မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁၃ ရက် (၂၀၂၂ ခုနှစ် ဧပြီ ၁၃ ရက်) နေ့ဟာ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် ဒုတိယမြောက်သင်္ကြန်ကျရောက်တဲ့ နေ့ပါပဲ။
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ ….
သင်္ကြန်မိုး သီချင်းထဲကလို ကြားနေကျ သင်္ကြန်သီချင်းသံတွေကို ဆူဆူညံညံ ဝေဝေစည်စည် မကြားရတော့ပါဘူး။
အဲဒီနေ့မှာ မြန်မာနိုင်ငံတဝှမ်းက တက်လာသမျှ ဓာတ်ပုံတွေအရ အများစုသော ပြည်သူလူထုဟာ သင်္ကြန်ပွဲမှာ ပျော်ပါးဖို့ အစီအစဉ်မရှိတာကို မြင်တွေ့လိုက်ရပါတယ်။
တကယ်တမ်းတော့ ဒီသင်္ကြန်ကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ဖို့ စစ်ကောင်စီဘက်ကနေ နည်းလမ်းမျိုးစုံနဲ့ အားထုတ်ထားပါတယ်။ မြို့နယ်အသီးသီးမှာ မဏ္ဍာပ်တွေ ပြင်ဆင်ထားပြီး သင်္ကြန်ဖျော်ဖြေရေးအစီအစဉ်တွေ အတွက် အကုန်အကျခံ အားစိုက်ထားပါတယ်။
မဏ္ဍာပ်တွေမှာ လုံခြုံရေးကအစ ပြင်ဆင်ဖြည့်စွက်ထားပေမယ့် သင်္ကြန်ဟာ သူတို့မျှော်လင့်သလို မလှပခဲ့ပါဘူး။
မဏ္ဍာပ်တွေမှာ လုံခြုံရေးကအစ ပြင်ဆင်ဖြည့်စွက်ထားပေမယ့် သင်္ကြန်ဟာ သူတို့မျှော်လင့်သလို မလှပခဲ့ပါဘူး။ ပြည်သူလူထုဟာ သင်္ကြန်ကို ငြင်းဆန်ခဲ့တယ်။
လူထုသပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုတေဇာဆန်းကတော့ “သင်္ကြန်ကာလ တနိုင်ငံလုံးကို ခြုံကြည့်မယ် ဆိုရင် စစ်ကောင်စီ အဓမ္မ လုပ်ကြံဖန်တီးနေတဲ့ အပျော်သင်္ကြန်အဖြစ် ဖန်တီးမှုကို လုံးဝ မအောင်မြင်ခဲ့ဘူး” လို့ ပြောပါတယ်။
သင်္ကြန်သီချင်းသံကြားရင် ပျော်ရွှင်နေကြ ပြည်သူလူထုဟာ သင်္ကြန်ကို စွန့်ပစ်ခဲ့ကြပါတယ်။ နှစ်ထောင်ပေါင်း များစွာ ယဉ်ကျေးမှု ဓလေ့တခုအဖြစ် စီးဆင်းလာတဲ့ သင်္ကြန်ဟာ စစ်အာဏာရှင်လက်ထက်မှာ ဆိတ်ငြိမ်ခဲ့ပါတယ်။
သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ သင်္ကန္တလို့ ခေါ်တဲ့ ပါဠိဘာသာ၊ သင်္ကန္တြ ခေါ် သက္ကတ ဘာသာတို့ကနေ သက်ဆင်းလာတဲ့ ဝေါဟာရ တခုပါ။ သင်္ကန္တ၊ သင်္ကန္တြဆိုတာက ကူးပြောင်းခြင်းလို့ အနက်အဓိပ္ပာယ်ရပြီး တပေါင်းလမှာ နှစ်ဟောင်းကုန်လို့ တန်ခူးလမှာ နှစ်သစ်ကူးရတာကို ရည်ညွှန်းတယ်လို့ မှတ်သားဖူးပါတယ်။
နွေရဲ့ အပူဒဏ်ကို သင်္ကြန်ရေနဲ့ အံတုပြီး နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ကာလမှာ ဆေးကြောကြပါတယ်။ ဒါကြောင့်လည်း သင်္ကြန်မှာ ရေကစားပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တာပါ။
