ရှမ်းအရှေ့
သံလွင်မြစ်အရှေ့ဖက်ခြမ်းတွင်ရှိသည့် ရှမ်းအရှေ့တွင် လက်နက်ကိုင်အင်အား အမြောက်အများရှိပြီး အင်အားမျှခြေဖြင့် အပြန်အလှန်ထိန်းချုပ်ထား၏။ ပန်ဆန်းဗဟိုပြုသည့် ဝ ဒေသရှိ UWSA သည် ဟိုပန်၊ ပန်လုံဒေသ၊ မန်မန်းဆိုင်ဒေသ၊ မက်မန်းဒေသနှင့် မိုင်းယန်းဒေသတို့တွင် မြန်မာစစ်တပ်နှင့် ရင်ဆိုင်ထားသည်။ UWSA သည် ရှမ်းပြည်တောင်ပိုင်းသို့ ထိုးဖောက်လှုပ်ရှားသော်လည်း သူ့ဒေသနှင့် ရင်ဆိုင်ထားသော စစ်မျက်နှာများတွင် စစ်ရေးလှုပ်ရှားမှု မပြုလုပ်ပါ။ သို့သော်လည်း UWSA သည် အာဏာသိမ်း မြန်မာစစ်တပ်အား သတိထား ဆက်ဆံသည်ကို တွေ့ရ၏။
၂၀၂၁ နှစ်ကုန် တရုတ်ကြားဝင်မှုကြောင့် ဖြစ်ပေါ်လာသည့် မိုင်းလားအစည်းအဝေးတွင် UWSA ၏ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိပေ။ ထို့အပြင် နေပြည်တော်သို့ ဖိတ်ခေါ်သည်ကိုလည်း ပယ်ချထားသည်။ UWSA သည် မြန်မာစစ်တပ်နှင့် ၁၉၈၉ မှ ၂၀၀၉ အထိ အနှစ် ၂၀ ခန့် ဆက်ဆံရေး ကောင်းခဲ့သော်လည်း ၂၀၀၉ မှစပြီး BGF ဖွဲ့စည်းရေးကို လက်မခံ၍ တင်းမာမှုများစတင်ခဲ့၏။ ၂၀၁၁ တွင် မြန်မာစစ်တပ်နှင့် အပစ်ရပ် ပြန်လည်လက်မှတ်ထိုးခဲ့သော်လည်း ယုံကြည်မှု ပြန်လည်တည်ဆောက်၍ မရတော့ပေ။ ထို့အပြင် ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ထိုးရန် ပယ်ချခဲ့သည့်အတွက် မြန်မာစစ်တပ်၏ ပိတ်ဆို့မှုကို ခံခဲ့ရသဖြင့် ပို၍တင်းမာခဲ့၏။
UWSA သည် မြန်မာစစ်တပ်နှင့် ၁၉၈၉ မှ ၂၀၀၉ အထိ အနှစ် ၂၀ ခန့် ဆက်ဆံရေး ကောင်းခဲ့သော်လည်း ၂၀၀၉ မှစပြီး BGF ဖွဲ့စည်းရေးကို လက်မခံ၍ တင်းမာမှုများစတင်ခဲ့၏။ ၂၀၁၁ တွင် မြန်မာစစ်တပ်နှင့် အပစ်ရပ် ပြန်လည်လက်မှတ်ထိုးခဲ့သော်လည်း ယုံကြည်မှု ပြန်လည်တည်ဆောက်၍ မရတော့ပေ။
၂၀၁၆ ခုနှစ် ပထမအကြိမ် ပင်လုံညီလာခံတွင်လည်း ညီလာခံမှ ထွက်ခွာသွားခဲ့၏။ UWSA သည် ၂၀၁၇ တွင် မြောက်ပိုင်း နိုင်ငံရေးမဟာမိတ် ၇ ဖွဲ့ကို ဖွဲ့စည်းပြီး NCA မဟုတ်သည့် လမ်းကြောင်းကို ဖော်ထုတ်ရန် ပြင်ဆင်ခဲ့သော်လည်း နောက်ပိုင်းတွင် လှုပ်ရှားမှု မတွေ့ရတော့ပါ။ လက်ရှိ ပန်ဆန်းဗဟိုပြု ဝ UWSA ဒေသရှိ စစ်ရေးအခြေအနေမှာ ငြိမ်သက်နေသော်လည်း ရှမ်းတောင်ရှိ UWSA တပ်ဖွဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီး သက်ရောက်မှု ရှိနိုင်ပေသည်။
