ခေတ်အဆက်ဆက် အခွင့်အရေး အပြည့်အဝမရခဲ့တဲ့ မြန်မာအလုပ်သမားထုကြီးဟာ စစ်တပ်က အာဏာသိမ်းလိုက် တဲ့ နောက်ပိုင်းမှာတော့ ဆိုးရွားလှတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကြုံရတဲ့အပြင် ၎င်းတို့ရဲ့ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်တွေပါ ဆိတ်သုဉ်းခဲ့ရပါတယ်။
လုပ်ခလစာချိုးဖောက်ခံရတာ၊ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာ၊ လစာပုံမှန်မရတာ၊ အလုပ်ထုတ်ခံရပြီးနောက် လျော် ကြေးမရတာ၊ အချိန်ပို အဓမ္မခိုင်းစေခြင်းခံရတာတွေအပြင် လူမှုဖူလုံရေးခံစားခွင့်တွေပါ ပျောက်ဆုံးလာနေတာ ဖြစ်ပါ တယ်။
တဖက်မှာလည်း နွေဦးတော်လှန်ရေးမှာ တတပ်တအား ပါဝင်ခဲ့ကြ၊ ပါဝင်နေကြတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ လိုက်ပါဆောင်ရွက်ပေးတဲ့ အလုပ်သမားအဖွဲ့အစည်းတွေဟာ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်အဖွဲ့ အစည်း တွေအဖြစ် သတ်မှတ်ခံရသလို အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဦးဆောင်ပြီး တောင်းဆိုပေးမယ့်သူတွေ မရှိတော့တဲ့ အလုပ်သမားတွေဟာ အလုပ်ရှင်တွေနဲ့ အာဏာရှိသူတွေရဲ့ ဖိနှိပ်မှုအောက် ကူကယ်ရာမဲ့လို့နေပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးက “အခုကတော့ အာဏာရှိတဲ့သူတွေက လက်နက်ပါ ကိုင် ထားတော့ ပိုပြီးဖိနှိပ်လို့ ကောင်းတာပေါ့။ နွေဦးတော်လှန်ရေးရဲ့ သပိတ်တွေမှာ အထည်ချုပ်အလုပ်သမတွေက ဦးဆောင်ခဲ့တော့ စကစရဲ့ ပစ်မှတ်က အလုပ်သမားတွေပေါ် ရှိတယ်။ အလုပ်ရှင်တွေကတော့ ဒီအခွင့်အရေးကိုယူပြီး အလုပ်သမားတွေအပေါ်မှာ ကောင်းကောင်းဖိနှိပ်ကြတယ်” လို့ ဆိုပါတယ်။
ဒေါ်မျိုးမျိုးအေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲ ဆိုမှုကို ခံခဲ့ရသလို ပြန်လွတ်မြောက်လာချိန်မှာလည်း စောင့်ကြည့်မှုခံနေရဆဲ ဖြစ်ပါတယ်။
၎င်း ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) – STUM ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အာဏာသိမ်း စစ်ကောင်စီက သတ်မှတ်ထားပါတယ်။
“ထောင်က ပြန်လွတ်ချိန်မှာ အလုပ်သမားကိစ္စတွေကို သွားရောက်ဖြေရှင်းတဲ့အခါ ရုံးပေါက်ဝမှာတင် အော်ထုတ်ခံရ တာတွေအထိ ရှိခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အလုပ်သမားအရေး ဆောင်ရွက်သူတွေဟာ မရှိသလောက် ဖြစ်သွားတာ” လို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပြပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမားအရေး ဆောင်ရွက်သူတွေဟာ မြေအောက် လူသားတွေ၊ တရားမဝင် လူသားတွေလို ဖြစ်နေရတယ်လို့လည်း သူက ဆိုပါတယ်။
