ကိုယ့်ရင်ကဖြစ်တဲ့ သားတယောက် ခြေထောက် မိုင်းထိတဲ့သတင်းဟာ ဘယ်မိခင်အတွက်မှ ပျော်စရာကောင်းတဲ့ သတင်းမဟုတ်တာသေချာပါတယ်။ ဒါပေမယ့် ကျမသူငယ်ချင်း မိအဲ (အမည်လွှဲ) တို့ မိသားစုအတွက် ဒီသတင်းက ပျော်စရာသတင်း ဖြစ်နေခဲ့တာဟာ ကျမတို့နိုင်ငံရဲ့ ကမောက်ကမဖြစ်စဉ်ထဲက တခုပါပဲ။
သားရှေ့တန်းထွက်တိုင်း ရင်တမမဖြစ်နေရတဲ့ အမေတယောက်အတွက်တော့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရပေမယ့်၊ အသက်နဲ့ကိုယ် အိုးစားမကွဲသေးခင် ကိုယ့်သားကိုယ် ပြန်ပြီး ထွေးပွေ့ခွင့် ရလိုက်တာကိုက ကံကြီးလွန်းလို့သာပဲလို့ မိအဲက ခံယူပါတယ်။
အလားတူပါပဲ။ သူငယ်ချင်း မာမာ (အမည်လွှဲ) ရဲ့ သားအငယ်ကောင် မြို့ပြပြောက်ကျား အဖွဲ့ဝင်တယောက် အနေနဲ့ အဖမ်းခံလိုက်ရတာကို သတင်းစာထဲပါမှ သိခွင့်ရတဲ့ မာမာက အပူတပြင်း ကျမဆီကို စာလှမ်းပို့ ပါတယ်။
“သူငယ်ချင်း … သားငယ်လေး ဘယ်မှာရှိတယ်ဆိုတာကို မသိရဘူးဖြစ်နေတယ်အေ”
သတင်းစာထဲ ပါလာပြီးရင်တော့ အသက်ရှင်နေသေးတယ်လို့ ယူဆရလို့ အားတင်းထားဖို့ ကျမက ပြောတဲ့အခါ မာမာ ပြန်ပြောလိုက်တဲ့စကားကြောင့် ကျမ အံ့ဩမှင်သက်ရပါတယ်။
“အားတင်းပါတယ်။ ကိုယ့်သားတယောက်တည်းမှ မဟုတ်တာ။ ကိုယ့်သားလိုပဲ သားတွေ၊ သမီးတွေ အားလုံးအတွက် နေ့စဉ် ဆုတောင်းမေတ္တာ ပို့ပေးနေရုံပဲ ရှိတော့တာပေါ့အေ”
သိပ်မကြာခင်မှာပဲ သူ့သားကို ထောင်ထဲပို့လိုက်ပြီဆိုတဲ့ သတင်းစကားကြောင့် မာမာတယောက် စိတ်သက်သာရာ ရခဲ့ပါတယ်။
မိုင်းရှာတဲ့အလုပ်ကို မိုင်းရှာတဲ့အဖွဲ့ကမလုပ်ဘဲ၊ အရာရှိအဆင့်ရှိတဲ့ သူ့မြေးက ဘာလို့လုပ်ရတာလဲလို့ မိအဲကိုမေးပါသတဲ့။
မိအဲရော၊ မာမာရောက ကျမနဲ့သက်တူရွယ်တူ သားသည်အမေတွေ ဖြစ်သလို၊ မိအဲဖေဖေက စစ်သားဟောင်းကြီး တယောက်ဖြစ်ပြီး မာမာ့ဆွေမျိုးသားချင်းတွေ ကလည်း ရဲဝန်ထမ်း အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ မိအဲဖေဖေ စစ်သားဟောင်းကြီးကတော့ သူ့မြေး မိုင်းထိတဲ့သတင်းကြားတော့ မိုင်းရှာတဲ့အလုပ်ကို မိုင်းရှာတဲ့အဖွဲ့ကမလုပ်ဘဲ၊ အရာရှိအဆင့်ရှိတဲ့ သူ့မြေးက ဘာလို့လုပ်ရတာလဲလို့ မိအဲကို မေးပါသတဲ့။ အဖေတို့ခေတ်ကလို မဟုတ်တော့ဘူး အဖေရေလို့ပဲ မိအဲပြောနိုင်ခဲ့ပါတယ်။
မိအဲသား ဗိုလ်ကြီးအဆင့်အရာရှိ မိုင်းထိခဲ့တာက နယ်မြို့လေးတမြို့က ဆယ်တန်းစာမေးပွဲ ကျင်းပနေတဲ့ အထက်တန်းကျောင်း တကျောင်းနားမှာ မိုင်းထောင်ထားတယ်လို့ သတင်းရလို့ မိုင်းသွားရှင်းရင်း ဖြစ်ခဲ့တာလို့ သိရပါတယ်။ မိအဲသားနဲ့အတူ မိုင်းထိခဲ့တဲ့ အငြိမ်းစားတပ်ကြပ်ကြီး တယောက်က နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ တကယ်တော့ အဲဒီနေ့က အငြိမ်းစား တပ်ကြပ်ကြီးက သူ့သမီး ဆယ်တန်းဖြေတာကို လာကြိုခဲ့တာပါ။ မိုင်းရှင်းလင်းဖို့ သူ့မှာ တာဝန်မရှိပေမယ့်လည်း မိုင်းရှင်းလင်းရေး အတွေ့အကြုံနည်းတဲ့ မိအဲသား အရာရှိလူငယ်ကို ကူညီရင်းနဲ့ အသက်ဆုံးပါးခဲ့ရတာ ဖြစ်ပါတယ်။ အငြိမ်းစား တပ်ကြပ်ကြီးရဲ့ သမီးလေးက သူ့အဖေဆုံးပါးသွားလို့ စိတ်ထိခိုက်ပြီး ဆယ်တန်းတောင် ဆက်မဖြေနိုင်တော့ဘူးလို့ မိအဲက ပြောပြပါတယ်။
အငြိမ်းစား တပ်ကြပ်ကြီးရဲ့ သမီးလေးက သူ့အဖေဆုံးပါးသွားလို့ စိတ်ထိခိုက်ပြီး ဆယ်တန်းတောင် ဆက်မဖြေနိုင်တော့ဘူး
မိအဲနဲ့ကျမက ငယ်ငယ်ကတည်းက တရပ်ကွက်ထဲ နေခဲ့ကြသူတွေမို့ မိဘချင်းလည်း ရင်းနှီးကြသူတွေပါ။ မိအဲဖေဖေက မျိုးချစ်ရဲဘော်ဟောင်း တယောက်အနေနဲ့ NLD ပါတီက ဝင်အရွေးခံခဲ့လို့ အမတ် ဖြစ်လာတဲ့ အခါမှာလည်း ထောင်နဲ့အိမ် ကူးလိုက်သန်းလိုက်မို့ မိအဲတို့ တအိမ်လုံး သူ့အမေ့ ချွေးနည်းစာလေးနဲ့ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရတာကို တမြို့လုံးသိကြပါတယ်။ သမီးဘဝမှာတုန်းက နိုင်ငံရေးသမား အဖေကြောင့် မိသားစုရပ်တည်မှု ခက်ခဲခဲ့ရသလိုပဲ မိခင်တယောက်ဖြစ်လာတော့လည်း စစ်ဗိုလ်ဖြစ်နေတဲ့ သားအတွက် တချိန်လုံး ရတက်မအေးစရာတွေ ကြုံရပြန်ပါတယ်။
မိုင်းထိတဲ့နေ့က မိအဲသား ဗိုလ်ကြီး (အမည်ဖော်ပြခွင့်မပြု) က မိုင်း ၂ လုံး ရှင်းပြီးပြန်အထွက်မှာ အထက်က မြေပြင်အခြေအနေကို ဓာတ်ပုံရိုက်ပြီး တင်ပြပါဆိုလို့ ပြန်လှည့်ပြီး ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကျန်တဲ့မိုင်းတလုံးက ထပေါက်ပြီး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အသက်မသေတာပဲ ရှိပေမယ့် မိအဲသားရဲ့ ခြေထောက်တဖက် ကတော့ ခြေဖဝါးကနေ ဒူးအထိ အသားစတွေ ဖွာထွက်သွားခဲ့ပါတယ်။ သံချောင်းတွေထိုးသွင်းပြီး လက်ဖြစ်လုပ်ထားတဲ့ လက်လုပ်မိုင်းဖြစ်တာမို့ သူ့ပေါင်မှာ သံချောင်းတွေ စိုက်ဝင်တာရှိသလို၊ ဆီးခုံထဲကို အစဝင်သွားတာလည်း ရှိလို့ တလလုံးလုံး စစ်ဆေးရုံမှာ ကုသခဲ့ရပါတယ်။
သူ့ပေါင်မှာ သံချောင်းတွေ စိုက်ဝင်တာရှိသလို၊ ဆီးခုံထဲကို အစဝင်သွားတာလည်း ရှိလို့ တလလုံးလုံး စစ်ဆေးရုံမှာ ကုသခဲ့ရပါတယ်။
သားအနားမှာ မိအဲ ဆေးရုံစောင့်ပေးနေတုန်း သားဆီကို လက်ဆောင်ထုပ်တခု ရောက်လာခဲ့ပါတယ်။ လက်ဆောင်ထုပ်ထဲမှာ ဖတ်စရာစာအုပ်တချို့နဲ့ ဒေသထွက်စားစရာ တချို့ပါလာပါတယ်။ သားဆီကို လက်ဆောင်ပို့ပေးခဲ့သူက သားလွှတ်ပေးခဲ့တဲ့ ဒေသခံလုံခြုံရေးအဖွဲ့ဝင် တယောက်လို့ သိရပါတယ်။ မိအဲသား မိုင်းမတော်တဆမှုမဖြစ်ခင် လပိုင်းအလိုလောက်က ဖုန်းထဲမှာ သေနတ်ဝယ်ထားတာ တွေ့လို့ဆိုပြီး ဖမ်းခေါ်လာခဲ့တဲ့ ဒေသခံ လုံခြုံရေးတပ်သားတယောက်ကို စစ်မေးဖို့တာဝန်ကျပါတယ်။ မိအဲသား ဗိုလ်ကြီးက “ခင်ဗျားကျုပ်ကို အမှန်အတိုင်းပြောမလား၊ စစ်ကြောရေးပို့ရမလား” လို့ မေးတော့ “စစ်ကြောရေးတော့ မပို့ပါနဲ့ ကျနော်အမှန်အတိုင်း ပြောပါ့မယ်” ဆိုပြီးဝန်ခံခဲ့လို့ ငါးရက်လောက်ချုပ်ထားပြီး ပြန်လွှတ်ပေးခဲ့တယ် လို့ ဆိုပါတယ်။
မင်းသူ့ကို နှိပ်စက်သေးလားလို့ မိအဲကမေးတဲ့အခါ “သား သူ့ကို ထိပ်တုံးတော့ ခတ်ထားပေမယ့် မနှိပ်စက်ဘူး။ ကောင်းကောင်းမွန်မွန် ကျွေးမွေးဆက်ဆံပြီး ပြန်လွှတ်ပေးလိုက်လို့နဲ့ တူတယ်၊ နောက်ပိုင်း သားတို့ဘက်ကို စစ်ကြောင်း ထိုးတော့မယ်ဆိုရင် သားတို့ကို ရှောင်နေဖို့ ဖုန်းဆက်ပြီး ကြိုသတိပေးတာတွေ ရှိတယ်” လို့ ဆိုပါတယ်။
“သားကို ပေးတဲ့စာအုပ်တွေထဲမှာ ဦးရွှေအောင်စာအုပ်လိုမျိုး အတွေးအခေါ်စာအုပ်တွေပါ ပါတယ်။ ပို့ပေးတဲ့ လူငယ်က စာဖတ်ပုံရတယ်။ ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး” လို့ မိအဲက ထင်ကြေးပေးပါတယ်။
လူငယ်တွေရဲ့ သဘောထားကြီးမြတ်မှုကို ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ အာဏာစွဲ ကြီးလွန်းတဲ့ လူကြီးတွေက အသိအမှတ်ပြုရမှာပါပဲ။
မိအဲဆေးရုံစောင့်နေတဲ့ ကာလမှာ သားနဲ့ကုတင်နီးချင်း ဒဏ်ရာရ စစ်သည်တချို့နဲ့လည်း သိကျွမ်း လာခဲ့ပါတယ်။ ချင်းပြည်နယ်မှာ မိုင်းထိ၊ ဒဏ်ရာရလာခဲ့လို့ ပြန်သယ်လာရင်း လမ်းမှာ ၂ ရက်ကြာသွားတဲ့အတွက် ခြေထောက်ဖြတ်ပစ်လိုက်ရတဲ့ တပ်သားလေး တယောက်ကတော့ မိအဲသားကို ခြေထောက်ဖြတ်မပစ်ရတာ ကံကောင်းတယ်လို့ ပြောပါတယ်။ သူကတော့ မကြာခင်မှာ ခြေတုသွားတပ်ဖို့ ရန်ကုန်ကို သွားရတော့မှာပါ။
သူငယ်ချင်းမာမာကတော့ အခုချိန်ထိ သူ့သားကို ထောင်ဝင်စာ သွားတွေ့ခွင့် မရခဲ့သေးပါဘူး။ စစ်ကြောရေး ကနေ ထောင်ထဲရောက်လာလို့၊ သူ့သား အသက်ရှင်လျှက်ရှိသေးတယ်ဆိုတာ သိရလို့ ဟင်းချနိုင်ရုံပဲ ရှိပါသေးတယ်။
မာမာ့သား၊ မိအဲသားနဲ့ မိအဲသားလွှတ်ပေးခဲ့တဲ့ ဒေသခံလုံခြုံရေးလူငယ်လေး သုံးယောက်စလုံးဟာ အသက်ချင်း မတိမ်းမယိမ်းတွေပါပဲ။ သူတို့ချင်း ရန်ငြိုးရန်စ တစုံတရာမရှိကြပေမယ့် သူတို့ ရပ်တည်တဲ့ “ဘက်” တွေ မတူကြတဲ့အတွက် လူ့အသက်တွေရင်းရတဲ့ ပဋိပက္ခ စက်ဝန်းကြီးထဲကို ရောက်လာကြတာဖြစ်ပါတယ်။ ရပ်တည်မှုနဲ့ အဖွဲ့အစည်းနောက်ခံ မတူသော်ငြားလည်း လိုအပ်တဲ့အချိန်မှာ လူသားချင်းစာနာစိတ်ကို အပြန်အလှန် ပြနိုင်ကြတာဟာ စစ်ပွဲတွေကြားက အလှတရားပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တွေရဲ့ သဘောထားကြီးမြတ်မှုကို ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ အာဏာစွဲ ကြီးလွန်းတဲ့ လူကြီးတွေက အသိအမှတ်ပြုရမှာပါပဲ။
မိုဃ်းသွေးရဲ့ “စစ်ပွဲထဲက သားအိမ်တွေ” ဆိုတဲ့ ကဗျာက ဒီမိခင်သုံးယောက်ရဲ့ ဇာတ်ကြောင်းကို ရင်နာနာနဲ့ ပြောပြနေသလိုပါပဲ။
မာမာ့သားက သူ့ရဲ့လူငယ်ဘဝကို ထောင်ထဲမှာ အနည်းဆုံး ဆယ်နှစ်လောက်နေပြီး ကုန်ဆုံးရတော့မှာပါ။ မာမာကတော့ သူ့သားကြိုက်တဲ့ ဟင်းတွေချက်ပြီး ထောင်ဝင်စာပို့ခွင့်ရမယ့်နေ့ကို စောင့်နေမှာပါပဲ။ မိအဲသားက ဒဏ်ရာရသွားလို့ ရှေ့တန်းမထွက်ရတော့ပေမယ့်၊ နောက်တန်းမှာ တနည်းတဖုံ တာဝန်ပေးခံရဦးမှာ သေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစု စုံစုံညီညီပြန်နေခွင့်ရတာကိုပဲ ဘုရားပေးတဲ့ဆုလို ခံယူလိုက်တာက မိအဲအတွက် စိတ်သက်သာရာ ရစေပါတယ်။ မိအဲသား လွှတ်ပေးလိုက်တဲ့ လူငယ်လေးရဲ့ မိခင်ကတော့ အိမ်ပြန်လာနိုင် မလာနိုင် မသေချာသေးတဲ့ သူ့သားရဲ့သတင်းကို တထိတ်ထိတ်စောင့်ဖတ်ရင်း ဘုရားစင်ရှေ့မှာ ဆုတောင်းနေရှာလိမ့်မယ်လို့ မိခင်ချင်း စာနာစိတ်နဲ့ တွေးမိပါတယ်။
မိုဃ်းသွေးရဲ့ “စစ်ပွဲထဲက သားအိမ်တွေ” ဆိုတဲ့ ကဗျာက ဒီမိခင်သုံးယောက်ရဲ့ ဇာတ်ကြောင်းကို ရင်နာနာနဲ့ ပြောပြနေသလိုပါပဲ။ သားအိမ်တွေ အငိုတိတ်မယ့် ငြိမ်းချမ်းသောနေ့တနေ့ကို အမြန်ဆုံးရောက်ဖို့သင့်ပါပြီ။
စစ်ပွဲစပြီဆိုတဲ့အခါ
အသံမထွက်ဘဲ အကျယ်လောင်ဆုံးငိုကြွေးရတာ
သားအိမ်တွေပဲဖြစ်တယ်၊
ဒဏ်ရာမပေါ်ဘဲ
တသက်စာ အမာရွတ်ထင်သွားရတာလည်း
သားအိမ်တွေပဲ … ။
ဘယ်သားအိမ်ကမှ
သူလွယ်ခဲ့ရတဲ့ သန္ဓေသားကို
သူတပါးလက်နဲ့ မသေစေချင်ခဲ့ဘူး၊
သူတပါး အနှိပ်စက်မခံစေချင်ခဲ့ဘူး၊
ဘယ်သားအိမ်ကမှလည်း
သူလွယ်ခဲ့ရတဲ့ သန္ဓေသားဟာ
သူတပါးအသက်ကို မသတ်စေချင်ခဲ့ဘူး … ။
စစ်ပွဲဟာ သားအိမ်တွေအပေါ် သိပ်ရက်စက်တယ်။
လောကကြီး ကောင်းဖို့အတွက်လို့ အကြောင်းပြချက်ပေးပြီး
သားအိမ်တွေကို ဘက်နက်နဲ့ ထိုးမွှေပစ်လိုက်တယ်။
သေရသူအတွက်ဖြစ်ဖြစ်၊ သတ်ရသူအတွက်ဖြစ်ဖြစ်
သွေးစွန်းပေးလိုက်ရတာ ကတော့
သားအိမ်တွေပဲ … ။
(The Myanmar Peace Narrative မှ ဆောင်းပါးအား ကူးယူဖော်ပြသည်။)
You may also like these stories:
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး
နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ
စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်
ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