ထိုင်းနယ်စပ် UWSA ၏ ၁၇၁ စစ်ဒေသမှာ မြန်မာစစ်တပ်အပြင် RCSS နှင့်ပါ ရင်ဆိုင်ထား၏။ ရှမ်းတောင်တွင် စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာသည့် ၂၀၂၂ ဇန်နဝါရီလအတွင်း RCSS ဌာနချုပ် လွယ်တိုင်းလျံနှင့် ရင်ဆိုင်ထားသည့် ခိုင်လုံဒေသတွင် UWSA တပ်ဖွဲ့များ စစ်ပြင်သည်။ သို့သော်လည်း UWSA ဘက်က စတိုက်မည်မဟုတ်ဘဲ၊ ခုခံကာကွယ်ရန် ပြင်ဆင်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
တဖန် ၂၀၂၂ ဧပြီလဆန်းတွင် RCSS နှင့် UWSA တို့ တိုက်ပွဲငယ်တခုဖြစ်ပွားခဲ့ပြီး အသေအပျောက် အနည်းငယ်ရှိခဲ့သည်။ သို့သော်လည်း ထိုင်းနယ်စပ်အနီးတွင် ဖြစ်နေ၍ နှစ်ဖက်စလုံး ထိမ်းထိမ်းသိမ်းသိမ်းလုပ်နေကာ စစ်ပွဲကို စတင်သူ မဖြစ်လိုကြဘဲ၊ မလွှဲမရှောင်သာ ခုခံကာကွယ်ရသူအဖြစ် ရပ်တည်လိုသည်ကို တွေ့ရ၏။ ထို့ကြောင့် UWSA နှင့် RCSS အကြား တိုက်ပွဲများသည် လောလောဆယ် မိုင်းဆတ်ခရိုင်အတွင်း ကြီးထွားလာဖွယ်ရာ မရှိပေ။ ရှမ်းတောင်ရှိ တိုက်ပွဲများ အခြေအနေအပေါ်သာ မူတည်နေ၏။
မိုင်းယန်း၊ ကျိုင်းတုံ၊ မိုင်းယောင်းတို့နှင့် ဆက်စပ်နယ်မြေဖြစ်သော NDAA (မိုင်းလား) သည်လည်း ၁၉၈၉ မှ ၂၀၀၉ အထိ မြန်မာစစ်တပ်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့၏။ ၂၀၀၉ ခုနှစ် BGF ဖွဲ့စည်းရေးကို ပယ်ချပြီးသည့်နောက် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးတင်းမာပြီး UWSA နှင့်အတူ စစ်ပြင်ခဲ့သည်။ မိုင်းလားတပ်ဖွဲ့ အင်အားမလုံလောက်သည်ဖြစ်ရာ ၂၀၁၀ မှစ၍ UWSA တပ်ရင်း ၄ ရင်းခန့် မိုင်းလားဒေသရှိ မြန်မာစစ်တပ်နှင့် ရင်ဆိုင်ထားသော တောင်ကြောများတွင် စတင်နေရာယူထားခဲ့၏။
၂၀၁၁ တွင် မြန်မာစစ်တပ်နှင့် အပစ်ရပ်လက်မှတ် ပြန်လည်ရေးထိုးခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် UWSA တပ်ဖွဲ့တချို့ NDAA ၏ သဘောတူညီချက်မပါဘဲ၊ မိုင်းလားဒေသတွင်း ဝင်ရောက်လာပြီး တပ်စွဲရာမှ မိုင်းလားနှင့် UWSA အကြားတွင်လည်းကောင်း၊ မြန်မာစစ်တပ်နှင့်လည်းကောင်း တင်းမာမှုများ ဖြစ်ခဲ့သည်။ မိုင်းလားနှင့် UWSA အကြား တင်းမာမှုကို တဖြည်းဖြည်း လျှော့ချနိုင်ခဲ့သော်လည်း မြန်မာစစ်တပ်က မိုင်းလား-ကျိုင်းတုံ ကားလမ်းကို တောက်လျှောက် ပိတ်ထားခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဘက်က ပြန်ဖွင့်သော်လည်း မိုင်းလားဘက်က ကိုဗစ်အကြောင်းပြ၍ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးပေ။
မိုင်းလား NDAA တပ်ဖွဲ့၏ ထူးခြားချက်ဖြစ်ပြီး အခြားတိုင်းရင်းသားတပ်ဖွဲ့နှင့် မတူသည့်အချက်မှာ လူမျိုးတမျိုးတည်းကို ကိုယ်စားမပြုဘဲ၊ ရှမ်း၊ အခါလူမျိုး နှစ်မျိုးကို တွဲလျှက်ကိုယ်စားပြုသည့်အပြင်၊ ၂၀၀၉ မှစ၍ NDAA တွင် ကိုးကန့်များပြောင်းရွှေ့အခြေချမှုရှိလာပြီး ကိုးကန့်သားတို့ တစတစ နေရာရလာသည်ကို တွေ့ရ၏။