ဒီသင်္ကြန်ဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို မဆေးကြောနိုင်ခဲ့တဲ့ သင်္ကြန်ပါ။
ဒါပေမယ့်လည်း ဒီသင်္ကြန်ဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို မဆေးကြောနိုင်ခဲ့တဲ့ သင်္ကြန်ပါ။ ရုပ်ဆိုးအကျည်းတန်လှတဲ့ စစ်အာဏာသိမ်းမှု ဖြစ်ရပ်ကြီးကို တနှစ်ကျော် ဆန့်ကျင်တွန်းလှန်နေဆဲ ကာလလည်း ဖြစ်ပါတယ်။
ဒီလိုကာလမှာ ပျော်ပွဲရွှင်ပွဲတွေ ထလုပ်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မသာအိမ် ပွဲထည့်သလိုပါပဲ။ နိုင်ငံကြီး မကျန်းမာနေချိန်၊ နိုင်ငံထဲမှာ နာရေးတွေ ဖြစ်နေလို့ ပြည်သူတွေ စိတ်မချမ်းမြေ့ချိန်မှာ ပွဲထလုပ်တာပါပဲ။
သူတို့ရဲ့ စီမံခန့်ခွဲမှု အာဏာတည်မြဲနေပြီဆိုတဲ့ ပြယုဂ်ကို ပြနိုင်ဖို့အတွက် စစ်အာဏာရှင်တွေဟာ ဒီနှစ်သင်္ကြန်မှာ နိုင်ငံအနှံ့က မြို့ကြီးပြကြီးတွေအပါအဝင် မြို့နယ်အသီးသီးမှာ မဏ္ဍာပ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ စီစဉ်ခဲ့ပါတယ်။
သင်္ကြန်ကို တလလုံးလုံး ဆင်နွှဲတတ်တဲ့၊ ခရီးသွားလုပ်ငန်းရဲ့ ပြယုဂ်တခုအဖြစ် အသုံးချတတ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် ကိုဗစ်ကပ်ရောဂါကြောင့် သင်္ကြန်ကို ပိတ်ပင်ခဲ့ပေမယ့် စစ်ကောင်စီကတော့ နိုင်ငံရေး လက်နက်အဖြစ် အသုံးချဖို့ သင်္ကြန်ကို ပွဲတော်ကြီးတခုအဖြစ် ကျင်းပနိုင်ဖို့ အကြီးအကျယ်ပြင်ဆင်ခဲ့ပါတယ်။
သင်္ကြန်ကာလ အတွင်းမှာလည်း စစ်ကောင်စီက စီစဉ်ထားတယ်လို့ ယူဆရတဲ့ သင်္ကြန်ရေပက်ခံကား အနည်းအကျဉ်းကို မြင်တွေ့ခဲ့ရသလို အရပ်သားကားတွေကို မဏ္ဍပ်တွေရှေ့ကနေ အတင်းအကြပ် ဖြတ်ခိုင်းခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒီလို နည်းလမ်းမျိုးစုံသုံးခဲ့ပေမယ့်လည်း သူတို့ရဲ့ အစီအစဉ်တွေဟာ လုံးလုံးလျားလျား မအောင်မြင်ခဲ့တဲ့အပြင်၊ အဆိုးရွားဆုံး သင်္ကြန်ကာလ ဖြစ်ခဲ့ဟန်တူပါတယ်။
နိုင်ငံရေး သုတေသီ တဦးဖြစ်တဲ့ ဦးအောင်စောဦးက “ဖြတ်ခဲ့ရတဲ့ သက်တမ်းတလျှောက်လုံး ၂၀၂၂ သင်္ကြန်ကတော့ ရုပ်အပျက်ဆုံး၊ သိက္ခာအကျဆုံး၊ ရိုးရာ ယဉ်ကျေးမှု ကြေမွသွားအောင် အဖျက်ဆီးဆုံး သင်္ကြန်လို့ ပြောလို့ရတယ်။ ဒီပွဲတွေကို လုပ်နေတဲ့ လူတွေက စိတ်မှနှံ့သေးရဲ့လားလို့ မေးရတော့မှာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒါတင်မကသေးပါဘူး၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နှစ်ဆန်း ၁ ရက်နေ့မှာ သူ့ရှေ့က အာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေ၊ သေဆုံးသွားပြီးတဲ့ နိုင်ငံရဲ့ ထိပ်ပိုင်းအရာရှိ ဖြစ်ဖူးသူတွေနဲ့ အတူ သူ့ကိုယ်သူ နိုင်ငံရဲ့ ကောင်းကျိုးဆောင်ရွက်သူအနေနဲ့ ဘွဲ့တွေ ပေးအပ်ခဲ့ပါသးတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုး ထုတ်ပြန်ထားတဲ့ စာရင်းအရ သတိုးသီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာသရေစည်သူဘွဲ့ နှစ်ခုစလုံးကို သူ့ကိုယ်သူ ပေးအပ်ထားတာတွေ့ရပါတယ်။
“နှစ်ဆန်း တရက်နေ့မှာ သေတဲ့လူတွေရော လျှောက်ပြီးတော့ ဂုဏ်ထူးဘွဲ့တွေဘာတွေပေး၊ ကိုယ့်ကိုယ်ကိုယ်လည်း ဘွဲ့တွေပေးတယ်ဆိုတော့ ဘယ်လောက်တောင်မှ နိုင်ငံရေးသိက္ခာ စုတ်ပြတ်သတ်အောင် ကျသွားလဲဆိုတာ အဲဒီအချက်က ဖော်ပြနေတယ်။ ကိုယ်ဖြတ်ခဲ့တဲ့ အနှစ် ၇၀ သမိုင်းမှာ ဒီကနေ့ ကာလကတော့ ရုပ်ပျက်ဆင်းပျက် အဖြစ်ဆုံး သင်္ကြန်ပွဲလို့ပဲ ပြောရမှာပဲ” လို့ ဦးအောင်စောဦးက ဆိုပါတယ်။
တနှစ်ပတ်လုံး ပြည်သူလူထုကို သတ်ဖြတ်၊ ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့၊ မိသားစုတွေကို ဖမ်းဆီးနှိပ်စက် စတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တော်လှန်ရေးကို ဖိနှိပ်ခဲ့ပေမယ့် ဒီသင်္ကြန်ကာလမှာတော့ ဟန်မပျက် ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်ဖို့ စီစဉ်ချင်သေးတာ စစ်ကောင်စီပါ။
ဒါပေမယ့် ပြည်သူလူထုတွေဟာ သင်္ကြန်ကို လုံးဝ မဆင်နွှဲခဲ့သလို၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သင်္ကြန်ကာလ အတွင်းမှာ စစ်ကောင်စီရဲ့ သင်္ကြန်အစီအစဉ်တွေကို တိုက်ခိုက်ရေး အစီအမံတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ၄ ရက်တာကာလအတွင်းမှာ နိုင်ငံအနှံ့ ဗုံးခွဲတိုက်ခိုက်မှု အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ၄ ရက်တာကာလအတွင်းမှာ နိုင်ငံအနှံ့ ဗုံးခွဲတိုက်ခိုက်မှု အကြိမ် ၅၀ ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုတွေမှာ တပ်စစ်ကြောင်းတွေကို မိုင်းခွဲတဲ့ တိုက်ခိုက်မှုတွေ မပါဝင်ပါဘူး။
