စစ်တပ်လော်ဘီ ဟန်ငြိမ်းဦး၊ ကျော်စွာ အမည်ခံ တယ်လီဂရမ် အကောင့်များနှင့် သွေးသောက်အဖွဲ့ တို့သည် အာဏာရှင်ကို ဆန့်ကျင်သည့် အနုပညာရှင်များ၊ ထင်ရှားသူများနှင့် သာမန် ပုဂ္ဂိုလ်များ၏ ကိုယ်ရေး အချက် အလက်များ တင်ကာ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းများ၊ အသက်အန္တရာယ်ပြုရန် ရေးသား လှုံ့ဆော်မှုများ၊ ခြိမ်း ခြောက်မှုများကို မပြတ် ပြုလုပ်နေသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း ဟန်ငြိမ်းဦး အကောင့်မှ တင်ပြီး နာရီပိုင်းအတွင်း ထိုလိပ်စာများသို့ သွား ရောက်ကာ ချက်ချင်း ဖမ်းဆီးနိုင်ခြင်းသည် ပြည်သူများအတွက် လုံခြုံရေးကို မေးခွန်း ထုတ်စရာ ဖြစ်သကဲ့သို့၊ ၎င်းတို့ အဖွဲ့အစည်းများ၏ ချိတ်ဆက်မှုသည်လည်း သံသယရှိစရာ ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်ညက ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ (၃၄) ရပ်ကွက်ရှိ အဆိုတော် အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ နှစ်ဦးကို ဧပြီ ၂၃ ရက်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ဟန်ငြိမ်းဦး တယ်လီဂရမ် အကောင့်က ထပ်မံဖမ်းဆီးရန် ပို့စ်များ အဆက် မပြတ် တင်သဖြင့် ၎င်းတို့နှစ်ဦးကို ဧပြီ ၂၅ တွင် ထပ်မံ ဖမ်းဆီးခဲ့သည်။
အဆိုတော် အောင်လကို သီတဂူဆရာတော်ပုံနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဆဲရေး တိုင်းထွာသည့်ပို့စ်များ ၎င်းလူမှုကွန်ရက် အကောင့်တွင် ရေးသားတင်သည်ဟု ဆိုကာ ဟန်ငြိမ်းဦး အကောင့်က ဓာတ်ပုံများနှင့်တကွ ၎င်းအား ဖမ်းဆီးရန် ရေးသား လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။
လူရွှင်တော် ကောင်းကျော်ကိုလည်း ဟားငါးကောင်အဖွဲ့နှင့် အဆက်အသွယ် ရှိသည်ဟု ဟန်ငြိမ်းဦး အကောင့်တွင် ရေးသား
ထို့အတူ လူရွှင်တော် ကောင်းကျော်ကိုလည်း ဟားငါးကောင်အဖွဲ့နှင့် အဆက်အသွယ် ရှိသည်ဟု ဟန်ငြိမ်းဦး အကောင့်တွင် ရေးသား လှုံ့ဆော်မှုများကြောင့် ဧပြီ ၁၉ ရက်ညက ၎င်းနေထိုင်ရာ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်း နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ် မရသေးဟု သိရသည်။
အလားတူပင် မကြာသေးခင် ရက်ပိုင်းအတွင်း သရုပ်ဆောင် ခိုင်သင်းကြည်၏ အမျိုးသား ကိုခန့်နိုင်အား ဟန်ငြိမ်းဦး အကောင့်က NUG နှင့် PDF များကို အားပေးအားမြှောက် ပြုသည်ဟုဆိုကာ ၎င်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးနိုင်ရန် နေရပ်လိပ်စာ အတိအကျ တင်ကာ လှုံ့ဆော် ရေးသားခဲ့သည်။
ယင်းနောက် ခိုင်သင်းကြည်၏ အမျိုးသား ကိုခန့်နိုင်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဧပြီ ၂၇ ရက် ည ၁၁ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့၊ နှင်းဆီလမ်း၊ (၃၀) ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၎င်းနေထိုင်ရာ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့သည်။
ထိုဖြစ်စဉ်များကို ကြည့်လျှင် စစ်ကောင်စီနှင့် ဟန်ငြိမ်းဦး အကောင့်၏ ဆက်နွှယ်မှုသည် ပြည်သူများအတွက် မေးခွန်းထုတ်စရာ၊ သံသယဖြစ်စရာပင်
ထိုဖြစ်စဉ်များကို ကြည့်လျှင် စစ်ကောင်စီနှင့် ဟန်ငြိမ်းဦး အကောင့်၏ ဆက်နွှယ်မှုသည် ပြည်သူများအတွက် မေးခွန်းထုတ်စရာပင် ဖြစ်သည်။
“တဖက်က ရည်ရွယ်ချက်ရှိရှိ ဇာတ်တိုက်ပြီး ဆောင်ရွက်နေတာလားလို့ သံသယ ရှိနေတယ်။ သိပ်ပြီး တိုက်ဆိုင် မှုက များတယ်။ ဒီဘက်က တင်တာနဲ့ ဒီဘက်က ဖမ်းတယ်။ ဖမ်းချင်တဲ့သူဆိုရင် မင်းတင်ပေးလိုက် ညှိနှိုင်းထား သလားလို့ မြင်တာပေါ့။ ဘယ်လိုပဲတွေးတွေး တကယ့် တရားဥပဒေ လမ်းကြောင်းအတိုင်း သွားရင် မှန်ကန်မှု မရှိဘူးလို့ ပြောလို့ရတယ်” ဟု ဥပဒေပညာရှင်တဦးက ဧရာဝတီကို သုံးသပ် ပြောသည်။
၎င်းက ဆက်ပြီး “ဟန်ငြိမ်းဦးရယ်လို့ မဟုတ်ဘူး ဘယ်သူပဲဖြစ်ဖြစ် တစုံတဦးက တင်လိုက်တဲ့အပေါ်မှာ အခြေခံ ပြီးတော့ သူတင်သမျှ လိုက်ပြီးတော့ အရေးယူမယ်ဆိုတာ တကယ်တမ်းပြောရရင် သဘာဝ မကျသလို၊ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး” ဟု မှတ်ချက်ပြုပြောသည်။
ဟန်ငြိမ်းဦး၊ ကျော်စွာ ဆိုသည်မှာလည်း အမည်ခံ သက်သက်သာဖြစ်သည်ဟု ဥပဒေ အသိုင်းအဝိုင်းက သုံးသပ်သည်။
အဆိုပါ တယ်လီဂရမ် အကောင့်များသည် စစ်ကောင်စီနှင့် ပတ်သက်သည့် နည်းပညာပိုင်းအရ ကျွမ်းကျင် သူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတရပ်သာ ဖြစ်နိုင်ဖွယ်ရှိပြီး၊ ဟန်ငြိမ်းဦး၊ ကျော်စွာ ဆိုသည်မှာလည်း အမည်ခံ သက်သက်သာဖြစ်သည်ဟု ဥပဒေ အသိုင်းအဝိုင်းက သုံးသပ်သည်။
“ဟန်ငြိမ်းဦး အကောင့်မှာ တင်တာနဲ့ ဖမ်းတယ်ဆိုကတည်းက ဒါက စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူတွေ၊ စစ်ကောင်စီထဲက နည်းပညာပိုင်းအရ ကျွမ်းကျင်သူတွေ ဖွဲ့စည်းထားပြီး ဟန်ငြိမ်းဦးတို့၊ ကျော်စွာတို့ ဆိုတာ ရုပ်ပြသက်သက် နာမည်ပဲ ယူသုံးထားတာလို့ မြင်တယ်” ဟု တရားလွှတ်တော် ရှေ့နေတဦးက ဧရာဝတီကို ပြောသည်။
