စစ်ကောင်စီ လက်ပိုက်ကြည့်နေတဲ့ မြို့ပြများက ခိုး ဆိုး လုယက်မှုတွေ
ရန်ကုန်၊ မန္တလေး၊ မုံရွာ စသော မြို့ကြီးများတွင် အသက်အန္တရာယ်ကိုပါ ရန်ပြုလာသည့် ဓားပြတိုက်မှု၊ ခိုးဆိုးလုယက်မှု သတင်းများ ယခုလပိုင်းအတွင်း ပို၍ပင် ခပ်စ်ိပ်စိပ်ပင် ကြားနေရသည်။
အုတ်တိုက် ဘန်ကာကြီးများ အခိုင်အမာ ဆောက်ကာ လုံခြုံရေး တင်းကျပ်ထားသည်ဆိုသော ရန်ကုန်မြို့ လယ်၌ပင် လုယက်မှုများက ကျော်မကောင်း ကြားမကောင်း။
ခိုးဆိုးလုယက်မှု ထူလာသောကြောင့် ကျီးလန့်စာ စားနေရသည့် ပြည်သူများအနေဖြင့် တဦးနှင့်တဦး သတိရှိရှိနေထိုင် ကြရန် သတိပေး ပြောဆိုနေရချိန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်း၌ အေး ချမ်းမှု ရနေပါပြီ ဟုပင် ဆိုလိုက်သည်။
မေ ၃၀ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း နေအိမ်တလုံး၌ ဖြစ်ပွားခဲ့သည့် လူအုပ်စုဖြင့် ဝင် ရောက် လုယက်သည့် အဖြစ်အပျက်က တရားဥပဒေစိုးမိုးရေး မည်မျှ ပျက်ပြားနေသည်ကို ပြနေသည်။
အသက် ၈၀ နှစ်အရွယ် ကျန်းမာရေး မကောင်းသည့် အဘွားအိုတဦးနှင့် အမျိုးသမီးတဦးသာ ရှိသည့် အိမ်သို့ နေ့ခင်း ကြောင်တောင် လက်နက်ကိုင်ထားသည့် လူ ၁၀ ဦးခန့် ဝင်လာကာ ငွေနှင့် လက်ဝတ်ရတနာများ ယူဆောင်သွားခြင်း က လက်ရှိ အနေအထား လူထုဘ၀ မလုံခြုံတော့သည်ကို မီးမောင်းထိုးပြနေသည် ဟုဆိုရမည်။

လုယက်မှုများက ရက်ခြားဆိုသလို ဖြစ်နေရာ မေ ၂၇ ရက်ကလည်း ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်တွင် ကြိုပို့ ယာဉ် စောင့်နေသည့် အမျိုးသမီးတဦးကို ဓားထောက်ကာ ဖုန်းနှင့် ဆွဲကြိုးလုယူရာ မတရားမှုကို လက်ပိုက်ကြည့် မနေနိုင်သော ကူညီသည့် ပြည်သူမှာ လုယက်သူ၏ ရန်ပြုခြင်း ခံရသည်။
ထိုသို့ ကူညီသူများ ရန်ပြုခံရသည့် အဆိုးဆုံး အဖြစ်အပျက်က မေလ ၃ ရက်က လှည်းတန်း လမ်းဆုံ ဖုန်းလုယက်မှု တွင် ကျူးလွန်သူအား ကူညီ ဖမ်းဆီးပေးသည့် အနှေးယာဉ်လုပ်သမားမှာ ရန်ငြိုးဖွဲ့ခံရပြီး နောက်တရက်တွင် လူ ၅ ဦးက ဓားဖြင့် ဝိုင်းဝန်း ထိုးသတ်ခြင်းကို ခံရခြင်းပင် ဖြစ်သည်။
ထိုသို့ အုပ်စုဖွဲ့ အနိုင်ကျင့် လုယက်မှုများ ရဲတင်းလာခြင်းမှာ ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့ကြီးတွင်လည်း အလား တူပင် ဖြစ်သည်။
မေ ၂၆ ရက် ညပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းနှင့် ၆၉ လမ်းထောင့်တွင် လူငယ် ၃ ဦး စီးလာ သော ဆိုင်ကယ်ကို လူတစုက ဓားဖြင့်ခုတ်ကာ လုယက်သဖြင့် ယင်းလူငယ်များ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို ဆိုင် ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်များလည်း လုယူခံခဲ့ရသည်။
ထိုနေ့ တနေ့တည်းမှာပင် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းနှင့် ၃၄ လမ်းကြားတွင် စုံတွဲ ၁ တွဲကို လူ ၃ ဦး မှ ဓားဖြင့် ထိုးကာ လုယက်သဖြင့် အမျိုးသားမှာ သေဆုံးခဲ့ရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ မျက်မြင် ကြုံတွေ့ရသူ မြို့ခံတဦးက ယခုလို မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့လုယက်မှု ကျူးလွန်နေသည့် ဖြစ်ရပ်များမှာ မန္တလေးမြို့ နေရာအနှံ့တွင် တွေ့ကြုံနေရကြောင်း ဆိုသည်။
“တရားဥပဒေ စိုးမိုးရေး မရှိတော့ဘူး။ အလုခံရတဲ့ လူနားမှာ ကူဖို့ လုပ်ပေမယ့် ခုတ်သွားတဲ့ကောင်တွေက ဝဲလည် ဝဲလည်နဲ့ လာစောင့်ကြည့်နေတာကြောင့် ခုတ်ခံရမယ့် အန္တရာယ် ရှိတယ်” ဟု ပြောပြသည်။
ထိုကဲ့သို့ မတရားမှုကို ကူညီပေးသူများအပေါ် ရန်ရှာ သတ်ဖြတ်မှုများက အစိုးရတရပ်ဟု ကြွေးကြော်ခံယူထားသည့် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တရားဥပဒေ စိုးမိုးရေး ယန္တရားကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်း မရှိဘဲ မည်မျှ ထိ ပျက်ယွင်းနေသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
နေ့ခင်းကြောင်တောင် လူအများကြား၌ပင် ရဲတင်းစွာ လုယက်မှုများသာမက အိမ်ထဲထိပါ ဝင်ရောက်စီးနင်းပြီး ဓားပြ တိုက်မှုများကြောင့် မြို့ပြနေပြည်သူများအနေဖြင့် ကိုယ်စိတ်နှစ်ပါး မလုံခြုံမှုကို ခံစားနေကြရသည်။

သံလျင်မြို့နယ်နေသူတဦးက “အခုဆိုရင် လမ်းလျှောက်ရင်တောင် ဖုန်းမပြောရဲဘူး။ ဖုန်းတွေဘာတွေ လုသွားမလား။ အိတ်ပဲ ဆွဲသွားမလား။ စားစရာမှ မရှိတော့တာ။ စားဖို့သောက်ဖို့ အခက်အခဲ ဖြစ်လာတော့ လုမှပဲ စားရတော့မှာ ဆို တော့။ အခုက ဘယ်ကို တိုင်လို့ တိုင်ရမယ် မသိဘူး။ သူတို့ကို အရေးယူမယ့်လူလည်း မရှိဘူး။ တိုင်လည်း ဖမ်းတာ မှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်နေနေရတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလအတွင်း၌ပင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှောင်လမ်း ကံမရွာအနီးတွင် အမျိုးသမီး ၂ ဦးကို ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယူမှု ဖြစ်ပွားရာ ၁ ဦး သေဆုံးပြီး၊ ၁ ဦးဒဏ်ရာ ရရှိခဲ့သည်။ ထိုအဖွဲ့ပင် ဇလုပ်ကျေးရွာအနီး နွားကျောင်းနေ သူကို ဓားဖြင့် အသားလွတ် ခုတ်သတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေး (PDF) များက ဝင်ရောက်ဖြေရှင်းခဲ့ရကြောင်း Naung Yoe Local Defense Force က သတင်း ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ တော်လှန်ရေး အင်အားစုများ အားကောင်းရာ ဒေသများတွင် ပြည်သူ့ဘဝ လုံခြုံရေးအတွက် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စများကို စတင် ကိုင်တွယ်နေကြပြီ ဖြစ်သော်လည်း ဒေသအားလုံးကို လွှမ်းခြုံနိုင်ရန်အတွက် စိန် ခေါ်မှု များစွာ ရှိနေသည်။
အထူးသဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နေရာအနှံ့ လုံခြုံရေးယူထားသည့် မြို့ပြများတွင် ပြောက်ကျားတပ်ဖွဲ့များ အနေ ဖြင့်ပင် သတိကြီးစွာ လှုပ်ရှားနေကြရသည့် အခြေအနေ ဖြစ်သည်။
ယခုကဲ့သို့ လူမြင်ကွင်း၌ပင် ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာခြင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကို လျစ်လျူရှုပြီး အာဏာတည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေမှုများကြောင့် ဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။
CDM ရဲဝန်ထမ်း ၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကယားပြည်နယ်ရဲဌာန (KSP) ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုက လည်း “ဒီအမှုတွေ သွားတိုင်ရင်တောင် အဆင်မပြေဘူး။ တော်လှန်ရေးသမားတွေရဲ့ သတင်းကိစ္စပဲ ခေါင်းထဲမှာ ရှိ တယ်။ ရဲတပ်ဖွဲ့ ဆိုတာလည်း စစ်တပ်ကပဲ ခေါင်းဆောင် ဖွဲ့ထားတာဆိုတော့ စစ်တပ်ရဲ့ အဓိက ဦးတည်ချက်ကလည်း သူတို့ အာဏာ တည်မြဲရေးပဲလေ၊ အဖွဲ့သာ ရဲလို့ပေးထားပေမယ့် လုပ်ငန်းတခုလုံးက ရဲအလုပ် မဟုတ်တော့ဘူး” ဟု မှတ်ချက်ပြုသည်။
မြို့ပေါ်များတွင် ဘန်ကာများ ဆောက်ကာ လုံခြုံရေးယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာလည်း ၎င်းတို့အား မည် သည့်အချိန်၊ မည်သည့်နေရာတွင် တိုက်ခိုက်မည်ကို မသိနိုင်သော မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ အန္တရာယ်မှ ရှောင် ရှားနိုင်ရေးအတွက်သာ အားထုတ်နေပြီး၊ ပြည်သူ့ဘဝလုံခြုံရေးအတွက်ကိုမူ ထည့်သွင်း စဉ်းစားထားခြင်း မရှိကြောင်း ကို ယခုဖြစ်ရပ်များက သက်သေပြနေသည် ဟုလည်း မြို့ခံများက ဆိုသည်။
“ရန်ကုန်မြို့မှာမှ မဟုတ်ဘူး။ မြို့တိုင်းမှာ တွေ့ရလိမ့်မယ်။ သေနတ်တွေ တကားကား၊ ကားတွေ တဝီဝီနဲ့။ သူတို့ မျက်စိ ရှေ့မှာတင် လုယက်တာတွေ၊ ခိုးဆိုးနှိုက်တာတွေ ကျူးလွန်နေတယ်။ သူတို့က ပြည်သူလူထုကို စောင့်ရှောက်ဖို့ ရှိနေ တာမှ မဟုတ်တာ။ အာဏာရူး တစုရဲ့ အာဏာ ပြုတ်မကျရေးအတွက် ကာကွယ် စောင့်ရှောက်ဖို့ ရှိနေတာလေ။ သူတို့ က ပြည်သူလူထုအပေါ် စေတနာ တစက်မှကို မရှိတာ။ ဒါကြောင့်လည်း တရားဥပဒေ စိုးမိုးမှုက ပျက်ယွင်းသထက် ပျက်ယွင်းလာတာ။ သူတို့ ကိုင်ထားတဲ့ လက်နက်တွေက ခိုးဆိုးလုနှိုက်တွေကို ဖမ်းဖို့ဆီးဖို့ထက် ပြည်သူကို ပစ်ဖို့ ချိန် ထားတာ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ထိုသို့သော ဥပဒေမဲ့ ဖြစ်စဉ်များကို ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် ရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ လုံခြုံ ရေးစနစ်တခုကို ဖော်ဆောင်သင့်ကြောင်း အကြံပြုချက်များ ရှိသော်လည်း ထိုလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး မှာလည်း အခက်အခဲများ ရှိနေသည်။
ဒုစရိုက်သမားများ ရန်မှ ကာကွယ်ဖို့ ကင်းစောင့်ရန် ဆိုသော်လည်း စစ်အာဏာသိမ်းပြီးစ လူထုက မိမိတို့ ရပ်ကွက် အလိုက် လမ်းအလိုက် လုံခြုံရေးယူခဲ့ရာ ထိုသူများကို စစ်ကောင်စီတပ်ဖွဲ့များက အစစ်အဆေး အမေးအမြန်းမရှိ ပစ်ခတ်သတ်ဖြတ်မှုများ ရှိခဲ့သည်ကို မြို့ခံများက ထောက်ပြသည်။
စစ်ကောင်စီက ပြည်သူများ ပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ပြောဆိုထားသည်မှ တပါး လက်ရှိ ဖြစ်ပေါ်နေသော ရာဇဝတ်မှုခင်းများကို ထိရောက်စွာ ကိုင်တွယ် အရေးယူမှု မရှိသည်ကို တွေ့ရသည်။
ပြည်သူများက ရဲစခန်းသို့ သွားတိုင်ပါက တိုင်ကြားသည့် အဆင့်၌သာ ရပ်တန့်သွားပြီး နစ်နာသူအား တရားမျှတမှုကို ဆောင်ကြဉ်း မပေးနိုင်သဖြင့် ပြည်သူ့ဘဝများ လုံခြုံမှု ကင်းမဲ့နေသည်။
“သူခိုးရန်ကိုတောင် အကာအကွယ်မပေးနိုင်ဘဲ အာဏာသိမ်းတယ် ဆိုတဲ့စကားက ရယ်စရာပေါ့။ သူတို့နဲ့ တဂိုဏ်းထဲ ကောင်တွေကိုတော့ လွှတ်ထားတယ်။ ပြည်သူတွေကိုကျတော့ မတရားတဲ့ စွပ်စွဲချက်တွေ လက်နက်ပြ ခြိမ်းခြောက်၊ မတရား ဖမ်းဆီး နှိပ်စက်တာတွေပဲ လုပ်တတ်တယ်။ မြို့ပေါ် ခိုးဆိုးလုနှိုက်တွေကို ဒီကောင်တွေ မသိဘူး မဟုတ်ဘူး သိတယ်။ မျက်ကွယ်ပြုထားတာ” ဟု မုံရွာ မြို့ခံတဦးက ဆိုသည်။
မိမိတို့ အာဏာတည်မြဲရေးကိုသာ ကြိုးပမ်းနေသော စစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး စနစ်ကို အယုံအကြည် မရှိတော့သည် ပြည်သူများအနေဖြင့် ယခုအခါ မိမိတို့ ပြည်သူအချင်းချင်းကြား သွားသတိ၊ လာ သတိဖြင့် ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်ကြရန် နှိုးဆော်နေကြရတော့သည်။
နေ့ခင်းကြောင်တောင် နေအိမ်အတွင်း ဝင်ရောက် လုယက်ခံရသည့် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှ မိသားစုဝင်တဦး က “အခု အဘွားကတော့ တော်တော်လန့်နေပါတယ်။ တန်ဖိုးဆို သိန်း ၆၀ လောက် ရှိမယ် ပါသွားတာ။ ပိုဂရုစိုက်ကြ ပါလို့ ပဲ ပြောချင်ပါတယ်။ ခေတ်ကြီးက မလုံခြုံတော့ဘူး။ တံခါးသော့တွေ သေချာ ပိတ်ထားကြပါလို့” ဟု ဧရာဝတီမှ တဆင့် ပြည်သူများကို သတိပေး ပြောဆိုလိုက်သည်။
You may also like these stories:
မန္တလေး ဈေးကြီးများရှိ ဆိုင်ခန်းများ ပြန်မဖွင့်ပါက သိမ်းမည်ဟု စည်ပင်ခြိမ်းခြောက်
စစ်ကိုင်းတွင် ပြည်တွင်းထုတ်ဗုံးများကို ဖျက်အားပြင်း ဗုံးပုံစံပြုလုပ်၍ စစ်ကောင်စီ တိုက်ခိုက်