ဧရာဝတီက လေ့လာထားတဲ့ ပြည်တွင်းမီဒီယာအသီးသီးမှာ မြင်တွေ့ရတဲ့ သတင်းတွေအရ ဖောက်ခွဲမှုတွေဟာ စစ်ကောင်စီ မဏ္ဍာပ်တွေအနီး၊ ရဲစခန်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ လမ်းပေါ်က စစ်ကောင်စီကင်းစခန်းတွေ အနီးမှာ တိုက်ခိုက်မှုတွေ အများဆုံး ဖြစ်ပွားခဲ့ပြီး ဘီယာဆိုင်နဲ့ ဘားတခုမှာလည်း အသံဗုံးနဲ့ ခြောက်လှန့် ဖောက်ခွဲခဲ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေမှာ စစ်ကောင်စီအဖွဲ့ဝင်တချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ပေါက်ကွဲမှုကြောင့် အရပ်သား တွေ ထိခိုက် ဒဏ်ရာရမှု မတွေ့ရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားစဉ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အနီးအနားက ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တာတွေ၊ ပစ်ခတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
တကယ်တမ်းမှာ သင်္ကြန်မစတင်ခင်ကတည်းက ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ ဘက်တော်သားတွေကိုယ်တိုင် သင်္ကြန်ကို အပြည့်အဝ ပျော်မြူးလိုက်ရဟန် မတူပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တောင်မှ နေပြည်တော်မှာ ပြုလုပ်တဲ့ သင်္ကြန်ကို အနီးကပ် လုံခြုံရေး အင်အားအများအပြားနဲ့ တက်ရောက်ခဲ့တာကို မြင်တွေ့ရပါတယ်။
ဟန်ပြသင်္ကြန်ပွဲတော် ပြုလုပ်ခဲ့ပေမယ့်လည်း ပြည်သူလူထုကတော့ စစ်အာဏာရှင်လက်အောက်က သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း မရှိဘဲ၊ တော်လှန်ရေးအင်အားစုများနဲ့အတူ ရပ်တည်ခဲ့ပါတယ်။
စစ်ကောင်စီက နိုင်ငံတကာနဲ့ ပြည်သူတွေကို တိုင်းပြည်တည်ငြိမ်အေးချမ်းနေသယောင် ပြသချင်တာကြောင့် ဟန်ပြသင်္ကြန်ပွဲတော် ပြုလုပ်ခဲ့ပေမယ့်လည်း ပြည်သူလူထုကတော့ စစ်အာဏာရှင်လက်အောက်က သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်း မရှိဘဲ၊ တော်လှန်ရေးအင်အားစုများနဲ့အတူ ရပ်တည်ခဲ့ပါတယ်။
သင်္ကြန်မှာ မပါဝင်ဘဲ၊ တော်လှန်သင်္ကြန်ပြုလုပ်ကြဖို့ သင်္ကြန်ကာလမတိုင်မီကတည်းက တော်လှန်ရေး အင်အားစုတွေကလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
အဲဒီ တိုက်တွန်းနှိုးဆော်မှုတွေနဲ့အတူ စစ်အာဏာရှင်ကို တွန်းလှန်လိုတဲ့ ပြည်သူလူထုရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေကြောင့်လည်း မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ် အတာသင်္ကြန်ဟာ တော်လှန်သင်္ကြန် ဖြစ်ခဲ့ရပါတယ်။
စစ်ကောင်စအတွက် ဒီနှစ်အတာသင်္ကြန်ဟာ အသံတိတ်သပိတ်တွေလိုပဲ နိုင်ငံရေးအရ ထိုးနှက်ခံလိုက်ရတဲ့ ပွဲတော်တခု ဖြစ်သွားခဲ့ပြန်ပါတယ်။
