NLD နဲ့ ဆက်နွယ်ပြီး ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ ထိပ်သီးလုပ်ငန်းရှင် ဦးချစ်ခိုင်
စစ်တပ် အာဏာသိမ်းပြီး တနှစ်ကျော်အကြာမှာ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရနဲ့ ဆက်နွယ်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီး အရေးယူလိုက် ပါတယ်။
ဦးချစ်ခိုင်နဲ့အတူ သားဖြစ်သူ ဦးဝင်းမင်းခိုင်လည်း ဖမ်းဆီးခံရပြီး စစ်ကောင်စီကတော့ တီကျစ်ကျောက်မီးသွေးမိုင်း တူးဖော် ရေးမှာ နိုင်ငံတော်က ရသင့်တဲ့ အခွန်ဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီ ဥက္ကဋ္ဌမှာ တာဝန်ရှိတယ်ဆိုကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃(ပူးပေါင်းကြံစည်မှု)နဲ့ ဧပြီ ၂၅ ရက်က နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
အဲဒီအမှုမှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နဲ့ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်တို့လည်း ပါဝင်ပြီး သူတို့ကို အဂတိ ပုဒ်မ ၅၅ နဲ့ အမှုဖွင့်ထားတဲ့အပြင် ဦးချစ်ခိုင်၏ သား ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမင်းခိုင်၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနဲ့ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းနိုင် ဦးတို့ကိုလည်း အဂတိ ပုဒ်မ ၅၅/၆၃ နဲ့ အမှုဖွင့်ထားပါတယ်။
စစ်တပ် အာဏာသိမ်းစမှာ ထိပ်သီး လုပ်ငန်းရှင် ခရိုနီအချို့ ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မည်သူမျှ ပုဒ်မတပ် အမှုဖွင့်၊ တရားစွဲတာမျိုး မရှိခဲ့တာကြောင့် ဦးချစ်ခိုင်ဟာ ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်လို့ ဆိုရမှာပါ။
ဦးချစ်ခိုင် မတိုင်မီကတော့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနဲ့ ခမည်းခမက်တော်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟ တို့ကို စစ်ကောင်စီက ဖမ်းခဲ့ပေမယ့် NLD အစိုးရနဲ့ ဆက်စပ်မှုကြောင့် မဟုတ်ဘဲ၊ စစ်တပ်နဲ့ သူတို့ကြားက အကျိုးတူ စီမံကိန်းလုပ်ရာက အကွဲအပြဲဖြစ်ကာ လုပ်ငန်းဧရိယာမှာ ပါတဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ နှစ်လုံးကို ဖြိုချခဲ့တယ်လို့ အကြောင်းပြချက်နဲ့ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဦးချစ်ခိုင်တို့ အမှုမှာတော့ အဲဒီလို ဖြစ်စဉ်နဲ့ မတူဘဲ၊ နှစ်အလိုက် တိုးတက်လာတဲ့ ကျောက်မီးသွေး ဈေးနှုန်းအပေါ် အခွန်ပြောင်းလဲ ကောက်ခံမှု မရှိတာ၊ နိုင်ငံတော်ရမယ့် ထုတ်လုပ်မှု အချိုးခံစားခွင့် နစ်နာဆုံးရှုံးတာ၊ ကျောက်မီးသွေး တရက် ထုတ်လုပ်မှုနှုန်း လျော့ပြီး တွက်ချက်ထားတဲ့အတွက် ဈေးနှုန်းပိုပေးခဲ့ရတာ၊ ၁ တန်ဈေးနှုန်းအပေါ် ကုမ္ပဏီက ပေးဆောင်ရမယ့် ဝင်ငွေခွန် ထည့်သွင်း တွက်ချက်ပေးခဲ့တာတွေရယ်ကြောင့် နိုင်ငံတော်က စုစုပေါင်း ကျပ်သန်း ၂၅၃၀၀ ကျော် နစ်နာဆုံးရှုံးခဲ့တယ်ဆိုကာ စစ်ကောင်စီက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဦးချစ်ခိုင်နဲ့ သားဖြစ်သူတို့ကို အမှုဖွင့်ထားတဲ့ ပုဒ်မ ၅၅/၆၃ ကတော့ အဂတိမှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုအနေနဲ့ စွပ်စွဲထားတဲ့ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ပုဒ်မ ၅၅ ပြစ်ဒဏ်နည်းတူ ထောင် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ပုဒ်မ ဖြစ်ပါ တယ်။
ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌဖြစ်တဲ့ ဦးချစ်ခိုင်ဟာ စွမ်းအင်လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွား၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ Denko ဆီဆိုင်၊ ဆောက်လုပ်ရေးနဲ့ သတ္ထုထုတ်လုပ်ရေး စတဲ့ လုပ်ငန်းများစွာ ပိုင်ဆိုင် လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတဦးပါ။
စီးပွားရေး လုပ်ငန်းရှင် ဦးချစ်ခိုင်ဟာ ယခင်စစ်အစိုးရဟောင်းဖြစ်တဲ့ (နဝတ၊ နအဖ) လက်ထက်မှာ ချမ်းသာကြွယ်ဝလာသူ တဦးဖြစ်ပေမယ့် သူ့ဘ၀ ကောက်ကြောင်းကို ပြန်ပြောမယ်ဆိုရင်တော့ နိုင်ငံရေးနဲ့ ပတ်သက်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
သူဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှာ ပေါ်ပေါက်လာတဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှာ မြို့နယ်အဆင့် ပါတီဦးဆောင်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး အဲဒီအတွက်လည်း နဝတအစိုးရက ထောင် ၆ လချခဲ့ပါတယ်။
စစ်အစိုးရ လက်အောက် ထောင်ဒဏ် ၆ လ ကျခဲ့သည်ဆိုတဲ့ နိုင်ငံရေးမှတ်တမ်းရှိပေမယ့်လည်း စီးပွားရေး ကြီးပွားရေးနှင့် ပတ်သက်လျှင်မူ ဦးချစ်ခိုင်သည် အငြင်းပွားဖွယ် လူတဦးဖြစ်ပါတယ်။
ဦးချစ်ခိုင်ရဲ့ ယောက်ဖတော်သူဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက်က ၁၉၇၇ ခုနှစ်တဝိုက်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်လှဦးဖြစ်ပြီး၊ နောက်ပိုင်းမှာ စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် တာဝန်ကြီးများ ထမ်းဆောင်ခဲ့သူပါ။
ဒါကြောင့်လည်း ၁၉၈၈ခုနှစ် အာဏာသိမ်းခဲ့သည့် စစ်တပ်ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန်တို့နှင့် ဦးချစ်ခိုင်ရဲ့ ယောက်ဖတော်သူ ဗိုလ်ချုပ်လှဦးတို့ဟာ အဆက်အသွယ် ရှိခဲ့တာကြောင့် နိုင်ငံရေးအမှုနဲ့ ထောင်မှ ပြန်လွတ်လာသူ ဦးချစ်ခိုင်ဟာ နောက်ပိုင်းမှာ စစ်တပ်ကန်ထရိုက် လုပ်ငန်းများစွာ လုပ်ပိုင်ခွင့်ရရှိပြီးနောက် ကြီးပွားလာခဲ့သူ ဖြစ်ပါတယ်။
စစ်တပ်နဲ့ လုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းကြားမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခွင့်အရေး ပေးခြင်း ခံရသူတဦးအနေနဲ့ လူပြောများခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေလည်း တစစ ပိုမိုများပြားလာခဲ့ပါတယ်။
စစ်အစိုးရမှ အရပ်သား အသွင်ပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း နိုင်ငံတော်သမ္မတ စွမ်း ဆောင်ရည် ဆု၊ ဝဏ္ဏ ကျော်ထင်ဘွဲ့၊ စည်သူဘွဲ့ စတဲ့ ဘွဲ့ထူးတွေလည်း ချီးမြှင့်ခံခဲ့ရသူ ဖြစ်ပါတယ်။
ဦးချစ်ခိုင်ဟာ အစိုးရ အဆက်ဆက် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာချိန်မှာလည်း အစိုးရ ခေါင်း ဆောင်ပိုင်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့သလို လယ်ယာကဏ္ဍ၊ အားကစားနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် တိုက် ဖျက်ရေးတို့မှာ အင်တိုက်အားတိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။
လက်တွဲ လုပ်ကိုင်ခဲ့ဖူးသူ လုပ်ငန်းရှင်တဦးက “ဦးချစ်ခိုင်ကတော့ အားကစားကဏ္ဍ ပိုက်ကျော်ခြင်း၊ လှေလှော်စတာတွေမှာ ခေါင်းဆောင်မှု ယူခဲ့တုန်းကရော၊ ဆန်စပါးအသင်း ဥက္ကဋ္ဌ တာဝန်ယူခဲ့တုန်းကရော ခေါင်းဆောင်ကောင်း ပီသခဲ့ပါတယ်၊ လက်အောက်ငယ်သားတွေ အပေါ်မှာလည်း အများကြီး ဖေးမကူညီခဲ့တယ်၊ နိုင်ငံဖွံ့ဖြိုးဖို့၊ ကျေးလက်ဖွံ့ဖြိုးဖို့ ကိစ္စတွေမှာ လည်း အားသွန်ခွန်စိုက် လုပ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၁ ရာစု စစ်အာဏာရှင် လက်ထက်မှာတော့ ဦးချစ်ခိုင်ဟာ NLD အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့အတူ အဂတိမှုနဲ့ အမှုဖွင့် ဖမ်းဆီးခံရပြီး နေပြည်တော် အချုပ် ထောင်မှာ ဧပြီ ၂၆ ရက်ကတည်းက ချုပ်နှောင်ခံထားရပါတယ်။
တကယ်တမ်း စစ်ကောင်စီက ဦးချစ်ခိုင်ကို စွပ်စွဲဖမ်းဆီးထားတဲ့ တီကျစ် ကျောက်မီးသွေး သတ္ထုမိုင်းဟာ ယခုမှ ပေါ်ပေါက် လာတာ မဟုတ်ပါဘူး။ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်ကတည်းက စစ်အစိုးရနဲ့ ၂၅ နှစ် သက်တမ်းရှိတဲ့ သဘောတူစာချုပ် ချုပ်ဆိုပြီး တီကျစ် ကျောက်မီးသွေးမိုင်း တူးဖော်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။
တီကျစ်ကျောက်မီးသွေးမိုင်းဟာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအနီး တည်ရှိပြီး ခွင့်ပြုမိန့်ပါ အချက်အလက်အရ မြေဧက ၅၄၄ ဧက ကျယ်ဝန်းတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ကျောက်မီးသွေးမိုင်းဖြစ်ပါတယ်။ ဦးချစ်ခိုင် ပိုင်ဆိုင်တဲ့ ဧဒင်စွမ်းအင်နဲ့ သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအမည်နဲ့ တူးဖော် လုပ်ကိုင်လျက် ရှိပါ တယ်။
အဲဒီ ကျောက်မီးသွေးမိုင်းကနေ ထွက်ရှိတဲ့ ကျောက်မီးသွေးတွေကိုလည်း တီကျစ်မှာ တည်ရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံအတွက် အစိုးရ အဆက်ဆက်က ဝယ်ယူ သုံးစွဲနေရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ကတော့ လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက် ကျောက်မီးသွေး ဝယ်ယူသုံးစွဲရာမှာ တရက် ထုတ်လုပ်နိုင်မှုကို ၁၇၅၀ တန်သာ သတ်မှတ် ဝယ်ယူနေတဲ့အတွက် ဈေးနှုန်း တိုးမြှင့်ပေးရပြီး နိုင်ငံတော်က နစ်နာတယ်လို စွပ်စွဲ ထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အမှတ် ၁ သတ္ထုတွင်း ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ နောက်ဆုံး ၆ လ သတ္ထုထုတ်လုပ်မှု စာရင်းဇယားတွေမှာတော့ ဧဒင်လုပ်ငန်းစုက လုပ်ကိုင်နေတဲ့ တီကျစ်ကျောက်မီးသွေးမိုင်းက တရက်ပျမ်းမျှ ထုတ်လုပ်မှု အနေနဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ၁၈၃၇ တန်ကျော်၊ နိုဝင်ဘာလမှာ ၂၈၂၇ တန်ကျော်၊ ဒီဇင်ဘာလမှာ ၂၄၃၈ တန်ကျော်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ၂၄၈၈ တန်ကျော်၊ ဖေဖော်ဝါရီလမှာ ၂၆၃၂ တန်ကျော်နဲ့ မတ်လမှာ ၁၈၄၀ တန် ကျော် ထုတ်လုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
သို့သော် မြန်မာနိုင်ငံမှာ အစိုးရ အဆက်ဆက် သယံဇာတ ထုတ်ယူတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပုဂ္ဂလိကနဲ့ သဘောတူ စာချုပ်ချုပ်ဆိုမှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိဘဲ ဒေသခံပြည်သူတွေထံ အသိပေး ရှင်းလင်းပြသတာတွေ မရှိတဲ့အတွက် စာချုပ်မှာ မည်ကဲ့သို့ အချက်အလက် စည်းကမ်းချက်တွေ ပါဝင်တယ်ဆိုတာကို မသိရပါ။
တီကျစ်ကျောက်မီးသွေးမိုင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စွပ်စွဲချက်အပေါ် “အခုကတော့ စွပ်စွဲချက်ပေါ့၊ ဒါကိုတရားရုံးမှာ ဖြေရှင်းရမှာပေါ့။ တရားရုံးက မျှမျှတတ Fair ဖြစ်မယ်ဆိုရင်တော့ အခြေအနေမှန်၊ ဖြစ်ရပ်မှန်ကို ပြည်သူတွေ ပိုမိုသိရှိနိုင်မှာ ပေါ့” လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဒေသခံတွေ အတွက်ကတော့ အဆိုပါ တီကျစ် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းနဲ့ ဓာတ်အားပေး စက်ရုံတို့ဟာ ဒေသတွင်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနဲ့ လူထုရဲ့ ကျန်းမာရေးအပေါ် ဆိုးဝါးတဲ့ ထိခိုက်မှုတွေကြောင့် စီမံကိန်း လုပ်ငန်းတွေ ဖျက်သိမ်းဖို့ ကန့်ကွက် ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် အစိုးရအဆက်ဆက်က နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကို အကြောင်းပြကာ ဆက်လက် လုပ်ကိုင်ခွင့် ပြုထားခဲ့ပါတယ်။
လက်ရှိမှာ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌဖြစ်တဲ့ ဦးချစ်ခိုင်ကို ဖမ်းဆီးလိုက်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တူးဖော် ထုတ်လုပ်နေဆဲဖြစ်တဲ့ တီကျစ် ကျောက်မီးသွေးမိုင်းကို ပိတ်သိမ်းခြင်း ပြု မပြု စစ်ကောင်စီက ရှင်းလင်းစွာ ပြောကြားခြင်း မရှိသေးသော်လည်း ဥက္ကဋ္ဌအဖြစ် ဦးချစ်ခိုင် တာဝန်ယူထားတဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။
ဒီအတွက် မြန်မာနိုင်ငံဗဟိုဘဏ်က မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ ဆက်သွယ်လုပ်ကိုင်သူတွေ စိုးရိမ်ပူပန်မှု မရှိကြဖို့ ကြေညာ ထုတ်ပြန်ခဲ့ရသလို မြန်မာ့ ရှေ့ဆောင်ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဦးချစ်ခိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စိုးဝေကို ဘဏ်ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ ခန့်အပ်ထားပြီ ဖြစ်တယ်လို့လည်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က မီဒီယာထံ ထုတ်ပြောထားပါတယ်။
စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့ ဦးချစ်ခိုင်နဲ့ ပတ်သက်လို့ တဖက်မှာလည်း ၎င်းရဲ့ လောင်စာဆီလုပ်ငန်းဟာ အာဏာသိမ်း စစ်ကောင်စီအပေါ် လောင်စာဆီနဲ့ လေယာဉ်ဆီတွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲခံရပြီး ဧဒင်လုပ်ငန်းစုအောက်က Denko ဆီဆိုင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်မှတ်ထား ဖောက်ခွဲ တိုက်ခိုက်ခြင်း ခံရတာတွေလည်း ရှိနေပါတယ်။
ဒီအတွက် စစ်အစိုးရတွေနဲ့လည်း နီးစပ်ခဲ့သလို NLD အစိုးရ ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ဦးချစ်ခိုင် ဖမ်းဆီးခံရမှုအပေါ် အမျိုးမျိုးသော ဝေဖန်သုံးသပ်မှုတွေ ရှိနေသလို ခေတ်သစ် စစ်အာဏာရှင် လက်အောက်မှာ သာမန် ပြည်သူတွေသာမက ထိပ်သီး လုပ်ငန်းရှင် ခရိုနီတွေပင် အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေကို တပ်လှန့်ပြတဲ့ သဘော သက်ရောက်နေပါတယ်။
ဒါ့ပြင် စစ်ကောင်စီအနေနဲ့ ဦးချစ်ခိုင် အပေါ် စွပ်စွဲ ဖမ်းဆီး အမှုဖွင့်ထားသလို ခေတ်အဆက်ဆက် အစိုးရတွေရဲ့ နိုင်ငံတော် သယံဇာတ ထုတ်ယူ၊ ရောင်းချမှု၊ အကျိုးတူ ပူးပေါင်း လုပ်ကိုင်မှုတွေနဲ့ ပတ်သက်တဲ့ စီမံကိန်းလုပ်ငန်း သဘောတူစာချုပ် တွေကို ပြန်လည် စိစစ်ဖော် ထုတ်ကာ အရေးယူမလား၊ မလိုလားသူတွေကိုပဲ ပစ်မှတ်ထား စိစစ်အရေး ယူမလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
You may also like these stories:
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ထောင် ၁၅ နှစ်ချခံရ
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