မိုင်းလား NDAA တပ်ဖွဲ့၏ ထူးခြားချက်ဖြစ်ပြီး အခြားတိုင်းရင်းသားတပ်ဖွဲ့နှင့် မတူသည့်အချက်မှာ လူမျိုးတမျိုးတည်းကို ကိုယ်စားမပြုဘဲ၊ ရှမ်း၊ အခါလူမျိုး နှစ်မျိုးကို တွဲလျှက်ကိုယ်စားပြုသည့်အပြင်၊ ၂၀၀၉ မှစ၍ NDAA တွင် ကိုးကန့်များပြောင်းရွှေ့အခြေချမှုရှိလာပြီး ကိုးကန့်သားတို့ တစတစ နေရာရလာသည်ကို တွေ့ရ၏။ NDAA သည် နယ်မြေချဲ့ထွင်လိုခြင်း မရှိဘဲ၊ မိမိနယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (ဝါ) အထူးဒေသ နယ်မြေတခုအဖြစ်သာ ဆက်လက်ရပ်တည်လိုသည်။ တဖက်ကလည်း ထို့အတွက် သင့်တင့်သည့် စစ်အင်အားကို တည်ဆောက်ထားသကဲ့သို့ UWSA နှင့် တွဲဖက်ထား၏။
NDAA တဖွဲ့တည်းအနေဖြင့် နယ်မြေချဲ့ထွင်ခြင်း၊ စစ်ပွဲ စတင်ခြင်းတို့ ပြုလုပ်ရန် အကြောင်းမရှိပေ။ သို့သော် မိုင်းလားဒေသတွင်း UWSA တပ်ဖွဲ့များ တပ်စွဲထားခြင်း၊ မိုင်းလားအဖွဲ့သည် ကိုးကန့်အဖွဲ့နှင့် အနီးစပ်ဆုံး ဆက်စပ်ပတ်သက်မှု ရှိခြင်းတို့ကြောင့် UWSA နှင့် MNDAA တို့၏ တိုက်ပွဲဂယက် သက်ရောက်မှုတို့ကြောင့်သာ တုန့်ပြန်မှု သို့မဟုတ် စစ်ပွဲအတွင်း ဆွဲသွင်းခံရမှု ဖြစ်နိုင်သကဲ့သို့ ကြားခံဒေသ စစ်မဲ့ဇုန်အဖြစ်လည်း အားလုံးက သဘောထားနိုင်၏။
ရှမ်းအရှေ့တွင် အားကောင်းသည်အဖွဲ့တခုမှာ RCSS ဖြစ်သည်။ UWSA ၁၇၁ စစ်ဒေသက မိုင်းဆတ်ခရိုင်အတွင်းသာ လှုပ်ရှားသော်လည်း RCSS က မိုင်းဆတ်ခရိုင်သာမကဘဲ၊ တာချီလိတ်၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျဉ်းနယ်တို့ကိုပါ ထိုးဖောက်လှုပ်ရှားနိုင်သည်။ သို့သော်လည်း ရှမ်းအရှေ့တွင် RCSS အတွက် ခက်ခဲသည်မှာ UWSA တပ်ရော၊ မြန်မာစစ်တပ်ပါ အခြေချထားသဖြင့် နယ်မြေအခြေခံဒေသ တိုးချဲ့ရန်ခက်ခဲ၏။ RCSS သည် ၂၀၁၂ တွင် အပစ်ရပ် လက်မှတ်ထိုးထားပြီး ၂၀၁၅ တွင် NCA လက်မှတ်ရေးထိုးသည်။ လက်မှတ်ရေးထိုးပြီး အစောပိုင်းကာလက မြန်မာစစ်တပ်နှင့် စစ်ရေး ပဋိပက္ခ ရှိသော်လည်း ၂၀၁၅ မှစ၍ SSPP/TNLA တို့နှင့်စစ်ရေးပဋိပက္ခ ပိုများသည်။
လောလောဆယ်တွင်လည်း RCSS သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့များ ပါဝင်သော PPST တွင် ပုံမှန်ပါဝင်မှုက နုတ်ထွက်ပြီး ဆက်စပ်၍သာ လုပ်ဆောင်တော့မည်ဟု ဆို၏။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် ရှမ်းမြောက်နှင့် ရှမ်းတောင်တွင် ဆုံးရှုံးမှုရှိနေပြီး အာဏာသိမ်း မြန်မာစစ်တပ်နှင့် ဆက်ဆံမှုရှိသော RCSS ၏ အနာဂတ်ခြေလှမ်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
RCSS သည် SSPP/UWSA တို့နှင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေရာ လောလောဆယ် မြန်မာစစ်တပ်အား တိုက်ခိုက်နိုင်သည့် အခြေအနေမရှိပေ။ သို့သော်လည်း လောလောဆယ် သူဆုံးရှုံးထားသည့် ရှမ်းမြောက်နှင့် ရှမ်းတောင်သို့ ပြန်လည်ထိုးဖောက်ရန် စဉ်းစားမှု၊ ပြင်ဆင်မှု ရှိပုံရ၏။ သို့ဖြစ်ရာ RCSS နှင့် SSPP အကြား အပြန်အလှန်ဆွေးနွေးမှု သို့မဟုတ် အပြန်အလှန် စည်းရုံးဖဲ့ထုတ်မှုများကို မြင်ရနိုင်သကဲ့သို့ ရှမ်းတောင်နှင့် ရှမ်းမြောက်သို့ RCSS ပြန်လည်ထိုးဖောက်ခြင်းကြောင့် တိုက်ပွဲများလည်း မြင်တွေ့ရနိုင်သည်။
ရှမ်းအရှေ့တွင် မြန်မာစစ်တပ်က တြိဂံတိုင်း စစ်ဌာနချုပ်အား ကျိုင်းတုံတွင် အခြေပြုထားသည်။ တိုင်းတပ်များအပြင် မိုင်းဆတ်နှင့် မိုင်းဖြတ်တွင် အခြေပြုသည့် စကခ ၁၄ နှင့် စကခ ၁၈ နှစ်ခုရှိသည်။ ရှမ်းအရှေ့တွင် BGF တပ်ရင်း ၄ ရင်းရှိပြီး ဝ၊ အခါ၊ လားဟူတို့ကို အခြေပြုဖွဲ့စည်းထား၏။ ထို့အပြင် အခါနှင့် လားဟူ ပသစ များကို အမာခံထား၍ ဖွဲ့စည်းထားသည်။ သို့သော် ရှမ်းအရှေ့တွင်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် တဖွဲ့နှင့်တဖွဲ့ အင်အားမျှခြေဖြင့် ထိန်းထားသကဲ့သို့ အဖွဲ့အသီးသီး၏ အခြေခံ အဆောက်အအုံ၊ စီးပွားရေး အဆောက်အအုံများရှိကြရာ စစ်ပွဲကို စတင်ကြရန် အခြေအနေမရှိပေ။ မလွှဲမရှောင်သာ အခြေအနေမှ စစ်တိုက်ရန် စဉ်းစားထားကြသည်။
ရှမ်းအရှေ့တြိဂံတိုင်းနယ်မြေရှိ တပ်ရင်း ၆ ရင်းမှ ၁၀ ရင်း အထိကို ရှမ်းတောင်သို့ ပြောင်းရွှေ့နေရာချထားရာ ရှမ်းအရှေ့တွင် မြန်မာစစ်တပ်ကလည်း စစ်ဆင်ရေးစတင်မည့် အခြေအနေမရှိပေ။
ထို့အပြင် ရှမ်းအရှေ့တွင် PDF လှုပ်ရှားမှု အားနည်း၏။ သို့ဖြစ်ရာ ရှမ်းအရှေ့တွင် စစ်ပွဲမဖြစ်အောင် ထိန်းထားနိုင်မည်ဟု မြန်မာစစ်တပ်ကလည်း ယူဆထားပုံရသည်။ ထို့ကြောင့် ရှမ်းအရှေ့တြိဂံတိုင်းနယ်မြေရှိ တပ်ရင်း ၆ ရင်းမှ ၁၀ ရင်း အထိကို ရှမ်းတောင်သို့ ပြောင်းရွှေ့နေရာချထားရာ ရှမ်းအရှေ့တွင် မြန်မာစစ်တပ်ကလည်း စစ်ဆင်ရေးစတင်မည့် အခြေအနေမရှိပေ။
သို့ဖြစ်ရာ လက်ရှိ ရှမ်းပြည်နယ်၌ ရှမ်းအရှေ့တွင် စစ်ပွဲဖြစ်ပွားနိုင်ခြေ အနည်းဆုံးဖြစ်ပြီး ရှမ်းမြောက်၊ ရှမ်းတောင်တွင်မူ စစ်ပွဲများ၏ သက်ရောက်မှုကြောင့် နောက်ဆက်တွဲ စစ်မီးတောက်မည့် နေရာဖြစ်မည် သို့မဟုတ် ပွဲသိမ်းနေရာ ဖြစ်မည်ဟု သုံးသပ်ရ၏။