စစ်ကောင်စီအတွက် ဒီနှစ်အတာသင်္ကြန်ဟာ အသံတိတ်သပိတ်တွေလိုပဲ နိုင်ငံရေးအရ ထိုးနှက်ခံလိုက်ရတဲ့ ပွဲတော်တခု ဖြစ်သွားခဲ့ပြန်ပါတယ်။
ကိုတေဇာဆန်းက “စစ်ကောင်စီလို ထပ်ပြီးတော့ အရှက်ကွဲခဲ့တဲ့ လူထုရဲ့တော်လှန်သင်္ကြန်လှုပ်ရှားမှုကြီးပါ” လို့ ဆိုပါတယ်။
“တကယ့်ကို ကျီးနဲ့ဖုတ်ဖုတ်သင်္ကြန်၊ ကြက်ဝိုင်းသာသာ သင်္ကြန်၊ အတုအယောင် သင်္ကြန်ဆိုတာ အင်မတန် ထင်ရှားပါတယ်။ ပြည်သူအစစ်အမှန် ပူးပေါင်းမှု မရှိသလောက်နည်းခဲ့တဲ့ အတုအယောင် သင်္ကြန်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒီနှစ်မှာ ပြည်သူလူထုတချို့ကတော့ မြို့ပေါ်က စစ်ကောင်စီရဲ့ အတုအယောင်သင်္ကြန်ကို စွန့်ခွာပြီး သင်္ကြန်ကာလမှာ ခရီးသွားခဲ့ဟန်တူပါတယ်။ ချောင်းသာ၊ ငပလီ၊ ငွေဆောင် အစရှိတဲ့ ကမ်းခြေတွေမှာ သင်္ကြန်ရုံးပိတ်ရက်အတွင်း အပန်းဖြေခရီး သွားရောက်ခဲ့သူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။
ဒါက သင်္ကြန်မှာ အပျော်ရှာနည်းတခု ဖြစ်ပေမယ့်လည်း စစ်ကောင်စီအလိုကျ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲတာတော့လည်း မဟုတ်ပြန်ပါဘူး။
မည်သို့ပင်ဆိုစေကာမူ တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ဒီနှစ်သင်္ကြန်ကို တော်လှန်သင်္ကြန် အနေနဲ့ အောင်အောင် မြင်မြင် ပုံဖော်ခဲ့တာ သေချာပါတယ်။
“ဆန္ဒပြတဲ့ ပြည်သူကို၊ ရိုက်နှက်ဖမ်းတာ တာဝန်ဆိုပဲ။ ခဏဆိုပြီးခေါ်သွားတာ မနက်ကျတော့ အလောင်းလာယူတဲ့။ ခေတ်ကို ပြောင်းဖို့ ခေါင်းကို ပစ်တာ၊ ပွင့်ထွက်သွားတာ ပြည်သူတွေပဲ” စတဲ့ စစ်အာဏာရှင်ရဲ့ သရုပ်သကန်ကို ဖော်ပြတဲ့ သံချပ်တွေနဲ့ တော်လှန်သင်္ကြန်ကို မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲခဲ့ကြသလို၊ ပြောက်ကျား သပိတ်တွေလည်း နိုင်ငံအနှံ့၊ နေရာအနှံ့မှာ ပြုလုပ်ခဲ့ကြပါသေးတယ်။
ဒေါက်တာ တေဇာဆန်းကတော့ “ဘယ်လိုမှ ငြင်းလို့မရတဲ့ သက်သေတွေနဲ့ ဒီသင်္ကြန်က တော်လှန်သင်္ကြန်ဖြစ်တယ်ဆိုတာ ရှိခဲ့ပြီ။ စစ်ကောင်စီလို ထပ်ပြီးတော့ အရှက်ကွဲခဲ့တဲ့ လူထုရဲ့ တော်လှန်သင်္ကြန်လှုပ်ရှားမှုကြီးပါ” လို့ ဆိုပါတယ်။
You may also like these stories :
ရခိုင်တွင် သင်္ကြန်ပွဲတော်ကို AA စည်ကားသိုက်မြိုက်စွာ ကျင်းပ
စစ်တပ်ရဲ့ အမြစ်ဖြတ်မှုကို ရုန်းကန်တော်လှန်တဲ့ သင်္ကြန်သံချပ်
ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