ရည်မှန်းထားသည့် အနာဂတ်ပုံရိပ်တွေက ခပ်ဝါးဝါးအခြေအနေကို ရောက်ရှိခဲ့သည်မှာ နှစ်တပတ်လည်ခဲ့ပြီ။ ရှားပါးလာသည့် အလုပ်အကိုင်အခွင့်အလမ်းတွေကြောင့် အနယ်နယ်အရပ်ရပ်က ရောက်ရှိလာသော လူ့စွမ်းအား အရင်းမြစ်တချို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ စုပြုံတိုးနေကြပြီး တချို့ကတော့ နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေး ရုံးများရှေ့မှာ၊ နေပူကျဲတဲအောက်မှာ၊ မိုးတွေရွာနေလည်း ကျောပိုးအိတ် ကိုယ်စီ လွယ်လို့ ရွှေရောင်တောက်ပသည့် အိပ်မက်ကိုယ်စီမက်ခွင့်ရဖို့ စောင့်မျှော်လျှက်။
အဲဒီလို စောင့်မျှော်နေကြသည့် အထဲ “နုနု” တို့ တူဝရီးတွေလည်း အပါအဝင်ဖြစ်သည်။
၄၈ နှစ်အရွယ် နုနုက ရပ်ကွက်ထဲ ဈေးရောင်းနေရာက အရောင်းဝယ်မကောင်းလို့ ဆိုင်ပိတ်ရလုနီးနီး ဖြစ်လာတာကြောင့် ရေကြည်ရာမြက်နုရာ ရှာဖွေဖို့ အိပ်မက်မက်သူဖြစ်သည်။
သူ့တူလေးက ၁၉ နှစ်အရွယ် ဆယ်တန်းကျထားသူ ဖြစ်ပြီး မရေမရာသည့် ပညာရေးကြောင့် တရက် ခြောက်ထောင်နှုန်း သုံးရက်တခါရှင်း အလုပ်ကြမ်းအလုပ်ကို လုပ်ကိုင်နေရာကနေ သူ့အဒေါ်နှင့်အတူ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ထိုင်းနိုင်ငံကို အတူသွားကြမည် ဖြစ်သည်။
မှတ်ပုံတင်လုပ်ဖို့ မွေးစာရင်းမရှိသည့် (ပျောက်) တူတော်မောင်အတွက် မှတ်ပုံတင်ရဖို့ တသိန်းခွဲပေးရသည်။ သွားမည့်နိုင်ငံကို ပို့ပေးမယ့်သူကို ပွဲစားခ ၁၃ သိန်းပေးသည်။
စမ်းတဝါးဝါး တိုးဝှေ့နေကြသည့် လူအများကြား တခုကံထူးတာက နုနုတို့တူဝရီးကို ဟိုဘက်နိုင်ငံမှာ အစစအရာရာ ကူညီပေးဖို့ လူခံ အသင့်ရှိနေတာဖြစ်သည်။ လူခံရှိသော်လည်း တူတော်မောင်ဖြစ်သူက မှတ်ပုံတင်ကစပြီး ပတ်စပို့အထိ အကုန်ပြန်လုပ်ရသည်။ အစစအရာရာ လွယ်ကူအဆင်ပြေစေဖို့အတွက် ငွေလမ်းခင်း လုပ်ရကိုင်ရသည်။
မှတ်ပုံတင်လုပ်ဖို့ မွေးစာရင်းမရှိသည့် (ပျောက်) တူတော်မောင်အတွက် မှတ်ပုံတင်ရဖို့ တသိန်းခွဲပေးရသည်။ သွားမည့်နိုင်ငံကို ပို့ပေးမယ့်သူကို ပွဲစားခ ၁၃ သိန်းပေးသည်။ နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် နေရာမှာ ကိုယ်တိုင်အပင်ပန်းခံနိုင်ရင် ၁ သိန်းဝန်းကျင်လောက်သာ ကုန်ကျမှာ ဖြစ်ပြီး အဆင့်ဆင့်သော ပွဲစားနှင့် ချိတ်ဆက်ဆောင်ရွက်လျှင် ၂ သိန်းနီးပါးအထိ ပေါက်ဈေးရှိသည်။ ဟိုဘက်နိုင်ငံရောက်ရင် သုံးဖို့စွဲဖို့ ၅ သိန်းလောက်တော့ လက်ထဲကိုင်သွားမှ အဆင်ပြေမည်ဖြစ်သည်။
နုနု၏ တူလေး မှတ်ပုံတင်လုပ်တော့လည်း လိုအပ်သည့် စာရွက်စာတမ်း မပြည့်စုံသည့်အတွက် သိန်းဂဏန်းပေး၍ လုပ်ရသည်။ ဒါတောင် အများပြောနေကြသည့် လူမျိုးခြားမဟုတ်သေး။ လူမျိုးခြားဆိုလျှင် ဘယ်လိုတွေ ခွဲခြားဆက်ဆံပြီး ငွေလမ်းခင်းရမည့် ပမာဏကို တွက်ဆကြည့်လို့ရသည်။ မှတ်ပုံတင် ထုတ်ပေးသည့် ရုံးထဲတွင် အဟိန်းအဟောက်ခံနေရသော လူအများကိုလည်း မြင်တွေ့ရသည်။ အားလုံးက မျက်နှာငယ်လေးတွေနှင့်။ ပြီးခဲ့သည့် အရပ်သားအစိုးရခေတ်ကလို မင်းတခွန်း ငါတခွန်းဖြင့် ခွန်းတုန့်ပြန်လို့ရသည့်ခေတ် မဟုတ်တော့ပေ။
ဘတ်ငွေဈေးတက်သည်မို့ သွားအလုပ် လုပ်မည့်နှစ်ကာလ အပိုင်းအခြားနှင့် တွက်ကြည့်လျှင် ရရှိလာမည့် ပမာဏကိုတွေးပြီး အိပ်မက်ထဲထိထည့်မက်ပြီး ပျော်ရသည်။ ပင်ပင်ပန်းပန်း ခါးချိအောင်လုပ်ရမည်ဆိုသော်ငြား မပိုင်ဆိုင်ဖူးသေးသည့် အိမ်တလုံးကို ပိုင်ဆိုင်ချင်သည့်စိတ်ဇောကြောင့် ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ထားရသည်။
နုနုအလုပ်လုပ်ရမည်က ဝက်မွေးမြူရေးစက်ရုံတရုံဖြစ်ပြီး ညစ်ညစ်ပတ်ပတ်နံနံစော်စော် လုပ်ကိုင်ရမည် မဟုတ်ကြောင်း ရောက်နှင့်နေပြီးသော လူခံက ပြောသည်။ သပ်ရပ်သန့်ရှင်းသော အေးအေးလူလူ လုပ်ကိုင်ရသည့် စက်ရုံဖြစ်ပြီး မွေးမြူထားသည့် ဝက်အကောင်ပေါင်းများစွာကို ကလေးမွေးသလိုမျိုး အစာစားချိန်၊ အိပ်ချိန်၊ ဆေးထိုးဆေးတိုက်၊ နို့တိုက် စသည့်အလုပ်များကို အရိပ်တကြည့်ကြည့် ကြည့်ပြီး လုပ်ကိုင်ကြရသည်။
ဒူဘိုင်းကို အိမ်အကူအလုပ်ဖြင့်သွားသည့် ယွန်းယွန်းဆိုလျှင် မသွားရသေးခင်က တပတ်တရက် နားရက်ရမည်ဟု အေးဂျင့်က ပြောသော်လည်း ရောက်သွားတော့မှ နားရက် မပေးနိုင်ဟု သိရသည်။
အချိန်ပိုဆင်းလျှင် ငွေအပိုရနိုင်သည်။ လုပ်နိုင်လေ ပိုက်ဆံရလေဟု ပြောသောကြောင့် ငွေရအောင် ကျုံးရုန်း လုပ်မည်ဟု တွေးကာ မသွားမီကတည်းက နုနုစိတ်ထဲ တက်ကြွနေသည်။ ပိုပြီးစုဆောင်းမိဖို့အတွက် မလိုတာ မသုံးဘဲ ချွေတာစားဖို့လည်း အသင့်ဖြစ်နေသည်။
ဒါကလူခံရှိနေလို့ နုနုတို့ ယခုလိုတွေးနိုင်ခြင်းဖြစ်သည်။ လူခံမရှိဘဲ တယောက်တည်း စွန့်စွန့်စားစား သွားရသူ တချို့မှာတော့ အလုပ်ရှာပေးသည့် အေးဂျင့်နှင့် တဘက်နိုင်ငံက အလုပ်ရှင်တို့ ပေါင်းပြီး ခေါင်းပုံဖြတ်ခြင်းကို ခံကြရသည်။ မသွားရသေးခင်ရွှန်းရွှန်းဝေအောင် ပြောပြီး ရောက်သွားမှ ကိုယ့်ထိုက်နှင့်ကိုယ့်ကံဟု မျက်နှာလွှဲ ခဲပစ် လုပ်ကြသည်လည်း ရှိသည်။
ဒူဘိုင်းကို အိမ်အကူအလုပ်ဖြင့်သွားသည့် ယွန်းယွန်းဆိုလျှင် မသွားရသေးခင်က တပတ်တရက် နားရက်ရမည်ဟု အေးဂျင့်က ပြောသော်လည်း ရောက်သွားတော့မှ နားရက် မပေးနိုင်ဟု သိရသည်။ အိမ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံးဆီက ကော်မရှင်ယူပြီး ပို့ပေးလိုက်ခြင်းဖြစ်သည်။
ယွန်းယွန်းက ၂၀၁၀ မတိုင်ခင်က စင်ကာပူမှာ အိမ်အကူအလုပ်လုပ်ဖူးသည့်အတွေ့အကြုံရှိတာကြောင့် ဘာသာစကား အခက်အခဲသိပ်မရှိသော်လည်း အခုမှ စအလုပ်လုပ်ဖူးသည့် လူငယ်လူသစ်လေးများ အတွက်တော့ အတော်ခက်ခဲသည်။ ယွန်းယွန်းအသိ လူငယ်လေးတချို့ဆိုလျှင် ဘာသာစကား မကျွမ်းကျင်မှုကြောင့် အိမ်ရှင်နှင့် ပြဿနာဖြစ်ရသည်။
“ကလေးတွေ ဒုက္ခ ရောက်တယ်။ စကားလည်း မပြောတက်တော့ အဆင်မပြေကြဘူး။ ပြန်ချင်ရင် သိန်း ၆၀ လောက် လျှော်ရမှာ ဆိုတော့ ပြန်လို့လည်းမရဘူး”
အမှန်တကယ် သင့်တင့်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရှိလျှင် အေးချမ်းသည့် ခေတ်အခြေအနေ တခုဖြစ်နေလျှင် မည်သူကမျှ ကိုယ့်မွေးဖွားရာ ဇာတိမြေကိုထားခဲ့ပြီး ရေကြည်ရာ မြက်နုရာ ရှာဖွေကြမှာ မဟုတ်။ ယွန်းယွန်းဆိုလျှင် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ရပ်ကွက်ဈေးမှာ စင်ကာပူမှ အပြန် ပါလာသည့် ငွေကလေးဖြင့် ကုန်ခြောက်ဆိုင်ဖွင့် ဈေးရောင်းရင်း အဆင်ပြေခဲ့ဖူးသည်။
၂၀၂၁ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် မိမိနိုင်ငံထဲက လူ့စွမ်းအား အရင်းအမြစ်များကို ပြည်တွင်းမှာ အသုံးချလို့ရနိုင်သည့် အခွင့်အရေးအားလုံးသည်လည်း ပျက်သုဉ်းသည့် အခြေအနေတခု အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်း ပါးရှားမှုကြောင့် နိုင်ငံရပ်ခြားသို့ အလုပ်ထွက်လုပ်သူတွေ တနေ့ထက်တနေ့ ပိုများလာသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးရှေ့တွင် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ သွားရန် နည်းလမ်းမျိုးစုံဖြင့် ပြင်ဆင်နေကြသော လူငယ်၊လူလတ်များ ပြည့်ကျပ်လို့နေသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် အသစ်ပြောင်းလဲထားသော ပေါ်လစီအရ online booking အရင်ယူပြီးမှ ဆောင်ရွက်စရာများကို ဆက်လက်လုပ်ဆောင်ရသည်။ ယခုလက်ရှိမှာတော့ ခြောက်လပိုင်းအထိ booking ပြည့်လို့နေပြီဖြစ်သည်။ booking ရဖို့အတွက်ပဲ လုပ်ဆောင်ပေးသူဆိုလျှင် သုံးသောင်းကျပ် ပေးရသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးရှေ့တွင် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံများသို့ သွားရန် နည်းလမ်းမျိုးစုံဖြင့် ပြင်ဆင်နေကြသော လူငယ်၊လူလတ်များ ပြည့်ကျပ်လို့နေသည်။
ဘယ်အချိန်မှာ ဘာဖြစ်မည် ခန့်မှန်းရခက်သည့်၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမည်မသိတော့သည့် နိုင်ငံတနိုင်ငံ၏ အမိုးအောက်တွင် နိုင်ငံသားများ၏ လုံခြုံမှုကို ဘယ်သူကမှ မပေးစွမ်းနိုင်တော့သည့် အနေထားသို့ ရောက်ရှိလာခဲ့သည်။
နုနုတို့ တူဝရီးမှမဟုတ် တခြားသော မိသားစုများ၏ ရင်နှစ်သည်းချာ အတော်များများသည်လည်း နိုင်ငံ၏ နယ်နမိတ်အပြင်ဘက် ရောက်ရှိနေကြသည်။
“ငါတို့ကလေး ဘယ်အချိန် ဘာဖြစ်မယ်မှန်း မသိတော့ ဒီ့ထက်ကောင်းတဲ့နေရာမှာ အသက်ရှင်နေတာလေး မြင်နေရရင် အဆင်ပြေပါပြီ။ မရှိ ရှိတာ ရောင်းချပေါင်နှံပြီးပို့မှာ” ဟု ပြောသည့် မိခင်အချို့ကိုလည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့မှာတန်းစီရင်း နုနု မကြာခဏတွေ့ရသည်။
အချို့သူများ၏ အိမ်အပြန်ခရီးကတော့ ကြိုဆိုမည့်သူများ မစုံလင်နိုင်တော့သလို၊ အနှစ်နှစ်အလလ စုဆောင်းရှာဖွေပြီး ပို့ထားတာလေးများနှင့် ဆောက်လုပ်ထားသော အိမ်ကြီးအိမ်ကောင်းတွေ နေရာမှာ မီးလောင်ပြင်ပြာပုံနွေးနွေးက စောင့်ကြိုနေတာလည်း ရှိသည်။
နုနုကတော့ သုံးနှစ်အလုပ် လုပ်ပြီး အိမ်ပြန်လာတဲ့အခါ အိမ်တလုံးဝယ်မည် စိတ်ကူးထားသည်။
နုနုလိုပင် အတွေးရည်မှန်းချက်ကိုယ်စီဖြင့် အိမ်အပြန်ခရီးကို တွေးဆပြီး ပျော်နေသူများလည်း ရှိလိမ့်မည်ဖြစ်သည်။ အချို့သူများ၏ အိမ်အပြန်ခရီးကတော့ ကြိုဆိုမည့်သူများ မစုံလင်နိုင်တော့သလို၊ အနှစ်နှစ်အလလ စုဆောင်းရှာဖွေပြီး ပို့ထားတာလေးများနှင့် ဆောက်လုပ်ထားသော အိမ်ကြီးအိမ်ကောင်းတွေ နေရာမှာ မီးလောင်ပြင်ပြာပုံနွေးနွေးက စောင့်ကြိုနေတာလည်း ရှိသည်။
နုနုတို့ တူဝရီးအပါအဝင် စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး တိုင်းတပါးမှာ အလုပ်သွားလုပ်သူအားလုံး၏ အိမ်အပြန်ခရီးမှာ အရှေ့ဆီက ထိုးထွက်လာသည့် ငြိမ်းချမ်းသော ရောင်ခြည်နွေးနွေး၏ အရသာကို ခံစားရရှိစေချင်ပါသည်။
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)
You may also like these stories:
စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် ရာသီဥတုဘေးပါ ရင်ဆိုင်နေရ
ဒုက္ခသည်တွေ ကူညီမှာလား၊ စစ်ကောင်စီကို ကူညီမှာလား
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး