နှစ်ပေါင်းသုံးဆယ်ကျော် စစ်တပ်ရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်းခံထားရတဲ့ နာမည်ကျော် သေ့ဘော့ဘိုးစစ်စခန်းကုန်းကို မေလ ၁၈ ရက်နေ့မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီပါတယ်။
၁၉၉၀ ခုနှစ်မတိုင်မီကာလတွေမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အခိုင်အမာခံစစ်စခန်းတွေဖြစ်ခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူး-ဝေါလေဒေသအတွင်းက သေ့ဘော့ဘိုးစစ်စခန်းကို KNLA ပူးပေါင်းတပ်တွေဟာ မေ ၁၇ ရက်နေ့ည ၁၂ နာရီခန့်ကစလို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး တိုက်ပွဲကိုစတင်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ KNLA တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေပါဝင်တဲ့ ကော်ဘရာစစ်ကြောင်းတွေ၊ မကြာသေးခင်ကမှ DKBA ဘက်ကနေ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ထံ ဘက်ပြောင်းပူးပေါင်းလာတဲ့ ဗိုလ်မှူးစလုံးရဲ့ တပ်ဖွဲ့တွေလည်း ပါဝင် တိုက်ခိုက်ခဲ့ကြပါတယ်။
ညတိုက်ပွဲအပြီး မေလ ၁၈ ရက်နေ့ မနက် ၉ နာရီခန့်မှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စခန်းသိမ်းတိုက်ပွဲဆင်နွှဲဖို့ စစ်ကြောင်း နှစ်ကြောင်းခွဲကာ သေ့ဘော့ဘိုးစခန်းကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခန့်မှသာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါ တယ်။
ဗိုလ်မှူးစလုံးက “ စစ်ကြောင်းနှစ်ကြောင်းထိုးလိုက်တယ်၊ ဖောက်လိုက်တယ်၊ တိုက်ပွဲကပြင်းထန်တယ်၊ ဟိုဘက်မှာလေယာဉ်နဲ့ သူတို့လာ ချနေတယ်၊ လေယာဉ် ၄ စီး အခေါက် ၂၀ လောက်လာတယ်ပေါ့” လို့ ပြောပါတယ်။
စခန်းသိမ်းထိုးစစ်ဆင်ခံနေရတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲအတွင်း တိုက်လေယာဉ်တွေပါ အသုံးပြုပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် တိုက်ပွဲမှာ ပြင်းထန်ခဲ့သလို့ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေလည်း ရှိခဲ့ပေမယ့် ပူးပေါင်းတပ် တွေကတော့ အရေးပါတဲ့ သေ့ဘော့ဘိုးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KNU ပြောခွင့်ရှိသူ ပဒိုစောတောနီးက “ဒီစခန်းက မနေ့တနေ့က တည်လာတဲ့စခန်းမဟုတ်ဘူး၊ ၁၉၈၈ တုန်းကဆို တော်တော်များများ သိ ကြပါလိမ့်မယ်။ ၁၉၈၈ အရေးအခင်းမှာ ပြည်တွင်းက ဒုက္ခရောက်နေပြီး ပြေးလာတဲ့သူတော်တော်များများကို လက်ခံတဲ့နေရာမှာ သေ့ ဘော့ဘိုးစခန်းက တော်တော်နာမည်ကြီးခဲ့ပါတယ်။ သို့သော်ငြားလည်းပဲ ၁၉၉၀ ခုနှစ်မှာ စစ်အစိုးရကနေပြီးတော့ ကျနော်တို့ဆီကနေ တိုက်ခိုက်သိမ်းပိုက်တယ်။ ၃၂ နှစ်တောင်ရောက်လာပြီ၊ အခုက ကျနော်တို့လက်ထဲပြန်ရောက်လာပြီပေါ့” လို့ ပြောပါတယ်။

န.ဝ.တ စစ်အစိုးရခေတ် ၁၉၉၀ ပြည်နှစ်မတိုင်မီ ကာလတွေအထိ သေ့ဘော့ဘိုးအပါအဝင် ဖလူး-ဝေါလေဒေသ ထိုင်း-မြန်မာနယ်စပ် အနီးတလျှောက်ဟာ KNU ရဲ့ အခိုင်အမာစစ်စခန်းတွေ အခြေစိုက်ထားတဲ့ ဒေသတခုဖြစ်ပါတယ်။
နိုင်ငံရေးအရ အကြပ်အတည်းတွေနဲ့ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံဖြစ်ပွားခဲ့ပြီး ဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသားလူငယ် တွေကို စစ်အစိုးရက အပြင်းအထန် အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် လူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်ချုပ်နယ်မြေ တွေကို ခိုလှုံတိမ်းရှောင်ခဲ့ကြရပြီး ခုခံတိုက်ခိုက်ဖို့ ကျောင်းသားတပ်မတော်ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။
ဒီအထဲမှ KNU ရဲ့ သေ့ဘော့ဘိုးစခန်းဟာ ခိုလှုံ့လာတဲ့ ကျောင်းသားလူငယ်အများဆုံး လက်ခံရာ နေရာတခုဖြစ်ခဲ့ပြီး ထိုစဉ်က ခိုလှုံခဲ့ကြသူ တွေထဲ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးအချို့လည်း အပါအဝင်ဖြစ်ပါတယ်။
န.ဝ.တ စစ်အစိုးရကတော့ ၁၉၈၉ ခုနှစ်ရဲ့ နှစ်စပိုင်းကစတင်ကာ တပ်မ ၃၃ နဲ့ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းတွေနဲ့ သေ့ဘော့ဘိုးအပါ အဝင် KNU ရဲ့ ခံစစ်စခန်းတွေကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တနှစ်ခန့်အကြာ ၁၉၉၀ ခုနှစ်ရဲ့ နှစ်စမှာတော့ KNU ဟာ ဖလူး၊ ဝေါလေ၊ သေ့ဘော့ဘိုးအပါအဝင် ခံစစ်စခန်းတွေကို လက်လွှတ်ခဲ့ရပါတယ်။

စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ အင်အားတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီ လက်ထဲကနေ တိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစခန်းကို စစ်အစိုးရသိမ်းပိုက်မခံ ရမီ ၁၉၈၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာလည်း အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာအနေနဲ့ သေ့ဘော့ဘိုးစခန်းကို ရောက်လာခဲ့ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
သေ့ဘော့ဘိုးစခန်း ပြန်လည်သိမ်းပိုက်မှုနဲ့ ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဖြစ်သူ ဦးအောင်မျိုးမင်းက “သေ့ဘော့ပိုးဆိုတာ ကြားတိုင်း သွေးတွေကြွဆဲ၊ ၈၈ က လက်နက်ကိုင်ပြီး စစ်ပညာသင်ခဲ့တဲ့နေရာ၊ အခုတော့ မျိုးဆက်သစ်တွေရဲ့ ပေးဆပ်မှုတွေအတွက် ကြေကွဲရသလို ဂုဏ်ပြုရတဲ့နေရာ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သေ့ဘော့ဘိုးစခန်းကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မြေပြင်တိုက်ပွဲမှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက် ၃ ဦးသေဆုံးကာ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံက ဒုတပ်ရင်းမှူးတဦး၊ တပ်ခွဲမှူးတဦးအပါအဝင် ရုပ်အလောင်း ၅ လောင်းနဲ့ အရှင်ဖမ်းမိ သူ ၇ ဦးရှိခဲ့ ပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။
အဆိုပါသေဆုံးမှုဟာ ရုပ်အလောင်းသက်သေနဲ့ တွေ့ရတဲ့ အရေအတွက်သာဖြစ်ပြီး တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူတဦးကတော့ တိုက်ပွဲမှာစစ်ကောင်စီဘက်က ၂၀ ဦးခန့် သေဆုံးကြောင်း ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ အဆိုပါစခန်းသိမ်းတိုက်ပွဲသတင်းကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

သေ့ဘော့ဘိုးစစ်စခန်းဟာ လတ်တလောတိုက်ပွဲတွေဖြစ်နေတဲ့ KNU တပ်မဟာ-၆ နယ်မြေအတွင်းက စစ်ဆင်ရေးတွေမှာ အဓိကကျတဲ့ ထောက်ပံ့ရေးနဲ့ စစ်ကူပေးနေတဲ့ အရေးပါတဲ့ စခန်းတခုဖြစ်သလို စစ်ကောင်စီ တပ်ရင်းမှူးအဆင့်ဦးစီးပြီး အင်အား ၃၀ မှ ၅၀ ခန့်အထိ အ ခြေစိုက်ထားတဲ့ မဆုတ်တန်းခံစစ်စခန်း တခုလည်းဖြစ်ပါတယ်။
ဒီအတွက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဟာ မြေပြင်စစ်ကူမပေးနိုင်ချိန်မှာ စခန်းလက်မလွတ်ရရေးအတွက် ပြင်းထန်တဲ့ လေ ကြောင်းတိုက်ခိုက်မှုအဖြစ် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
KNU ရဲ့ မှတ်တမ်းတွေအရ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်တွေ အသုံးပြုခဲ့တဲ့အပြင် မှော်ဘီနဲ့ တောင်ငူ လေ တပ်စခန်းတွေက အမောင်းသင်တိုက်ခိုက်ရေးလေယာဉ် Yak-130 နှစ်စီး၊ ဗုံးကြဲလေယာဉ် K-8 နှစ်စီးနှင့် ဘက်စုံသုံးတိုက်ခိုက်ရေး လေ ယာဉ် MiG-29 တစီးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှု ၃၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဆိုပါဒေသအတွင်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးလင်းထက်အောင်က “မြေပြင်ကနေ စစ်ကူလာဖို့အတွက်ဆိုတာက သေ့ ဘော့ဘိုးစခန်းရဲ့ ခရီးအကွာအဝေးဆို ၅ နာရီလောက် လမ်းလျှောက်ရတဲ့ ဥကရစ်ထစခန်းကနေ လွှတ်လို့ရတယ်၊ ဒီဘက်ကလည်း လမ်း ကြောင်းတွေဖြတ်တောက်ပြီး တိုက်တာမျိုးဖြစ်လို့ အလွယ်တကူရောက်လာဖို့ မဖြစ်နိုင်ဘူး။ သူတို့စခန်းပြန်ရဖို့ လေကြောင်းကနေ အ ကြိမ် ကြိမ်တိုက်ခိုက်ပေမယ့် မြေပြင်တပ်တွေက အလွယ်တကူစစ်ကူမပေးနိုင်တဲ့အခါကျတော့ လေကြောင်းတိုက်ခိုက်မှုကလည်း အလ ကားဖြစ်သွားတဲ့ ပုံစံမျိုးပေါ့” လို့ သုံးသပ်ပါတယ်။
လက်တွေ့မြေပြင် တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က မြေပြင်စစ်ကူတွေကို ရောက်ရှိလာခဲ့တာမရှိဘဲ အနီးဆုံးဖြစ်တဲ့ မေတ္တာ လင်းမြိုင်ကိုသာ စစ်ကာ အစီး ၂၀ ခန့်နဲ့ အင်အားဖြည့်တင်လာခဲ့တာ တွေ့ရပြီး တိုက်ပွဲဖြစ်ပွားရာ သေ့ဘော့ဘိုးစခန်းအထိ ထိုးဖောက်လှုပ် ရှားတာ မတွေ့ခဲ့ရဘူးလို့ ကော်ဘရာစစ်ကြောင်းဘက်ကဆိုပါတယ်။
သေ့ဘော့ဘိုးစခန်း သိမ်းပိုက်ခံလိုက်ရပြီးနောက်မှာတော့ စစ်ကောင်စီဟာ ကော်ဘရာစစ်ကြောင်း တပ်ဖွဲ့ဝင်အချို့ အခြေစိုက်ရာ လေ့ကေ့ ကော်မြို့သစ်ဘက်ကို မေလ ၁၈ ရက်နေ့ည ၂ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် တပ်ဖွဲ့ ဝင် ၃ ဦးဒဏ်ရာရခဲ့ပြီး တဦးမှာစိုးရိမ်ရတယ်လို့ ကော်ဘရာစစ်ကြောင်းဘက်ကထုတ်ပြန်ထားပါတယ်။

ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူး စောနေလက “အလစ်အငိုက်လာပြီး တိုက်ခိုက်တဲ့ပုံပေါ့၊ ကံကောင်းထောက်မစွာနဲ့ ဘာမှကြီးကြီး မားမား ထိခိုက်တာတွေ မရှိပါဘူး။ သူတို့ရဲ့ လေကြောင်းသုံးတိုက်ခိုက်နေတာတွေက ခုချိန်ထိတော့ တော်တော်ကို ထိထိရောက်ရောက် မလုပ်နိုင်သေးတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ယခုလို စစ်ရေးအရ အရေးပါတဲ့ သေ့ဘော့ဘိုးစစ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအတွက် အထိနာခဲ့ သလို ဒေသအတွင်း အခြေစိုက်ထားတဲ့ စစ်စခန်းတွေအတွက်လည်း စစ်ရေး၊ ရိက္ခာထောက်ပို့ရေးနဲ့ စိတ်ဓာတ်ရေးရာ အကြီးအကျယ်ထိ ခိုက်စေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
CDM ဗိုလ်ကြီးလင်းထက်အောင်က “တခြားတပ်စခန်းတွေအတွက်ပါ စိတ်ဓာတ်ပိုင်းရော၊ စစ်ရေးပိုင်း၊ ဗျူးဟာပိုင်းအရ အရမ်းကိုထိခိုက် သွားတယ်လို့ မြင်မိတယ်။ ဒီစခန်းကို ပြန်သိမ်းပိုက်မယ်ဆိုရင်တောင် အလွယ်တကူပြန်သိမ်းဖို့ မလွယ်ကူတဲ့ အခြေအနေတခုလို့ သုံးသပ် မိပါတယ်။ နဂိုကလည်း သိပ်ပြီးမလှုပ်ရှားနိုင်တဲ့ ဒေသပေမယ့် အခုကပိုဆိုးသွားတာပေါ့။ သူတို့မှာ ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ လေကြောင်း ကနေ ပစ်ကူပေးမယ့် နည်းလမ်းတခုပဲရှိတော့တယ်” လို့ ပြောပါတယ်။
ယခုလိုစခန်းသိမ်းတိုက်ပွဲတွေအပြင် တနိုင်ငံလုံးအနှံ့ လူထုရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွင်း မယုံသင်္ကာမှုတွေနဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ သိသာပေါ်လွင်နေပြီး လက်နက်ချအလင်းဝင်တာတွေ၊ တော်လှန်ရေးတပ်တွေဘက်ကူပြောင်းတာတွေနဲ့ တိုက်ပွဲ အတွင်း စခန်းစွန့်ခွာထွက်ပြေးတာတွေကို အများအပြားတွေ့မြင်လာရပါတယ်။
လက်ရှိ KNU ကသိမ်းပိုက်လိုက်တဲ့ သေ့ဘော့ဘိုးစခန်းသိမ်းတိုက်ပွဲမှာဆိုရင်လည်း စစ်ကောင်စီတပ်သား ၁၁ ဦးဟာ ပေါ်တာဆွဲထားသူ ၃ ဦးအားခေါ်ဆောင်ပြီး ထိုင်းနိုင်ငံဘက်ကမ်းအထိ စခန်းစွန်ခွာထွက်ပြေးခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေက ကူညီခေါ်ဆောင်ထားရတာ ဖြစ်ပါ တယ်။
KNU ပြောခွင့်ရှိသူ ပဒိုစောတောနီးက “၁၉၈၈ ဝန်းကျင်ခေတ်ကာလက စစ်ကောင်ီစ တပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ရေးရာနဲ့ ဒီကနေမှာ တော် တော်ကွာခြားသွားပါပြီ၊ အဲဒီတုန်းက စစ်သားတွေက သူ့လက်ထဲမှာ ကျည်ဆန်တတောင့်မကျန်အောင် ခံပစ်တာတွေ၊ သေတဲ့အထိ ခံပစ် တာတွေ ကြုံဖူးပါတယ်။ ဒီကနေ ဒီကာလမှာတော့ ဒီဟာမျိုးတွေ မရှိတော့သလောက်ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် သေ့ဘော့ဘိုးစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီးလည်း “လေယာဉ်ပျံနဲ့ သဲသဲမည်းမည်းကြီးကို ပစ်တာတွေ ရှိတယ်။ လေယာဉ်တွေနဲ့ ပစ်ကူနေတဲ့ကြားထဲကပဲ စခန်းကုန်းကို စွန့်ခွာထွက်ပြေးရတယ်ဆိုတာက အနေအထားက အဲဒီလိုမျိုးရှိပါတယ်၊ အရင်တုန်းကတော့ ဒါမျိုးလေယာဉ်နဲ့ကြဲတာတောင်မရှိပါဘူး၊ အသေအလဲကိုခံပစ်တာ။ အခုကတော့ လေယာဉ်နဲ့ဘယ်လောက်ပဲကူကူ၊ တိုက်လေယာဉ်တွေရော ထောက်လှမ်းရေးယာဉ်တွေရော အကုန်လုံးသေသေချာချာလုပ်တာတောင်မှ သူတို့စခန်းကို စွန့်ခွာထွက်ပြေး တယ်ဆိုတာက တော်တော်သိသာထူးခြားတဲ့ အချက်တွေပါပဲ” လို ပဒိုစောတောနီးက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တချိန်လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ အရေးပါတဲ့ ခံစစ်စခန်းတွေ ဖြစ်တဲ့ KNU တပ်မဟာ-၅ နယ်မြေထဲက သီးမူထ၊ သော်လဲထာနဲ့ ကျောက်ညှပ်စခန်း၊ တပ်မဟာ -၆ နယ်မြေထဲက မော်ခီးစခန်းနဲ့ သေ့ဘော့ဘိုးစခန်းတွေအပါအဝင် စစ်ကောင်စီစခန်း ၁၀ ခုခန့်ကို KNU ကပြန်လည်တိုက်ခိုက်သိမ်းပိုက်မှုတွေရှိခဲ့ပါတယ်။

ဒီလိုစခန်းသိမ်းတိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိသလို သိမ်းပိုက်ထားတဲ့ စစ်တပ်စခန်းတွေကို အထိုင်းချ ဆက်လက်သိမ်း ပိုက်ထားနိုင်ဖို့ကလည်း အခက်အခဲတွေမျိုးစုံရှိနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့တဲ့ မော်ခီးစစ်စခန်းဆိုရင်လည်း သိမ်းပိုက်ပြီး တပတ်ခန့်အကြာမှာပင် စစ်ကောင်စီတပ်တွေက လက်နက်ကြီးပစ်ကူတွေနဲ့အတူ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ဆုတ်ခွာပေးခဲ့ရတဲ့အခြေအနေရှိနေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “သေ့ဘော့ဘိုးစခန်းက ဗျူဟာကျတဲ့ အရေးကြီးတဲ့ စခန်းကုန်းတခုပါ၊ စစ်ကောင်စီဘက်က စိတ် ဓာတ်ကျမှုက ပိုပြီးတော့ ဆိုးသွားတာပေါ့၊ စခန်းကုန်းသိမ်းထားပေမယ့် နေရာယူအထိုင်ချဖို့ ခက်ခဲပါတယ်၊ လက်နက်ကောင်း၊ လေယာဉ် ပစ်ကူ အားကောင်းတဲ့အချိန် ဒီနေ့ကာလမှာ လွတ်မြောက်ဒေသ ထူထောင်ရေးအတွက် နေရာယူစစ် ကျင့်သုံးတာဟာ အခြေအနေနဲ့ မ ကိုက်ညီသေးဘူး” လို့ သုံးသပ်ပါတယ်။
လတ်တလော သေ့ဘော့ဘိုးစခန်းသိမ်းပိုက်ခြင်းနဲ့အတူ KNU ထိန်းချုပ်ရာ တပ်မဟာအသီးသီးမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူအများအပြားဟာလည်း စစ်ဘေးတိမ်း ရှောင်ရလျှက်ရှိနေပါတယ်။
ပဒိုစောတောနီက “စစ်ရေးအရ ကျနော်တို့ ခံစစ်အနေအထားကနေ တဖက်ပြန်ပြီးတော့ အခြေအနေတခု အချိုးအကွေ့ဖြစ်လာဖို့အတွက် အစကနဦးပဲ ရှိပါသေးတယ်၊ ကျန်တဲ့ဟာ အများကြီးလုပ်စရာရှိပါသေးတယ်၊ အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိ ထိုးထွင်းကြံဆတဲ့ နည်း နာတွေနဲ့ လူငယ်လူရွယ်တွေက အင်မတန်ပြင်းပြတဲ့ဆန္ဒတွေနဲ့ လက်တွဲပြီးလုပ်ဆောင်သွားမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ပြည်သူ တွေအနေနဲ့ကတော့ ကျနော်တို့ ရွေးတဲ့လမ်းက မမှားဘူးဆိုတာ ပိုပြီးတော့ ခိုင်မာသထက် ခိုင်မာလာတယ်ဆိုတာ ပြောလိုပါတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ KNU အနေနဲ့ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ဒေသခံလူထုရဲ့ လူမှုစီးပွားရေးနဲ့ အသက်အိုးအိမ်ကို ခြိမ်ခြောက်ဒုက္ခပေးနေတဲ့ စစ်တပ်စခန်းတွေ ဆုတ်ခွာရုတ်သိမ်းသွားဖို့ သတိပေးကြေညာထားပါတယ်။
ဒါ့အပြင် KNU လှုပ်ရှားနယ်မြေထဲက စစ်ရေးအရ အရေးပါတဲ့ စခန်းတချို့ဟာ မသိမ်းရသေးပေမယ့်လည်း “တချို့စခန်းတွေက သူတို့ ခေါင်းတောင် ပြူလို့ မရတော့ဘူး။ ကျနော်တို့ သေနတ်ပြောင်းဝအောက် ရောက်နေပြီလို့ပြောလို့ရတယ်”လို့ ဆိုပါတယ်။