အရှေ့တောင်အာရှနိုင်ငံများတွင် တရုတ်ရာဇဝတ်ဂိုဏ်းများ သိသိသာသာ များပြားလာခြင်းသည် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် အခြားဌာနများအတွက် အဓိကပြဿနာတခု ဖြစ်လာနေသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ်တွင် တရုတ်ရာဇဝတ်ဂိုဏ်း အများအပြားလှုပ်ရှားနေသည်။ ထိုတရားမဝင် လုပ်ရပ်များ၏ အတိုင်းအတာသည် ကိုဗစ်နိုင်တင်း စတင်ဖြစ်ပွားပြီးနောက် ကြီးထွားလာသည်။ ကပ်ရောဂါကြောင့် အလုပ်အကိုင်မဲ့သွားသော ထိခိုက်လွယ်လူငယ်များကို ထိုရာဇဝတ်ဂိုဏ်းများက အခွင့်ကောင်းယူ အမြတ်ထုတ် အသုံးချကြသည်။
တရုတ်ရာဇဝတ်ဂိုဏ်းများ ခေါင်းထောင်ထလာခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်နှင့် အရှေ့တောင်အာရှအကြား စီးပွားရေး ပိုမိုပေါင်းစည်းလာခြင်းနှင့် အနီးကပ်ဆက်စပ်နေသည်။ ထိုသို့ ပေါင်းစည်းလာခြင်းကြောင့် ဒေသတွင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု မြင့်မားလာစေသည်။ ထိုရာဇဝတ် လှုပ်ရှားမှုများ၏ အတိုင်းအတာ ကြီးမားလာသောကြောင့် စီးပွားရေးလုပ်ငန်းကြီး တခုနှင့်ပင် တူလာသည်။
ဒေသတွင်း အစိတ်အပိုင်းများမှ အားနည်းသည့် ဥပဒေမူဘောင်များနှင့် အကျင့်ပျက်ခြစားသည့် ဒေသခံအထက်လွှာများက ထိုရာဇဝတ်လှုပ်ရှားမှုများကို အထောက်အကူဖြစ်စေပြီး ၎င်းတို့အတွက် အခြေအနေကောင်းများ ဖန်တီးပေးသည်။ ထိုရာဇဝတ်လှုပ်ရှားမှုများသည် အိမ်ရှင်နိုင်ငံ တရားဥပဒေ ယန္တရားက ထိရောက်စွာ လက်လှမ်းမမီသည့် ပိုင်နက်ဒေသများနှင့် အထူးစီးပွားရေးဇုန်များတွင် ဖြစ်ပွားနေသည်။
ထိုအခြေအနကို ကမ္ဘောဒီးယားနိုင်ငံမှ မကြာသေးမီက ဖြစ်ရပ်တခုက အတည်ပြုပေးနေသည်။ ဧပြီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များကပြုလုပ်သည့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတခုတွင် ထိုင်းနှင့် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ဝင်များက ကမ္ဘောဒီးယားနိုင်ငံ အနောက်ပိုင်း ဆီဟာနုဗီးလ်၊ မြို့တော် ဖနွမ်းပင်နှင့် ဗီယက်နမ် နယ်စပ် ခရောင်ဗာဘက်မှ တရုတ်ရာဇဝတ်ဂိုဏ်းများထံမှ ထိုင်းအလုပ်သမား ၆၈ ဦးကို ကယ်ဆယ်လိုက်သည်။
အတင်းအကျပ်စေခိုင်းခံရသော ထိုအလုပ်သမားများသည် ဖုန်းမှတဆင့် လိမ်လည်မှုများကို ကျူးလွန်ရန် စေခိုင်းခံရသည်။ ၎င်းတို့သည် တရုတ်သူဌေးများက အင်တာနက်မှတဆင့် စကားပြန်ဖြင့် စေခိုင်းနေသည့် အထပ် ၁၂ ထပ်ပါ အစောင့်အကျပ်ချထားသော အဆောက်အအုံတွင် နေထိုင်ရသည်။
ထိုအလုပ်သမားများသည် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် ပွိုင်ပက်မှ လစာကောင်းသော အွန်လိုင်း ဈေးရောင်းချမှု အလုပ်အကိုင်များဖြင့် သိမ်းသွင်းခံရသည်။ ၎င်းတို့ ကမ္ဘောဒီးယားသို့ ရောက်လျှင်ရောက်ခြင်း ၎င်းတို့၏ ခရီးသွားစာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး ၎င်းတို့ပြောဆိုသည့် ဘာသာစကားများဖြင့် ဖုန်းလိမ်လည်ခေါ်ဆိုမှုများကို ပြုလုပ်စေရန် ဖမ်းဆီးထားလိုက်သည်။
တရုတ်ရာဇဝတ်ဂိုဏ်းများ ခေါင်းထောင်ထလာခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တရုတ်နှင့် အရှေ့တောင်အာရှအကြား စီးပွားရေး ပိုမိုပေါင်းစည်းလာခြင်းနှင့် အနီးကပ်ဆက်စပ်နေသည်
အွန်လိုင်းတွင် ဈေးရောင်းရမည့်အစား ထိုအလုပ်သမားများသည် ဘဏ်မှငွေလွှဲပြောင်းမှုများကို လက်ခံမည့် အကောက်ခွန် အရာရှိများ၊ ရဲများနှင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများ ဟန်ဆောင်ကြရသည်။
ထိုင်းဘတ်ငွေ အနည်းဆုံး တလလျှင် ၅ သိန်း (အမေရိကန်ဒေါ်လာ ၁၅,၀၀၀ နီးပါး) လိမ်လည်ရှာဖွေပေးရန် ဆင်းရဲနွမ်းပါးသည့် အလုပ်သမားအများစု ပါဝင်သောလူငယ်များကို တရုတ်လူဆိုးဂိုဏ်းများက အတင်းအကျပ် စေခိုင်းနေပြီး ထိုငွေကို ရှာဖွေမပေးပါက အခြာလူဆိုးဂိုဏ်းများသို့ ၎င်းတို့ကို ပြန်လည် ရောင်းချမည်ဟု ခြိမ်းခြောက်ကြသည်။
ထိုသို့လုပ်ရန် ငြင်းဆန်သူများကို ကြာပွတ်ဖြင့် ရိုက်နှက်ခြင်း၊ လျှပ်စစ်ကျင်စက်တို့ခြင်း၊ ရိုက်နှက်ခြင်းနှင့် အမှောင်ခန်းများတွင် အစားအစာမကျွေးဘဲ ပိတ်လှောင်ထားခြင်းသည် စသည့် နည်းမျိုးစုံဖြင့် အကြမ်းဖက်ကြသည်။
ကပ်ရောဂါကြောင့် ဖြစ်လာသည့် နှစ်နှစ်ကြာ ဆင်းရဲနွမ်းပါးမှုကြောင့် အလုပ်သမားများသည် ၎င်းတို့၏ဝေးကွာသော ကျေးလက်တောရွာများမှ ထွက်ခွာပြီး မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ကြရသည်။
ထိုင်းတွင် ပွဲစားများသည် နယ်စပ်မှ ဆင်းရဲသော ကျေးရွာများသို့သွားပြီး အလုပ်သမား ခေါ်ယူကြသည်မှာ ပုံမှန်ပင်ဖြစ်ပြီး အထူးသဖြင့် ကောက်ရိတ်သိမ်းချိန်အပြီး အလုပ်လက်မဲ့ များပြားချိန်တွင် ထိုသို့ လုပ်ဆောင်ကြသည်။
ထိုင်းဘတ်ငွေ အနည်းဆုံး တလလျှင် ၅ သိန်း (အမေရိကန်ဒေါ်လာ ၁၅,၀၀၀ နီးပါး) လိမ်လည်ရှာဖွေပေးရန် ဆင်းရဲနွမ်းပါးသည့် အလုပ်သမားအများစု ပါဝင်သောလူငယ်များကို တရုတ်လူဆိုးဂိုဏ်းများက အတင်းအကျပ် စေခိုင်းနေပြီး ထိုငွေကို ရှာဖွေမပေးပါက အခြာလူဆိုးဂိုဏ်းများသို့ ၎င်းတို့ကို ပြန်လည် ရောင်းချမည်ဟု ခြိမ်းခြောက်ကြသည်
အရှေ့တောင်အာရှမှ မီဒီယာသတင်းများအရ ရာပေါင်းများစွားသော မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံသား အများအပြားသည် ကမ္ဘောဒီးယားတွင် သွားရောက်အလုပ်လုပ်ရန် ဆီဟာနောက်ဗီးလ်နှင့် ပတ်ဝန်းကျင်တွင် အခြေစိုက်သည့် ရာဇဝတ်ဂိုဏ်းများ၏ လှည့်စားခေါ်ဆောင်ခံကြရသည်။
ထိုမြို့သည် ဥပဒေကင်းမဲ့ပြီး ကာစီနိုလောင်းကစားရုံများနှင့် တရုတ်လူဆိုးဂိုဏ်းများကြောင့် အမည်ဆိုးကျော်ကြားသော မြို့ဖြစ်သည်။ ထိုလူဆိုးဂိုဏ်းခေါင်းဆောင် အများစုသည် တရုတ်နိုင်ငံတွင်နေထိုင်ပြီး အိမ်နီးချင်းနိုင်ငံများမှ ပြည်သူများကို နိုင်ငံစုံတရုတ်ရာဇဝတ်မှုများကို ပြုလုပ်ရန် စေခိုင်းနေသည်။
ထိုသို့သော ရာဇဝတ်မှုများကို ယခင်ကလည်း ဖော်ထုတ်ခဲ့ဖူးသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကမ္ဘောဒီးယားရဲများသည် ဖနွမ်ပင်ရှိ အဆောက်အအုံတခုမှ ထိုင်းအလုပ်သမား ၉၉ ဦးကို ကယ်ဆယ်ခဲ့သည်။ ထိုအလုပ်သမားများကို တရုတ်လူဆိုးဂိုဏ်းတခုက ထိုအဆောက်အအုံတွင် ဖမ်းဆီးထားပြီး တရားမဝင် လုပ်ငန်းများကို အတင်းအကျပ် စေခိုင်းနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသား ၁,၅၀၀ သည် ဖနွမ်ပင်၊ ဆီဟာနောက်ဗီးလ်နှင့် ပွိုင်ပက်တို့တွင် ရာဇဝတ်ဂိုဏ်းများ၏ ဖမ်းဆီးခံရကာ ထိုသို့ ငွေကြေးလိမ်လည် တောင်းခံသည့်နေရာများတွင် ဆက်လက် လုပ်ကိုင်နေရဆဲ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းသည်
ကျေးကျွန်ခြံဝင်းကြီးများဟု ခေါ်သည့် အဆောက်အအုံများတွင် အတင်းအကျပ် လုပ်အားစေခိုင်းခြင်း၊ ကျွန်ပြုခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းတို့ကြောင့် ပေါ်ပေါက်လာသည် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်ရာဇဝတ်ဂိုဏ်းများ လှုပ်ရှားမှုများကို မီးမောင်းထိုးပြပြီး လူမှုအခြေပြု အဖွဲ့အစည်း ၃၅ ဖွဲ့က ကမ္ဘောဒီးယား အစိုးရကို တောင်းဆိုသည်။
ထိုင်းနိုင်ငံသား ၁,၅၀၀ သည် ဖနွမ်ပင်၊ ဆီဟာနောက်ဗီးလ်နှင့် ပွိုင်ပက်တို့တွင် ရာဇဝတ်ဂိုဏ်းများ၏ ဖမ်းဆီးခံရကာ ထိုသို့ ငွေကြေးလိမ်လည် တောင်းခံသည့်နေရာများတွင် ဆက်လက် လုပ်ကိုင်နေရဆဲ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းသည်။ ထိုင်းရဲတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်းမှ စတင်ပြီး ထိုင်းနိုင်ငံသား ၈၀၀ ကို ကမ္ဘောဒီးယား ရာဇဝတ်ဂိုဏ်းများလက်မှ ကယ်ဆယ်ပြီးဖြစ်သည်။
ထိုသို့ ငွေကြေးလိမ်လည်ရယူသည့် နည်းလမ်းအတိအကျကို မသိရသေးသော်လည်း ၎င်းတို့သည် ဒေသတွင်းတွင် ချိတ်ဆက်ညှိနှိုင်းပြီး မြန်မာနိုင်ငံအရှေ့ပိုင်းတွင် လှုပ်ရှားသည့် ကြီးမားသော မူးယစ်ဆေး မှောင်ခိုမှုများကဲ့သို့သော အခြားတရားမဝင် လုပ်ငန်းများနှင့်လည်း ဆက်စပ်နေသည်ဆိုသည့် အထောက်အထား အများအပြား ရရှိထားသည်။
ထိုရာဇဝတ်မှုများသည် တရုတ် စီးပွားရေးတိုးတက်မှုနှင့် တချိန်က သွားလာရန်ခက်ခဲသည့် အရှေ့တောင်အာရှဒေသများသို့ လမ်းပမ်းဆက်သွယ်ရေး ကောင်လာခြင်းတို့၏ ဘေးထွက်ဆိုးကျိုးအဖြစ် အများအပြားက မြင်ကြသည်။ သို့သော် ထိုရာဇဝတ်မှုများ၏ အဓိကအကြောင်းရင်းမှာ တရုတ်နှင့် အိမ်ရှင်နိုင်ငံများက နယ်စပ်ဒေသများတွင် တရားဥပဒေ စိုးမိုးမှုရှိအောင် မလုပ်နိုင်ကြခြင်းဖြစ်သည်။
(ရန်နိုင်သည် မြန်မာ့ရေးရာလေ့လာသူတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Chinese Gangs Exploiting Vulnerable People Across Southeast Asia ကို ဘာသာပြန်ဆိုသည်။)