စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလအတွင်း လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ပျက်စီးပျောက်ဆုံးသွားမှုနဲ့အတူ အခုနောက်ပိုင်း မြင့်တက်လာနေတဲ့ အငြိုးထားသတ်ဖြတ်မှုတွေဟာလည်း လူတဦးချင်းစီရဲ့ လွတ်လပ်လုံခြုံမှုအပေါ် ကြီးမား တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာနေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှုတွေကနေ စတင်ခဲ့တဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေဟာ ကြောက်မက်ဖွယ်ရာ အရေအတွက်ကို ရောက်ရှိလာသလို တော်လှန်ရေးအင်အားစုတချို့ရဲ့ သတ် ဖြတ်မှုနဲ့ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတယ်လို့ လူအများယုံကြည်ထားတဲ့ သွေးသောက်၊ စွန်ရဲစတဲ့ အဖွဲ့တွေရဲ့ သတ်ဖြတ်မှုတွေဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။
မကြားသေးမီ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေ ၁၀ ရက်ထိ အရပ်သားသေဆုံးမှု ၅,၆၄၆ ဦးထက် မနည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
သေဆုံးမှုတွေထဲ ဆန္ဒပြစဉ် စစ်တပ်ရဲ့ ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသူ ၁,၈၃၁ ဦး၊ လက်နက်ကိုင်ပဋိပက္ခ တွေကြောင့် သေဆုံးသူ ၆၉၀ ဦး၊ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ထုတ်ဖော်ပြောဆိုတဲ့ ဒလန်လို့စွပ်စွဲခံရပြီး အသတ်ခံရသူ ၃,၁၀၇ ဦးနဲ့ သွေးသောက်အဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းခံရသူ ၁၈ ဦး တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “ဒါက တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ပြဿနာပေါ့။ အလားတူပဲ နိုင်ငံသားတဦးချင်းစီရဲ့ ပုဂ္ဂလိက လွတ်လပ်မှုနဲ့ လုံခြုံမှုကိုလည်း အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ အန္တရာယ်ကြီးပေါ့။ သို့သော် ဒါကြီးကို ရှောင်လွှဲလို့ရမလားဆိုတော့ ရှောင်လွှဲလို့ မရနိုင်ဘူး။ ဘာကြောင့်လဲဆို နှစ်ဖက်အဖွဲ့အစည်းတွေကြားမှာ နိုင်ငံရေးထက် စစ်ရေးအသွင်သဏ္ဍာန်ဆောင်တဲ့ လှုပ်ရှားမှုက ပိုပြီးများလာနေတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။
လက်တွေ့မှာလည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကြားက တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက် သက်ဆိုင်ခြင်း မရှိတဲ့ မိသားစုဝင်တွေကိုပါ ခြိမ်းခြောက်သတ်ဖြတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာခဲ့သလို အာဏာသိမ်းပိုက်ပြီး အစိုးရလို့ ခံယူထားတဲ့ စစ်တပ်ရဲ့အရေးယူခြင်းက ကင်းလွတ်နေတဲ့ သွေးသောက်အဖွဲ့ အမည်ခံတွေဟာလည်း ပေါ်ပေါ်တင် တင်ပဲ လူသတ်မှုတွေကို ကျူးလွန်နေကြပါတယ်။
