၉။ လားဟူ
ရှမ်းမြောက် လားရှိုးဒေသတွင် လားဟူတချို့ နေထိုင်ကြသော်လည်း ရှမ်းအရှေ့ မိုင်းဆတ်ခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ကျိုင်းတုံ မြို့နယ်တို့တွင် လားဟူလူမျိုး အများစုနေထိုင်ကြပြီး လူဦးရေ တသိန်းခြောက်သောင်းကျော်ခန့်ရှိ၏။ လားဟူ လက်နက်ကိုင်ပုန်မှုများကို ၁၉၇၃ ခန့်က အရှိန် အဟုန်ကောင်းစွာ တွေ့မြင်ခဲ့ရသော်လည်း ယခုအခါ အရှိန်လျော့ကျသွားပြီဖြစ်သည်။
လားဟူလက်နက်ကိုင်အများစုသည် အစိုးရပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်နေသည်။
လက်ရှိ NCA လက်မှတ်ရေးထိုးထားသည့် LDU သည် ပြည်တွင်း၌ မရပ်တည်နိုင်ပေ။ လက်နက်ကိုင်အင်အားလည်း ပြောပလောက်အောင် မရှိပေ။ လားဟူလက်နက်ကိုင်အများစုသည် အစိုးရပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်နေသည်။
မြို့ပေါ် လားဟူပါတီကတော့ အတိုက်အခံပါတီအဖြစ် ရပ်ခံသော်လည်း လားဟူတို့၏ ပြန့်ကျဲနေထိုင်မှုအရ ရွေးကောက်ပွဲတွင် လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာသာ အနိုင်ရသည်ကို တွေ့ရသည်။
၁၀။ အခါ
ရှမ်းအရှေ့တွင် နေထိုင်ကြပြီး လူဦးရေ တသိန်းခန့်ရှိသည်။ မိုင်းလားတွင်လည်းကောင်း ရှမ်းအရှေ့ရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်မြို့နယ်များတွင်လည်းကောင်း ပျံ့နှံနေထိုင်ကြသည်။ မိုင်းလားဒေသမှအပ၊ ကျန် ရှမ်းအရှေ့ရှိ အခါများသည် အစိုးရ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ကြ၏။
မြို့ပေါ် အခါ အမျိုးသားပါတီသည်လည်း မြန်မာစစ်တပ်နှင့် နီးစပ်သည်။
မြို့ပေါ် အခါ အမျိုးသားပါတီသည်လည်း မြန်မာစစ်တပ်နှင့် နီးစပ်သည်။ အခါတို့သည်လည်း ၂၀၀၈ အရ တိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာ ရရှိ၏။
၁၁။ လီဆူး၊ အင်းသား၊ ကယန်း
ရှမ်းပြည်နိုင်ငံရေးတွင် လှုပ်ခတ်မှုအနည်းဆုံး လူမျိုးများဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မရှိပေ။ မြို့ပေါ်နိုင်ငံရေးလှုပ်ရှားမှု အနည်းငယ်ရှိ၏။ ၂၀၀၈ ခြေဥအရ တိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာစီ ရရှိကြသည်။
၁၂။ မြန်မာစစ်တပ်
ရှမ်းပြည်နယ်သည် မြန်မာစစ်တပ် အဓိကတပ်အင်အား ဖြန့်ကျက်ရာနယ်မြေဖြစ်၏။ စစ်တိုင်းဌာနချုပ် လေးခု ချထားသည်။

ရှမ်းမြောက်တွင် ရမခ (လားရှိုး)၊ ရှမ်းတောင်တွင် ရပခ (တောင်ကြီး) နှင့် ရလခ (ခိုလုံ)၊ ရှမ်းအရှေ့တွင် တြိဂံတိုင်း (ကျိုင်းတုံ) တို့ ဖြစ်ကြပြီး ခြေလျင်ခြေမြန်တပ်ရင်းတပ်ဖွဲ့ ၂၀၀ ကျော် ဖြန့်ကျက်ချထား၏။
၎င်းတပ်များနှင့် တွဲဖက်၍ အမြောက်တပ်၊ သံချပ်ကာတပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေးတပ်များ အပါ လက်ရုံးတပ်များစွာ ဖြန့်ကျက်ချထားသည်။
နမ့်စမ်တွင် လေတပ်ရှိသည်။ ဗထူး၊ ကလောတို့တွင် စစ်သင်တန်းကျောင်းများ ရှိ၏။
ရှမ်းပြည်နယ်တွင် ပြည်သူ့စစ်အင်အား အများအပြား ဖွဲ့စည်းထားပြီး တပြည်လုံးတွင် ပြည်သူ့စစ်အများဆုံး ပြည်နယ်ဖြစ်သည်။
ရှမ်းပြည်နယ်တွင် ပြည်သူ့စစ်အင်အား အများအပြား ဖွဲ့စည်းထားပြီး တပြည်လုံးတွင် ပြည်သူ့စစ်အများဆုံး ပြည်နယ်ဖြစ်သည်။
ရှမ်းမြောက်တွင် ဒေသအလိုက် ပသစ များ ဖွဲ့စည်းထား၏။ ရှမ်းတောင်တွင် PNO ပအိုဝ်း ပသစ နှင့် မတ်ကျန်း၊ နားရိုင်း၊ အက်စ်သုံးလုံး၊ ကာလိ စသည့် ရှမ်းပသစ များ ရှိသည်။ ရှမ်းအရှေ့တွင် အာခါနှင့် လားဟူ ပသစများ ရှိ၏။
BGF ၅ ရင်း ဖွဲ့စည်းထားရှိသည်။ ရှမ်းမြောက် ကိုးကန့်အား အခြေပြုဖွဲ့စည်းသည့် BGF ၁ ရင်းနှင့် ရှမ်းအရှေ့တွင် ဝ၊ လားဟူ၊ အခါတို့ကို အခြေပြုဖွဲ့စည်းထားသည့် BGF ၄ ရင်း ရှိသည်။
မြန်မာစစ်တပ်၏ ကျောက်ထောက်နောက်ခံပြု ပါတီမှာ ကြံ့ဖွံ့ပါတီ ဖြစ်ပြီး ရှမ်းပြည်နယ်ရှိ BGF နှင့် ပြည်သူ့စစ်အားကောင်းသော နေရာများတွင် အနိုင်ရရှိသော်လည်း ပြည်နယ်အများစု အမတ်နေရာ ရရှိခြင်း မရှိပါ။
ချုပ်၍ဆိုလျှင် ရှမ်းပြည်နယ်တွင် မြန်မာစစ်အင်အား အများအပြားချထားသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အင်အားများ များပြားပြီး အင်အားကောင်းသည့် နေရာဖြစ်သည်။
ထို့အပြင် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလူမျိုး များပြားပြီး လူမျိုးတမျိုး အများစုနေထိုင်သည့် ဒေသများရှိသကဲ့သို့ လူမျိုးများ ရောနှောနေထိုင်သည့် ဒေသများလည်းရှိ၏။ ထိုလူမျိုး အသီးသီးသည်လည်း အင်အားရှိသည့် လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးကို ပိုင်ဆိုင်ထားကြရာ တိုင်းရင်းသားလူမျိုးများ အကြားတွင်လည်း ပွတ်တိုက်မှုတချို့ကို တွေ့ရသည်။
