“ဒီနွေဦးမှာ ကျနော့်ကိုယ်ကျနော် အသေခံ ဗုံးမခွဲခဲ့ဘူး။ ကျနော် တောမခိုသေးဘူး။ တပ်ဦးအလံကို ကိုင်ပြီး အသက်ပေး ချစ်မပြရသေးဘူး” ဟု PlugX အမည်ရှိ မြန်မာကဗျာဆရာတဦးက မကြာသေးမီက ထုတ်ဝေသည့် သူ၏ကဗျာစာအုပ်ဖြစ်သော “ချစ်သော တော်လှန်ရေး” အမည်ရှိ ကဗျာစာအုပ် အမှာစာတွင် ရေးသားသည်။
PlugX ခံစားရသည့် ရှင်ကျန်သူများ အပြစ်ရှိသကဲ့သို့ ခံစားရခြင်းမျိုးကို မြန်မာကဗျာဆရာ အများအပြား ခံစားကြရပြီး ဆယ်ပေါင်းများစွာသော ထိုကဗျာဆရာများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ခုခံဆန့်ကျင်သောကြောင့် တောခို၊ ထောင်ချခံ၊ သတ်ဖြတ်ခံနေရသည်။
တော်လှန်ကဗျာသည် မြန်မာကိုလိုနီအတိတ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ ယနေ့ မြန်မာနိုင်ငံ၏ အများစုကို ဗြိတိသျှ အိန္ဒိယအင်ပါယာအတွင်း နယ်ချဲ့သွတ်သွင်းလိုက်သည့် ၁၈၈၅ ခုနှစ်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးနောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် ထိုသိမ်းပိုက်မှုကြောင့် ဗုဒ္ဓသာသနာကို အန္တရာယ်ကျရောက်စေမည့်အရေး စိုးရိမ်ပြီး ဗြိတိသျှတို့ကို ပထမဆုံးလက်နက်ကိုင် ပုန်ကန်သူများတွင် ပါဝင်သည်။ ထိုဘုန်းတော်ကြီးများသည် တော်လှန်ကဗျာများ ရေးသားကြပြီး ထိုကဗျာများအနက် အချို့သည် တဆင့်စကားဖြင့်ပင် တနိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့သည်။
တော်လှန်ကဗျာသည် မြန်မာကိုလိုနီအတိတ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။
စာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း (၁၈၇၆-၁၉၆၄) သည် ၁၉၁၀ ပြည့်နှစ်များအတွင်း အငယ်တန်း သတင်းသမားအဖြစ် လုပ်ကိုင်ရင်း နိုင်ငံရေးကို စိတ်ဝင်စားလာသည်။ ထိုအချိန်က ဗမာဟု သိကြသော မြန်မာနိုင်ငံသည် ဗြိတိသျှ အိန္ဒိယမှ ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် ရုန်းကန်တိုက်ပွဲဝင်နေချိန်ဖြစ်သည်။ သူသည် ကဗျာစာပေဘက်သို့ တိမ်းညွှတ်လာပြီး သူ၏စာပေသြဇာ ကြီးမားရခြင်းမှာ ဗမာအမျိုးသားရေးလှုပ်ရှားမှုမှ ထွက်ပေါ်လာသော နိုင်ငံရေးထောက်ခံမှုကြောင့် ဖြစ်သည်။
၁၉၃၄ ခုနှစ်တွင် မာ့က်စ်ဝါဒီ ကျောင်းသားများက သူ့ကို နယ်ချဲ့ဆန့်ကျင်ရေး တို့ဗမာအစည်းအရုံး အကြီးအကဲ အဖြစ် ခန့်အပ်ကြသည်။ နောင် ၂ နှစ်ကြာသောအခါ သူ့ကို တော်လှန်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ နာယကအဖြစ် ရွေးချယ်ကြသည်။ စာဆိုတော်ကြီးနှင့် တော်လှန်သော ကျောင်းသားများ အစောပိုင်းတွင် ပေါင်းစည်းမိသော်လည်း ဆရာကြီးသည် သူ့ဘဝ နောက်ပိုင်း နေ့ရက်များတွင် အာဏာနိုင်ငံရေးနှင့် ကင်းကင်းနေပြီး ငြိမ်းချမ်းရေး လှုပ်ရှားသူအဖြစ် နေထိုင်ခဲ့သည်။
၁၉၃၀ ပြည့်နှစ်များသို့ ရောက်သောအခါ ခေတ်ဆန်းကဗျာလှုပ်ရှားမှုကို အင်္ဂလိပ် ရိုမန်တစ် ကဗျာများနှင့် အကျွမ်းတဝင်ရှိသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများက ဦးဆောင်ကြသည်။ ခေတ်ဆန်းကဗျာသည် ခေတ်စနစ်ကို ဗြောင်ကျကျ ဆန့်ကျင်ခြင်း မရှိပေ။ ခေတ်ဆန်း ကဗျာဆရာများသည် သဘာဝ၊ ကျေးလက်ဘဝ၊ စစ်၏ဆိုးကျိုးများနှင့် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အကြောင်းများကို အစဉ်အလာ လေးလုံးစပ်နည်းနှင့် ခေတ်သစ်အမြင်များဖြင့် ပေါင်းစပ်ရေးဖွဲ့ကြသည်။
ထိုကဗျာဆရာများအနက် ထင်ရှားသူများတွင် ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ ပါဝင်သည်။ မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းသောအခါ စာပေပညာရှင်နှင့် စာရေးဆရာ ဆရာကြီး မင်းသုဝဏ်၏ ဒုတိယ သားဖြစ်သော ဦးထင်ကျော်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ကိုယ်စားပြုပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက်ပိုင်း ၁၉၅၀ ပြည့်နှစ်များက ဆိုရှယ်လစ် သရုပ်မှန်ဝါဒကို ထင်ဟပ်သည့် စာပေသစ် လှုပ်ရှားမှုကို ကဗျာဆရာကြီး ဒဂုန်တာရာ (၁၉၁၉-၂၀၁၃) က စတင်လိုက်သည်။
“ကာရန်မဲ့ချင်မဲ့ ဒဿန မမဲ့စေနဲ့” ဆိုသည့်စကားမှာ ဒဂုန်တာရာ၏ အဆိုအမိန့် ဖြစ်သည်။ သို့သော် ဒဂုန်တာရာ အပါအဝင် မြန်မာကဗျာဆရာ အနည်းငယ်သာ ကာရန်တည်ဆောက်ပုံ မပါသော ကာရန်မဲ့ကဗျာများကို စိတ်ကူးပုံဖော်ကြသည်။
“ကာရန်မဲ့ချင်မဲ့ ဒဿန မမဲ့စေနဲ့” ဆိုသည့်စကားမှာ ဒဂုန်တာရာ၏ အဆိုအမိန့် ဖြစ်သည်။
ဆရာဒဂုန်တာရာသည် ၁၉၃၀ ပြည့်နှစ်များက ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကဲ့သို့ပင် ဆရာဒဂုန်တာရာသည်လည်း ပါတီနိုင်ငံရေး လုပ်ကိုင်ခြင်း မရှိသော်လည်း တော်လှန်သော ကျောင်းသားများနှင့် ကဗျာဆရာများအကြားတွင် ထောက်ခံမှု အကြီးအကျယ် ရရှိသူဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းသည် နိုင်ငံရေးဆန့်ကျင်မှု အားလုံးကို နှိမ်နင်းရန် ကြိုးစားသည်။ တော်လှန်သော နိုင်ငံရေးနှင့် ကဗျာသည် သေဆုံးသွားခြင်း မရှိခဲ့သော်လည်း မြေအောက်သို့ ငုပ်လျှိုးသွားခဲ့ရသည်။
ပိတ်ပင်ခံရသော ကဗျာများကို လက်လုပ်စာကူးစက်ဖြင့် ကိုယ်တိုင်ထုတ် ကဗျာများအဖြစ် တက္ကသိုလ်နယ်မြေများတွင် ဖတ်ရှုကြသည်။ ထိုကဗျာများသည် ကွန်မြူနစ် တော်လှန်မှုနှင့် ပတ်သက်သည် သို့မဟုတ် ကျောင်းသားလှုပ်ရှားနှင့် ပတ်သက်နေသည်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် ပွဲတော်တွင် အာဏာရှင် ဦးနေဝင်း စစ်အစိုးရကို ဆန့်ကျင်သည့် အကြီးမားဆုံး ကျောင်းသားဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီး တက္ကသိုလ်ကျောင်းသား ၁၀၀ ကျော်နှင့် ကွန်မြူနစ်ဟု စွပ်စွဲခံရသူပေါင်းများစွာ ထောင်သွင်းအကျဉ်းချခံရသည်။
အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နေရာတွင် အစားထိုးဝင်ရောက်လာသော စစ်အစိုးရသည် ဆန္ဒပြသူ ရာပေါင်းများစွာ သတ်ဖြတ်ခံရသည့် ၁၉၈၈ ခုနှစ် တနိုင်ငံလုံးအုံကြွမှုအတွက် ကွန်မြူနစ် လှုံ့ဆော်မှုကို အပြစ်တင်သည်။
ထိုစစ်အုပ်စုအောက်တွင် နိုင်ငံတော် ဆင်ဆာဖြတ်တောက်မှု ပိုမိုတင်းကျပ်ပြီး ပုံနှိပ်ထုတ်ဝေသော စာများတွင် “အနီ” ဆိုသည့် စကားလုံးပါသည်ကိုပင် အန္တရာယ်ဟု မြင်သည်။ ထုတ်ဝေသော စာများအားလုံးကို အကြိမ်ကြိမ် စစ်ဆေးသည်။ ဖြန့်ချိသည့်အဆင့် ရောက်နေသည့် စာပေမဂ္ဂဇင်းများမှ သံသယရှိသော စာသားများကို မှင်ဖြင့်ဖုံးအုပ်ခြင်း၊ ဖျက်ပစ်ခြင်းများ လုပ်သည်။ တခါတရံ စာမျက်နှာများကို တခုလုံး ဆုတ်ဖြဲပစ်သည်။
အပြစ်ကင်းစင်ပုံရသည့် ချစ်သူများနေ့ကဗျာသည် ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးဟု စွပ်စွဲသော ကဗျာဖြစ်နေသောကြောင့် ကဗျာဆရာစောဝေကို ၂၀၀၈ ခုနှစ်တွင် ထောင် ၂ နှစ်ချခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် အသွင်ကူးပြောင်းရေး အစိုးရဖြစ်လာပြီး နောက်ပိုင်းတွင် ဆင်ဆာဖြတ်တောက်မှုများကို ရုတ်သိမ်းခြင်းသည် မြန်မာသို့ အင်တာနက်နှင့် လူမှုကွန်ရက် စတင် မိတ်ဆက်ချိန် တိုက်ဆိုင်နေခဲ့သည်။
နေ့ချင်းညချင်းနီးပါးပင် မြန်မာကဗျာဆရာနှင့် စာရေးဆရာများသည် အွန်လိုင်းတွင် လှုပ်ရှားလာကြသည်။ လူမှုကွန်ရက်၏ အလိုအလျောက် ပျံ့နှံ့တတ်သည့် သဘောသဘာဝကြောင့် ၎င်းတို့၏ လက်ရာများ အွန်လိုင်းတင်သည့် ကဗျာဆရာများကို အလွယ်တကူ သိနိုင်ပြီး လွယ်ကူစွာ ဖော်ထုတ်ကာ ခြေရာခံလိုက်လာနိုင်သည်။
ယခင်စစ်အုပ်စုအောက်တွင် နိုင်ငံတော် ဆင်ဆာဖြတ်တောက်မှု ပိုမိုတင်းကျပ်ပြီး ပုံနှိပ်ထုတ်ဝေသော စာများတွင် “အနီ” ဆိုသည့် စကားလုံးပါသည်ကိုပင် အန္တရာယ်ဟု မြင်သည်။
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အာဏာရလာသည့် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင်ပင် ကဗျာဆရာများနှင့် စာရေးဆရာများကို စွဲဆိုသည့် အမှုအရေအတွက် တိုးလာသည်။
၂၀၁၆ ခုနှစ်တွင် ကဗျာဆရာမောင်ဆောင်းခသည် သူ၏ အမျိုးသား လိင်အင်္ဂါတွင် ထိုစဉ်က သမ္မတ၏ ပုံကို ဆေးမင်ကြောင် ထိုးကြောင်း ကဗျာရေးသောကြောင့် ထောင် ၆ လ ချခံရသည်။
ထိုဆယ်စုနှစ်အတွင်း သမားရိုးကျ မာ့က်စ်ဝါဒ နိုင်ငံရေးထက် ကျော်လွန်သည့် လူငယ်ကဗျာဆရာ မျိုးဆက်လည်း ပေါ်ပေါက်လာသည်။ အချို့ကဗျာဆရာလက်သစ်များသည် အမျိုးသမီးနှင့် LGBTQ အုပ်စုများ၏ အခွင့်အရေးများ အကြောင်းသာမက သဘာဝ ပတ်ဝန်းကျင် ပြဿနာများ အကြောင်းကိုလည်း ရဲဝံ့စွာ ရေသားကြသည်။
၂၀၁၆ ခုနှစ်မှ စတင်သည့် မွတ်ဆလင်လူနည်းစု ရိုဟင်ဂျာများကို စစ်တပ်က ဖြိုခွဲသည့် ကာလအတွင်း လူအများသည် မွတ်ဆလင် ဆန့်ကျင်ရေး ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒတွင် ရူးသွပ်နေသော်လည်း ကဗျာဆရာ သန်းတိုးအောင်နှင့် ခက်သီတို့က ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်ကြောင်း ကဗျာများ ရေးသားကြသည်။
ဆယ်စုနှစ်အတွင်း သမားရိုးကျ မာ့က်စ်ဝါဒ နိုင်ငံရေးထက် ကျော်လွန်သည့် လူငယ်ကဗျာဆရာ မျိုးဆက်လည်း ပေါ်ပေါက်လာသည်။
၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြန်မာကဗျာဆရာများ ဦးဆောင်သင့်သည်ဟု သမိုင်းက တောင်းဆိုလိုက်သကဲ့သို့ ဖြစ်နေသည်။ ယခင်ခေတ်က အုံကြွမှုများကဲ့သို့ပင် ၂၀၂၁ ခုနှစ် အုံကြွမှုသည် စစ်အုပ်စုဆန့်ကျင်ရေး ကြွေးကျော်သံ အများအပြားကို ဖော်ပြခဲ့သည်။
“မျိုးဆက်မှားနေပြီ”၊ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”၊ “ပန်းတွေကို ခြွေလို့ရပေမယ့် နွေဦးကို ရပ်တန့်လို့မရဘူး” စသည့် ကဗျာစာသားများသည် လူသိများသော စာပိုဒ်များဖြစ်သည်။
အနောက်မြောက်လွင်ပြင်ဟုခေါ်သည့် နိုင်ငံရေးကဗျာဆရာများ အဝန်းအဝိုင်းရှိသည့် မုံရွာတွင် ကဗျာဆရာ ကေဇဝင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လက ဖြစ်ပွားသည့် ဆန္ဒပြပွဲအတွင်း ပစ်သတ်ခံရသည်။ သူ၏သူငယ်ချင်း ခက်သီသည် မေလတွင် ထိုနေရာအနီးရှိ ရွေဘိုမြို့တွင် ဖမ်းဆီးညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရသည်။
ဦးခေါင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသည့် ကေဇဝင်းကို ရည်ရွယ်ပြီး သြဇာကြီးမားလှသော စကားလုံးများကို သုံးကာ “သူတို့က ခေါင်းကိုပစ်တယ် … တော်လှန်ရေးက နှလုံးသားမှာရှိတာ … သူတို့ မသိကြဘူး” ဟု ရေးခဲ့သောကြောင့် ထိုစာများသည် တော်လှန်သောစာများ ဖြစ်လာသည်။
ကေဇဝင်း၏ အုတ်ဂူကို သူကွယ်လွန်သည့် နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့ တွင် ဖျက်ဆီးခံရသည့်အချက်က မုံရွာကဗျာဆရာများသည် ၎င်းတို့၏ အုတ်ဂူကို ကျော်လွန်သည့် စွမ်းအားကို ပြသနေသည်။
၂၀၂၂ နွေဦးမှစတင်ပြီး ကဗျာဆရာ မောင်ယုပိုင်နှင့် သူ၏ရှေ့နေ၊ ကဗျာဆရာ နရီ (မြိတ်) တို့သည် ထောင်ချခံထားရသည်။ စစ်ဆန့်ကျင်ရေး ကဗျာဆရာဟု ယခင်က လူသိများသည် မောင်ဆောင်းခနှင့် အခြား ငြိမ်းချမ်းရေးကဗျာဆရာ အများအပြားသည် စစ်အုပ်စုကို ဆန့်ကျင် လက်နက်ကိုင်ရန် မြို့ကြီးများမှ ထွက်ပြေးကြသည်။
ကေဇဝင်း၏ အုတ်ဂူကို သူကွယ်လွန်သည့် နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့ တွင် ဖျက်ဆီးခံရသည့်အချက်က မုံရွာကဗျာဆရာများသည် ၎င်းတို့၏ အုတ်ဂူကို ကျော်လွန်သည့် စွမ်းအားကို ပြသနေသည်။
ကဗျာသက်သက်သည် ခုခံတော်လှန်ရေး လှုပ်ရှားမှု၏ ရင်းမြစ် မဖြစ်နိုင်သလို ခုခံတော်လှန်ရေး သက်သက်သည်လည်း ကဗျာအတွက် ရင်းမြစ် မဖြစ်နိုင်ပေ။
သို့သော် မြန်မာတွင် ထိုနှစ်ခုသည် မူလဗီဇအရာသဖွယ် ဆက်စပ်နေပြီး အထူးသဖြင့် ကဗျာဆရာများကိုယ်တိုင် သမိုင်းဝန်ထုတ်ဝန်ပိုးကို ထမ်းပြီး အပြစ်သဖွယ်ဖြစ်သော ကိစ္စများဖြင့် လောင်ကျွမ်းနေသောအခါ ခုခံတော်လှန်ရေး လှုပ်ရှားမှု၏ တပ်ဦးတွင် ရောက်လာကြသည်။
(Nikkei Asia မှ ကိုကိုသက် ၏ Myanmar poets speak out from the front lines of protest ကို ဆီလျော်အောင် ဘာသာပြန်သည်။ ကိုကိုသက်သည် မြန်မာကဗျာဆရာနှင့် စာရေးဆရာဖြစ်ပြီး သူ၏ နောက်ဆုံးစာအုပ်မှာ Zephyr Press က ၂၀၂၂ ခုနှစ်တွင်ထုတ်ဝေသည့် Bamboophobia ဖြစ်သည်။)
You may also like these stories:
အနုပညာဖန်တီးမှုတွေ ဆိတ်သုဉ်းသွားတော့မလား
စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ
သံတိုင်များနောက်က လူ့အခွင့်အရေးကို ယုံကြည်သူ ဒါရိုက်တာ
ပီနိုချေး၊ နေရူဒါနဲ့ ပြည်ပြေးမှတ်စု
နိုင်ငံရေးသမား စာရေးဆရာ မုံရွာအောင်ရှင် ကွယ်လွန်ခြင်း