တချို့ အလုပ်သမားတွေဆိုရင် သူတို့ရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပေမယ့် စစ်ကောင်စီ လက်အောက်မှာ ရှိတဲ့ အလုပ်သမားရုံးတွေကို တိုင်ကြားတာမျိုး မရှိတော့သလို စစ်ကောင်စီက ပုဒ်မမျိုးစုံတပ် စွပ်စွဲပြီး ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေကြောင့် အခွင့်အရေးချိုးဖောက်ခံရလို့ လာတိုင်ကြားတဲ့ အလုပ်သမားတွေ ရှိပေမယ့်လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေအနေနဲ့ နှုတ်ဆိတ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒေါ်မျိုးမျိုးအေးက “အခုက လမ်းပေါ် ထွက်သွားရင်တောင်မှ ကိုယ်ဝတ်တဲ့တီရှပ်မှာ စာလေးတကြောင်းပါရင် လှုံ့ဆော် သူလို့ ခေါင်းစဉ်တပ်နိုင်တဲ့ အနေအထားမှာ ဘာမှ အာမခံချက် မရှိသလို ဘာမှလုပ်လို့ မရဘူး။ အခွင့်ရေးလှုပ်ရှားသူ တယောက်အနေနဲ့ လှုပ်ရှားလို့မရတာက အသက်ရှင်လျက်နဲ့ သေနေသလိုပါပဲ” လို့ စိတ်ပျက် လက်ပျက် ဆိုပါတယ်။
အခုဆိုရင် အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွေထဲမှာ အနည်းဆုံး အခကြွေးငွေကိုပဲ ရပြီးတော့ တခြားသော ခံစားခွင့်တွေ မရရှိတော့သလို တချို့အလုပ်သမားတွေဆိုရင်လည်း နေ့စားအလုပ်သမားတွေအဖြစ် ပြောင်းလဲခိုင်း စေခံရပြီး ၁ ရက် လုပ်အားခ ၄၈၀၀ ကျပ်ရဲ့ တဝက်သာ ရရှိတော့တယ်လို့ သိရပါတယ်။
လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်အားခ ၁ ရက် ၄၈၀၀ ကျပ် ဆိုတာကလည်း ငွေကြေးဖောင်းပွလာမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေကြောင့် အလုပ်သမားတွေ ရရှိနေတဲ့လစာဟာ အတော်လေး နိမ့်ပါးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က သုံးသပ်ပြပါတယ်။
“အခြေအနေက တော်တော်ကို ဆိုးရွားနေတယ်။ US တို့၊ အီးယူတို့လို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး စံနှုန်းတွေကို လေးစားတယ်၊ အကောင်အထည်ဖော်မယ်ဆိုတဲ့ အမှတ်တံဆိပ်ရှိပြီးသား စက်ရုံတွေတောင် တော်တော်များများက အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်နေတယ်။ ဘာမှ တာဝန်ယူမှု မရှိဘူး။ ပြီးတော့ သူတိုရဲ့ စက်ရုံတွေကို ကြီးကြပ်နိုင်မှု မရှိဘူး” လို့ သူက ပြောပါတယ်။
အလုပ်ရှင်တွေဘက်က အဓမ္မစေခိုင်းမှုတွေ မလုပ်ဘူးလို့ ငြင်းဆိုနေသော်လည်းပဲ အချိန်ပို ဆင်းခိုင်းပြီး တိုးမြှင့် လိုက် တဲ့ အထည်အရေအတွက်ကို ပြီးအောင်ချုပ်ခိုင်းတာတွေ၊ သတ်မှတ်အထည်နှုန်း မပြည့်လို့ ဆိုပြီး အချိန်ပိုကြေးတွေ မပေးတာ၊ အချိန်ပို မဆင်းချင်ရင် နောက်နေ့ အလုပ်လာမဆင်းနဲ့ ဆိုတာမျိုးတွေအထိ ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့လည်း လုပ်ငန်းခွင်ထဲက အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သူက ရှင်းပြပါတယ်။
အလုပ်သမားအနေနဲ့ နေမကောင်းလို့ လုပ်ငန်းခွင် ခွင့်နဲ့ ပျက်ရင်တောင်မှ နောက်နေ့မလာနဲ့ဆိုတဲ့ ဖိအားပေးမှုတွေ ရှိနေသလို လူမှုဖူလုံရေးကြေးကို လစဉ် အလုပ်သမားတွေက ပေးထားပေမယ့် အကျိုးခံစားခွင့်တွေ မရရှိတော့ဘူး လို့လည်း ဆိုပါတယ်။
ဒါ့ပြင် ကျန်းမာရေးကြောင့် အလုပ်ပျက်ရင်တောင် အလုပ်ရှင်က အရင်လို အဲဒီအလုပ်ပျက်ရက်ကို လစာထဲ ထည့်မပေးတော့ဘဲ ကိုယ့်ဘာသာ ရုံးမှာ သွားတောင်းဆိုရတာမျိုးတွေအထိ အလုပ်သမားတွေပေါ်မှာ ဖိနှိပ်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဖိနပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ ကိုကျော်ကျော် (အမည်လွှဲ) က “အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးတော့ များလာတယ်။ လက်တွေ့ကျတဲ့ ဥပဒေပါ ခံစားချက်က စာအုပ်ထဲမှာပဲ ရှိတော့တယ်။ အပြင်မှာ မရှိတော့ဘူး” လို့ ဆိုပါတယ်။
အလုပ်ထုတ်ခံရလို့ လျော်ကြေးမရတာတွေ၊ အလုပ်ရှင်က မကျေနပ်လို့ အလုပ်သမားပေါ် အငြိုးထားတာတွေ၊ လုပ်ငန်းခွင်ထဲမှာ တဦးနဲ့တဦး ခွဲခြားဆက်ဆံခံရတာတွေနဲ့ အချိန်ပိုခေါ်ပြီး အချိန်ပိုကြေး မပေးတာတွေကို တိုင်ကြားတဲ့အခါ အလုပ်ရှင်ရဲ့စောင့်ကြည့်ခြင်း ခံရတာတွေ ရှိနေတယ်လို့လည်း သူက ပြောပြပါတယ်။
“တိုင်ကြားတတ်တဲ့ အလုပ်သမားတွေကို သိသွားရင် အလုပ်ရှင်ရဲ့ အငြိုးထားတာတွေ၊ တချို့တွေဆိုရင် အပြစ်မရှိ အပြစ်ရှာပြီးတော့ အလုပ်ထုတ်တာတွေ ရှိတယ်။ အခုက အလုပ်ရှာရတာလည်း ခက်တော့ ကျနော်တို့ရဲ့ အခွင့်အရေး ပျောက်နေပေမယ့် စားဝတ်နေရေးအတွက် အလုပ်ထုတ်ခံရမှာဆိုးပြီး မပြောရဲတဲ့ ဘဝတွေ ရောက်နေရတာ” လို့ သူက ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားတဦးကလည်း အလုပ်ရှင်တွေအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမား အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာနေပြီး လုပ်ခလစာတွေကို အကြောင်းအမျိုး မျိုးပြ ဖြတ်တောက်တာ၊ စည်းကမ်းချက်တွေ တင်းကျပ်ပြီး ချက်ချင်းအရေးယူ လစာဖြတ်တာတွေ၊ အလုပ်သမား ဥပဒေပါ ခံစားချက်တွေ မလိုက်နာတာ၊ ခွင့်ရက်မပေးတာတွေက အဆိုးဆုံး အခြေအနေတွေ ဖြစ်တယ်လို့ ပြောပြပါတယ်။
ကိုဗစ် – ၁၉ ကပ်ရောထက်ဆိုးတဲ့ စစ်အာဏာသိမ်းမှုဟာ အခြေခံအလုပ်သမားတွေရဲ့ဘဝကို ပိုမိုကျပ်တည်းလာစေ တယ်လို့လည်း သူက ဆိုပါတယ်။
ကိန်းဂဏန်း အချက်အလက်အရ ဆိုရင်လည်း စစ်တပ်အာဏာသိမ်းပြီး ၆ လ အကြာမှာ မြန်မာနိုင်ငံဟာ အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံစာရင်းမှာ ဝင်ရောက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC) က ဖော်ပြထားပါတယ်။
ITUC ရဲ့ ၂၀၂၁ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ မြေပြင်မှာ ဆိုးရွားတဲ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုထားပါတယ်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ က အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက “ဆိုးတာကတော့ ခွင့် လုံးဝ မပေးတာ ပဲ။ ကိစ္စတခုခုကြောင့် ခွင့်တင်ရင် အဖြတ်ခံရတာ၊ ခံဝန်လက်မှတ် ထိုးခိုင်းတာမျိုးတွေအထိ ရှိတယ်။ လက်မှတ်က ၃ ခါထိုးရင် အလုပ်က အော်တိုပြုတ်ပြီလေ။ အဲဒီတော့ မထိုးချင်ဘူး။ ပြန်ပြောလည်း မရဘူး။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်တွေဆိုရင် မွေးခါနီးရင် အလုပ်ထွက်ရပဲ။ ခံစားခွင့်တွေ အရင်လို မရှိတော့ဘူး။ အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့သူတွေလည်း မရှိတော့ ခေါင်းငုံ့ခံနေရတာပဲ” လို့ ပြောပြပါတယ်။
ကိုဗစ်ကပ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း အကြီးအကျယ် ဖြစ်နေတုန်းကပင် လူမှုဖူလုံရေးခံစားခွင့်တွေနဲ့ စက်ရုံ အလုပ်ရုံတွေရဲ့ လုပ်ခလစာတွေက အလုပ်သမားတွေအတွက် တောင့်ခံနိုင်တဲ့ အခြေအနေ ရှိခဲ့ပေမယ့် စစ်တပ် အာ ဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို လစာက လိုက်မမီနိုင်တော့ဘူးလို့ လည်း လှိုင်သာယာမြို့နယ်က အလုပ်သမားတဦးဖြစ်သူ မစန္ဒာ (အမည်လွှဲ) ကလည်း ပြောပါတယ်။
မစန္ဒာဟာ စက်ချုပ်လုပ်သက် ၃ နှစ်အထက်ရှိတဲ့ ဝါရင့်အလုပ်သမားတဦး ဖြစ်ပေမယ့် စစ်တပ် အာဏာသိမ်းကာစ မတည်ငြိမ်မှုတွေကြောင့် ဇာတိရွာကို ပြန်သွားပြီးနောက်ပိုင်း ရန်ကုန်ပြန်ရောက်လာချိန်မှာတော့ လုပ်သက်ခွင့်တွေ ဆုံးရှုံးပြီး နေ့စားဝန်ထမ်းအဖြစ် အထည်ချုပ်စက်ရုံတခုမှာ ပြန်လည် လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။
အရင်ကလစာ ၁ လ ကျပ် ၃ သိန်းကျော် ရရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တလကို ကျပ် ၁ သိန်းလောက် ရရန်ပင် မနည်းရုန်းကန်နေရတယ်လို့လည်း သူက ဆိုပါတယ်။
“ကျမရဲ့ အလုပ်ကျွမ်းကျင်မှုတွေ ရှိပေမယ့် အလုပ်ရှင်က အလုပ်အကိုင်ရှားပါးမှုတွေကို သိနေတော့ ဈေးနှိမ်ပေး တာပေါ့။ ကိုယ့်မှာလည်း ကလေးနှစ်ယောက်နဲ့ မိသားစု စားဝတ်နေရေးလည်း ရှိသေးတော့ ကိုယ့်ရပိုင်ခွင့်တွေ ဆုံးရှုံးနေပေမယ့် လုပ်နေရတဲ့ အခြေအနေ ဖြစ်တယ်” လို့ မစန္ဒာက ပြောပြပါတယ်။
ဒါ့ပြင် စက်ရုံအလုပ်သမား အမျိုးသမီးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရမှုတွေ နဲ့ ပတ်သက်လို့ အရင်လို ထုတ်ဖော်ပြောဆိုခွင့် မရတော့ဘဲ ရေငုံနှုတ်ပိတ် နေကြရတော့တယ်လို့လည်း သူက ဆိုပါတယ်။
CTUM အဖွဲ့ဝင် မခိုင်ဇာအောင်က “မနှစ်က ဧပြီလတုန်းက ဖိနပ်စက်ရုံတခုမှာ အလုပ်သမားတွေ လစာမရလို့ ဆန္ဒပြတဲ့အချိန်မှာ စက်ရုံပိုင်ရှင်က စစ်တပ်ကို ခေါ်တဲ့အတွက် လာရောက်ပြီး ပစ်ခတ်မှုအထိ ဖြစ်ပွားကာ ၆ ဦးထိ သေဆုံးခဲ့တာတွေ ရှိပါတယ်။ ဒီလို ပုံစံမျိုးတွေ ရှိတဲ့အတွက် အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို လစာလျှော့တာတွေရှိရင် တိုင်ချင်တဲ့နေရာတိုင်။ ဆန္ဒတော့မပြနဲ့ ဆန္ဒပြတာမျိုးတွေရှိရင် စစ်တပ်ကိုခေါ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေအထိ စက်ရုံတော်တော်များများမှာ ဖြစ်ပွားနေတာ” လို့ လက်ရှိ အခြေအနေကို ပြောပြပါတယ်။
ဒီချိုးဖောက်မှုတွေက လုပ်ငန်းခွင် အားလုံးလိုလိုမှာ ဖြစ်ပျက်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားဟာ ပျက်သုဉ်းသွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
“တချို့ အလုပ်သမားအရေး လှုပ်ရှားတဲ့သူတွေ ပြောချင်ပြောလိမ့်မယ်။ ဒီစနစ်ကို ဆက်ပြီးသုံးနေတဲ့ အဖွဲ့ ၂ ဖွဲ့ ရှိတယ်။ အလုပ်သမားသမဂ္ဂတွေ သုံးလို့ရပါသေးတယ်၊ အဖွဲ့တွေဖွဲ့လို့ ရပါသေးတယ် ပြောနေတာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ ဖွဲ့တဲ့ အလုပ်သမားသမဂ္ဂတွေက အလုပ်သမားအခွင့်အရေးအကြောင်း ပြောလို့မရဘူး။ ပြောရင် အလုပ်ပြုတ်တာပဲ။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေက ဘာမှ မကူညီပေးနိုင်ဘူး” လို့ မခိုင်ဇာအောင်က ရှင်းပြပါတယ်။
CTUM အနေနဲ့ လက်ရှိမှာ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတချို့ကို လက်ခံနေပေမယ့် စစ်အာဏာရှင် လက်အောက်မှာတော့ လုပ်ငန်းခွင်တိုးတက်အောင် လုပ်လို့ရတဲ့ အခြေအနေ မရှိဘူးလို့ သူက ဆိုပါတယ်။
အလွန်ဆုံးအနေနဲ့ လစာမပေးဘဲ အလုပ်ပိတ်သွားတဲ့ စက်ရုံတွေက အလုပ်သမားတွေကို သက်ဆိုင်ရာနိုင်ငံတွေက တဆင့် အလုပ်ရှင်တွေထံ ဆက်သွယ်ပြီး လုပ်ခလစာ (လျော်ကြေးငွေ) ပြန်ရအောင် လုပ်ပေးနိုင်တဲ့ ကိစ္စတွေသာ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုပေါင်း ၆၀ နီးပါး CTUM ကို တိုင်ကြား စာရောက်ရှိခဲ့ပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေသလို အပြည်ပြည်ဆိုင်ရာက သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တွေကို ဆက်သွယ်ပြီး အကူအညီတောင်းနေတာတွေ ရှိတယ်လို့ မခိုင်ဇာအောင်က ဆိုပါတယ်။
နိုင်ငံခြား ကုန်အမှတ်တံဆိပ်ချုပ်နေတဲ့ အထည်ချုပ်စက်ရုံတွေက အမှုတွေဖြစ်ပြီး အာဏာရှင်လက်အောက်မှာ ဖြေရှင်း ဖို့ ခက်တာကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေကို မြန်မာနိုင်ငံက ထွက်သွားဖို့၊ ထွက်သွားပြီး နောက်ပိုင်း ကျန်ခဲ့တဲ့အလုပ်သမားတွေကို ထောက်ပံ့မှုပေးဖို့ ရန်ပုံငွေထည့်ရန် နိုင်ငံတကာကို ပြောဆိုတိုက်တွန်းနေ တယ်လို့ လည်း CTUM ထံမှ သိရပါတယ်။
“တရက်မှာ အလုပ်အချိန် ၈ နာရီမက လုပ်ရပေမယ့် လုပ်ခလစာလည်း နည်းပါးသလို ပြောမယ်ဆိုရင် အလုပ်သမား တွေက ကျွန်ပြုခံနေရတယ်။ အလုပ်ရှင်တွေက မြတ်ပြီးမြတ်နဲ့ စစ်အာဏာရှင်ကို သက်ဆိုးရှည်ဖို့ လာဘ်ပေးလာဘ် ယူတွေ လုပ်နေကြတယ်။ ဒီလိုပြောလို့ ဘယ်အထောက်အထားနဲ့ ပြောလဲလို့ ကျမကိုမေးရင် ဒီနေ့ ဒီအချိန်ထိ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပေမယ့် ဘယ်အလုပ်ရှင်မှ အရေးယူမခံရတာကို ကြည့်ရင် သိနိုင်ပါတယ်” လို့ မခိုင်ဇာအောင်က အခိုင်အမာ ပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၆ သန်းက အလုပ်လက်မဲ့ ဖြစ်သွားပြီး ဒီအထဲကမှ အလုပ်လက်မဲ့ အလုပ်သမား ၃ သိန်းကျော်ဟာ အထည်ချုပ်အလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူဦးရေ တဝက်ကျော်ဖြစ်တဲ့ ၂၅ သန်းကျော်ဟာလည်း ငတ်မွတ်ဘေး ကြုံနေရပါပြီ။
ဒါတွေဟာ လုပ်ငန်းခွင်တွေရပ်လို့ အလုပ်သမားတွေ ငတ်မွတ်ဘေး ကြုံနေရတာအပြင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှု၊ ပစ်ခတ်မှုတွေ၊ နယ်မြေမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးဆိုင်ရာ အာဏာချုပ်ကိုင်မှုတွေကြောင့် ဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ CTUM အပါအဝင် မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေထဲက အနည်းဆုံး ၅၄ ဦးခန့် သတ်ဖြတ်ခံခဲ့ရပြီး အနည်းဆုံး ၂၇၉ ဦးက စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
ဒီလို နွေဦးတော်လှန်ရေးအတွင်း အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေအတွက် တရားမျှတမှုတွေ ဖော်ဆောင်ပေးနိုင်ဖို့၊ စစ်အာဏာရှင်လက်အောက် ဆုံးရှုံးနေရတဲ့၊ ချိုးဖောက်ခံရနေတဲ့ အလုပ် သမားထုကြီးရဲ့ အခွင့်အရေးတွေ လွတ်လပ်စွာ ပြန်လည် ထုတ်ဖော်ပြောဆိုနိုင်ဖို့ စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းရမှာ ဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက တညီတညွတ်တည်း ဆိုပါတယ်။ ။
You may also like these stories:
ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် ဇွန်လအတွင်းဖွဲ့စည်းမည်
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