ဝဿန်ကာလ မိုးဦးကျသည်နှင့် တောင်သူကြီးများအတွက် လယ်ယာလုပ်ငန်းခွင်ဝင်ရမည့် အချိန်ဖြစ်သော်လည်း ယခုနှစ်မှာတော့ အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသမို့ ခြေဦးပင်လှည့်နိုင်မည် မဟုတ်ပေ။
အိုးအိမ်များ မီးလောင်နေသည့်ကြားက သဲသဲမဲမဲ ရွာလိုက်သော မိုးနှင့်အတူ ထွက်ပေါ်လာသည့် မြေသင်းနံက တောင် သူကြီးများကို ထွန်ရေးငင်ရန် ဆွဲဆောင်နေသော်လည်း ရက်စက်ကြမ်းကြုတ်သော စစ်တပ်၏ လူမဆန်သည့် လုပ်ရပ် ကြောင့် တနယ်လုံးနီးပါး မိုးစပါးပျိုးနိုင်ဖို့ ဆိုသည်က စိတ်ကူးသာလျှင် ဖြစ်ပေတော့မည်။
“အခုကတော့ စပါးစိုက်ဖို့ထက် အသက်ရှင်ဖို့ကို ကြိုးစားနေရတယ်။ ခင်ဦးနယ်က ရွာတိုင်းနီးပါး စပါးစိုက် ကြတာ။ ဒီနှစ်က စိုက်ဖို့ မပြောနဲ့ စားဖို့တောင် ဘာလုပ်လို့ လုပ်ရမယ် မသိတော့ပါဘူး” လို့ ဆို့နင့်ကြေကွဲစွာနဲ့ လယ်သမားကြီး ဦးမောင်က သူ့အဖြစ်ကို ပြော၏။
ဦးမောင်သည် စစ်ကောင်စီတပ်များ မီးရှို့မှု ကြောင့် နေအိမ် အပါအဝင် ဝမ်းစာစပါး၊ မျိုးစပါး၊ ထွန်စက်နှင့် လယ်ယာသုံး ကရိယာများ မီးထဲပါသွားသလို သူကိုယ်တိုင်လည်း စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးနေရသူ တယောက်ဖြစ်သည်။
သူတို့ကဲ့သို့ တောင်သူအများစုသည် ယခင် စပါးပေါ်ချိန်ကဆိုလျှင် အလှူကြီးပေးနေကျဖြစ်သော်လည်း ယခုနှစ်မှာ တော့ ရန်သူမျိုး ငါးပါးတွင်ပါဝင်သော မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူတို့၏ နှိပ်စက်မှု ကြောင့် ဥစ္စဓနပိုင်ဆိုင် မှုများ ဆုံးရှုံးကာ စစ်ပြေးဒုက္ခသည်ဘဝနှင့် သူတပါး ပေးကမ်းလှူဒါန်းသည့် ပစ္စည်းဖြင့်သာ ဝေငှစားသောက် နေရတဲ့ ဘဝရောက်သွားပြီဟု ဆို၏။
“အရင်က သွင်းအားစု ဈေးကြီးလို့ စပါးစိုက်ဖို့ အခက်အခဲ ဖြစ်တဲ့ နှစ်တွေမှာတောင် သူများဆီက ချေးငှားပြီး မဖြစ် ဖြစ်တဲ့ နည်းနဲ့ စပါးစိုက်ကြတာ။ အခုကတော့ အိမ်လည်း မရှိတော့သလို ခဏခဏ ထွက်ပြေးနေရတာ” လို့ ဝမ်းနည်းပက်လက် နာကျည်းစွာဖြင့် သူက ပြောသည်။
စစ်တပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည့်သည့် တော်လှန်မှုကိုမဆို အကြမ်းဖက် နှိပ်ကွပ် ဖြိုခွဲမှုကို မြို့ကြီးများတွင်သာမက မြို့ငယ်များနှင့် ရွာငယ်ဇနပုဒ်ပါမကျန် ဆိုးရွားစွာ ပြုလုပ်နေသည်။
မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ ဆန်စပါးထွက်ရှိရာ စစ်ကိုင်းတိုင်းသည်လည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ဆိုးရွားစွာ ခံနေရသော နေရာတခု ဖြစ်သည်။
စစ်တပ်က တရွာဝင် တရွာထွက် အိမ်၊ ဝမ်းစာစပါး၊ မျိုးစပါး၊ လယ်ထွန်စက်၊ ကျွဲ၊ နွားတွေကို မီးရှို့ ဖျက်ဆီးမှုကြောင့် လယ်သမားများအတွက် ယခုနှစ် မိုးစပါးစိုက်ဖို့ အခွင့်အရေး မရတော့ပါ။ တချို့သော လယ်သမားများကမူ မိမိတို့၏ ပိုင်ဆိုင်မှုများကို ရရာဈေးနှင့် ရောင်းချကာ စစ်ဘေးလွတ်ရာ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။
မူးမြစ်ဝှမ်း ရွှေဘိုခရိုင် ခင်ဦးနယ်မှ လယ်သမားအနေဖြင့် နှစ်စဉ် ကဆုန် နယုန် ရောက်ပြီဆိုပါက မိုးစပါးစိုက်ဖို့ ပြင် ကြသော်လည်း ယခုနှစ်တွင်မူ လက်နက်ကိုင်သောင်းကျန်းနေသည့် စစ်တပ်စစ်ကြောင်းများကြောင့် မည်သည့် စိုက်ရေးပျိုးရေးကိုမျှ မလုပ်နိုင်ပေ။
“ရွာတွေ မီးရှို့ခံရတဲ့အတွက် စိုက်ဖို့ မျိုးစပါးတွေကလည်း မီးထဲ ပါသွားတယ်။ ကျန်ခဲ့တဲ့ရာသီက စိုက်ပျိုးခဲ့တဲ့ ပဲခင်းတွေ တောင် ပစ်ပြီး ထွက်ပြေးနေရတော့ တဧကကို ပျမ်းမျှ ကျပ် ၃ သိန်းကနေ ၅ သိန်း လောက်အထိ ဆုံးရှုံးခဲ့ရတယ်။ ဘယ်အချိန် စစ်တပ် ရောက်လာမလဲ မသိနိုင်တာကြောင့် အခုမိုးမှာတော့ စိုက်ပျိုးလို့ မရတဲ့ အခြေအနေ ဖြစ်တယ်” လို့ ဦးမောင်က ပြောသည်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်သည် မိုးစပါး အဓိက အားထားစိုက်ပျိုးသည့် ဒေသတခု ဖြစ်သလို ကျေးရွာအုပ်စု ၆၄ စုတွင် ရွာပေါင်း ၁၅၀ ကျော် ရှိပြီး နေ့စဉ်နေ့တိုင်း စစ်တပ်မှ တရွာဝင်၊ တရွာထွက် စစ်ကြောင်းထိုးနေသဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရ၏။
ထို့ကြောင့်လည်း မိုးစပါး စိုက်ပျိုးဖို့ ခက်ခဲနေပြီး ယခုနှစ်မှာတော့ စပါးစိုက်ပျိုးသူ အင်မတန်နည်းပါးကြောင်း သူက ဆိုသည်။
စစ်ကိုင်းတိုင်း၏ စီးပွားရေး ၃၀ ရာခိုင်နှုန်းကျော်သည် လယ်ယာစိုက်ပျိုးရေးအပေါ် မှီခိုနေပြီး စိုက်ပျိုးမြေ ဧကပေါင်း ၂၃၁ သိန်းရှိသည့်အနက် တခြားသီးနှံ ကြားညှပ်စိုက်ပျိုးမှုမှာ ဧကပေါင်း သိန်း ၉၀ခန့် ရှိသည်။
မေ ၃ရက်ကစပြီး စစ်ကောင်စီသည် မြေပြင်တပ်များသာမက လေကြောင်းပစ်ကူကိုပါသုံးကာ စစ်ကိုင်းတိုင်း မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ ကလေး စသည့် ခရိုင်များသို့ ဝင်ရောက်ကာ မီးရှိူ့ဖျက်ဆီးမှုတွေ လုပ်နေပြီး ချင်းတွင်းမြစ်တကြောတွင်လည်း စစ်သင်္ဘောများဖြင့် စုန်ဆန် တိုက်ခိုက်နေသဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာကာ ထွက်ပြေးနေရသည်။
ကလေးခရိုင် အရှေ့စည်းကျေးရွာမှ လယ်သမားတဦးကလည်း အိမ်သာမက မျိုးစပါးပါ တင်းရေ ထောင်ချီကာ မီးထဲပါ သွားသဖြင့် ကုန်းကောက်စရာမရှိသဖြင့် မိုးဦးဝင်သော်လည်း စပါးမစိုက်နိုင်တော့ပါဟု ဆိုသည်။
“ကျနော်တို့ မျိုးစပါးအတွက် ဆိုရင် ပြီးခဲ့တဲ့နှစ် စပါးရိတ်သိမ်းချိန်ထဲက ဖယ်ပြီး မျိုးကောင်းမျိုးသန့်ရတဲ့ အထွက်တိုးတဲ့ စပါးမျိုးကို သေချာ အခြောက်လှမ်း သိမ်းရပါတယ်။ လေလုံ၊ မိုးလုံအောင် စပါးပုတ်တွေနဲ့ ထားတာပါ။ ဒါကို စစ်တပ် က ရည်ရွယ်ချက်ရှိရှိ ကျနော်တို့ကို ငတ်သေအောင် ပျိုးပင်တွေကို မီးရှို့သွားတယ်လို့ပဲ ပြောချင်တယ်ဗျာ။ ဘယ်လိုမှ မခံစားနိုင်ဘူး” ဟု သူက ပြောသည်။
ဓားမဦးချ လယ်ယာလုပ်ခဲ့သူတဦးအနေဖြင့် မျိုးကောင်းမျိုးသန့် အထွက်တိုးစပါးများ စိုက်ပျိုးကာ ဗုဒ္ဓဘာသာဝင်ပီပီ လှူနိုင်တန်းနိုင်ရန် ရည်ရွယ်သော်လည်း ယခုအခါ စစ်ကောင်စီကြောင့် အိမ်လည်း မီးထဲပါကာ မိသားစုများမှာ တကွဲ တပြားဖြင့် တနှစ်အတွင်းမှာပင် စစ်ဘေးဒုက္ခသည် ရောက်ရှိခဲ့ပြီဟု သူက ဆိုသည်။
မီးကြောင့် အရှေ့စည်းရွာရှိ အိမ်ခြေ ၄၇၇ လုံးနှင့် လယ်သမားဦးဝေမိုး၏ စပါးတိုက်မှ တင်းရေ ၂၅၀၀၊ ဦးသာတွဲအောင် ၏ စပါးတိုက်က တင်းရေ ၂၈၀၀၊ မအဲမလေး စပါးတိုက်မှ တင်းရေ ၂၀၀၀ ကျော်နဲ့ ဒေါ်ခင်ဝင်း၏ စပါးတိုက်မှ တင်းရေ ၇၀၀ ကျော် မီးထဲပါသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဒေသခံများမှာ စစ်ကောင်စီတပ်များ ရွာသို့ ထပ်မံလာရောက်မည်ကို ကြောက်နေသည့်အတွက် တောတောင်များတွင် ရှောင်ပုန်းရသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်နေကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နွေစပါးနှင့် မိုးစပါး စိုက်ဧက ၁၇ သန်းကျော်ရှိပြီး စပါးတန်ချိန် ၂၇ သန်းကျော် ထွက်ရှိကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၂ သန်းကျော် တင်ပို့ရောင်းချထားသည်။
ယခုအခါ လယ်သမားများ အသက်ဘေးမှ လွတ်ရန် ထွက်ပြေးနေရသလို စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် အထွေထွေ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရပြီး စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ မြေဆီ၊ ပိုးသတ်ဆေး၊ အပင် အားဆေး စသည့် စိုက်ပျိုးရေးသုံးဆေး အပါအဝင် သွင်းအားစုတို့ ဈေးမြင့်လာသဖြင့် လယ်သမားများအဖို့ မိုးစပါး စိုက်ရန် အခက်ကြုံစေခဲ့သည်။
လယ်သမားဘဝ ဖွံ့ဖြိုးရေး အသင်း၏ ဥက္ကဋ္ဌ ဦးသိန်းအောင်က “ဒီနှစ်ကတော့ သွင်းအားစုစရိတ်တွေ၊ လုပ်အားခ စရိတ်တွေနဲ့ စက်သုံးဆီဈေး တက်တာအပြင် နိုင်ငံရေး မတည်ငြိမ်တော့ ဈေးကွက်ပျက်သလို လယ်သမားတွေ မိုးစပါးစိုက်ဖို့ အတော် နည်းပါး ပါတယ်။ စိုက်တဲ့သူတော့ ရှိပေမယ့် နည်းပါးပါတယ်” လို့ ပြောသည်။
ထို့အတွက် ယခုနှစ်တွင် ဧရာဝတီတိုင်းတွင် စိုက်ပျိုးမှု နည်းပါးကြပြီး လူငယ်၊ လူရွယ်အများစုမှာ ပြည်ပနိုင်ငံတွေမှာ အလုပ်ထွက် လုပ်ကိုင်မှုများ ပိုမိုများလာကြောင်း သိရသည်။
လာမည့်ကာလတွင် စားနပ် ရိက္ခာ ရှားပါးမှုနဲ့ မြန်မာပြည်သူများ ကြုံတွေ့ရနိုင်ကြောင်း ပညာရှင်များက သုံးသပ်သကဲ့ သို့ ပြီးခဲ့သည့် ဧပြီလက နောက်ဆုံးထုတ်ပြန်သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် အတွက် စီးပွားရေး ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ လူဦးရေ ၂၄ ရာခိုင်နှုန်း (ခန့်မှန်းပြည်သူ ၁၃ ဒသမ ၂ သန်း) စားနပ်ရိက္ခာ မဖူလုံမှုဖြင့် ရင်ဆိုင်ရနိုင်ကြောင်း ဆိုထားသည်
အလားတူ ကမာ္ဘ့ဘဏ်၏ မြန်မာ့စီးပွားရေး အစီရင်ခံစာတွင်လည်း ပြည်သူ ၁၂ သန်း (လူဦးရေ ၂၂ ရာခိုင်နှုန်း) သည် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ကြုံတွေ့ရနိုင်ပြီး လူဦးရေ ၁ ဒသမ ၂ သန်းမှာ ပိုမိုဆိုးရွားသော စားနပ်ရိက္ခာ မဖူလုံမှုနှင့် ကြုံရနိုင် ကြောင်းဖော်ပြထားသည်။
စစ်တပ်၏ အာဏာသိမ်းမှုက တိုင်းပြည်ကို အဖက်ဖက် ယို့ယွင်းပျက်စီးစေသလို လယ်သမားများ စပါးမစိုက်နိုင်ဖြစ်ကာ စားနပ်ရိက္ခာ မဖူလုံပါ က ငတ်မွတ်ခေါင်းပါးမှု ဆင်းရဲမွဲတေမှုကို ဦးတည်စေပြီး အနာဂတ် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု ကျန်းမာရေး၊ ပညာရေးကို နိမ့်ပါးစေသလို ဆင်းရဲမွဲတေမှုကို ဖြစ်စေမည်ဖြစ်ပေသည်။
You may also like these stories:
မြောင်မြို့နယ်တွင် ၅ ရက်အတွင်း နေအိမ် ၄၀၀ ခန့် မီးရှို့ခံရ
ရွှေဘို၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ၂၇ ရွာမှ စစ်ရှောင်များ အကူအညီလိုအပ်နေ
ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