အာဏာသိမ်းစစ်အုပ်စုအတွင်း ဘယ်သူက ဘယ်သူလဲဆိုတာကို သိဖို့ လိုတဲ့အထဲ နိုင်ငံတကာနဲ့ ပူးတွဲလုပ်ကိုင်ဖို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ရာထူးကို ပေးအပ်ခံရတဲ့ ဦးကိုကိုလှိုင်အကြောင်း သိဖို့က ရှေ့တန်းက ပါပါတယ်။
ဦးကိုကိုလှိုင်ဟာ မြန်မာပြည်တွင်းက ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအန်ဂျီအိုတွေကို ကြီးကြပ်ရေး အာဏာသိမ်း စစ်ကောင်စီရဲ့ အလုပ်ကော်မတီမှာ ဥက္ကဋ္ဌဖြစ်ပြီး လူသားချင်းစာနာမှု နိုင်ငံတကာအကူအညီတွေကို ကိုင်တွယ်ရသူ ဖြစ်ပါတယ်။
မကြာခင်က သူလက်ခံတွေ့တဲ့ ဧည့်သည်တွေထဲ မြန်မာပြည်က ကုလသမဂ္ဂရဲ့ လက်ထောက် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး David Carden ၊ အာဆီယံ ဥက္ကဋ္ဌ အထူးကိုယ်စားလှယ်ရုံး အကြီးအကဲ Dr.Kung Phoak တို့ဖြစ်ပါတယ်။ ဒါတင်မက ဖေဖော်ဝါရီလထဲ သဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲခံထားရတဲ့အမှုကိုလည်း ဒုဗိုလ်မှူးကြီးဟောင်း ဦးကိုကိုလှိုင် သွားရောက်လျှောက်လဲချက် ပေးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့လက နေပြည်တော်လာပြီး လူသားချင်းစာနာမှု အကူအညီတွေအကြောင်း တနာရီကျော်ကြာ ဆွေးနွေးသွားတဲ့ အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn အပါအဝင် သံတမန်တချို့က ဦးကိုကိုလှိုင်နဲ့ စကားပြောရတာ သဘောကျကြပြီး အလုပ်ဖြစ်မယ် ထင်ကြပါတယ်။ ဒါပေမယ့် သူတို့မသိတာက ဦးကိုကိုလှိုင်ဟာ အခုစစ်အုပ်စုသာမက အရင်စစ်အုပ်စုကတည်းက စစ်တပ်ရဲ့လက်ပါးစေ အခိုင်အမာဖြစ်ခဲ့တယ်ဆိုတာပါပဲ။ သူ့ကို မြန်မာတွေက ငါးရှာဖားရှာကိုကိုလှိုင်၊ ဖရောင်းတိုင်ကိုကိုလှိုင်လို့ သိကြပါတယ်။
သူတို့မသိတာက ဦးကိုကိုလှိုင်ဟာ အခုစစ်အုပ်စုသာမက အရင်စစ်အုပ်စုကတည်းက စစ်တပ်ရဲ့လက်ပါးစေ အခိုင်အမာဖြစ်ခဲ့တယ်ဆိုတာပါပဲ။ သူ့ကို မြန်မာတွေက ငါးရှာဖားရှာကိုကိုလှိုင်၊ ဖရောင်းတိုင်ကိုကိုလှိုင်လို့ သိကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူအာဏာသိမ်းပြီးနောက်ပိုင်း သမ္မတဦးသိန်းစိန်ခေတ်ဝန်ကြီးတွေ၊ အကြံပေးတွေကို သူ့အစိုးရအဖွဲ့မှာ ပြန်အသုံးချခဲ့ပါတယ်။ အဲဒီထဲမှာ လက်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်နေတဲ့ ဦးသိန်းစိန်ရဲ့နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်း ဆောင်ဟောင်း ဦးကိုကိုလှိုင်လည်း တယောက်အပါအဝင်ဖြစ်ပါတယ်။
တကယ်တော့ ဦးကိုကိုလှိုင်ဟာ ဦးသန်းရွှေရဲ့လူဆိုရင်လည်း မမှားပါဘူး။ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဦးကိုကိုလှိုင်ဟာ စစ်တက္ကသိုလ်အပတ်စဉ် ၁၈ ဆင်းဖြစ်ပါတယ်။ သူနဲ့အပတ်စဉ်တူသူတွေက ဦးသန်းရွှေအိမ်တော်ကို အဝင်အထွက်ရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်အာဏာသိမ်းခါနီးမှာ နေပြည်တော်တပ်မတော်ထောက်ခံပွဲတွေ၊ ဒီချုပ်အစိုးရရဲ့UEC ကန့်ကွက်ပွဲတွေကို နောက်ကွယ်ကနေစီစဉ်ခဲ့တဲ့ ဦးသိန်းစိန်ခေတ်ကာကွယ်ရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဝေလွင်တို့ဖြစ်ပါတယ်။
ဦးကိုကိုလှိုင်ဟာ ဦးသန်းဌေး၊ ဦး ဝေလွင်တို့လို ဗိုလ်ချုပ်၊ ဝန်ကြီးစတဲ့ စစ်ဘက်အရပ်ဘက်ရာထူးကြီးတွေ မထမ်းဆောင်ခဲ့ဘဲ စာရေးဆရာ၊ နိုင်ငံတကာရေးရာသုတေသီအဖြစ် ဦးသန်းရွှေ့ရဲ့ စစ်အာဏာရှင်ဝါဒဖြန့် ယန္တရားမှာ အမာခံပါဝင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာန ကက(ကြည်း)သုတေသနဌာနခွဲကနေ ဒုဗိုလ်မှူးရာထူးနဲ့ ၂၀၀၄ ခုနှစ်မှာ အငြိမ်းစားယူပြီး ပြန်ကြားရေးဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။
အရင်စစ်အုပ်စု နအဖပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်အောက်မှာ သတင်းနဲ့စာနယ်ဇင်း အကြံပေးပုဂ္ဂိုလ် လုပ်ရင်း စစ်အာဏာရှင်အကျိုးပြုဆောင်းပါးတွေ၊ စာအုပ်တွေကို ရေးသားပြုစုခဲ့ပါတယ်။ အဲဒီထဲမှာ လှိုင်အောင်ကလောင်အမည်နဲ့ရေးတဲ့ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ဝေကြပေလိမ့်မည်”ဆိုတဲ့ဆောင်းပါးကတော့ ကမ္ဘာသိပေါက်ကရဆောင်းပါးဖြစ်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်၊ မေလ ၂ ရက် နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်သူ တသိန်းသုံးသောင်းရှစ်ထောင်ကျော်သေဆုံးပြီး အိမ်ယာအဆောက်အဦပေါင်း ၇ သိန်းခွဲ ပျက်စီး၊ ၁ လမပြည့်ခင်မှာဘဲ နာဂစ်မုန်တိုင်းကျေးဇူးကြောင့် သစ်ပင်ကြီးတွေလဲ၊ အရိုးပြိုင်းပြိုင်းကျကုန်လို့ မြင်ကွင်းရှင်းပြီး အိမ်ဝရန်တာကကြည့်ရင် ရွှေတိဂုံဘုရားကို မပင်မပန်းဖူးရတယ်၊ မကောင်းဆိုးဝါးမုန်တိုင်းကိုပဲ ကြံဖန်ကျေးဇူးတင်ရတယ်လို့ လှိုင်အောင်အမည်ခံ ဦးကိုကိုလှိုင်က ရေးခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ဦးကိုကိုလှိုင်ဟာ ရွှေတိဂုံဘုရားအနီး အနောက်ရွှေဂုံတိုင် ရပ်ကွက်၊ ဗဟန်းမြို့နယ်မှာ နေထိုင်နေတာဖြစ်ပါတယ်။
လှိုင်အောင်ကလောင်အမည်နဲ့ရေးတဲ့ “နှစ်အကူးမှာတော့ ပုရစ်ဖူးတို့ဝေကြပေလိမ့်မည်”ဆိုတဲ့ဆောင်းပါးကတော့ ကမ္ဘာသိပေါက်ကရဆောင်းပါးဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် မုန်တိုင်းဒဏ်ကို အဓိက ခံစားကြရပြီး နေစရာစားစရာမရှိ၊ မျောနေတဲ့လူသေအလောင်းတွေ၊ တိရစ္ဆာန်အလောင်းတွေကြား ရုန်းကန်ရပ်တည်နေရတဲ့ ဧရာဝတီတိုင်းသားတွေကို ဧရာဝတီတိုင်းဟာ ရေခံမြေခံကောင်းတယ်၊ လယ်ကြားမြောင်းကြားမှာ ဖားတွေငါးတွေဖမ်းစားကြ၊ လယ်ကန်သင်းမှာပေါက်တဲ့ ကန်စွန်း ပုဇွန်စာလို အရွက်လတ်လတ်ဆပ်ဆပ်ကို ငါးပိရည်နဲ့တို့စားရင် ထမင်းမြိန်ပြီး အဟာရဓာတ်လည်း ပြည့်စုံတယ်၊ နိုင်ငံတကာကလှူတဲ့ ချော့ကလက်မစားရလည်း ရှင်သန်နိုင်တယ်၊ နိုင်ငံခြားအကူအညီ အထောက်အပံ့မပါလည်း ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ပါတယ်လို့ စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံခြားကြောက်ရောဂါဘက်ကရပ်ပြီး ဖော်လံဖားရေးသားခဲ့ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးကို နအဖစစ်အစိုးရက The New Light of Myanmar အင်္ဂလိပ်သတင်းစာမှာလည်း အင်္ဂလိပ်ဘာသာနဲ့ဖော်ပြခဲ့လို့ လှိုင်အောင်ခေါ် ကိုကိုလှိုင်ကို ကမ္ဘာနဲ့မြန်မာက အော့ကျောလန်ခဲ့ကြပါတယ်။ ဝေဖန်ရှုတ်ချမှုတွေရှိပေမယ့် ဦးကိုကိုလှိုင်ဟာ နောက် ၂ နှစ်ကျော်ကြာတဲ့အခါ ပြန်ကြားရေးဝန်ကြီးဌာန အကြံပေးကနေ ဗိုလ်ချုပ်ကြီးဟောင်းသမ္မတဦးသိန်းစိန်ရဲ့နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့အထိ စစ်ဗိုလ်ချုပ်တွေရဲ့ မြှောက်စားမှုကိုခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ပညာရေးဝန်ကြီးဌာနက သူ့အမျိုးသမီးဒေါ်သီတာတင်ဟာလည်း ပြန်ကြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။
ဦးကိုကိုလှိုင်ဟာ ယခင် ပြန်ကြားရေးမှာ စစ်အာဏာရှင်အလိုကျ ဆောင်းပါးတွေကို ကလောင်အမျိုးမျိုးနဲ့ ခိုးကြောင်ခိုးဝှက်ရေးရတဲ့ဘဝကနေ သမ္မတဦးသိန်းစိန်အကြံပေးအဖြစ် ပြည်ပနိုင်ငံတွေကို ပေါ်ပေါ်ထင်ထင်သွားလာရပေမယ့်လည်း ခွေးမြီးကောက် ကျဉ်တောက်စွပ်ဆိုသလို ပြည်သူတွေကို အထင်သေးစော်ကားတဲ့ အကျင့်ကတော့ ပျောက်မသွားခဲ့ပါဘူး။
၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံတဝန်း လျှပ်စစ်မီးတွေပျက်လို့ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို “ကျနော် ပြောချင်တာပေါ့နော်၊ တကယ့်စေတနာနဲ့ပြောတာ၊ ဖယောင်းတိုင်မီး ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်”လို့ ပြောခဲ့လို့ ပြည်သူ့ချဉ်ဖတ် နှစ်ထပ်ကွမ်း ဖြစ်ခဲ့ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရဆင်းသွားတဲ့အခါ ဦးကိုကိုလှိုင်ဟာ တရုတ်ယူနန်တက္ကသိုလ်၊ မြန်မာလေ့လာရေးဌာနအကြံပေးအဖြစ် နေပြည်တော်ကနေ ဝေးကွာသွားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ရင်းနှီးမြှပ်နှံမှုစီမံကိန်းတွေနဲ့ပတ်သက်ပြီး NLD အစိုးရ ကိုင်တွယ်ပုံတွေကို ဝေဖန်နေခဲ့ပြီး သူကိုယ်တိုင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ကုမ္ပဏီအချို့ရဲ့အကျိုးစီးပွား မြှင့်တင်ရာမှာပါဝင်နေခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းနေ့မှာဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့အစိုးရအဖွဲ့မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် သူကောင်းပြုလို့ ဦးကိုကိုလှိုင်ဟာ ၅ နှစ်လောက်စွန့်ခွာခဲ့ရတဲ့ နေပြည်တော်ကို ပြန်ရောက်လာခဲ့ပါတယ်။ မျှော်လင့်မထားပဲ ဝန်ကြီးဖြစ်လာလို့ နေပြည်တော်ကို အလျှင်အမြန်ပြေးသွားခဲ့ရတဲ့ ကြားသိရပါတယ်။
၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံတဝန်း လျှပ်စစ်မီးတွေပျက်လို့ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို “ကျနော် ပြောချင်တာပေါ့နော်၊ တကယ့်စေတနာနဲ့ပြောတာ၊ ဖယောင်းတိုင်မီး ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်”လို့ ပြောခဲ့လို့ ပြည်သူ့ချဉ်ဖတ် နှစ်ထပ်ကွမ်း ဖြစ်ခဲ့ရပါတယ်။
ဦးကိုကိုလှိုင်ဟာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သက်တူရွယ်တူပြီး အပတ်စဉ် ၁၉ ဆင်း မင်းအောင်လှိုင်ထက် တပတ်စောပါတယ်။ ဒါပေမယ့် သူတို့ချင်း စစ်တက္ကသိုလ်တွေ့ဆုံခဲ့ကြဖွယ် ရှိပါတယ်။ ဦးကိုကိုလှိုင်ဟာ ၁၉၇၆ မှာ ပြန်တမ်းဝင်အရာရှိဖြစ်ပြီး မင်းအောင်လှိုင်ကတော့ ၁၉၇၇ မှာ ပြန်တမ်းဝင်အရာရှိဖြစ်ခဲ့ပါတယ်။
ဦးကိုကိုလှိုင်ဟာ အာဏာရှင်ဦးသန်းရွှေတင်မက ဦးသန်းရွှေ ရွေးချယ်တာဝန်လွှဲပြောင်းပေးခဲ့တဲ့ မင်းအောင်လှိုင် လက်ထက်အထိပါ စစ်အာဏာရှင်ယန္တရားရဲ့ဝါရင့်အမှုထမ်းကောင်းပီသစွာပဲ နိုင်ငံတကာမျက်နှာစာမှာ စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖာထေးတန် ဖာထေး၊ ဗြောင်လိမ်တန် ဗြောင်လိမ်ပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ စစ်တပ်ရဲ့ကိုဗစ် ၁၉ ကပ်ရောဂါထိန်းချုပ်ကုသနိုင်မှုအားနည်းလို့ ပြည်သူတွေအတုံးအရုံးသေဆုံးတုန်းကလည်း CDM ဆရာဝန်တွေနဲ့ နိုင်ငံတကာက ကာကွယ်ဆေးမထောက်ပံ့လို့ဆိုပြီး အပြစ်တင်တဲ့ ဆောင်းပါးအချို့ကို ရေးသားခဲ့ပါတယ်။
“မပြောလိုသော်လည်းပြောရပါမည်။ မြန်မာနိုင်ငံသည် ကိုဗစ်ကြောင့် ပြိုလဲလုနီးပါးဖြစ်နေ၍ နိုင်ငံတကာမှ အမြန်ဝင်ရောက်ရန် လိုနေပါပြီဟု ဟစ်ကြွေးနေကြသော အနောက်နိုင်ငံကြီးများက ယနေ့အချိန်အထိ ကာကွယ်ဆေးတလုံးတလေမျှပင် ထောက်ပံ့ကူညီလာခဲ့ခြင်းမရှိသေးပါ။ ထိုမျှမက ကိုဗစ်ဒဏ်ကြောင့် ထိခိုက်သွားသည့် စီးပွားရေးကို ကုစားရန် IMF က ထုတ်ချေးခဲ့သည့် ဒေါ်လာသန်း ၃၅၀ မှာလည်း အန်ကယ်ဆမ်က အတင်းအကျပ်သိမ်းဆည်းခံထားရသည့် ဒေါ်လာ တစ်ဘီလီယံထဲတွင် ပါဝင်နေပါ၏။ ADB နှင့် ကမ္ဘာ့ဘဏ်တို့က ပြည်သူလူထု၏ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေးစသည့် ကဏ္ဍများအတွက် ချေးပေးရန် ယခင်ကပင် အတည်ပြုပြီးသော ဒေါ်လာသန်း ၃၀၀ နီးပါးမှာလည်း ပိတ်ဆို့မှုခေါင်းစဉ်အောက်တွင် ရပ်တန့်သွားကုန်ပြန်ပါသည်”လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ စစ်တပ်ရဲ့ကိုဗစ် ၁၉ ကပ်ရောဂါထိန်းချုပ်ကုသနိုင်မှုအားနည်းလို့ ပြည်သူတွေအတုံးအရုံးသေဆုံးတုန်းကလည်း CDM ဆရာဝန်တွေနဲ့ နိုင်ငံတကာက ကာကွယ်ဆေး မထောက်ပံ့လို့ဆိုပြီး အပြစ်တင်တဲ့ ဆောင်းပါးအချို့ကို ရေးသားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်တဲ့အရေးနဲ့ပတ်သက်လို့ နယ်သာလန်နိုင်ငံ သဟိတ်မြို့ ICJ တရားရုံးကို ဦးကိုကိုလှိုင်ဦးဆောင်ပြီး သွားရောက်ကန့်ကွက်ပြီးနောက် ဦးကိုကိုလှိုင်ဟာ စစ်အုပ်စုနဲ့မျိုးချစ်အုပ်စုတွေကြား ပိုပြီးထင်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း လူသားချင်းစာနာမှုတို့ လူလူချင်းကူညီထောက်ပံ့ရေးတို့ စသဖြင့် ဘယ်လိုပဲ အပြောချိုပါစေ မြန်မာပြည်သူတွေကြားမှာတော့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဦးကိုကိုလှိုင်ကို ဖားရှာငါးရှာကိုကိုလှိုင်၊ ဖယောင်းတိုင်ကိုကိုလှိုင်၊ စစ်အာဏာရှင်အမာခံလက်ပါးစေကိုကိုလှိုင်လို့ဘဲ သိထားကြပါတယ်။
You may also like these stories:
NLD နဲ့ ဆက်နွယ်ပြီး ပထမဆုံး အမှုဖွင့် ဖမ်းဆီးခံရတဲ့ ထိပ်သီးလုပ်ငန်းရှင် ဦးချစ်ခိုင်
ဘွဲ့တံဆိပ်များနှင့် မင်းအောင်လှိုင် သိဒ္ဓိတင်နေသည်
နှလုံးရည် လက်ရုံးရည် နိမ့်ပါးလွန်းသော မြန်မာစစ်ခေါင်းဆောင်များ
တပ်တွင်းမပြိုကွဲရေး အာရုံစိုက်နေရသည့် စစ်ခေါင်းဆောင်များ
ဗိုလ်ချုပ်ကြီးနှစ်ဦး ထိပ်တိုက်တွေ့သော ယူကရိန်းစစ်ပွဲ