ရှမ်းပြည်နယ် အရွေ့
ရှမ်းပြည်နယ်တခုလုံးကို ခြုံကြည့်လျှင် ရှမ်းမြောက်တွင် MNDAA အားကောင်းလာမည်။ ကိုးကန့်အနေဖြင့် လူဦးရေနည်းသော်လည်း မဟာမိတ်များ စည်းရုံးနိုင်သည့်စွမ်းရည်၊ ဘဏ္ဍာ၊ လက်နက်ခဲယမ်း ထောက်ပံ့နိုင်သည့် စွမ်းရည်ရှိသည်။ ထို့ကြောင့် ၂၀၂၂ အတွင်း ရှမ်းမြောက်တွင် မြန်မာစစ်တပ်နှင့် MNDAA မဟာမိတ်များ၏ တိုက်ပွဲများ မြင့်တက်လာမည်။ ထို့အပြင် KIA၊ TNLA၊ AA၊ PDF တို့၏ တိုက်ပွဲများကိုလည်း တွဲ၍ မြင်တွေ့ရလာနိုင်သည်။
ရှမ်းတောင်တွင် လက်ရှိ မြန်မာစစ်တပ်က ဆုတ်ခိုင်းနေသည့် ပင်လုံနားရှိ ဆနင်းတောင်၊ မိုင်းကိုင်အနောက်ဖက်ရှိ ဆင်တောင်၊ ရပ်စောက်-ကျောက်ဂူနယ် အရှေ့ဘက်ခြမ်းနှင့် မိုင်းရှူးအနီး သံလွင်ကူးတို့အား ထိမ်းချုပ်ထားသော တောင်ကုန်းတို့ကို SSPP နှင့် UWSA တို့က ဆုတ်ပေးဖွယ် မရှိပေ။ မြန်မာစစ်တပ်က ရာဇသံပေးထားသော်လည်း လက်ရှိတွင် စစ်ဆင်ရေးလုပ်ရန် အကန့်အသတ်ရှိ၏။ SSPP နှင့် UWSA တို့ဘက်ကလည်း ခံစစ်ပြင်ပြီး တိုးချဲ့နယ်မြေများကို အုပ်ချုပ်ရေးယန္တယား တည်ဆောက်နေမည် ဖြစ်၏။
သို့ဖြစ်ရာ ရှမ်းမြောက်ရော၊ ရှမ်းတောင်ပါ မြောက်ပိုင်းမဟာမိတ်များ စိုးမိုးထားနိုင်ပြီး မြန်မာစစ်တပ်ထိန်းချုပ်ရာ ရပ်စောက်၊ ဗထူး၊ ပင်လုံ၊ နမ့်စမ် နယ်မြေများသို့ ခြိမ်းခြောက်လာသည်။ သို့ဖြစ်ရာ မြန်မာစစ်တပ်အတွက် ခေါင်းကိုက်စရာ နယ်မြေတခုဖြစ်လာ၏။ တိုက်ခဲ့သည်ရှိသော် ကျန်ဒေသများရှိ တပ်များ ထုတ်နုတ်ရမည်ဖြစ်ရာ ကျန်ဒေသများ ပို၍ထကြွလာနိုင်ချေ ရှိသည်။
ထို့အပြင် လက်နက်ခဲယမ်း အတောင့်တင်းဆုံးတပ်ဖွဲ့များကို တိုက်ရမည်ဖြစ်ရာ အလွယ်တကူ ဖြစ်လိမ့်မဟုတ်။ တိုက်ခိုက်ခဲ့ပါက မိုးနဲ၊ လင်းခေး၊ မိုင်းပန်နယ်မြေသာမက၊ သံလွင်အရှေ့ခြမ်းအထိ စစ်မီးကူးသွားနိုင်၏။ မတိုက်ပါကလည်း အချိန်တခုရောက်လျှင် SSPP နှင့် မဟာမိတ်များ ခိုင်မာလာပြီး နောက်တဆင့် တက်လာမည်ကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းတောင်တွင် မြန်မာစစ်တပ် မည်သို့ ဆုံးဖြတ်မည်ဆိုသည်က စိတ်ဝင်စားဖွယ်ကောင်းနေသည်။
လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများသည် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး တစုံတရာတောင့်တင်းပြီး ပအိုဝ်းလူမျိုး အများစုအား ထိန်းချုပ်နိုင်သည့် PNO အဖွဲ့အားလည်း ပြင်းထန်စွာရိုက်ခတ်နေရာ PNO အဖွဲ့အတွင်း မည်မျှအထိ ဂယက်ရိုက်ခတ်နိုင်သည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။
ရှမ်းမြောက်နှင့် ရှမ်းတောင်တွင် PNO ပြည်သူ့စစ်များရှိသည့် ပအိုဝ်းနယ်မှအပ ကျန်ဒေသများသည် စစ်မီး တောက်လောက်မှုနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုရှိနေ၏။ သို့သော် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများသည် နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး တစုံတရာတောင့်တင်းပြီး ပအိုဝ်းလူမျိုး အများစုအား ထိန်းချုပ်နိုင်သည့် PNO အဖွဲ့အားလည်း ပြင်းထန်စွာရိုက်ခတ်နေရာ PNO အဖွဲ့အတွင်း မည်မျှအထိ ဂယက်ရိုက်ခတ်နိုင်သည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။
ရှမ်း အရှေ့သည် မြန်မာစစ်တပ်အတွက် စိတ်ပူစရာမရှိသည့် ဒေသဖြစ်နေသေးသည်။ ထို့ကြောင့်လည်း ရှမ်းအရှေ့ တြိဂံတိုင်းမှ တပ်ရင်းများအား ထုတ်နုတ်၍ ရှမ်းတောင်သို့ ပြောင်းရွှေ့နေရာချထားသည်ကို တွေ့ရ၏။ ထို့အပြင် ရှမ်းပြည်ရှိ လူမျိုးများထဲမှ လူဦးရေနည်းပါးသည့် အခါ၊ လားဟူ၊ လီဆူး၊ အင်းသားတို့သာ မြန်မာစစ်တပ်အတွက် အန္တရာယ်ပေးနိုင်မှု အနည်းဆုံးလူမျိုးများဖြစ်ပြီး ကျန်လူမျိုးများနှင့် ရှမ်းပြည်နယ်လူဦးရေ အများစုမှာ မြန်မာစစ်တပ်အတွက် သတိထားရမည့်သူများ ဖြစ်နေ၏။
လက်ရှိ စစ်ရေးအကြပ်အတည်း ကြုံနေသည့် မြန်မာစစ်တပ်အတွက် ပြည်နယ်များရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်များအား ခွဲထုတ်၍ အပစ်ရပ်ရန် ကြိုးပမ်းနေသော်လည်း ကချင်၊ ချင်း၊ ကရင်နီ (ကယား)၊ ကရင်ပြည်နယ်များတွင် တိုင်းရင်းသားတပ်များနှင့် ၂၀၂၁ တွင် ထွက်ပေါ်လာသည့် ခုခံတိုက်ပွဲဝင်သူများအား ခွဲထုတ်ရန် မလွယ်ကူတော့ပေ။
မွန်ပြည်နယ်တွင် မွန်ပြည်သစ်ပါတီက ငြိမ်သက်နေသော်လည်း မွန်ပြည်နယ်တွင် အဓိက KNU တပ်များက လွှမ်းမိုးနေသည်။ ရခိုင်ပြည်နယ်တွင် အပစ်ရပ်ထားသော်လည်း ထိလွယ်ရှလွယ် အနေအထားဖြစ်နေ၏။ ထို့ကြောင့် မြန်မာစစ်တပ်သည် ရှမ်းပြည်နယ်တွင် စစ်ပွဲရပ်တန့်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အင်အားအများဆုံး ဖြစ်နေသဖြင့် ရှမ်းပြည်နယ်တွင် လတ်တလော စစ်ပွဲရပ်တန့်ရန် ကြိုးပမ်းနေသည်။ တတိယအချက်အနေဖြင့် လက်ရှိ ပြည်တွင်းစစ်တွင် ပြင်းထန်သည့် တိုက်ပွဲများရှိသော အနောက် မြောက်ဘက်ရှိ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း ဒေသတို့နှင့် အရှေ့တောင်ဘက်ရှိ ကရင်နီ (ကယား)၊ ကရင်၊ မွန်၊ တနင်္သာရီ ဒေသတို့နှင့် ဆက်စပ်ပေးနိုင်သည်က ရှမ်းပြည်နယ်ဖြစ်ရာ မြန်မာစစ်တပ်အဖို့ ရှမ်းပြည်နယ်၌ ဖြတ်တောက်ထားနိုင်ရန် အရေးကြီးနေသည်။
မည်သို့ဖြစ်စေ ရှမ်းမြောက်နှင့် ရှမ်းတောင် အရွေ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် အပြောင်းအလဲ ကြီးမားသည်။ မြန်မာစစ်တပ်အတွက်လည်း ကြီးစွာ သတိထားနေရသည့် အန္တရာယ် သတိပေးခေါင်းလောင်းသံလည်း ဖြစ်နေ၏။
သို့ဖြစ်ရာ မြန်မာစစ်တပ်သည် လိုက်လျော အလျှော့ပေးမှုများဖြင့် ရှမ်းပြည်နယ်တွင် စစ်ပွဲမဖြစ်ပွားအောင် တောက်လျှောက် ကြိုးပမ်းနေမည်လော သို့မဟုတ် စစ်အင်အားသုံး၍ ဖြတ်တောက်မည်လော ဆိုသည့်အချက်က အရေးပါသည့် အချက်ဖြစ်၏။ မည်သို့ဖြစ်စေ ရှမ်းမြောက်နှင့် ရှမ်းတောင် အရွေ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် အပြောင်းအလဲ ကြီးမားသည်။ မြန်မာစစ်တပ်အတွက်လည်း ကြီးစွာ သတိထားနေရသည့် အန္တရာယ် သတိပေးခေါင်းလောင်းသံလည်း ဖြစ်နေ၏။
ရှမ်းပြည်တွင် SSPP အားကောင်းလာပြီး မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လွှမ်းမိုးလာသည်။ UWSA (ဝ)၊ SSPP (ရှမ်း)၊ TNLA (တအာင်း-ပလောင်) တို့သည် နိုင်ငံရေးမဟာမိတ်သာမက စစ်ရေးမဟာမိတ်အသွင် ဆောင်လာ၏။ NDAA (မိုင်းလား) နှင့် MNDAA (ကိုးကန့်) တို့သည်လည်း ခွဲမရသည့် ညီနောင်တပ်ဖွဲ့များဖြစ်သည်။ ထို ငါးဖွဲ့အထဲတွင် MNDAA/ TNLA နှင့် AA (ရခိုင်) တို့သည် ၂၀၁၅/၁၆ မှ စ၍ စစ်ရေးမဟာမိတ်ဖွဲ့ထားသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်သည့်အပြင် AA တပ်ဖွဲ့တချို့သည်လည်း ရှမ်းမြောက်တွင် ၎င်း၏ မဟာမိတ်များနှင့်တွဲ၍ လှုပ်ရှားနေသည်ဟု မြေပြင်သတင်းများအရ သိရသည်။
ထို့အပြင် KIA သည်လည်း ထို ၆ ဖွဲ့နှင့် နိုင်ငံရေး မဟာမိတ် ဖွဲ့ထားသည့်အပြင်၊ မြောက်ပိုင်း စစ်ရေးမဟာမိတ်သုံးဖွဲ့နှင့် တွဲ၍ အခါအားလျော်စွာ စစ်ရေးတိုက်ပွဲ ပြုလုပ်သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ရှမ်းပြည်နယ်တွင် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့၏ လှုပ်ရှားမှု အားကောင်းလာသည်၊ အသာစီးရလာသည်ကို တွေ့ရ၏။
တဆက်တည်းတွင် KIA၊ AA၊ TNLA၊ SSPP တို့တွင် ခေတ်ပညာတတ်များ ခေါင်းဆောင်နေရာကို ရယူ ထားနိုင်သည်သာမက၊ UWSA၊ MNDAA တို့တွင်လည်း ပညာတတ်များက ဒုတိယတန်း ခေါင်းဆောင်များအဖြစ် ထွက်ပေါ်လာနေသည်။ ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ မြောက်ပိုင်း ၇ ဖွဲ့သည် ၎င်းတို့နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရန်အတွက် လည်းကောင်း၊ ရေရှည်ရပ်တည် ရှင်သန်ရေးအတွက် လည်းကောင်း အပြန်အလှန်အမှီသဟဲ ပြုရန်လိုအပ်သည်ကို ကောင်းစွာသဘောပေါက်လာကြပြီဖြစ်ရာ ၎င်းအဖွဲ့များအား တဖွဲ့ချင်း ခွဲထုတ်စဉ်းစားရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် KIA မှ ကျန် မြောက်ပိုင်း အဖွဲ့များကို ကျောထောက်နောက်ခံပြုပေးနေသည့် UWSA သည် ဘဏ္ဍာအင်အား၊ စစ်လက်နက်အင်အား တောင့်တင်းသည်။ မြောက်ပိုင်းအဖွဲ့များနှင့် တွဲဖက်မိနေသည့် PDF အင်အားနှင့် လက်နက်တပ်ဆင် နိုင်မှုမှာလည်း ပဟေဠိတပုဒ် ဖြစ်နေ၏။
ဤအချက်များအရ ရှမ်းမြောက်နှင့် ရှမ်းတောင် အပြောင်းအလဲသည် ရှမ်းပြည်နယ်အတွက် အရွေ့တခု ဖြစ်လာ၏။ ထိုအရွေ့သည် ရှမ်းပြည်နယ်တွင်း ပြည်နယ်သစ် တောင်းဆိုမှုများအတွက် ကြီးသော သက်ရောက်မှု ရှိသည်။ ထို့အပြင် ထိုရှမ်းပြည်နယ်ရှိ မြောက်ပိုင်း ၇ ဖွဲ့သည် တရုတ်နှင့် နီးနီးကပ်ကပ် ဆက်ဆံမှု ရှိသည့်အပြင် မြန်မာပြည်တွင်း၌ ဘဏ္ဍာ၊ လက်နက်ခဲယမ်းနှင့် စစ်အင်အား အတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်၏။ ထို့ကြောင့် ထိုအဖွဲ့ ၇ ဖွဲ့၏ လှုပ်ရှားမှုသည် ရှမ်းပြည်နယ်အတွက် အရွေ့တခု ဖြစ်သည်သာမက ရခိုင်အတွက်လည်း အရွေ့တခုဖြစ်၏။ ထို့အပြင် မြန်မာပြည်နိုင်ငံရေး အတွက်ပါ အရွေ့တခု ဖြစ်လာနိုင်ပေသည်။
ရှမ်းပြည်နယ်၏ အရွေ့သည် တလှမ်းချင်း ခိုင်ခိုင်လှမ်း၍ ရွေ့နေသည်ဖြစ်ရာ အလျင်လိုသူများ အတွက်မူ နှေးကွေးသည်ဟု ယူဆဖွယ်ရာရှိသည်။ သို့သော် ထိုအရွေ့သည် အပြောင်းအလဲကြီးများအတွက် သေချာသော၊ ခိုင်မာသော အရွေ့ဖြစ်၏။
ရှမ်းပြည်နယ်၏ အရွေ့သည် တလှမ်းချင်း ခိုင်ခိုင်လှမ်း၍ ရွေ့နေသည်ဖြစ်ရာ အလျင်လိုသူများ အတွက်မူ နှေးကွေးသည်ဟု ယူဆဖွယ်ရာရှိသည်။ သို့သော် ထိုအရွေ့သည် အပြောင်းအလဲကြီးများအတွက် သေချာသော၊ ခိုင်မာသော အရွေ့ဖြစ်၏။ သို့ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ မတူသော တိုင်းရင်းသား လူမျိုးများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ သေချာစွာ စောင့်ကြည့်ရန် လိုအပ်သည်။ မည်သို့ဆိုစေ ၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီးနောက် ရှမ်းပြည်နယ်သည် အရွေ့တခုကို စတင်နေပြီဖြစ်၏။
ပြီးပါပြီ
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၂
စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၃
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