ဟန်ငြိမ်းဦးကဲ့သို့ အမုန်းစကား လှုံ့ဆော်သည့် တယ်လီဂရမ် အကောင့်များအပြင်၊ သွေးသောက်အဖွဲ့ဟု အမည်ရသော တယ်လီဂရမ် အကောင့်များကလည်း စစ်ကောင်စီကို ဆန့်ကျင်သည့် အနုပညာရှင်များ၏ မိသားစုဝင်များ၏ အသက်အန္တရာယ်ကိုပါ ထိပါး ချိန်းခြောက်မှုများ ပြုနေသည်။
သရုပ်ဆောင် ဟိန်းထက်၏ နေအိမ်ကို ရန်ကုန် သွေးသောက်အဖွဲ့က ဧပြီ ၂၈ ရက်က သေနတ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ အဘိုးဖြစ်သူ သေနတ်မှန်၍ သေဆုံးသွားခဲ့သည်။
MRTV-4 ဇာတ်လမ်းတွဲ မင်းသား သရုပ်ဆောင် ဟိန်းထက်၏ နေအိမ်ကို ရန်ကုန် သွေးသောက်အဖွဲ့က ဧပြီ ၂၈ ရက်က သေနတ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ အဘိုးဖြစ်သူ သေနတ်မှန်၍ သေဆုံးသွားခဲ့သည်။
ယင်းအပြင် အဆိုပါ သွေးသောက်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြိုနယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ် ရိပ်မွန် အိမ်ရာရှိ သရုပ်ဆောင် မင်းမော်ကွန်း၏ မိဘများ နေထိုင်ရာ နေအိမ်ကို လေ့လာ စောင့်ကြည့်ကာ ၎င်းမိဘများနှင့် ဇနီးသားမယားများ အသက်အန္တရာယ် ထိခိုက်အောင် ပြုလုပ်မည် ဖြစ်ကြောင်း ခြိမ်းခြောက် ရေးသားထားသည်။
ဥပဒေပညာရှင်တဦးက “သွေးသောက်အဖွဲ့တွေ ပေါ်လာပြီး အပြစ်မဲ့ပြည်သူတွေကို လိုက် သတ်ဖြတ်တယ်။ ဒါတွေက တကယ်ကို တရားဥပဒေ စိုးမိုးမှု မရှိဘဲ၊ မင်းမဲ့တိုင်းပြည်လိုမျိုး လုပ်ချင်တိုင်း လုပ်လို့ရနေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတာပေါ့” ဟု မေးခွန်းထုတ်သည်။
စစ်ကောင်စီက ပြုလုပ်သည့် ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းသွေးသောက်အဖွဲ့သည် စစ်ကောင်စီနှင့် မဆိုင်ကြောင်းသာ ပြောခဲ့ပြီး ၎င်းအဖွဲ့နှင့် ပတ်သက်၍ ဥပဒေမဲ့ လုပ်ရပ်များ လုပ်ဆောင်နေသည့် အပေါ် မည်ကဲ့သို့ အရေးယူမည်ဆိုသည်ကို စစ်ကောင်စီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာများအား ရှင်းလင်း ဖြေကြားခြင်း မရှိခဲ့ပေ။
“သွေးသောက်အဖွဲ့ကိုတော့ ဘယ်လို အရေးယူ ဖမ်းမယ်ဆိုတာ မဖြေသွားဘူး။ နောက်ပိုင်းမှာ ဒီထက် ပိုဆိုး လာနိုင်တယ်။ ဒီသွေးသောက်အဖွဲ့ လုပ်ရပ်တွေက ပိုပြီး စိပ်လာမယ်လို့ မြင်တယ်။ ဒါက နောက်ကွယ်က စစ်ကောင်စီရဲ့ ကြိုးကိုင်မှု တခုလို့ပဲ မြင်တယ်။ အရင်တုန်းက စွမ်းအားရှင်အဖွဲ့၊ လက်ပတ်နီအဖွဲ့ ပုံစံမျိုးပေါ့။ စွမ်းအာရှင် လက်ပတ်နီကို ဘယ်ရဲကများ ထောင်ချတာမျိုး ရှိခဲ့လဲ။ ဒီသဘောပါပဲ” ဟု ၎င်းရှေ့နေက သုံးသပ် ပြောသည်။
“ပြောရမယ်ဆိုရင် ဒါက လက်ရှိ စစ်ကောင်စီရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆင့်အတန်းကို ဖော်ပြ လိုက်တာပေါ့။ အထူးသဖြင့် မြေပြင်မှာ အန္တရာယ်ဖြစ်လာအောင် ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ ချိပ်ပိတ်မှုတွေ ဒီလိုအထိ ဖြစ်လာအောင် လှုံ့ဆော်တဲ့ အကောင့်တွေက တယ်လီဂရမ်မှာ နေရာရလာတာ မြင်ရတယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က သုံးသပ် ပြောသည်။
ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ် အကောင့်က လက်ရှိ တော်လှန်ရေးကို ဦးဆောင်နေသူများအား တိုက်ရိုက် မတိုက်ခိုက်နိုင်သောကြောင့် မြေပြင်တွင် ရှိနေသည့် ပြည်သူတဦး တယောက်ချင်းစီ၏ အသက် အန္တရာယ် ဘဝများကို တိုက်ခိုက်လိုသည့် သဘောဟု ၎င်းက ဆိုသည်။ ယင်းအပြင် လုံခြုံရေး အသိ အားနည်းသည်ဟု ယူဆရသော အနုပညာရှင်များကို ပိုမို ပစ်မှတ်ထားသည်ဟုလည်း ၎င်းက သုံးသပ်ပြောသည်။
မသဉ္ဇာရွှန်းလဲ့ရည်က “အခုလို ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ပါ့ဘလစ်မှာ တင်လိုက်ခြင်းဖြင့် အွန်လိုင်း မှာတင် မကဘူး၊ မြေပြင်မှာပါ အသက်အန္တရာယ် ထိခိုက်နိုင်လောက်တဲ့ လှုံ့ဆော်မှုတွေ ဖြစ်တဲ့အတွက် အမုန်း စကားနဲ့ တိုက်ရိုက်ထိပါတယ်။ အမုန်းစကားဟာ နိုင်ငံတကာမှာ လူမျိုးတုံး သတ်ဖြတ်တဲ့အထိ ဖြစ်စေနိုင်တဲ့ စကားတွေပါ။ လူ့အခွင့်အရေး ယန္တရားတွေကလည်း ဒါကို တားဆီး ပိတ်ပင်ထားပါတယ်” ဟု ပြောသည်။
ဟန်ငြိမ်းဦး အကောင့်က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှ စတင်ကာ Silent Strike (အသံတိတ်သပိတ်) တွင် ပါဝင်ရန် ရေးသားသည့် သာမန် လူပုဂ္ဂိုလ်များ၊ ထင်ရှားသည့် အနုပညာရှင်များကို ပစ်မှတ်ထားကာ ၎င်းတို့အား ဖမ်းဆီးရန် ရေးသား လှုံ့ဆော်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံကျော် Makeup Artist တဦးဖြစ်သည့် မိတ်ကပ် Gucci Aung အား အသံတိတ်သပိတ်တွင် ပါဝင်ရန် လှုံ့ဆော်သည်ဆိုကာ ဟန်ငြိမ်းဦး အကောင့်၏ ရေးသားချက်အရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဇန်ဝါရီလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ထို့အတူ ဒါရိုက်တာ ဝိုင်းကိုလည်း ဟန်ငြိမ်းဦး အကောင့်ကပင် ဖမ်းဆီးနိုင်ရန် ရေးသား လှုံ့ဆော်မှုများ ရှိခဲ့
ထို့အတူ ဒါရိုက်တာ ဝိုင်းကိုလည်း ဟန်ငြိမ်းဦး အကောင့်ကပင် ဖမ်းဆီးနိုင်ရန် ရေးသား လှုံ့ဆော်မှုများ ရှိခဲ့ပြီးနောက် ဒါရိုက်တာ ဝိုင်း အဖမ်းခံခဲ့ရကာ၊ ၎င်းသည် မတ်လ ၂ ရက်နေ့က အခြား အနုပညာရှင်များ လွတ်ငြိမ်းခွင့်ဖြင့် လွတ်လာသည့်နေ့တွင် အမှု ရုပ်သိမ်းခံရကာ ပြန်လည် လွတ်မြောက်ခဲ့သည်။
အလားတူ အလှမယ် သင်းသင်းသည်လည်း ဟန်ငြိမ်းဦး တယ်လီဂရမ်အကောင့်တွင် ရေးသား တင်ခံရပြီး နောက် ဖေဖော်ဝါရီလအတွင်းက ညသန်းခေါင် အချိန်တွင် ဧည့်စာရင်းစစ်မည် အကြောင်းပြကာ ဖမ်းဆီး ခံခဲ့ရသည်။ ယင်းနောက် အလှမယ် သင်းသင်းသည် နောက်တရက်တွင် ပြန်လွတ်မြောက်ခဲ့သည်။
ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ် အကောင့်တွင် Subscribe လုပ်ထားသူ ၇ သောင်း ၁ ထောင်ကျော် ရှိပြီး၊ ကျော်စွာ အကောင့်တွင် Subscribe လုပ်ထားသူ ၅ သောင်း ၈ ထောင်ကျော် ရှိကာ ၎င်း အကောင့်များထံသို့ သတင်းအချက်အလက်များ ပေးပို့နိုင်သည်ဟုလည်း လှုံ့ဆော်ထားသည်။
ယခုကဲ့သို့ စစ်အုပ်စု လော်ဘီ တယ်လီဂရမ် အကောင့်များတွင် ထင်ရှားသည့် အနုပညာရှင်များ၊ ပြည်သူ များအား ဖမ်းဆီးရန် ရေးသား လှုံ့ဆော်နေမှုများသည် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေး၊ တကိုယ်ရည် တကာယ လုံခြုံမှုနှင့် အသက်အန္တရာယ်ကိုပါ ထိပါး ခြိမ်းခြောက်လာနေသည် ဖြစ်သည်။
“ကိုယ့်ကို ဖမ်းဆီးတာ မဟုတ်ပေမယ့် အဲဒီ သတင်းတွေကို မြင်နေ၊ ကြားနေ ဖတ်နေရတာက ဘယ်နိုင်ငံ သားဖြစ်ဖြစ် စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူး။ ဘယ်နေ့များ ငါ့အလှည့်ရောက်မလဲဆိုတဲ့ စိုးရိမ်သောကကြီးက ဖိစီးတာပေါ့။ အဲဒါက တနည်းအားဖြင့် ပြောရင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု တမျိုးပေါ့” ဟု ပြည်သူတဦးက သုံးသပ် ပြောသည်။
“တစုံတဦးကပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် အဲဒီလိုမျိုး လှုံ့ဆော်မှုတွေ လုပ်လို့ အရပ်သုံးစကားနဲ့ ပြောရင် ကုန်းချောတာ၊ ရန်တိုက်ပေးတာကို တရားဥပဒေ ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေက လိုက်ပြီး ဆောင်ရွက်ရ တယ်ဆိုကတည်းက ဒါ တကယ်တမ်းပြောရင် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ဥပဒေက ပျက်သွားပြီ” ဟု ဥပဒေပညာရှင်တဦးက သုံးသပ် ပြောဆိုလိုက်သည်။ ။
ဆက်လက်ပြီးသူက “ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် တဦးတယောက်၊ ဘယ်အဖွဲ့အစည်း တခုရဲ့ လွှမ်းမိုးမှု မခံဘဲ၊ သီးခြား ရပ်တည်နေမှ သူ့ ဥပဓိ ကောင်းတာပေါ့။ အဲဒီလို မဟုတ်ဘဲ ဒီလူ၊ ဒီအဖွဲ့အစည်းက ပြောသမျှ လိုက် လုပ်ရမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ဥပဓိရုပ် ပျက်တာပေါ့။ သင့်တော်တဲ့ လုပ်ရပ် မဟုတ်ဘူး” ဟု ဆိုသည်။