သွေးသောက်နဲ့ စွန်ရဲတို့လို အဖွဲ့တွေဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကို လက်တုံ့ ပြန်မယ်လို့ ကြွေးကြော်ထားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ ထောက်ခံသူတွေ၊ PDF တပ်ဖွဲ့ဝင် တွေရဲ့ မိသားစုတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေရဲ့ မိသားစုတွေကိုပါ သတ်ဖြတ်ဖို့ ပေါ်ပေါ်တင်တင် ခြိမ်းခြောက် ကြေညာနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်ကဆိုရင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှာ အသက် ၆၁ နှစ်အရွယ် ဒေါ်မြမြဆိုသူနဲ့ သမီးဖြစ်သူ အသက် ၃၅ နှစ်အရွယ်တို့ဟာ နေအိမ်အတွင်းမှာပဲ အနီရောင်သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲကဒ်တွေနဲ့အတူ လက်ပြန် ကြိုးတုပ်လျက် သတ်ဖြတ်ခံထားရပါတယ်။
မေ ၂၄ ရက်ကလည်း ထားဝယ်မြို့ ကမ်းနားဈေးမှာ ဈေးရောင်းနေတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးကို သေနတ်သမား ၁ ဦးက လာရောက်ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။
အဆိုပါ သေဆုံးသူတွေနဲ့ ပတ်သက်လို့ နီးစပ်တဲ့ဒေသခံတွေကတော့ PDF တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပေမယ့် ဧရာဝတီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး PDF ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ လူငယ် သရုပ်ဆောင်ဟိန်းထက်ရဲ့ ရန်ကုန်မြို့ကနေအိမ်ကို သွေးသောက်အဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အဖိုးဖြစ်သူ သေ ဆုံးခဲ့ရပြီး သွေးသောက်အဖွဲ့တွေကလည်း ၎င်းတို့လက်ချက် ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၂၂ ဧပြီ ၂၁ ရက်မှာ စတင်ဖွဲ့စည်းကြောင်း ကြေညာတဲ့ သွေးသောက်၊ စွန်ရဲ၊ မျိုးချစ်ညွန့်ပေါင်း စတဲ့ အမည်ခံအဖွဲ့တွေ ဟာ အဓိကအားဖြင့် NLD ပါတီအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
မေ ၅ ရက်ထိ NLD ပါတီဝင် ၇ ဦးနဲ့ ပါတီထောက်ခံသူ ၇ ဦး သတ်ဖြတ်ခံရပြီး လူမြင်ကွင်းမှာ အလောင်းစွန့်ပစ်ခံရတယ်လို့ NLD ပါတီက ထုတ်ပြန်ထားပြီး မျက်မြင်သက်သေများရဲ့ ပြောကြားမှုကို ကိုးကားကာ အဲဒီအဖွဲ့တွေမှာ ရဲနဲ့စစ်သားတွေ ပါဝင်ပတ်သက်နေတယ်လို့လည်း ဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသူတဦးက “တဖက်က စစ်ကောင်စီ ထောက်တိုင်တွေရဲ့ ဒလန်ရှင်းလင်းရေး ကျယ်ပြန့်လာတဲ့ အခါကျ တော့ အဲဒီ အခြေအနေကို ပြန်ပြီးထိန်းသိမ်းနိုင်ဖို့ အာဏာရယူထားတဲ့ အဖွဲ့အစည်းက တရားဝင်အစိုးရအဖွဲ့လို့ ကြေညာ ထားတဲ့အတွက် ဥပဒေဘောင်ထဲက လုပ်လို့မရဘူး။ အဲဒီအခါကျတော့ သူ့ရဲ့ထောက်ပံ့မှုနဲ့ ပျူစောထီးတွေ၊ ခုနောက်ပိုင်း သွေးသောက်အဖွဲ့လိုဟာမျိုးတွေ၊ မျိုးချစ်ဆိုတဲ့ အစွန်းရောက်တွေကို နောက်ကွယ်ကနေမှ လက်နက်၊ ငွေကြေး ပံ့ပိုးပေးပြီး တော့ တန်ပြန်တုံ့ပြန် ရှင်းလင်းရေးလုပ်ငန်း လုပ်ကြတာပေါ့” လို့ သုံးသပ်ပါတယ်။
