီမံကိန်းမှ အိန္ဒိယနှင့် ဂျပန်ကို သမ္မတ ရာဂျာပက်စကာက ထုတ်ပယ်လိုက်သောအခါ သီရိလင်္ကာ၏ တရုတ်ဘက်သို့ တိမ်းညွှတ်ခြင်းနှင့် ပတ်သက်သော အိန္ဒိယ၏ သံသယ ပိုမို ဆိုးရွားလာသည်။
တောင်ဘက်ဆိပ်ခံတံတားကို တရုတ်ကုန်သည်ဆိပ်ကမ်း ဟိုးလ်ဒင်း ကုမ္ပဏီ (China Merchants Port Holdings Co) က ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ အစိုးရက အရှေ့ဘက်ဆိပ်ခံတံတားကို ပြည်တွင်းပိုင်အဖြစ် ထားရန် ဆုံးဖြတ်ခဲ့သော်လည်း တည်ဆောက်ရေးတွင် CHEC ကို ပါဝင်ခွင့် ပေးခဲ့သည်။ နယူးဒေလီနှင့် ဆက်ဆံရေး ပြေလည်စေရန်အတွက် သမ္မတ ရာဂျာပက်စကာက အနောက်ဘက်ဆိပ်ခံတံတားသစ်ကို အိန္ဒိယမှ Adani Group သို့ လူသိရှင်ကြား တင်ဒါမခေါ်ဘဲ ချထားပေးခဲ့သည်။
အကြွေးဝန်ထုပ်ဝန်ပိုး လျှော့ချရန် ယခင်အစိုးရက China Merchants Ports သို့ အငှားချထားပေးခဲ့သော ဟမ်ဘန်တိုတာ ဆိပ်ကမ်းနှင့် CHEC သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် ကိုလံဘို မိုးပျံအဝေးပြေးလမ်း အပါအဝင် ၎င်း၏ သေနင်္ဂဗျူဟာကျသည့် ပိုင်ဆိုင်မှုအားလုံး မဟုတ်လျှင်ပင် အများစုကို လူဦးရေ ၂၂ သန်းသာရှိသည့် သီရိလင်္ကာနိုင်ငံ အနေဖြင့် ဆုံးရှုံးသွားနိုင်သည်။
တရုတ်-အိန္ဒိယ သေနင်္ဂဗျူဟာ အားပြိုင်မှုတွင် ပါဝင်ခဲ့သောကြောင့် သီရိလင်္ကာအနေဖြင့် ပြသစရာ စီးပွားပျက်ကပ်၊ ပြည်သူ့ဘဏ္ဍာရေးစနစ် ပြိုကွဲခြင်းနှင့် တန်ဖိုးပြိုကျသွားသော သီရိလင်္ကာ ရူပီးကို ထိန်းသိမ်းရန် ဗဟိုဘဏ်က တရက်တည်းတွင် အတိုးနှုန်းကို ၇ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်သောကြောင့် တန်ဖိုး အထိန်းအသိမ်းမရှိ ကျဆင်းနေသည့် ငွေကြေးတို့သာ ရှိသည်။
ဒေသတွင်း ပထဝီနိုင်ငံရေးတွင် ဝင်ရောက် ပတ်သက်ခြင်းသည် သေးငယ်သော သီရိလင်္ကာအတွက် ဆိုးရွားသော အကြံအစည်ဖြစ်လျှင် တရုတ်-အမေရိကန် စစ်အေးတိုက်ပွဲတွင် တဘက်ဘက်မှ ပါဝင်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။
ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်နှင့် ဆက်စပ်နေသောကြောင့် ထိုဆိပ်ကမ်းမြိုသစ် စီမံကိန်းသည် ချမ်းသာသူများ ငွေသပိတ်ဝင် အိတ်ဝင်ရနိုင်အောင် ရက်ရောသည့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း လျှော့ပေါ့ပေးခြင်းကို ဝါရှင်တန်က စိုးရိမ်မည်ဖြစ်သည်။
အိန္ဒိယသမုဒ္ဒရာမှ အခွန်ကင်းလွတ်ဇုန်သစ်ကြောင့် မျက်ခုံးပင့်စရာဖြစ်စရာ ဖြစ်လာသော်လည်း အမေရိကန် အရေးယူပိတ်ဆို့မှုများ၏ အချက်အခြာနေရာလည်း ဖြစ်လာနိုင်သည်။ ထိုအစီအစဉ်သည် အလုပ်ဖြစ်မည် မဟုတ်ပေ။
ကိုးကား။ ။ The Economic Times သတင်း The great Chinese white elephant of Sri Lanka
You may also like these stories:
စက်သုံးဆီများ ထုတ်ရောင်းရန် လုပ်ငန်းရှင်များကို စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး
မြန်မာနှစ်ဆန်း ရွှေနှင့် စက်သုံးဆီ လက်ကားဈေးကွက် မဖွင့်နိုင်သေး
ဒေါ်လာငွေတွေ ၁ ရက်ပဲ သိမ်းထားလို့ ရတော့မယ့်နောက်
စစ်အုပ်စုနှင့် ပတ်သက်သော မြန်မာဘီယာ ရောင်းအား ပြိုလဲ
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်