စစ်ကောင်စီ လက်နက်စက်ရုံတွေကြားက ပြည်သူ့တော်လှန်ရေးတပ်များ
နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံရပြီးတဲ့နောက် မြို့ပြလှုပ်ရှားမှုတွေ အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ မကွေးတိုင်းအနောက်ခြမ်း ရခိုင်ရိုးမနဲ့ ထိစပ်ရာဒေသတွေဟာ အခုလဆန်းပိုင်းကစလို့ လက်နက်ကိုင် ထိတွေ့တိုက်ပွဲတွေနဲ့အတူ တကျော့ပြန် လှုပ်ခတ်လို့လာပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကစလို့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွေ အခြေတည်ရှိရာ စေတုတ္တရာမြို့နယ်နဲ့ ငဖဲမြို့နယ် တို့ရဲ့ အနောက်ဘက်ရိုးမပေါ်ကို အင်အား ၆၀၀ ဝန်းကျင်ပါဝင်တဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုး ချီတက်လာခဲ့ကြတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လူထုတော်လှန်ရေးမဟာမိတ် – မကွေး (PRA-Magway) ရဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူက “သုံးလပိုင်းကုန်လောက်ထဲက စစ်ရေးပြင်ဆင်မှုတွေ မြင်နေရတယ်။ ရခိုင်က တပ်တွေကို ငဖဲမှာရှိတဲ့ ကပစ-၁၄ ထဲကို ရွှေ့တယ်။ ကပစ-၁၄ ထဲမှာလည်း လက်နက်ကြီးတွေ တပ်ဆင်ထားတယ်။ ဧပြီ ၃ ရက်နေ့လောက်ကစပြီး စစ်ကြောင်းထိုး တက်လာတယ်။ ကျနော်တို့က ကြိုတင်သတင်းရထားတဲ့အတွက် သူတို့လာနိုင်တဲ့လမ်းတွေမှာ စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာ” လို့ ရှင်းပြပါတယ်။
ရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဧပြီ ၆ ရက်ကစပြီး ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ PRA-Magway နဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စောင့်ကြိုတိုက်ခိုက်တာ ခံခဲ့ရပါတယ်။
ဧပြီ ၆ ရက်မှ ၁၄ ရက်ထိ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့သလို စစ်လက် နက်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့က ဓာတ်ပုံများနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ပူးပေါင်းတပ်ဖွဲ့ဝင်အချို့လည်း လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သလို ငဖဲမြို့နယ်အတွင်းက ခါကျင်ရွာနဲ့ ရှစ်ခုရွာတို့ မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ၎င်းတို့က ဆိုပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အများစုဟာ ရခိုင်စစ်ဒေသထဲက ထုတ်နုတ်ထားတဲ့ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း-၁၀၂ ဖြစ်တယ်လို့ စစ်ကောင်စီ သေဆုံးတပ်ဖွဲ့ဝင်တွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက် အထောက်အထားတွေအရ ပူးပေါင်းတပ်ဖွဲ့ဘက်က အတည်ပြုပြောဆိုသလို ကပစ တပ်ဖွဲ့ဝင်တွေနဲ့ အမြောက်တပ်က တပ်ဖွဲ့ဝင်တွေလည်း တိုက်ခိုက်ရာမှာ ပါဝင်တယ်လို့ ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေ စတင်လာတဲ့ စေတုတ္တရာ၊ ငဖဲမြို့နယ်တို့ဟာ စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေ တဲ့ ယောဒေသ၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့အပြင် စစ်ကောင်စီနဲ့ ရက္ခိုင့် တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်အခြေစိုက် အမ်းမြို့နယ်နဲ့လည်း နယ်မြေ ထိစပ်လျက် ရှိပါတယ်။
ငဖဲမြို့နယ်နဲ့ မကွေးတိုင်းအနောက်ခြမ်းဒေသတွေဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ အခြေစိုက်တဲ့အတွက် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူထားသလို ငဖဲမြို့နယ်အတွင်း အမြောက်တပ်ရင်း ၃ ရင်းလည်း အခြေစိုက် ထားတာဖြစ်လို့ စစ်တပ်တွေ ပတ်လည်ဝန်းရံနေတဲ့ဒေသအဖြစ် ယူဆရမှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း နယ်မြေထိစပ်နေတဲ့ ယော၊ ကန်ပက်လက်ဒေသတွေထက် လက်နက်ကိုင်တိုက်ပွဲတွေ ထိတွေ့မှု အား နည်းပေမယ့် မြို့ပြပြောက်ကျားတွေအနေနဲ့ ရဲစခန်း အပါအဝင် လက်နက်ငယ်ကျည်ဆန်တွေ ထုတ်လုပ်နေတဲ့ ကပစ စက်ရုံတွေ လည်ပတ်မှုရပ်တန့်ရေး ရည်ရွယ်ကာ မိုင်းခွဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ဇန်နဝါရီ ၂၂ ရက် ညပိုင်းက ငဖဲမြို့နယ်အတွင်း ကပစ-၁၄ ကို လျှပ်စစ်မီးပေးနေတဲ့ လျှပ်စစ်တာဝါတိုင် ဖောက်ခွဲတိုက်ခိုက် ခံရသလို ၂၃ ရက် နံနက်ပိုင်းကလည်း အမြောက်စခန်းကွပ်ကဲရေးဌာနချုပ်ဖြစ်တဲ့ မစခ-၉၀၅ တပ်ကိုလည်း အဝေးပစ် စိန်ပြောင်းလက်နက်နဲ့ ၂ ချက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီ ပစ်ခတ်တိုက်ခိုက်မှုတွေကိုတော့ ငဖဲအခြေစိုက် Triangle 3T PDF က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်ကလည်း အမ်းမြို့နယ်ဘက်မှ ငဖဲဘက်ကို ထွက်လာတဲ့ ထောက်ပို့စစ်ကား ၁ စီးကို အမ်းတောင်ကြား လမ်းမှာ မင်းလှ PDF နဲ့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ၎င်းတို့က ဆိုပါတယ်။
ဒေသခံပြောက်ကျားအဖွဲ့တွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေဟာ စေတုတ္တရာမှာရှိတဲ့ ကပစ-၂၀၊ အထက်မင်းလှမှာရှိတဲ့ ကပစ-၂/၁၀/၁၃ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တဲ့တပ်တွေထံ လျှပ်စစ်ပို့လွှတ်နေတဲ့ လိုင်းတွေ ဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဲဒီလို ရံဖန်ရံခါ တိုက်ခိုက်မှုတွေအပေါ် စစ်ကောင်စီဘက်က သိသာမြင်သာတဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ ဆောင် ရွက်ခဲ့တာ မရှိပေမယ့်လည်း ခုနောက်ပိုင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေကြား မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုနဲ့ နယ် မြေတိုးချဲ့ လှုပ်ရှားလာနိုင်တာတွေကြောင့် စစ်ဆင်ရေးတွေ စတင်လာတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သုံးသပ်ပါ တယ်။
PRA-Magway တာဝန်ရှိသူတဦးက “၂၀၂၁ ဇွန်လလောက်ကတည်းက ရခိုင်ရိုးမကြောတွေမှာ PRA စပြီး လှုပ်ရှားနေကြ တာ။ ဒီနေရာမှာ ဒီလိုအဖွဲ့တွေ ရှိတယ်ဆိုတာ သူတို့သိပေမယ့် အဲဒီလောက်ထိ ရှင်းစရာမလိုဘူးလို့ယူဆပြီး တိုက်ခိုက်လာ တာမျိုး မရှိဘူး။ နောက်ပိုင်း နယ်မြေစိုးမိုးမှု ရှိလာတယ်၊ မဟာမိတ်တွေ ဖွဲ့လာနိုင်တယ်၊ အင်အားတွေ ရှိလာတယ်။ ဒါကြောင့်ပဲ ဒီနေရာဟာ မဖြစ်မနေရှင်းရတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချလိုက်ပုံပေါ်ပါတယ်” လို့ ဆိုပါတယ်။

မဟာမိတ်တွေ ဖွဲ့လာနိုင်တယ်ဆိုရာမှာ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေ အချင်းချင်းသာမက အင်းအားကြီးလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ကူညီထောက်ပံ့မှုတွေကလည်း ပေါ်ပေါ်တင်တင် မရှိသည့်တိုင် ဒေသကာ ကွယ်ရေးအဖွဲ့တွေအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေခဲ့တာလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မဟာမိတ်တပ်တော် AA အနေအထားက မကွေးထဲမှာရှိတဲ့ ဒေသခံတွေ၊ တက်ကြွလူငယ်တွေကို ကူညီပေးခဲ့တာက ကြာခဲ့ပါပြီ။ စစ်ရေးဆိုင်ရာ အကူအညီတွေ ပေးတယ်။ စစ်ဘေးတိမ်းရှောင်ရတဲ့ သူတွေကို လက်ခံကူညီပေးတာတွေ ရှိပါတယ်” လို့ ပြောပြပါတယ်။
အသေးစိတ် ပြောပြဖို့ကိုတော့ အချိန်စောပါသေးတယ်လို့ သူက ငြင်းဆိုပါတယ်။
ဒေသအတွင်း PRA-Magway နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ အရှိုချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ACDF) အနေနဲ့ လည်း သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိပေမယ့်လည်း AA ရဲ့ ၁၃ နှစ်မြောက် တပ်နှစ်ပတ်လည်ကို ပေးပို့တဲ့သဝဏ်လွှာမှာတော့ AA ရဲ့ စစ်ရေးဗျူဟာတွေကို စံနမူနာထားပြီး စစ်အာဏာရှင် ကို တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။
လက်ရှိ စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ ဒေသတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေအပြင် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ စစ်သား၊ ရဲ၊ မီးသတ်နဲ့ ကျန်း မာရေးဝန်ထမ်းတွေ များစွာပါဝင်နေတယ်လို့လည်း သိရပါတယ်။
တဖက်မှာလည်း ဒေသတွင်း အနေအထားအရ စစ်မီးပိုမိုကျယ်ပြန့်လာနိုင်တဲ့ မကွေးနဲ့ရခိုင် ထိစပ်ဒေသအတွင်းက ကျေး ရွာတွေဟာ စစ်ကောင်စီတပ်တွေရဲ့ အငြိုးထား မီးရှို့ဖျက်ဆီး တိုက်ခိုက်ခံရမှာကို စိုးရိမ်ပူပန်လျက် ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၆ ရက်ကလည်း ဆောမြို့နယ်ဘက်ကို ခရီးထွက်လာတဲ့ စေတုတ္တရာမြို့နယ်၊ သက္ကယ်တောင်ကျေး ရွာမှ အရှိုချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ ဓမ္မဆရာတဦးဖြစ်သူ ဆလိုင်ငွေကြားဆိုသူမှာ PDF တပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲ ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတဦးက “ကျေးရွာတွေအတွင်းမှာ အကြောင်းပြချက်မရှိဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုး သားချင်းတွေကို ပစ်မှတ်ထား ဖမ်းဆီးတာမျိုးတွေ လုပ်ပါတယ်။ အကြောင်းပြချက် ဘာမှမရှိဘူး။ သက်သေအထောက် အထားမရှိဘဲ ဖမ်းဆီးထားတာ၊ တရားစွဲဆိုထားတာတွေလည်း ရှိပါတယ်။ သူတို့ ဖမ်းဆီးပြီး ဘာမှမပေါ်ပေါက်ဘူး ဆိုရင်တောင်မှ တယောက်ကို ပိုက်ဆံ ၁၀ သိန်း၊ ၁၅ သိန်းနဲ့ ရွေးခိုင်းတာမျိုးတွေလည်း လုပ်ပါတယ်” လို့ ပြောပါတယ်။
ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ခုခံတော်လှန်ရာမှာ အရပ်သား ဒေသခံတွေအပေါ် ထိခိုက်မှုမရှိရေး ချင့်ချိန်ဆောင်ရွက်နေသလို ပြည်သူလူထုအနေနဲ့လည်း သွေးအေးမသွားဘဲ တတ်နိုင် တဲ့ဘက်က ပိုမိုပူးပေါင်း ပါဝင်ပေးဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
“စစ်ကောင်စီ လွှမ်းမိုးတဲ့ဒေသတွေမှာ Mission တွေလုပ်ဖို့ ခက်ခဲတယ်ဆိုတာ နားလည်ပေးတယ်။ သို့သော်လည်း ဒီဟာ အပေါ်မှာ ပုံမှန်ဖြစ်သလိုမျိုး အသားကျပြီးတော့မှ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို မေ့မသွားဖို့ပေါ့။ အာဏာသိမ်းခံရပြီး စစ်ကျွန် ဘဝ ရောက်နေတယ်ဆိုတာကို မေ့မသွားဖို့။ တော်လှန်ရေးမှာ လက်နက်ကိုင်မှမဟုတ်ဘဲ ထိခိုက်သေဆုံးမှုမရှိဘဲ တတ်နိုင် တဲ့ နည်းလမ်းကနေ ပါဝင်ကြဖို့ တိုက်တွန်းပါတယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီကတော့ ၎င်းတို့ရဲ့ စစ်လက်နက်ပစ္စည်းစက်ရုံတွေ အဓိကအခြေစိုက်ရာ မကွေးအနောက်ခြမ်း ဒေသအတွင်း စက်ရုံတွေရဲ့ ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းနဲ့ လုံခြုံရေးအတွက် ပိုမိုအာရုံစိုက်လာတဲ့ အနေ အထားမျိုး တွေ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။
အဲဒီလို အခြေအနေအောက်မှာပဲ ပြီးခဲ့တဲ့ ဧပြီ ၆ ရက်က မကွေးတိုင်း သရက်မြို့နယ်အခြေစိုက် ကပစ-၁၂ မှ ပေါက်မြို့နယ် ရှိ ကပစ-၂၄ သို့ ဗုံးသီးကုန်ကြမ်းတွေ တင်ဆောင်လာတဲ့ ယာဉ် ၃ စီးကို ပုသိမ်-မုံရွာလမ်းမကြီး၊ ပေါက်မြို့နယ် ရှားပင်ရေ ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို ယာဉ် ၃ စီးမှာ လိုက်ပါလာတဲ့ ဗိုလ်ကြီး ၁ ဦးနဲ့ တပ်ဖွဲ့ဝင် ၆ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ကပစ ထောက်ပို့ကုန့်ကြမ်းတွေ သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီဟာ ပေါက်မြို့နယ်အတွင်း ယောချောင်း အနီးတဝိုက် ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းရော၊ လေကြောင်းကပါ ပြင်းပြင်းထန်ထန် စီးနင်းတိုက်ခိုက်ခဲ့တဲ့ အပြင် ကျေးရွာအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လက်ရှိ နေရာအနှံ့ ခုခံတိုက်ခိုက်မှုတွေ ကျယ်ပြန့်လာတာနဲ့အမျှ စစ်ကောင်စီအနေနဲ့ နေရာဒေသအားလုံးကို အရေးကြီး နေရာတွေအဖြစ် သတ်မှတ်ပြီး စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေ၊ တိုင်းစစ်ဌာနချုပ်တွေနဲ့ ထိစပ်နေတဲ့နယ်မြေတွေကို နည်းမျိုးစုံနဲ့ထိန်းသိမ်းဖို့ ကြိုးစားလာမှာဖြစ်တယ်လို့ CDM ဗိုလ်ကြီးတဦးက သုံးသပ်ပြောဆိုပါတယ်။