သို့သော် အာဏာသိမ်းပိုက်ထားတဲ့ စစ်ကောင်စီကတော့ NLD ပါတီဝင်တွေကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ သွေး သောက်နဲ့ စွန်ရဲ စတဲ့အဖွဲ့တွေဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီး PDF တွေရဲ့ သတ်ဖြတ်မှုတွေအပေါ် မကျေနပ် ကြတဲ့ ပြည်သူတွေကပဲ ပြန်လည်တုံ့ပြန် သတ်ဖြတ်တဲ့အနေနဲ့ ပြည်သူချင်းသတ်ဖြတ်မှုပုံစံ ပုံဖော်ပြောဆိုထားပါတယ်။
ထို့ပြင် အခုလို တရားလက်လွတ် သတ်ဖြတ်မှုတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့ကိုလည်း အစိုးရတရပ်အဖြစ် အာဏာရ ယူထားတဲ့ စစ်ကောင်စီဘက်က ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်းမျိုး မရှိပါ။
တဖက်မှာလည်း စစ်ကောင်စီကို တော်လှန်နေတဲ့ PDF တွေ၊ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပြောက်ကျားတပ်ဖွဲ့တွေရဲ့ သတင်းပေးဒလန်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေဖြိုချရေး ရည်ရွယ်သတ်ဖြတ်မှုတွေဟာလည်း တစစ ပိုမိုကျယ်ပြန့်လာခဲ့ပြီး နေ့စဉ် ဒလန်ရှင်းလင်းရေးခေါင်းစဉ်နဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
အထူးသဖြင့် ဒီလို အပြန်အလှန် သတ်ဖြတ်မှုတွေဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အများဆုံးဖြစ်ပွားနေပြီး ချောင်းဦး မြို့နယ်၊ ကင်မွန်းတော်ကျေးရွာနဲ့ မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာတို့က ဒေသခံ ၂၃ ဦးကို PDF တွေ သတ်ဖြတ် သွားကြောင်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံပိုင်သတင်းစာတွေကနေ မေလပထမပတ်က ဖော်ပြခဲ့ပါတယ်။
ဒီသတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့တဲ့ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေကတော့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန်တွေ ဖြစ်တာကြောင့် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပေမယ့် အမှန်တကယ် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေး လှုပ်ရှားမှုတွေကို တိုက်ခိုက်နေသူတွေ ဟုတ်မဟုတ် သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။
ဒီလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေ နဲ့ စစ်ပွဲအတွင်း လိုက်နာရမယ့် စည်းမျဉ်းတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ လမ်းညွှန်ထိန်းကျောင်းနေကြောင်း၊ အပြစ်မဲ့အရပ် သားတွေအပေါ် ကျူးလွန်တာတွေ ရှိလာပါကလည်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
၎င်းက “PDF တွေဘက်က လုပ်ဆောင်ချက်တွေမှာ အမုန်းတရားအခြေခံ၊ နောက်တခါ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ ခံယူချက်၊ ဒီမိုကရေစီရေးကိစ္စနဲ့ ဆန့်ကျင်ပြီးတော့ လုပ်ဆောင်တာတွေ မဖြစ်ဖို့အတွက် ကျနော်တို့ဘက်က လမ်းညွှန်ပြီးတော့ လုပ် ဆောင်နေပါတယ်။ ထိန်းကျောင်းနေပါတယ်။ တခါတလေ ဒီလိုမျိုးညွှန်ကြားရဲ့သားနဲ့ ကျူးလွန်မှုတွေ ဖြစ်လာခဲ့ရင်လည်း ဒါနဲ့ပတ်သက်ပြီးတော့ တိုင်းကြားဖို့အတွက် ယန္တရားတွေ၊ တရားဥပဒေကို ဖော်ဆောင်နိုင်ဖို့အတွက် တတ်နိုင်သ၍ လုပ် ဆောင်နေပါတယ်” လို့ ဆိုပါတယ်။