ထို့အပြင် ရှမ်းပြည်နယ်၏ အစိတ်အပိုင်းအဖြစ်မှသည် သီးခြားပြည်နယ်အဖြစ် တောင်းဆိုနေသည့် ဝ၊ တအာင်း (ပလောင်)၊ ပအိုဝ်းလူမျိုးများလည်းရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထပ်မံတောင်းဆိုနေသော လားဟူ၊ အင်းသားလူမျိုးများလည်း ရှိသည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြို့ပေါ် နိုင်ငံရေး လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ တချိန်တည်းတွင် မြန်မာစစ်တပ်အပါ လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍက ရှေ့ရောက်လာ၏။ ရှမ်းပြည်နယ်တွင်လည်း မြန်မာစစ်တပ်အပြင်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ အခန်းကဏ္ဍက ရှေ့ရောက်လာသည့် အပြင်၊ တိုင်းရင်းသားတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို တွေ့ရသည်။
ရှမ်း၊ ဝ၊ ကိုးကန့်၊ တအာင်း၊ ကချင်ကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ရှိသော တိုင်းရင်းသားများအခန်းက ရှေ့ရောက်လာ၏။ ပအိုဝ်း၊ အခါ၊ လားဟူ စသည် ပသစ များက မြန်မာစစ်တပ်နှင့် အတူရပ်တည်ရန် ကြိုးစားနေသည်ကို တွေ့ရပြီး လက်နက်ကိုင်တပ် မရှိသော ဓနု၊ အင်းသား၊ လီဆူးတို့ အခန်းကဏ္ဍက နောက်သို့ရောက်နေသည်ကို တွေ့မြင်ရ၏။
သို့သော် ဓနုဒေသတွင် PDF ဖွဲ့စည်းမှုများကို တွေ့လာရသည်။
သို့သော် ဓနုဒေသတွင် PDF ဖွဲ့စည်းမှုများကို တွေ့လာရသည်။
ရှမ်းပြည်မြောက်ပိုင်း
ရှမ်းပြည်မြောက်ပိုင်းတွင် အလှုပ်ခတ်ဆုံးမှာ ကိုးကန့် MNDAA တပ်ဖွဲ့ဖြစ်သည်။ ၂၀၁၅ ခုနှစ် ကိုးကန့် တကျော့ပြန်စစ်ပွဲတွင် ကိုးကန့်ဒေသ၏ မြောက်ဖက်စွန်း ဟုန်အိုင်ဒေသတွင်သာ ခြေကုပ်ရယူနိုင်ခဲ့သည့် MNDAA တပ်ဖွဲ့သည် ကိုးကန့်အနောက်ဖက် သံလွင်အနောက်ခြမ်းတွင် အခြေပြုကာ သံလွင်အရှေ့ဖက်ခြမ်းရှိ ကိုးကန့်ဒေသအား ပြန်လည်ထိုးဖောက်ရန် ကြိုးစားနေခဲ့၏။
ကိုးကန့်ဒေသ၏ အနောက်ဖက်တွင် သံလွင်မြစ်ရှိပြီး မြောက်ဖက်နှင့်အရှေ့ဖက်တွင် တရုတ်မြန်မာနယ်စပ်က ကွေ့ဝိုက်သတ်မှတ်ထားသည် ဖြစ်ရာ ကိုးကန့်ဒေသသည် ကျဉ်းမြောင်း၍ ရှည်လျားသည့်ပုံစံဖြစ်၏။
ကိုးကန့်ဒေသတွင် အခြား ရှမ်း၊ တအာင်း လူမျိုးများအပါ လူဦးရေ တသိန်းကျော်ခန့်သာရှိသည်။ ၂၀၀၉ မြန်မာစစ်တပ်က MNDAA အား တိုက်ထုတ်ချိန်တွင် ကိုးကန့်လူဦးရေ နှစ်သောင်းခန့်သည် ကိုးကန့်ဒေသအား စွန့်ခွာသွားကြ၏။ လူဦးရေ နည်းပါရာ တပ်အင်အားတိုးချဲ့ရေးအတွက် တပ်သားသစ်စုဆောင်းရန် အကန့်အသတ်ရှိ၏။
ထို့အပြင် ကိုးကန့်ဒေသတွင် တောင်ကတုံးပြောင် များပြားပြီး တောင်ပေါ်ဒေသသည် ရေရှားသည်၊ စားနပ်ရိက္ခာ ရှားပါးသည်။ ထို့ကြောင့်လည်း ၂၀၁၅ တကျော့ပြန် ကိုးကန့်စစ်ပွဲအတွင်း MNDAA အနေနှင့် ကိုးကန့်တွင် ခြေကုပ်နေရာများ ရယူရန်ခက်ခဲခဲ့၏။

ကိုးကန့်ဒေသနှင့် သံလွင်မြစ်သာ ခြားသော သံလွင်အနောက်ခြမ်း ဒေသသည် ကိုးကန့်ဒေသနှင့် ခြားနားသည်။ သံလွင်အနောက်ခြမ်း ကွန်လုံ-သိန္နီ ကားလမ်းမြောက်ဖက် စမ်ချင်းစမ်းတောင်ကြော၊ မုန်းစီး-နားလယ်ဒေသ၊ မုန်းကိုးဖောင်းဆိုင် ဒေသတို့သည် ကိုးကန့်နှင့်သံလွင်မြစ်သာ ခြား၍ မြစ်ကူး၍ ကိုးကန့်ဒေသ တရွှေထန်၊ ကုန်ကြမ်း၊ ချုံကန်း၊ မော်ထိုက်နယ်မြေများသို့လည်း အလွယ်တကူထိုးဖောက်နိုင်သည်။
ထိုဒေသသည် အရှေ့ဖက် သံလွင်မြစ်၊ မြောက်ဖက် တရုတ်နယ်စပ်၊ တောင်ဖက် ကွန်လုံ-သိန္နီ- ကွတ်ခိုင်-မူဆယ် ဒေသအထိ နယ်မြေကျယ်ဝန်းသည်။ တောင်တန်းများတွင် သစ်တောများရှိ၏။ တောင်တန်းများတွင် ရေ၊ ရိက္ခာ ပေါများသည်။ လူဦးရေ များပြားသည်။
သံလွင်မြစ်အနောက်ဖက်ကမ်းတွင် ကိုးကန့်ရွာအနည်းငယ်သာ ရှိသော်လည်း ထိုဒေသများတွင် မြေပြန့်၌ ရှမ်း၊ ကချင်ရွာများ၊ တောင်ပေါ်တွင် ကချင်၊ တရုတ်၊ တအာင်းရွာများရှိ၏။ အထူးသဖြင့် တာမိုးညဲနားလယ်ဒေသ၊ သိန္နီ-ကွန်းလုံကားလမ်း တောင်ဖက်ခြမ်း မုန်းကျက်-မုန်းယော် ဒေသတို့တွင် တောင်ပေါ် တရုတ်ရွာများ များပြားသည်။
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တိုင်းသည် စစ်မှုထမ်းစနစ်ကို ကျင့်သုံးကြသည်ဖြစ်ရာ မိမိထိမ်းချုပ်နယ်မြေမှ တပ်သားသစ် စုဆောင်းရန်နှင့် တပ်အင်အားတိုးချဲ့ရန်လွယ်ကူ၏။
ထိုဒေသသည် ယခင် ဗကပ လှုပ်ရှားခဲ့ရာဒေသဟောင်း ဖြစ်ပြီး လှည့်လည်စစ်ကစားရန်သော်လည်းကောင်း၊ ကိုးကန့်ဒေသအား ပြန်လည်ထိုးဖောက်ရန်သော်လည်းကောင်း နယ်မြေအနေအထား ကောင်းသည်။ ကိုးကန့်ကို ပြန်လည်ထိမ်းချုပ်နိုင်ပါကလည်း ကိုးကန့်ဒေသ လုံခြုံရေးအတွက်အရေးပါသော ဒေသဖြစ်သည်။
ထိုနယ်မြေသည် ယခင်က ကချင်ဒူဝါများ အုပ်ချုပ်သည့် နယ်မြေများဖြစ်ပြီး KIA စတင်ဖွဲ့စည်း လှုပ်ရှားရာ ဒေသဖြစ်၏။ ယခု ဆယ်စုနှစ်များအတွင်း ထိုဒေသရှိ ကချင်အများအပြားသည် ဒေသကိုစွန့်ခွာ၍ မြို့ပြများသို့သော်လည်းကောင်း၊ ကချင်ပြည်နယ်သို့လည်းကောင်း ရွှေ့ပြောင်းသွားကြရာ ဒေသခံ ကချင်လူထု လူဦးရေ လျော့ကျသွားသည်။
KIA တပ်ဖွဲ့များရှိသေးသော်လည်း လှုပ်ရှားနယ်မြေ ကျုံ့ပြီး အားပျော့နေသည့် ဒေသများဖြစ်သည်။ သို့ဖြစ်ရာ MNDAA ၏ သေနင်္ဂဗျူဟာ ပြောင်းလဲလာသည်ကို တွေ့ရ၏။ မူလကိုးကန့်ဒေသ အပြင်ဖက် သံလွင်မြစ်အနောက်ဖက်ခြမ်းတွင် အခြေစိုက်ရန် ပြင်ဆင်စုဖွဲ့ ဖွဲ့စည်းလာသည်ကို တွေ့ရသည်။
မူလ ကိုးကန့်ဒေသ ဟုန်အိုင်တွင် တပ်မဟာ ၃၁၁ အား အခြေပြု၍ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးယန္တယား ထူထောင်ထားသည့်အပြင် MNDAA တပ်မဟာ ၅၁၁ အား မုန်းကိုး-ဖောင်းဆိုင်ဒေသတွင် လှုပ်ရှားစေပြီး မုန်းကိုးခရိုင်ဟူ၍ အုပ်ချုပ်ရေးယန္တယား တည်ဆောက်၏။

တဖန် တပ်မဟာ ၂၁၁ အား သိန္နီ-ကွန်လုံကားလမ်း ဝဲယာတွင် လှုပ်ရှားစေပြီး မူပန် (သိန္နီ) ခရိုင်ဟူ၍ အုပ်ချုပ်ရေးယန္တယား တိုးချဲ့ဖွဲ့ စည်းလာသည်ကို တွေ့ရသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်တွင် တပ်မဟာ ၆၁၁ ဟူ၍ အသစ်တခု ထပ်မံဖွဲ့စည်းပြီး ကွတ်ခိုင်ခရိုင်ဟူ၍ အုပ်ချုပ်ရေး ယန္တယား ဖွဲ့စည်းလာသည်ကိုတွေ့ရ၏။ ကွတ်ခိုင်၏ မြောက်ဖက်ခြမ်းတွင် လှုပ်ရှားရန် ရည်ရွယ်ပုံရသည်။
သို့ဖြစ်ရာ ၂၀၂၁ မှ စ၍ မုန်းကိုးဖောင်းဆိုင်ဒေသ၊ သိန္နီဒေသ၊ မုန်းကျက်-မုန်းယော် ဒေသများတွင် မြန်မာစစ်တပ်နှင့် MNDAA တပ်ဖွဲ့များ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
မြန်မာစစ်တပ်က တပ်မ/စကခ ၃ ခုထက်မနည်း အသုံးပြု၍ အလုံးအရင်းနှင့် ထိုးစစ်ဆင်ခဲ့သော်လည်း MNDAA အနေနှင့် တောင့်ခံနိုင်ခဲ့သည်ကို တွေ့ရ၏။ ၂၀၂၂ နှစ်ဆန်း ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်း ကွယ်လွန်သည့်ကာလ၌ တိုက်ပွဲအတန်ငယ် လျော့ကျခဲ့သော်လည်း အသုဘအခမ်းအနားပြီးနောက်ပိုင်း တိုက်ပွဲများ ပြန်လည် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။
ကိုးကန့်အဖွဲ့သည် အပစ်ရပ်လက်မှတ် ရေးထိုးမထားသကဲ့သို့ NCA လည်း ရေးထိုးထားခြင်းမရှိပါ။
ကိုးကန့်အဖွဲ့သည် အပစ်ရပ်လက်မှတ် ရေးထိုးမထားသကဲ့သို့ NCA လည်း ရေးထိုးထားခြင်းမရှိပါ။ ၂၀၁၅ ခုနှစ်တွင် UNFC အဖွဲ့ဝင်အဖြစ် NCA လက်မှတ်ရေးထိုးရန် ပြင်ဆင်ခဲ့သော်လည်း မြန်မာစစ်တပ်၏ ငြင်းပယ်ခြင်းခံရပြီး ကိုးကန့်၊ တအာင်း၊ ရခိုင်တပ်ဖွဲ့များအား လက်နက်စွန့်ရမည်ဟု မြန်မာစစ်တပ်က တောင်းဆိုခဲ့၏။
သို့နှင့် ကိုးကန့်အပါ ထိုသုံးဖွဲ့သည် မြောက်ပိုင်းစစ်ရေးမဟာမိတ်ဖွဲ့ပြီး စစ်ရေး တိုက်ပွဲကြီးများ တိုက်ခဲ့သည်ကို တွေ့ရသည်။ တရုတ်တို့၏ ကြားဝင်မှုကြောင့် မြောက်ပိုင်းအဖွဲ့များ ၂၀၁၇ တွင် နေပြည်တော် ပင်လုံ ဒုတိယအကြိမ်ညီလာခံသို့ လာခဲ့သော်လည်း NLD အစိုးရခေါင်းဆောင်ကသာ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်များက လက်ခံတွေ့ဆုံခြင်းမပြုခဲ့ပါ။
တရုတ်၏ ကြားဝင်မှုဖြင့် ၂၀၁၈ တတိယအကြိမ်ညီလာခံ လာတက်ရာတွင် မြန်မာစစ်တပ် ဒုခေါင်းဆောင်က လက်ခံတွေ့ဆုံခဲ့ပြီး ၂၀၁၈ အကုန်တွင် KIA အပါ မြောက်ပိုင်း ၄ ဖွဲ့နှင့် အပစ်ရပ်ဆွေးနွေးရန် သဘောတူခဲ့၏။
၂၀၁၉ ခုနှစ်အတွင်း ကိုးကန့်အပါ မြောက်ပိုင်း ၄ ဖွဲ့တို့ ၆ ကြိမ်တိုင် အပစ်ရပ်ဆွေးနွေးသော်လည်း အောင်မြင်မှုမရပါ။ ၂၀၂၀ တွင် ကိုဗစ်ကြောင့် ဆွေးနွေးပွဲများ ရပ်တန့်နေခဲ့ပြီး ၂၀၂၁ အာဏာသိမ်းပွဲအပြီးတွင် ဆွေးနွေးပွဲများ ပြုရန် မြန်မာစစ်တပ်က ပြန်လည်ကမ်းလှမ်းလာခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အပစ်ရပ်ကမ်းလှမ်းလာသည့် မြန်မာစစ်တပ်အား အခြား တိုင်းရင်းသားအဖွဲ့များနည်းတူ ကိုးကန့်အဖွဲ့သည်လည်း အယုံအကြည်မရှိပေ။
တရုတ်၏ ကြားဝင်မှုဖြင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း မိုင်းလားတွင် မြောက်ပိုင်း ၆ ဖွဲ့နှင့် မြန်မာစစ်တပ်ကိုယ်စားလည်အဖွဲ့ တွေ့ဆုံပွဲ ပြုလုပ်နေစဉ် ရှမ်းပြည်မြောက်ပိုင်းတွင် ပြင်းပြင်းထန် ထန်တိုက်ပွဲဖြစ်နေသည့် ကိုးကန့်အဖွဲ့ကိုယ်စားလှယ်များက အပြင်းထန်ဆုံး ပြောဆိုပြီး ဆွေးနွေးပွဲမပြီးခင် အစည်းအဝေးခန်းမှ ထွက်ခွာသွားသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့၏။
ထို့နောက် ၂၀၂၂ တွင်လည်း MNDAA နှင့် ကိုးကန့်အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ တပြည်လုံးအနှံ့အပြား စစ်ဖြစ်ပွားနေချိန်တွင် တပ်အင်အား မလုံလောက်သည့် မြန်မာစစ်တပ်အား တိုက်ခိုက်ပြီး မိမိတို့ အခွင့်အလမ်းကောင်းကို ရယူရမည်ဟု အခြားအဖွဲ့များနည်းတူ MNDAA လည်း ယူဆထားသည်ဟု သုံးသပ်ရ၏။
ရှမ်းမြောက်တွင် ကိုးကန့်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ ဆက်လက်မြင့်မားရန် အလားအလာ များနေသည်။
ထို့အပြင် လက်ရှိ ပြောင်းလဲဖော်ဆောင်နေသော MNDAA ၏ သေနင်္ဂဗျူဟာခြေလှမ်းနှင့် ကိုးကန့်ဒေသအား ပြန်လည်ထိမ်းချုပ်နိုင်ရေး ကြိုးပမ်းချက်အား မြန်မာစစ်တပ်ကလည်း လိုက်လျောဖွယ် မရှိရာ ရှမ်းမြောက်တွင် ကိုးကန့်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ ဆက်လက်မြင့်မားရန် အလားအလာ များနေသည်။
MNDAA အနေဖြင့် အသစ်ဝင်ရောက်တိုးချဲ့နေသည့် ဒေသများနှင့်ပတ်သက်ပြီး KIA နှင့် ဆွေးနွေးခြင်း မရှိသော်လည်း KIA ထံသို့ စာပို့အကြောင်းကြားပြီးမှ ဝင်ရောက်သည်ကို တွေ့ရ၏။
KIA အနေဖြင့်လည်း ရှမ်းပြည်တွင် အားပျော့သည့်အပြင် ကချင်ပြည်နယ်စစ်ရေးတွင် အာရုံစိုက်နေရသည့် အချိန်ဖြစ်ရာ လတ်တလောတွင် KIA နှင့် MNDAA အကြား ပွတ်တိုက်မှုဖြစ်ရန် အလားအလာနည်းသည်။
ထို့အပြင် MNDAA သည် TNLA/ AA တို့နှင့်လည်း စစ်ရေးမဟာမိတ်အဖြစ် စုဖွဲ့ထားသည်ဖြစ်ရာ ၂၀၂၁ ခုနှစ် နှစ်ဆန်းမှစ၍ ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်အဖွဲ့ (MNDAA) ၏ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းသစ် ထွက်ပေါ်လာသည်ဟု ဆိုရမည်။

ကိုးကန့်သည် လူဦးရေအရ နည်းပါး၍ တပ်ဖွဲ့အရွယ်အစား ငယ်သည်ဟု ဆိုနိုင်သော်လည်း အကောင်သေးသော်လည်း အဆိပ်ပြင်းသည်ဟု ဆိုရမည်။
ရှမ်းမြောက်တွင် ရှိနေသေးသည့် KIA နှင့် TNLA သည် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နှင့် တိုက်ပွဲတချို့ ရှိသော်လည်း စစ်ဆင်ရေးကြီးများ မတွေ့ရသေးပါ။
ရှမ်းမြောက်ရှိ KIA သည် ကချင်ပြည်နယ်တွင်လောက် အားမကောင်းဟု ဆိုနိုင်သော်လည်း KIA စတင်ဖွဲ့စည်းစဉ်ကတည်းက ရှမ်းမြောက်တွင် အခြေချလာသည်ဖြစ်ရာ ထိုဒေသတွင် ကောင်းစွာ ခြေကုပ်ယူနိုင်ပြီး စစ်ကစားနိုင်စွမ်းရှိသည်။
TNLA သည် ဆယ်နှစ်အတွင်း တဟုန်ထိုးကြီးထွားလာပြီး စစ်အင်အားရော၊ နယ်မြေပါ တည်ဆောက်နေသည်။ နောင်ချို-ကျောက်မဲ၊ သီပေါ- လားရှိုးကားလမ်းနှင့် လားရှိုး-သိန္နီ-ကွတ်ခိုင်-မူဆယ်-နမ့်ခမ်းကားလမ်းအကြားရှိ ကျယ်ပြန့်ပြီး တောတောင်ထူထပ်သည့် ရွှေလီချိုင့်ဝှမ်းခွင်ကို TNLA က ကောင်းစွာစိုးမိုးထားနိုင်သည့်အပြင်၊ ပြင်ဦးလွင်၊ မိုးကုတ်ဒေသတို့ကိုပါ ခြိမ်းခြောက်နိုင်စွမ်း ရှိပြီဖြစ်၏။
ထို့အပြင် ရှမ်းမြောက်၌ MNDAA/ TNLA တို့၏ မဟာမိတ် AA တပ်ဖွဲ့တချို့ရှိနေသေးသည်။
KIA အကူအညီနှင့်လည်းကောင်း၊ မြောက်ပိုင်း ၃ ဖွဲ့ အကူအညီဖြင့်လည်းကောင်း လေ့ကျင့်ဖွဲ့စည်းနေသော PDF များ ရှိနေသည်ဟုလည်း မြေပြင်သတင်းများအရ ကြားသိရ၏။
မူဆယ်ဒေသနှင့် နောင်ချိုဒေသများတွင် PDF လှုပ်ရှားမှုများကို စတင်တွေ့ရသည်။ အဆိုပါ ပြင်ဆင်စုဖွဲ့မှုများအရ ရှမ်းမြောက်တွင် MNDAA ၏ စစ်ရေးလှုပ်ရှားမှုသာမက၊ KIA၊ TNLA၊ AA၊ PDF တို့ပါ ပါဝင်သည့် စစ်ရေးလှုပ်ရှားမှုများပါ ထွက်ပေါ်လာနိုင်သည်ဟု သုံးသပ်ရ၏။