စစ်မျက်နှာများစွာ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် ရှေ့တန်းမထွက်၊ လုံခြုံရေးမထွက်ရတဲ့ တိုက်ခိုက်ရေးတပ် မရှိ သလောက်ဖြစ်နေပြီး အချို့နေရာတွေမှာ လက်ရုံးတပ်တွေကိုပါ လုံခြုံရေးအတွက် ထုတ်သုံးနေရတဲ့ အနေအထားဖြစ်လို့ အခုလို တိုက်ပွဲနယ်မြေသစ်တွေ ထွက်ပေါ်လာခြင်းဟာ ပိုအခက်တွေ့စေတယ်လို့လည်း ၎င်းက ပြောပါတယ်။
“နိုင်ငံရဲ့ တချို့နေရာတွေမှာ သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားက ပျက်စီးသလောက်ကို ဖြစ်နေပြီ။ ဒါကြောင့် အခုလို တိုက်ပွဲ နယ်မြေသစ်တခု ပေါ်ပေါက်လာတာဟာ သူတို့အတွက် အခက်အခဲတခု ကြုံရသလိုပါပဲ။ ကပစ စက်ရုံတွေ၊ တိုင်းစစ်ဌာန ချုပ်တွေနဲ့ ထိစပ်နေတဲ့အတွက် အခုလို ဖြစ်လာတဲ့အပေါ်မှာ သူတို့အကြီးအကဲအဆင့်ဆင့်က လက်မခံကြဘူး။ သူတို့ တိုင်း အပိုင်ထဲမှာ ဖြစ်လာတာမျိုးဆိုရင် အထောင်းခံရတယ်။ ဖိအားတွေ ရှိလာတယ်။ ရာထူးကအစ ခြိမ်းခြောက်ခံလာရတယ်။ ဒါကြောင့် နည်းမျိုးစုံနဲ့ထိန်းသိမ်းဖို့ ကြိုးစားလိမ့်မယ်” လို့ ၎င်းက ဆိုပါတယ်။
CDM ဗိုလ်ကြီးတဦးဖြစ်တဲ့ Captain Zero ကတော့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး (ကပစ) စက်ရုံတွေအနေနဲ့ ဧရိယာ ကျယ်ပြန့်ပြီး ကျေးရွာတွေနဲ့ နီးကပ်စွာတည်ရှိနေတဲ့အတွက် လုံခြုံရေးအရ အားနည်းတဲ့အပြင် လူအင်အားနဲ့ လက်နက် တပ်ဆင်ထားမှုမှာမမျှဘဲ ခြေလျင်တပ်တွေမှာ မသုံးတော့တဲ့ သက်တမ်းလွန်လက်နက်တွေကိုသာ ဆေးပြန်သုတ်ပြီး ချပေး ထားတာဖြစ်လို့ တကယ့်အကျပ်အတည်းနဲ့ ရင်ဆိုင်ရမယ်ဆိုပါက တုံ့ပြန်နိုင်မှု နှေးလိမ့်မယ်လို့ ယူဆပါတယ်။
“ဒေသအသီးသီး စစ်မျက်နှာဖွင့်ထားရတဲ့အတွက် လူအင်အားမလုံလောက်မှုကြောင့် ကပစ တပ်တွေအနေနဲ့ ကိုယ့်တပ် လုံခြုံရေးကိုယ်ယူရမှာ သေချာပါတယ်။ စစ်ဆင်ရေးဒေသကလည်း AA နဲ့ ဆက်စပ်နေတဲ့ဒေသဆိုတော့ စစ်ကောင်စီက AA ကို ပြတ်ပြတ်သားသား လုပ်တာမျိုးလည်း မရှိဘူး။ AA ကလည်း ပြတ်ပြတ်သားသား ကြေညာထားတာမရှိလို့ AA ကို သွားပြီးရန်စသလိုဖြစ်မှာစိုးလို့ အဲဒီဒေသကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့လည်း ခက်ခဲလိမ့်မယ်” လို့ ၎င်းက ဆိုပါတယ်။
ဒါကြောင့် ရက္ခိုင့်တပ်တော် (AA) ရဲ့ ကူညီမှုနဲ့အတူ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မဟာမိတ်စုဖွဲ့မှုနဲ့ ကျယ်ပြန့်စွာ ထိန်းချုပ်လှုပ်ရှားလာနိုင်တာနဲ့အမျှ ကပစ စက်ရုံတွေရဲ့ လက်နက်ထောက်ပံ့ရေး၊ ပစ္စည်းပို့ဆောင်ရေးတွေကိုပါ ခြိမ်းခြောက် လာနိုင်မှာ ဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီးတွေက သုံးသပ်ပါတယ်။
စစ်ကောင်စီဘက်ကလည်းပဲ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေ တည်ရှိနေတဲ့ ငဖဲဒေသကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ စတင်လာခဲ့ပြီ ဖြစ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ရေး နယ်မြေ တိုးချဲ့လှုပ်ရှားလာမှုတွေကြောင့် မကွေးအနောက်ခြမ်း ရခိုင်ရိုးမတောင်တန်းတွေမှာ လက်နက်ကိုင် ထိတွေ့တိုက် ပွဲတွေ ခပ်စိတ်စိတ် မြင့်တွေ့လာရတော့မယ့် အခြေအနေ ရှိနေပါတယ်။ ။