သို့သော် အထင်ရှားဆုံး ဥပမာတခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ ဗိုလ်သံမဏိဦးဆောင်တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို NUG အနေနဲ့ အရေးယူဆောင်ရွက်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပေမယ့် ယနေ့အချိန်ထိ သိသာမြင်သာတဲ့ အရေးယူမှုတစုံတရာ တွေ့မြင်ရခြင်း မရှိသေးပေ။
ယခုလို မြင့်တက်လာတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေဆီ တွန်းပို့ခဲ့သူကို မြင်အောင်ကြည့်ရမှာ ဖြစ်သလို စစ်အာဏာရှင် အမြစ်ဖြတ်ဆန့်ကျင်ရေး ခံယူချက်နဲ့ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ သဘောမကျသူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ သွေးသောက်၊ စွန်ရဲ စတဲ့အဖွဲ့တွေကြား ခြားနားကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
“တိုက်ရိုက် သက်ဆိုင်တဲ့သူတောင် မဟုတ်ဘဲနဲ့ သူတို့ကို အားပေးနေတဲ့၊ သူတို့နဲ့ ဆက်စပ်နေတဲ့ မိသားစုတွေ၊ ဘာမှ မဟုတ်ဘဲနဲ့ သတင်းအမှန်ကို တင်ပြနေတဲ့ သတင်းမီဒီယာတွေကိုတောင်မှ လုပ်ဆောင်မယ်ဆိုတော့ သူတို့ရဲ့ ရည်ရွယ် ချက်က ရှင်းပါတယ်။ သူတို့ မကြိုက်တဲ့သူ၊ သူတို့ စိတ်ထဲမတွေ့သူမှန်သမျှကို အကုန်လုံး သတ်ဖြတ်မယ်၊ အကြမ်းဖက် မယ် ဆိုတဲ့ဟာမျိုး တွေ့ရတဲ့အတွက် ဒါမှ အကြမ်းဖက်လုပ်ငန်းစဉ် ဖြစ်တယ်” လို့လည်း သူက ဆိုပါတယ်။
သွေးသောက်၊ စွန်ရဲ စတဲ့အဖွဲ့တွေရဲ့ လုပ်ရပ်တွေ၊ ခံယူချက်တွေနဲ့ ပတ်သက်လို့ ဦးအောင်မျိုးမင်းက ရည်ရွယ်ပြောဆိုခြင်း ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ သူက “အပြစ်မရှိတဲ့သူတွေ ထိခိုက်နစ်နာမှု မရှိအောင် ကျနော်တို့ ကာကွယ်ပေးရမယ်။ အထူးသဖြင့် စစ်ပွဲကာလနဲ့ စစ်ရေးပဋိပက္ခ ကာလအတွင်းမှာ ဖြစ်တယ်။ နောက်တခုက တရားဥပဒေစိုးမိုးရေးက အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ တယောက်နဲ့တယောက် သတ်ဖြတ်မှု မရှိဘဲနဲ့ ငြိမ်းချမ်းတဲ့နိုင်ငံ၊ ပတ်ဝန်းကျင် ထူထောင်နိုင်ဖို့က အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ ဆိုးဝါးတဲ့သတ်ဖြတ်မှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးယန္တရား ပျက်သုဉ်းမှုကို မီးမောင်းထိုးပြနေပြီး ဥပဒေမဲ့ သတ်ဖြတ်မှုတွေဟာ ဘယ်လိုမှ ကြေပျက်မသွားနိုင်တဲ့ ရာဇဝတ်မှုတွေသာ ဖြစ်တယ်လို့ ဥပဒေရေးရာအကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။
“ဥပဒေပိုင်းအမြင်အရ ဘယ်ဘက်ကပဲလုပ်လုပ်။ တော်လှန်ရေးအဖွဲ့ကပဲ လုပ်လုပ်၊ အာဏာသိမ်းတဲ့ အဖွဲ့ဘက်ကပဲ လုပ် လုပ်၊ ဘယ်သူ့ရဲ့ ကျောထောက်နောက်ခံနဲ့ပဲလုပ်လုပ် ဒါသည် ဥပဒေပိုင်းအမြင်အရ လူသတ်မှုပါပဲ။ ရာဇဝတ်မှုပါပဲ။ ဒါဟာ ဘယ်လိုမှ ကြေပျက်မသွားနိုင်တဲ့ ရာဇဝတ်မှုတခု ဖြစ်ပါတယ်။ ဒါကြောင့် တချိန်ချိန်မှာ နစ်နာသူမိသားစုက တရားရုံးတွေ မှာ ပြန်လည်တရားစွဲဆိုနိုင်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ သူက မှတ်ချက်ပြုပါတယ်။
ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေအရလည်း လူတဦးတယောက်အပေါ်မှာ တရားစီရင်ရေးယန္တရားရဲ့ အမိန့်စီရင်ချက်နဲ့ သေဒဏ်ပေးတာကလွဲလို့ လူ့အဖွဲ့အစည်းအတွင်း တစုံတဦးကို မိမိရဲ့ခံယူဆုံးဖြတ်ချက်နဲ့ သတ်ဖြတ်ပိုင်ခွင့် မရှိသလို တရား စီရင်ရေးယန္တရားကို အသုံးမပြုဘဲ ဘယ်အုပ်ချုပ်ရေး အဖွဲ့အစည်းကမှလည်း နိုင်ငံသားတယောက် (သို့) လူတယောက် အပေါ် အမိန့်ပေးသတ်ဖြတ်ပိုင်ခွင့် မရှိကြောင်းလည်း ဥပဒေရေးရာ ဆောင်ရွက်သူတွေက ထောက်ပြပါတယ်။
သို့သော် စစ်တပ် အာဏာသိမ်းထားတဲ့ ကာလကြာရှည်လာတာနဲ့အမျှ ဥပဒေမဲ့သတ်ဖြတ်မှုတွေ ဆိုးဝါးများပြားလာနိုင်ပြီး လူထုကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လာနိုင်တဲ့အတွက် နိုင်ငံရေးအားပြိုင်မှုတွေကြား ပါဝင်ပတ်သက်သူတွေအနေနဲ့ ဒီလိုသတ်ဖြတ်မှုတွေမှာ တာဝန်ယူ၊ တာဝန်ခံဖို့နဲ့ အရေးယူဖြေရှင်းကြဖို့လည်း တောင်းဆို တိုက်တွန်းမှုတွေ ရှိလာပါတယ်။
ဥပဒေရေးရာ ဆောင်ရွက်နေသူတဦးက “အုပ်ချုပ်ရေးအာဏာရယူပြီး အစိုးရတရပ်အဖြစ် ဆောင်ရွက်ချင်တယ်ဆိုရင် နိုင်ငံ သားတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို တာဝန်ယူရပါလိမ့်မယ်။ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် လူ့ အခွင့်အရေး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေကြတာပဲ။ နိုင်ငံရေးရည်ရွယ်ချက် တနည်းအားဖြင့် အစိုးရ ဖွဲ့စည်းမယ်ဆိုတဲ့ ပန်းတိုင်ကို ဆုပ်ကိုင်ပြီးတော့ လက်ရှိပစ္စုပ္ပန်ကာလမှာ နိုင်ငံသားတွေရဲ့ဘဝကို စတေးပြီးတော့ လူ့အခွင့် အရေးတွေကို ချိုးဖဲ့ဖျက်ဆီးနေကြတာပဲ ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း အကြမ်းဖက် သတ်ဖြတ်ခံနေရသူတွေထဲ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို တွေ၊ အမျိုးသမီးတွေလည်း ပါဝင်နေပြီး ပြင်းထန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့အတွက် အကြမ်းဖက် မှုတွေ ကာကွယ်တားဆီးရေးကို ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဆောင်ရွက်နေသူတွေ အနေနဲ့ အလေးထားကာ ဦးစားပေး ဆောင်ရွက်သင့်တယ်လို့လည်း အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) မှ နော်ဆဲဆဲက လည်း တိုက်တွန်းပြောဆိုပါတယ်။
“ဒါက ရာဇဝတ်မှုကျူးလွန်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်။ သေချာတာကတော့ လူ့အခွင့်အရေးကဏ္ဍ လုပ်ဆောင်နေတဲ့ သူတွေ က သေချာလေး ဦးစားပေးလုပ်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီက သူတို့ အနိုင်ရရှိရေးပဲ ပြောပြော တနည်းမဟုတ်ရင်တနည်း လုပ်မှာပဲ။ လူသတ်ရမှာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ ဝန်မလေးဘူး။ ဆိုတော့ အဲဒီ ကိစ္စရပ်တွေက ဒီအတိုင်းပဲ ဆက်ရှိနေမယ်ဆိုရင် ပိုဆိုးလာမယ့် အနေအထား ဖြစ်တယ်။ အချင်းချင်း သတ်ဖြတ်မှုတွေ များ လာမယ်၊ ဒီလို သတ်ဖြတ်မှုဟာလည်း လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ရင် ဘယ်သူပဲ သတ်တာဖြစ်ဖြစ် ရာဇဝတ်မှု ကျူးလွန်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်” လို့ နောျဆဲဆဲ က ဆိုပါတယ်။
အာဏာသိမ်း ၁ နှစ်ကျော် ကာလအတွင်း လူအများအပြား သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေရဲ့ အရင်းခံ အကြောင်းအရင်း ဟာ စစ်တပ်ရဲ့ အကြမ်းဖက် အာဏာရယူလိုမှုကြောင့် ဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ နစ်နာသူတွေရဲ့ တရားမျှတမှု ဖော်ဆောင်ရေးနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကာကွယ်နိုင်ဖို့ လက်တွေ့ကျပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်ကြောင်းလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ဦးထွန်းကြည်က ပြောပါတယ်။
၎င်းက “မိုက်တွင်းနက်ပြီးရင်း နက်နေတာပေါ့။ သွေးသောက်တို့၊ စွန်ရဲတို့ ပျူစောထီးတို့ကို ဖွဲ့စည်းပြီးတော့ အစွန်းရောက် ပေါ့။ ဒါတွေက လူ့အခွင့်အရေးကို အဆိုးဝါးဆုံး၊ အပြင်းထန်ဆုံး ချိုးဖောက်နေသလို စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အ ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေပါ။ ဒီလူတွေကို လက်တွေ့ကျကျ ထိရောက်တဲ့ အရေးယူ အပြစ်ပေးမှုကသာလျှင် အကြမ်း ဖက်မှုတွေကို ကာကွယ်ရာ၊ တားဆီးရာ ရောက်မယ်။ တရားမျှတမှု ရမယ်။ အခုလို လက်နက်ကိုင်ပြီး သောင်းကျန်နေတဲ့ စစ်အာဏာရှင်တွေ အကြမ်းဖက်ဝါဒကို ကိုင်စွဲပြီးတော့ လုပ်ချင်တိုင်းလုပ်၊ ဖြစ်ချင်တိုင်းဖြစ်၊ သတ်ချင်တိုင်းသတ်နေတဲ့ လူ သတ်ပွဲတွေကိုလည်း တားဆီးကာကွယ် ရပ်တန့်သွားနိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ၊ လူအစုအလိုက်အပြုံလိုက် သတ် ဖြတ်မှုတွေနဲ့အတူ အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေဆဲဖြစ်သလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ကလည်း စစ်ကောင်စီ ထောက်တိုင်ဖြစ်တဲ့ သတင်းပေးဒလန်ရှင်းလင်းရေးတွေကို လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် အပြန်အလှန် သတ်ဖြတ်မှုတွေဟာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ။
You may also like these stories:
မုံတိုင်ပင်ရွာတွင် အလောင်းများ ထပ်တွေ့၊ သတ်ခံရသူ ၃၀ ကျော် ရှိလာ
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့
စစ်ကောင်စီက စစ်ဘေးရှောင် အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေ