ဆောင်းပါး

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

အပေါ်ယံအားဖြင့်ကြည့်ပါ အမေရိကန် ရာဇဝတ်မှု တိုက်ဖျက်ရေးသမားများ၏ အရေးပါသော အောင်မြင်မှု ဖြစ်သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန (DEA) မှ ထောက်လှမ်းရေးများသည် မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုသမားများ ဟန်ဆောင်ကာ ယာကူဆာ ဂိုဏ်းခေါင်းဆောင်တဦးနှင့် ထိုင်းနိုင်ငံသား သုံးဦးတို့ကို အမေရိကန်လုပ် အဆင့်မြင့်လက်နက်များအား မူးယစ်ဆေးဝါးနှင့် လဲလှယ်ရန် ကြံစည်မှုဖြင့် ဖမ်းဆီးရန် အထောက်အထားများ ရရှိအောင်လုပ်ဆောင်နိုင်ခဲ့သည်။ ထိုဖမ်းဆီးခဲ့သည့် ထိုင်းနိုင်ငံသား သုံးဦးအနက် နှစ်ဦးမှာ စစ်ဘက်နောက်ခံသမိုင်း ရှိသူများဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် DEA က နယူးယောက် တရားရုံးတရုံးသို့ တင်သွင်းပြီး ဧပြီလတွင် လူသိရှင်ကြား ထုတ်ပြန်သည့် စာရွက်စာတမ်းများအရ မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်း သုံးခုဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်တပ်မတော် (SSA) နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့သည် မြန်မာစစ်ကောင်စီကို တိုက်ခိုက်ရန် FIM-92J Stinger မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် ၁၀ လက်၊ အော်တိုမက်တစ် ရိုင်ဖယ်များနှင့် မော်တာများ လိုအပ်နေသည်။

ထိုလက်နက်များအတွက် ပေးချေမှုအဖြစ် မက်သာဖက်တမင်း ၅၀၀ ကီလိုဂရမ်နှင့် ဘိန်းဖြူ ၅၀၀ ကီလိုဂရမ် သို့မဟုတ် ဒေါ်လာသန်း ၄၀ ပေးချေရမည် ဖြစ်သည်။ ထိုငွေကို ငွေသားဖြင့်ဖြစ်စေ၊ ဘဏ်မှတဆင့်ဖြစ်စေ ပေးချေရမည်ဟု ယူဆရသည်။

“ဝယ်ယူသူများသည် ထိုလက်နက်များ ပေးပို့သော ကုန်တင်လေယာဉ် ဆင်းသက်ရန်အတွက် လေယာဉ်ကွင်းတခု တည်ဆောက်ပေးရမည်” ဟုလည်း တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

သို့သော် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းအကြောင်း သိသော မည်သူမဆိုအတွက် ထိုဇာတ်လမ်းသည် လွန်စွာဖြစ်နိုင်ခြေမရှိသော ဇာတ်လမ်းဖြစ်နေသည်။ KNU သည် မြန်မာလေတပ်၏ တိုက်ခိုက်မှုကို ခံနေရသည်မှာ တနှစ်ကျော် ကြာပြီဖြစ်ပြီး MANPADS ခေါ် သယ်ယူနိုင်သော ကာကွယ်ရေး စနစ်များ လိုအပ်နေသော်လည်း ထိုအဖွဲ့သည် မူးယစ်ဆေးဝါးလုပ်ငန်းတွင် ပါဝင်ပတ်သက်ခြင်း မရှိသောကြောင့် လဲလှယ်စရာ မူးယစ်ဆေး ထုတ်လုပ်နိုင်မည် မဟုတ်သလို ၎င်းတို့တွင် ဒေါ်လာသန်း ၄၀ လည်း မရှိနိုင်ပေ။

ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းအကြောင်း သိသော မည်သူမဆိုအတွက် ထိုဇာတ်လမ်းသည် လွန်စွာဖြစ်နိုင်ခြေမရှိသော ဇာတ်လမ်းဖြစ်နေသည်။

ထိုင်းနယ်စပ်အခြေစိုက် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA) သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို မြန်မာအာဏာပိုင်များနှင့် လက်မှတ်ရေးထိုးထားပြီး မြန်မာစစ်တပ်နှင့် မည်သည့်စစ်ပွဲကိုမျှ တိုက်ခိုက်နေခြင်း မရှိပေ။ ထိုအဖွဲ့၏ ပြိုင်ဘက်ဖြစ်သော ရှမ်းပြည်တပ်မတော် – မြောက်ပိုင်းသည် ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သည်။

UWSA သည် မြန်မာအစိုးရကို တိုက်ခိုက်နေသောကြောင့် ထိုလက်နက်များကို လိုအပ်နေကြောင်း တရားရုံး စာရွက်စာတမ်းများက ဆက်လက်ဖော်ပြသော်လည်း ထိုအချက်သည် လုံးဝ မမှန်ကန်ကြောင်း မြန်မာနိုင်ငံ နယ်စပ်ဒေသအကြောင်း လေ့လာနေသူ မည်သူမဆိုသိသည်။

UWSA သည် NCA လက်မှတ်ထိုးခြင်း မရှိသော်လည်း မြန်မာဗဟိုအစိုးရနှင့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၁၉၈၉ ခုနှစ်ကပင် ရရှိထားသည်။ ဝ တို့သည် အင်အား ၂ သောင်းမှ ၃ သောင်းအထိရှိနိုင်သည့် ကြီးမားသော စစ်တပ်တခုကို တည်ထောင်ထားသည်။ ၁၉၈၉ ခုနှစ်စတင်ပြီး UWSA တိုက်နေရသော စစ်ပွဲမှာ RCSS နှင့် ၎င်း၏ ယခင်အဖွဲ့အစည်းဖြစ်သော ဘိန်းဘုရင် ခွန်ဆာ၏ မုံတိုင်းအာမီ (MTA) နှင့်သာဖြစ်သည်။

ထိုအဖွဲ့အစည်း နှစ်ခုအနက် မည်သည့်အဖွဲ့တွင်မျှ ပစ်ချရမည့် လေယာဉ်မရှိပေ။ UWSA သည် မြန်မာစစ်တပ်နှင့် တိုက်ခိုက်နေခြင်း မရှိသော်လည်း တရုတ်-မြန်မာနယ်စပ်မှ ၎င်းတို့ အခြေစိုက်ဒေသတွင်းသို့ ဗဟိုအစိုးရတပ်များ ဝင်ရောက်ခြင်းကို ဟန့်တားရန် များပြားလှသော လက်နက်များကို ထိန်းသိမ်းထားသည်။ ထိုလက်နက်များတွင် တရုတ်လုပ် FN-6 MANPADS အများအပြားလည်း ပါဝင်သည်။ တနည်းအားဖြင့်ဆိုရပါက ဝ တို့သည် ဈေးကြီးပြီး အသုံးပြုရန်ခက်ခဲသည့် အမေရိကန် Stingers များကို ဝယ်လိုရန် အကြောင်းမရှိပေ။

ထို့အပြင် ဝယ်ယူသူများဘက်က တည်ဆောက်ပေးရမည့် လက်နက်ပို့မည့် လေယာဉ်ဆင်းရန် လေယာဉ်ကွင်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိသည်။ ထိုအချက်သည် မည်သို့မျှ မဖြစ်နိုင်ပေ။ လက်နက်ကြီးများ တင်ဆောင်လာသော ကုန်တင်လေယာဉ်ကြီးသည် ထောက်လှမ်းတွေ့ရှိမခံရဘဲ ထိုင်းလေပိုင်နက်ကို မည်သို့ဖြတ်သန်းကာ တောတွင်းမှ ရှင်းလင်းထားသောနေရာတွင် ဆင်းသက်ပြီး မည်သို့ ပြန်လည် ထွက်ခွာမည်နည်း။

ဝယ်ယူသူများဘက်က တည်ဆောက်ပေးရမည့် လက်နက်ပို့မည့် လေယာဉ်ဆင်းရန် လေယာဉ်ကွင်းနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိသည်။ ထိုအချက်သည် မည်သို့မျှ မဖြစ်နိုင်ပေ။

ထိုသို့သော အသေးစိတ် အချက်များကြောင့် ထိုဇာတ်လမ်းသည် ဒေသခံများ ပြောသကဲ့သို့ လုပ်ကြံဇာတ်လမ်းသာ ဖြစ်သည်ဆိုသည့်အချက်ကို ယုံကြည်လက်ခံနိုင်သည်။ တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြထားသည့် အမည်များကို ဂရုတစိုက် ကြည့်လိုက်သောအခါ ထိုကောက်ချက်ကိုသာ ပိုမိုခိုင်မာစေသည်။

လက်နက်များကို ပေးပို့မည် ယာကူဇာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်ဟုဆိုသူသည် တာကေရှီ အီဘီဆာဝါ ဖြစ်သည်ဟု တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြထားပြီး ထိုသူသည် DEA လျှို့ဝှက် ထောက်လှမ်းရေးများနှင့် အစည်းအဝေးတခုတွင် MANPADS တခုကို ကိုင်တွယ်ကြည့်ရှုနေသည့် ဓာတ်ပုံ တပုံကိုပင် ဖော်ပြထားသေးသည်။

သို့သော် ယာကူဇာ ဆိုသည်မှာ ဂျပန်မှ ရာဇဝတ် ဂိုဏ်းကြီး၊ ဂိုဏ်းငယ်အမျိုးမျိုးကို ခြုံငုံခေါ်သည့် အမည်သာ ဖြစ်သည်။ သို့သော် ထိုအဖွဲ့၏ အမည်ကို တရားရုံးသို့ တင်သွင်းသည့် စာရွက်စာတမ်းများတွင် ဖော်ပြထားခြင်း မရှိပေ။ ထိုအဖွဲ့၏ အရွယ်အစား မည်မျှကြီးမားသည် ဖြစ်စေ ခေါင်းဆောင်ကိုယ်တိုင် ထိုသို့သော ကိစ္စများတွင် ပါဝင်ပတ်သက်မည် မဟုတ်ပေ။ ထိုသို့သော ကိစ္စများကို နောက်လိုက်တဦးဦးကသာ လုပ်ဆောင်မည်ဖြစ်ပြီး ဖမ်းမိသွားပါက ခေါင်းဆောင်အနေဖြင့် အခိုင်အလုံ ငြင်းဆိုနိုင်ရန် လုပ်ဆောင်ကြမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးများနှင့် တွေ့ဆုံစဉ် ရော့ကက် လောင်ချာကိုင်ပြနေသော ယာကူဇာ ဂိုဏ်းခေါင်းဆောင်ဆိုသူ တာကေရှီ အီဘီဆာဝါ / Department of Justice

ထိုင်းနိုင်ငံသား ကြားလူ သုံးဦးနှင့် ပတ်သက်သော အချက်အလက်များသည်လည်း ပဟေဠိဆန်ပြီး မေးခွန်းထုတ်စရာ ရှိသည်။ ၎င်းတို့အနက် ဆုခ်ဆန် ဘော်ဘီ ဂျူလန်နန် ဆိုသူကို ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး “a Thai air force general” တဦးဟု ဖော်ပြသည်။ တော်ဝင်ထိုင်းလေတပ်တွင် ဗိုလ်ချုပ်ကြီး “air force general” တဦးမျှ မရှိပေ။ ထိုင်းလေတပ်တွင် Air Chief Marshal သည် အမြင့်ဆုံးရာထူးဖြစ်ပြီး ၎င်း၏ အောက်တွင် Air Marshal, Air Vice Marshal စသည့် ရာထူးများသာ ရှိသည်။

ထိုင်းနိုင်ငံသား ဒုတိယ တရားခံ ဆွမ်ပက် ရူခရာဆာရာနီးသည် ထိုင်းစစ်တပ် အငြိမ်းစားအရာရှိဖြစ်သည်ဟု မှတ်ယူရသည်။ သို့သော် သူယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ရင်းတပ်ဖွဲ့ အဆင့်အတန်းကို တရားရုံး စာရွက်စာတမ်းတွင် ဖော်ပြထားခြင်း မရှိပေ။

နောက်ဆုံးတွင် DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်းမှ လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

ထိုင်းနိုင်ငံသား တတိယ တရားခံ ဆွမ်ဖေါ့ ဆင်ဂါဆီရိကို ထိုင်းနိုင်ငံသားဟုသာ ဖော်ပြထားသည်။ ထို့နောက် ပူးပေါင်းကြံစည်သူ အမှတ် ၁ ကို ဖော်ပြထားသော်လည်း အမည်မပါဘဲ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဟုသာ ဖော်ပြထားသည်။ ထိုဥက္ကဋ္ဌမှာ ရွက်ဆစ်သာဖြစ်ပြီး သူသည် မြေအောက်ခေါင်းဆောင် မဟုတ်သလို ဝရမ်းပြေးလည်း မဟုတ်ပေ။ သူသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အများအပြားတွင် ပါဝင်နေပြီး ရန်ကုန်နှင့် နေပြည်တော်သို့ လွတ်လွတ်လပ်လပ် မကြာခဏ သွားလာနေသူ ဖြစ်သည်။

နောက်ထပ် ထူးဆန်းသော အချက်တခုမှာ အလားအလာရှိသော စတုတ္ထမြောက် ဝယ်ယူသူကို တမီလ် အီလန်ကျား လွတ်မြောက်ရေးအဖွဲ့ (LTTE) ဟု ဖော်ပြထားသည်။ ထိုအဖွဲ့မှာ သီရိလင်္ကာစစ်တပ်က ၂၀၀၉ ခုနှစ်တွင် လုံးဝ ချေမှုန်းခဲ့သော အဖွဲ့အစည်းဖြစ်သည်။

သို့သော် LTTE သည် နိုင်ငံတကာ ငွေကြေးအထောက်အပံ့ ဆက်လက် ရရှိနေသည့် အဖွဲ့ဖြစ်သည်ဟု DEA က ယူဆနေပုံရသည်။ ထင်ရှားသော အချက်တခုမှ အီဘီဆာဝါသည် အမည်ဖော်ပြမထားသော LTTE အရာရှိတဦးနှင့် အဆက်အသွယ်ရှိသည်ဟု ဖော်ပြထားသည်။ သို့သော် ထိုသူသည် အိန္ဒိယမှ ထောင်ထဲတွင် ရှိနေသည် သို့မဟုတ် ထို ယာကူဆာခေါင်းဆောင်ဆိုသူ၏ လုပ်ဆောင်မှုကြောင့် လွတ်မြောက်သွားသည်တို့ကို ရှင်းလင်းစွာ မသိရပေ။

နောက်ဆုံးတွင် DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်းမှ လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။ ထို့ကြောင့် မကျွမ်းကျင်မှုနှင့် မြေပြင်အခြေအနေကို နားမလည်ခြင်းကြောင့် ထိုဖမ်းဆီးမှုများ လုပ်ခဲ့ပါသလား သို့မဟုတ် မဖြစ်နိုင်ကြောင်း လွန်စွာထင်ရှားသည့် ထိုဇာတ်လမ်း၏ နောက်ကွယ်တွင် ပိုမိုကြီးမားသည့် အကြံအစည် တခုခုရှိနေပါသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာ့ဒီမိုကရေစီ အင်အားစုများကို ထောက်ခံခြင်းနှင့် ပဒေသရာဇ် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရာတွင် တစိုက်မတ်မတ် လုပ်ကိုင်သည်။ တဘက်တွင်မူ DEA ထောက်လှမ်းရေးများသည် မြန်မာစစ်တပ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုသည်။

ထိုဇာတ်လမ်းသည် အမေရိကန်အစိုးရ အဖွဲ့အစည်းများအကြား တခုနှင့်တခု ဆက်ဆံရေး အဆင်မပြေမှု၏ ရလဒ်ဖြစ်နိုင်ပါသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထိုပြဿနာသည် ဝါရှင်တန်မှ မြန်မာဆိုင်ရာ မူဝါဒ ချမှတ်သူများကို ဆယ်စုနှစ်များစွာ ဒုက္ခပေးနေသည့် ပြဿနာဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာ့ဒီမိုကရေစီ အင်အားစုများကို ထောက်ခံခြင်းနှင့် ပဒေသရာဇ် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရာတွင် တစိုက်မတ်မတ် လုပ်ကိုင်သည်။ တဘက်တွင်မူ DEA ထောက်လှမ်းရေးများသည် မြန်မာစစ်တပ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုသည်။ မူးယစ်မှောင်ခိုလုပ်ငန်း အများအပြားကို ပြည်တွင်းမှ အစိုးရအသိအမှတ်ပြု လက်နက်ကိုင်များက လုပ်ဆောင်နေသည် ဆိုသည့် အချက်ရှိစေကာမူ ၎င်းတို့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုသည့် ဘက်တဘက်တည်းတွင် ရှိနေသည်ဟု ယူဆသောကြောင့် ထိုသို့ ပူးပေါင်းဆောင်ရွက်လိုခြင်း ဖြစ်သည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနှင့် ရန်ကုန်နှင့် တနိုင်ငံလုံးမှ မြို့ကြီးမြို့ငယ်များတွင် ဆန္ဒပြသူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ အပြီးတွင် ထိုစဉ်က အမေရိကန် သံအမတ် ဘာတန်လီဗင်သည် စစ်အုပ်စုဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ကို ဆန့်ကျင်ရာတွင် ပြတ်သားပြီး သူ၏ ဝန်ထမ်းများအနေဖြင့် စစ်အာဏာပိုင်များနှင့် ပုံမှန်အစည်းအဝေးများ ပြုလုပ်ခြင်းကို ရပ်ဆိုင်းရန် ညွှန်ကြားသည်။

ထိုညွှန်ကြားချက်များကို ပထမဆုံးလျစ်လျူရှုသူမှာ DEA ထောက်လှမ်းရေး ဂရီဂေါရီ ကွန်နီလော့ဖ်ဖြစ်သည်။ စစ်ထောက်လှမ်းရေး အရာရှိများနှင့် ခွင့်ပြုချက်မရသော အစည်းအဝေးတခု စီစဉ်ရန် မအောင်မြင်ဘဲ ကြိုးစားခဲ့သောကြောင့် သူ့ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မှ ထွက်ခွာစေခဲ့ရသည်။

ထိုစဉ်က ကွန်နီလော့ဖ်သည် ရန်ကုန်မှ စစ်တပ်ခေါင်းဆောင်များနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် လွန်စွာ စိတ်အားထက်သန်နေသည်ဟု ဆိုသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရာတွင် ကြီးမားသော တိုးတက်မှုများ ရရှိစေခဲ့သည်ဟု သူကပြောသည်။

သမိုင်းတပတ်လည်သည်ဟု ပြောရန် စောလွန်းနေသေးသော်လည်း ပဟေဠိအတွင်းသို့ KNU ကို ဆွဲသွင်းလိုက်ခြင်းဖြင့် DEA သည် ထိုင်း-မြန်မာနယ်စပ်ရှိ KNU တို့ ထိန်းချုပ်နယ်မြေများတွင် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး ဒီမိုကရေစီ အင်အားစုများကို ခိုလှုံခွင့်ပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုကို အယုံအကြည်မဲ့အောင် လုပ်လိုက်ခြင်းဖြစ်သည်။

ထိုအငြင်းပွားမှုသည် ၁၉၉၁ ခုနှစ်၊ မတ်လတွင် ပြင်းထန်မှု အဆင့်မြင့်လာပြန်သည်။ ရန်ကုန်အခြေစိုက် DEA အရာရှိ အင်ဂျလို ဆာလာဒီနိုသည် မြန်မာမှ အာဏာကြီးမားပြီး ရက်စက်ကြမ်းကြုတ်သည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်သို့ လျှို့ဝှက်မှတ်တမ်းတခုကို ရေးသားပေးပို့သည်။

၁၉၉၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ရက်စွဲတပ်ထားသည့် ထိုစာတွင် မြန်မာစစ်တပ်အနေဖြင့် အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများ သဘောကျအောင် လုပ်ပေးနိုင်သည့် နည်းလမ်းအမျိုးမျိုးကို အသေးစိတ် ရေးသားထားသည်။

မြန်မာ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို အယုံအကြည် ကင်းမဲ့စေသည့် လှုပ်ရှားမှုတွင် အပြင်းထန်ဆုံး ဝေဖန်နေသူများ၏ ဟောင်းနွမ်းသော်လည်း ထိရောက်သည့် နည်းများကို အသုံးမပြုနိုင်အောင်လုပ်သည့် အကြံပေးချက်များလည်း ထိုစာတွင် ပါဝင်သည်။

နောက်ဆုံးတွင် ဆာလာဒီနိုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှ သမာသမတ် မကျဆုံး ဝေဖန်သူများကို နှုတ်ပိတ်သွားစေရန် စစ်အုပ်စုအနေဖြင့် လုပ်ကိုင်နိုင်သည့် လုပ်ငန်းများကိုလည်း အကြံပေးထားသည်။

ထိုစာကို အချိန်အတန်ကြာမှသာ ဝါရှင်တန်က သိရသည်။ ဆူဆူညံညံ ဖြစ်လာသောအခါ ဆာလာဒီနိုသည် အမေရိကန် ပြည်ထောင်စုရှိ DEA ဌာနချုပ်သို့ သူ့စရိတ်နှင့်သူ ပြန်ရသည်ဟု ဆိုသည်။ သို့သော် သူသည် ထိုစာကို ဗိုလ်ချုပ် ခင်ညွန့်ထံ ပေးပို့ခြင်းမရှိကြောင်း သူ၏ အထက်အရာရှိများ ယုံကြည်အောင် လုပ်နိုင်ခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်လည်း အပေးအယူတခု လုပ်သည်။ ဆာလာဒီနို၏ မြန်မာခရီးစဉ်ကို ဖြတ်တောက်လိုက်သော်လည်း လအနည်းငယ်သာ ကျန်တော့သည့် သူ၏ တာဝန်ထမ်းဆောင်ရမည့် ကာလကုန်အောင် ဆက်လက် နေထိုင်ခွင့်ပြုခဲ့သည်။

သမိုင်းတပတ်လည်သည်ဟု ပြောရန် စောလွန်းနေသေးသော်လည်း ထိုပဟေဠိအတွင်းသို့ KNU ကို ဆွဲသွင်းလိုက်ခြင်းဖြင့် DEA သည် ထိုင်း-မြန်မာနယ်စပ်ရှိ KNU တို့ ထိန်းချုပ်နယ်မြေများတွင် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး ဒီမိုကရေစီ အင်အားစုများကို ခိုလှုံခွင့်ပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုကို အယုံအကြည်မဲ့အောင် လုပ်လိုက်ခြင်းဖြစ်သည်။

ထိုအင်အားစု အများအပြားသည် လက်နက်ကိုင်တိုက်ပွဲတွင် ပါဝင်နေကြပြီး အခြားသူများကလည်း အင်တာနက်တွင် သတင်းနှင့် ဘလော့ (Blog) စာမျက်နှာများဖွင့်ကာ အမေရိကန်အစိုးရနှင့် ပုဂ္ဂလိက အလှူရှင်များထံမှ အထောက်အကူရအောင် လုပ်ဆောင်နေသည်။

တရားရုံးမှ အမှုက ထိုအထောက်အပံ့များကို မည်သို့မည်ပုံ မည်မျှအထိ ထိခိုက်စေမည်ကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

သို့သော် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေး ပြန်လည်စတင်ရန် စိတ်အားထက်သန်နေသော DEA သည် မြန်မာဒီမိုကရေစီ လှုပ်ရှားမှုကို အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့ပြီဖြစ်ပြီး အရှေ့တောင်အာရှမှ မူးယစ်ဆေးဝါး စီးဆင်းမှုအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိသည့် မရိုးသားသည့် အခြေခံဖြင့် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရာဇဝတ်မှု ကျူးလွန်သူများကို ထောင်ဖမ်းသည့် လုပ်ရပ်သည် နိုင်ငံအများအပြားတွင် တရားမဝင်သော်လည်း အမေရိကန် ပြည်ထောင်စုတွင် တရားဝင်သည်။ တရားဥပဒေ စိုးမိုးရေး အရာရှိများသည် ရာဇဝတ်မှု တိုက်ဖျက်ရန်နှင့် အလွယ်တကူ ဖြားယောင်းသွေးဆောင်ခံရသူများ ရာဇဝတ်မှုကျူးလွန်ဖို့ အားမပေးရန် တာဝန်ရှိသည်ဟု ယူဆသောကြောင့်ဖြစ်သည်။

ထိုအမှုတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး DEA ဘက်က တင်ပြနိုင်သည့် အထောက်အထားမှာ ဆန်ဂါဆီရီ ထံမှ သို့မဟုတ် သူ့ထံသို့ Signal မှတဆင့် ပေးပို့သည် ဟုဆိုသော Double UO Globe ဘိန်းဖြူထုတ် တထုတ်၏ ဓာတ်ပုံသာ ဖြစ်သည်။ ထိုသို့သော ဓာတ်ပုံမျိုးကို အချိန်မရွေး ရိုက်ယူနိုင်သလို အင်တာနက်မှ ဒေါင်းလုပ် ဆွဲယူ၍ပင် ရနေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bertil Lintner (ဘာတေးလ် လစ်တနာ) ၏ US Drug and Arms Arrests Smear Myanmar Ethnic Armed Organization ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော

အသွင်သစ် နွေဦးတော်လှန်ရေး၏ ထူးခြားချက် ၁၀ ချက်

အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား

“1 Billion ဆိုရင် လုံလောက်ပါတယ်”

Loading