အတုတွေကြား
အစစ်က ထရပ် လိုက်သလိုပေါ့
နွေခေါင်ခေါင် ချင်းတောင်တန်းပေါ်
တောင်ဇလပ် နတ်ပန်း ပွင့်ပြတယ်
ဒီလက်တွေက
ဂစ်တာ တီးပြလို့ မရတော့ပါဘူး
ဒါပေမယ့်
နှလုံးသား စောင်းကြိုး
တို့ခတ်နိူးလို့ ရသေးတယ်
ဒီလက်တွေက
အာရုံ ခံစားမရတော့ပါဘူး
ဒါပေမယ့်
မေတ္တာသက်ဝင် မြတ်နိုး ကြင်နာပေးနိုင်တယ်
ကိုမင်းကိုနိုင်က“လက်ဖွဲ့” လို့ ခေါ်တဲ့ ကဗျာတပုဒ်ကို တော်လှန်ရေးမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း စွန့်လွှတ်ခဲ့ရတဲ့သူအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ရည်ရွယ်ပြီး ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလူငယ်ကတော့ ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF- Zotung) က ကိုဇော်ထင်လို့ ခေါ်တဲ့ တပ်ဖွဲ့ဝင် တဦးဖြစ်ပြီးတော့ မေလ ၂ ရက်နေ့မှာ သူ့ရဲ့ မင်္ဂလာပွဲ ပုံရိပ်တွေဟာ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပါတယ်။
မင်္ဂလာပွဲမှာ ထူးခြားတာကတော့ သတို့သားဖြစ်တဲ့ ကိုဇော်ထင် ရဲ့ လက်နှစ်ဖက်စလုံးက လက်အတု တပ်ထားပါတယ်။ သူဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ CDF တပ်ဖွဲ့ဝင် တဦးဖြစ်ပြီးတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မိုင်း ဖောက်ခွဲ စမ်းသပ်စဉ်မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့အတွက် အဲဒီ ဒဏ်ရာတွေကြောင့် လက်နှစ်ဖက်ကို ဆုံးရှုံးလိုက် ရသလို မျက်လုံးတဖက်လုံး ဆုံးရှုံးလိုက်ရပါတယ်။
ကိုဇော်ထင် တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲ အခမ်းအနားကို တွေ့မြင်ရသူတွေကတော့ ချင်းပြည်နယ်ရဲ့ သင်္ကေတတခု ဖြစ်တဲ့ အောက်ချင်းငှက်ရဲ့ သစ္စာတရားနဲ့ ခိုင်းနှိုင်း ချီးကျူးနေကြပါတယ်။
ချင်းပြည်နယ်ကတော့ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်တဲ့ နယ်မြေတွေထဲမှာ အားအကောင်းဆုံး ပြည်နယ်တခု ဖြစ်ပြီး နေ့စဉ်ရက်ဆက်နီးပါး အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလလောက်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဒေသခံတွေဟာ အမဲလိုက် တူမီးသေနတ်ကို အသုံးပြုပြီးတော့ ဆန္ဒပြ လူထုအပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းလာတဲ့ စစ်အာဏာရှင်ကို ခုခံတော်လှန်ခဲ့ရာကနေ တူမီး တိုက်ပွဲတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူလူထုရဲ့ အကူအညီ၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ရဲ့ ပံ့ပိုးမှုတွေကြောင့် တူမီးနဲ့စခဲ့တဲ့ တိုက်ပွဲကနေ အဆင့်မြင့် လက်နက်တွေလည်း ရှိလာသလို တချို့ နယ်မြေတွေမှာ လိုအပ်တဲ့ လက်နက်ခဲယမ်းတချို့ကို ကိုယ်တိုင် တီထွင် ထုတ်လုပ်လာနေကြပါတယ်။ စစ်အာဏာရှင်ကို ရရာလက်နက် ဆွဲကိုင် တော်လှန်နေကြတဲ့အထဲမှာ ချင်းပြည်နယ်ဟာ ထိပ်ဆုံးက ပါနေပြီးတော့ အခုချိန်ထိလည်း အင်အားကြီးမားလှတဲ့ စစ်ကောင်စီတပ်က ချင်းပြည်နယ် ထဲက ဒေသကာကွယ်ရေး တပ်တွေကို မတိုက်ခိုက်နိုင်သေးဘဲ အရေးနိမ့်နေဆဲပဲ ဖြစ်ပါတယ်။
ဒေသခံ ချင်းတိုင်းရင်းသား အများစုဟာလည်း စစ်အာဏာရှင်ကို တော်လှန်ရေးမှာ ပြောင်မြောက်စွာ တိုက်ပွဲဝင်နေကြပြီး တိုက်ပွဲမှာ အသက်စွန့်ရသူတွေ ရှိနေသလို ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရသူတွေလည်း အများအပြား ရှိနေပါတယ်။
အဲဒီလို စစ်အာဏာရှင် တော်လှန်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရတဲ့အထဲ ကိုဆလိုင်းနွေဦး တယောက်လည်း ပါဝင်ခဲ့ပါတယ်။
ချင်းတောင်တန်းပေါ် ဒေသကာကွယ်ရေး တပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတရွာက မင်္ဂလာဆောင် အခမ်းအနား တခုရဲ့ သတို့သားဖြစ်တဲ့ ကိုဆလိုင်းနွေဦးက ဂျိုင်းထောက် နှစ်ဖက်ကို အားပြုပြီး သတို့သမီးဖြစ်သူကို ကြည်နူးစွာ ရပ်ကြည့်နေပါ တယ်။
သူတို့နှစ်ဦးရဲ့ မင်္ဂဆောင်ဟာလည်း မြင်တွေ့ရသူတွေအတွက် ကြည်နူးမှုဖြစ်စေပြီး ချင်းရဲ့ အသဲဆိုင် အောက်ချင်းငှက်နဲ့ တင်စားနေကြပါသေးတယ်။
ကိုဆလိုင်းနွေဦးရဲ့ သတို့သမီး မမိုင်သစ္စာကတော့ အရင်က တော်လှန်ရေး ရဲဘော်ရဲဘက်ကနေ အခုအချိန်မှာဆို ဘဝ လက်တွဲဖော် ဖြစ်လာပါပြီ။
မမိုင်သစ္စာကို ၂၀၁၈ ခုနှစ်ကတည်းက မတူပီမြို့မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပေမယ်လည်း အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁ ခုနှစ်ရောက်မှ စစ်အာဏာရှင်ကို တော်လှန်ရင်း ပြန်လည် ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၂၇ ခုနှစ်အရွယ် ကိုဆလိုင်းနွေဦးက မတူပီ CDF တပ်ဖွဲ့မှာ ပြည်သူ့ ရဲဘော်တဦးအဖြစ် တာဝန်ထမ်းဆောင်သလို မမိုင်သစ္စာကလည်း ဆေးတပ်သားအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
“၂၀၁၈ ခုနှစ်မှာ သူ့ကို စတွေ့တယ်။ အဲဒီကတည်းက ချစ်ခွင့်ပန်တာ အဖြေ မရဘူး။ တော်လှန်ရေးထဲကို ရောက်တဲ့အခါ လည်း သူက ဆေးတပ်သားဆိုတော့ ကျနော်တို့ စခန်းဘက်ကို တာဝန်နဲ့ တခါတလေ လာရင်တော့ မျက်လုံးချင်း ဆုံမိ တယ်။ ကိုယ့်တာဝန်နဲ့ ကိုယ်ဆိုတော့ အေးအေးဆေးဆေး ပြောခွင့်မရဘူးလေ။ လမ်းကြုံတဲ့ ရဲဘော်တွေနဲ့တော့ ကျနော် ချစ်ခွင့်ပန်တယ်ဆိုတဲ့ အကြောင်းကို ပုံမှန်တော့ အမှာစကား ပါးပေးခိုင်းတာ ရှိတယ်” ဟု ကိုဆလိုင်းနွေဦးက ပြောပြပါ တယ်။
ကိုဆလိုင်းနွေဦးက မတူပီ CDF ၏ တပ်ရင်း ၁ မှာ တပ်စိတ်မှူးအဖြစ် တာဝန်ပေးအပ်ရပြီးနောက် ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်မှာ မတူပီ – ပလက်ဝ ကားလမ်းမအနီး တပ်စွဲနေထိုင်တဲ့ “ ထယ်ဘွေ” စစ်ကောင်စီ စခန်းကို သွားရောက် တိုက်ခိုက်ခဲ့ ရာမှာ ပါဝင်ခဲ့ပါတယ်။
“စစ်ကောင်စီရဲ့ ထယ်ဘွေစခန်းကို တိုက်ဖို့ ကျနော်တို့ တပ်ရင်းက ဝိုင်းထားတယ်။ လူကြီးတွေ ဘယ်လိုဝင် တိုက်ခိုက် မယ်ဆိုတာ ဗျူဟာ ဆွဲနေတယ်။ အဲဒီအချိန် ဆေးတပ်ရင်းက ရဲဘော်တယောက် ကျနော်တို့ စခန်းကို ရောက်လာတယ်။ စခန်းသိမ်းပြီးရင် ချစ်ခွင့်လာပန်မယ်နော်လို့ ဆိုပြီး သူနဲ့ သတင်းစကား ပါလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထယ်ဘွေစခန်းကို မတူပီ CDF ရဲဘော်များက ဝင်ရောက်တိုင်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို တပ်စိတ်မှူး ကိုဆလိုင်းနွေဦး တယောက် ရဲဘော်တွေကို ပြန်လည်ဆုတ်ခွာဖို့ အမိန့်ပေးပြီး သူလည်း ပြန်ဆုတ်ခွာလာချိန်မှာ စစ်ကောင်စီ ထောင် ထားခဲ့တဲ့ မိုင်းကို နင်းမိခဲ့တာ ဖြစ်ပါတယ်။
“ကျနော် ခြေပြတ်မှ သူ့ဆီက အဖြေရတာဗျ။ သူ့ဘက်ကတော့ သနားတဲ့ အချစ်လို့ ထင်တာပဲ” ဟု ကိုဆလိုင်းနွေဦးက ဆိုပါတယ်။
မမိုင်သစ္စာ ကတော့ ၂၀၁၈ ခုနှစ်ကတည်းက ချစ်ခွင့်ပန်ထားခဲ့မှုအပေါ် အခြေခံပြီး ကိုဆလိုင်းနွေဦးအပေါ် သံယောဇဉ် တွယ်မိသလို၊ တော်လှန်ရေးအတွက်လည်း ဘဝ ပေးဆပ်ကာ စွန့်လွှတ် တိုက်ပွဲဝင်သူ သူရဲကောင်း ရဲဘော်ရဲဘက်အဖြစ် အသိအမှတ်ပြုတဲ့အတွက် ဘဝလက်တွဲဖော်အဖြစ် ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုပါ တယ်။
“သူ မိုင်းနင်းမိတယ်ဆိုတဲ့ သတင်းကြားလိုက်တဲ့အချိန် ကျမ စိတ်မကောင်းဘူး။ အိပ်လို့လည်း မပျော်ဘူး။ သူနဲ့ အဆက် အသွယ် လုပ်မယ်ဆိုတဲ့အခါ ဖုန်းလိုင်းတွေလည်း အကုန် ပိတ်ထားတယ်။ အဆက်အသွယ်လည်း မရတော့ ကျမ ဘယ်လို မှ နေလို့ထိုင်လို့ မရတော့ဘူး” ဟု မမိုင်သစ္စာက ဆိုပါတယ်။
သူမက ဆက်လက်ပြီးတော့ “၂၀၁၈ ခုနှစ်က ချစ်ခွင့် မပန်ခဲ့ဘူးဆိုရင် သူနဲ့ ကျမ ညားမှာ မဟုတ်ဘူး။ အဓိကတော့ သူနဲ့ ကျမ ၂၀၁၈ ခုနှစ်ကို အခြေခံ သွားတာ” လို့ လည်း ဆိုပါတယ်။
အောက်ချင်းမောင်နှံလို သစ္စာနဲ့ ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ ကိုဆလိုင်းနွေဦးနဲ့ မမိုင်သစ္စာ တို့ကတော့ စစ်အာဏာရှင်ကို အပြီးအပိုင် တိုက်ထုတ်ကာ အောင်ပွဲရတဲ့အထိ ကျရာနေရာက ဆက်လက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့လည်း သံန္နိဋ္ဌာန် ချထားကြပါတယ်။
ကိုဆလိုင်းနွေဦး ခြေတဖက် စွန့်ပေးလိုက်ရတဲ့ ထယ်ဘွေစခန်း သိမ်းဖို့ ကြိုးပမ်းခဲ့တာကလည်း လက်နက်လိုချင်တဲ့အတွက် တိုက်ခိုက်ရတာဖြစ်ပြီး တော်လှန်ရေး အမြန်ဆုံး ပြီးဆုံး အောင်မြင်ဖို့ လက်နက် တပ်ဆင်ပေးစေချင်တယ်လို့ သူက ဆိုပါ တယ်။
“ကျနော်တို့ မြန်မာပြည်သားတွေက ဟိုတုန်းကလည်း မခံမရပ်နိုင်လို့ တော်လှန်ကြတယ်။ ချော့ရင် ပြန်ပါသွားတဲ့ လူ တန်းစားတွေက အများကြီး ရှိတာကိုး။ ဒီတော်လှန်ရေး ပြီးဆုံးတဲ့အချိန်အထိ တောင့်ခံပေးနိုင်ဖို့ လိုတယ်။ ကျနော်တို့ ရဲ ဘော်တွေ ရင်းထားတဲ့ လူတွေက များပြီ။ သေတဲ့ လူတွေကလည်း သေကုန်ပြီ။ ခြေပြတ်တဲ့လူတွေကလည်း ပြတ်ပြီ။ ကျနော်တို့ ရင်းထားရတာနဲ့ တန်အောင် တောတွင်း လက်နက်ကိုင် အဖွဲ့တွေကို အမြန်ဆုံး လက်နက် တပ်ဆင်ပေးဖို့ပဲ” လို့ ဧရာဝတီကို ပြောပါတယ်။
စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတခုခု ပေးဆပ်လိုက်ရပေမယ့်လည်း ကိုဆလိုင်းနွေဦး တယောက် စိတ်ဓာတ်ကျ အားလျော့သွားခြင်း လုံးလုံး မရှိပါဘူး။
“ကျနော်က အားငယ်တဲ့ စိတ်မရှိဘူး။ ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်ဖို့အတွက် တိုက်ပွဲ ဝင်ရမယ်။ ဒီတော် လှန်ရေး ပြီးဆုံးသည်အထိ ကျရာ တာဝန်ကို ထမ်းဆောင်ရမယ်။ တော်လှန်ရေးတခုမှာတော့ အသက်ချင်း မထပ်ဘဲနဲ့ ဒီတော်လှန်ရေးက အောင်ပွဲ မရနိုင်ဘူး” ဟု ကိုဆလိုင်းနွေဦး က တော်လှန်ရေးအပေါ် ထားရှိတဲ့ ခံယူချက်ကို ပြောပြပါ တယ်။
တော်လှန်ရေးမှာ တချို့က အသက်စွန့်ခဲ့ရသလို ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတခုခု စွန့်လွှတ်ခဲ့ရပေမယ့် အားငယ် နောက်ဆုတ်သွားခြင်းမျိုး မရှိဘဲ ဆက်လက် တိုက်ပွဲဝင်နေတဲ့ ကိုဇော်ထင်နဲ့ ကိုဆလိုင်းနွေဦးတို့လို လူတွေလည်း အများအပြား ရှိနေပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတချို့ စွန့်လွှတ်လိုက်ရတဲ့ တော်လှန် ရေးသမားတွေကို ချင်းရဲ့ အမှတ်သညာ အောက်ချင်းငှက်မောင်နှံလို သစ္စာကြီးမားစွာ ဖေးမကူမယ့်သူတွေလည်း ရှိနေပါ တယ် ဆိုတာ ကိုဇော်ထင်နဲ့ ကိုဆလိုင်းနွေဦးတို့က သက်သေပြနေပါတယ်။
ကိုမင်းကိုနိုင်ရဲ့ လက်ဖွဲ့ကဗျာကတော့ အောက်ချင်း မောင်နှံရဲ့ သစ္စာတရားအကြောင်းကို တင်စားပြီး ချင်းသူရဲကောင်းများ အတွက် အခုလို ရေးဖွဲ့ထားပါသေးတယ်။
ပြီးတော့
ယုံကြည်စွမ်းအင် တိုက်ပွဲဝင်နိုင်ကြဦးမယ်
အသွေးအသား လက်ကိုတွဲမှမဟုတ်ပါဘူး
ဂုဏ်ယူတတ်စွာ မစွန့်ခွာတာကလည်း
လက်တွဲတာပဲလို့ဆိုတဲ့အခါ
ဒါလည်းကဗျာမဟုတ်ပါဘူး
“နွေခေါင်ခေါင် တောင်ဇလပ်ပန်းလို
ပွင့်ပြလိုက်တဲ့ အစစ်”
သို့မဟုတ်
“လောကဓံရဲ့ ခေါ်သံကို ပြန်ထူးလိုက်တဲ့
အောက်ချင်း မောင်နှံသစ္စာကို
ထိမှန်ခံစား တောင်တန်းများထံမှ
ပို့သလိုက်သော လက်ဖွဲ့ပါ”
You may also like these stories:
ချင်းနဲ့ တူမီး၊ တူမီးနဲ့ ချင်း
မတူပီမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရ
ယာဉ်တန်းလုံခြုံရေးယူသည့် စစ်ကောင်စီတပ် ချင်းရွာကို မီးရှို့