ရှမ်းမြောက်တွင် လားရှိုးအခြေစိုက် ရမခ စစ်တိုင်းက တာဝန်ယူ၏။ ရမခ စစ်တိုင်းအောက်တွင် ဒကစ လောက်ကိုင်အပါ၊ တိုင်းတပ်ရင်းတပ်ဖွဲ့များ အပြင်၊ ကျောက်မဲအခြေပြု စကခ ၁ နှင့် သိန္နီ အခြေပြု စကခ ၁၆ တို့ ရှိသည်။
သို့သော် ထိုတပ်အင်အားနှင့် မလုံလောက်၍ အခြားဒေသမှ တပ်မနှင့် စကခ ၅ ခု ဝန်းကျင်ခန့်ရှိသည့် တပ်အင်အား ဖြည့်တင်းထားပြီး ဖြန့်ကျက်ထားရာ ရှမ်းပြည်တပြည်လုံး၌ ရှမ်းမြောက်တွင် စစ်အင်အား အများဆုံးချထားသည်ကို တွေ့ရ၏။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းသည့်အပြင်၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိသည်ဖြစ်ရာ ၎င်းလမ်းကြောင်းအတွက် လုံခြုံရေး အလေးထားပုံရသည်။
ဤသို့တပ်အင်အား အများအပြား ချထား၍ ပြီးခဲ့သော တနှစ်ကျော်ကာလအတွင်း မုန်းကိုး-ဖောင်းဆိုင်ဒေသရှိ MNDAA စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်း မရှိဘဲ အထိနာခဲ့သည်ကို တွေ့ရ၏။
နေ့ခင်းကြောင်တောင်၌ပင် TNLA တပ်များ နမ့်ခမ်းမြို့တွင်းသို့ နှစ်ကြိမ်ဝင်ရောက်သည်ကို မြန်မာစစ်တပ်က ထွက်၍ ရှင်းလင်းခြင်း မပြုနိုင်ဘဲ၊ လက်ပိုက်ကြည့်နေရသည့် အခြေသို့ဆိုက်နေသည်
ထို့ပြင် ကိုးကန့်နှင့် တိုက်ရသည့်စစ်ပွဲသည် လားရှိုးအရှေ့ မုန်းကျက် မုန်းယော်ခွင်အထိ ကျယ်ပြန့်လာနေသည်။ ရှမ်းမြောက်ရှိ မြန်မာစစ်တပ်သည် ရှည်လျားသော ဆက်သွယ်ရေးလမ်းကြောင်းများကို အပြည့်အဝ မထိမ်းသိမ်းနိုင်သည့်အပြင်၊ မြို့များ၏လုံခြုံရေးကို ခက်ခက်ခဲခဲ ထိမ်းသိမ်းနေရ၏။
ပြီးခဲ့သောလပိုင်းအတွင်း နေ့ခင်းကြောင်တောင်၌ပင် TNLA တပ်များ နမ့်ခမ်းမြို့တွင်းသို့ နှစ်ကြိမ်ဝင်ရောက်သည်ကို မြန်မာစစ်တပ်က ထွက်၍ ရှင်းလင်းခြင်း မပြုနိုင်ဘဲ၊ လက်ပိုက်ကြည့်နေရသည့် အခြေသို့ဆိုက်နေသည်ကို တွေ့ရသည်။
သို့ဖြစ်ရာ ဤသို့သော အခြေအနေများအောက်၌ မကြာမီကာလတွင် ရှမ်းမြောက်တွင် စစ်ရေးတိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်ရ၏။
ဆက်လက်ဖော်ပြပါမည်။
(ကိုဦးသည် တိုင်းရင်းသားအရေးလေ့လာသူ တဦးဖြစ်သည်)။
You may also like these stories:
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ
ဝ ပြည်နယ်ဟု ခေါ်ဝေါ်ခြင်းက လေးစားသမှု ပြသခြင်းဟု NUG ဆို
အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