“ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) က တောင်းဆိုသည့် “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသား ပြည်နယ်အဖြစ် တည်ထောင်ရန် တောင်းဆိုချက်အား မူဝါဒအားဖြင့် သဘောတူကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ကျနော်တို့အနေနဲ့က “ဝ” ကိစ္စနဲ့ပတ်သက်ရင် မူဝါဒအားဖြင့်က တောင်းဆိုတာကို အခုလို ပုံစံမျိုးဒါထပ်ပိုမြင့်တဲ့ပုံစံမျိုး ပေးနိုင်ဖို့ ယေဘုယျမူဝါဒရှိပြီး ဖြစ်ပါတယ်။ အဲဒီတခုတည်းမဟုတ်ပါဘူး။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ယခုထက်ပိုမိုဆောင်ရွက်ခွင့်၊ ပြဌာန်းခွင့်တွေ ပေးဖို့အတွက် မူဝါဒအားဖြင့် သဘောတူညီပြီး ဖြစ်ပါတယ်” ဟု ၎င်းက သတင်းဌာနတခု၏ မေးမြန်းချက်ကို ဖြေကြားသည်။
ဆက်လက်၍ ၎င်းက နောင်တချိန်လွှတ်တော်ပေါ်လာသည့် နောက်တွင်မှ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမူဘောင်အတွင်း ညှိနှိုင်းဆွေးနွေးကာ လုပ်ဆောင်၍ ရနိုင်သမျှကို တတ်နိုင်သမျှဆောင် ရွက်သွားမည်ဟု ဆိုသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်သည် တိကျသေချာမှု မရှိဘဲ ယေဘုယျဆန်လွန်းသဖြင့် “ဝ” ပြည်နယ်အဖြစ် သတ်မှတ်ရေးကို အာဏာသိမ်းစစ်ကောင်စီဘက်က မည်ကဲ့သို့ လုပ်ဆောင်ပေးရန် စဉ်းစားနေသည် ဆိုသည့် အချက်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
“ဝ” ဒေသသည် ကိုလိုနီခေတ်ကာလအထိ အစိုးရအုပ်ချုပ်ရေး မသက်ရောက်သည့်ဒေသ ဖြစ်သည်။
ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဗကပ ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (United Wa State Party -UWSP) ကို ထူထောင်ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။
UWSP ၏ လက်နက်ကိုင် တပ်ဖွဲ့မှာ UWSA ဖြစ်ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီးဆုံး ဖြစ်သည်။ UWSA သည် အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသော်လည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ထိုးထားခြင်းမရှိပေ။
UWSA ၏ ဌာနချုပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်း (ပန်ခမ်း) တွင် ဖွင့်ထားပြီးအုပ်ချုပ်ရေးနယ်မြေအားဖြင့် မိုင်းမော ခရိုင်၊ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင်ဆိုသည့် ခရိုင် ၃ ခုနှင့် ပန်ခမ်းအထူးမြို့နယ် တို့ကို ဖွဲ့စည်းထားသည်။ အဆိုပါ ဒေသကို “ဝ” နယ်မြောက်ပိုင်းဟုခေါပြီး ဧရိယာ စတုရန်း ကီ လိုမီတာ ၁၅၀၀၀ ခန့် ကျယ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “ဝ” ဒေသကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ထားပြီး ရှမ်း ပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နမ့်တစ်၊ ပန်လုံ၊ မက်မန်း၊ နားဖန်းနှင့် ပန်ဆန်း မြို့နယ်တို့ အား ထည့်သွင်းဖွဲ့စည်းထားသည်။
UWSA သည် “ဝ” နယ်တွင်သာမက ၁၉၉၀ နောက်ပိုင်းတွင် ထိုင်း- မြန်မာနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း၌ပါ ဝင်ရောက်အခြေချနိုင်ခဲ့ပြီး နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) စစ်အစိုးရ၏ သဘောတူညီချက်ဖြင့် “ဝ” လူထု ၈၀၀၀၀ မှ တသိန်းကြား ပြောင်းရွှေ့ အခြေချနိုင်ခဲ့သည်။
အဆိုပါဒေသကို “ဝ” တောင်ပိုင်းဟု ခေါပြီး UWSA က ၁၇၁ စစ်ဒေသအဖြစ်သတ်မှတ်ထားကာ တပ်အင်အား ၉၀၀၀ ခန့်က တပ်စွဲထားသည်။ သို့သော်လည်း အဆိုပါဒေသသည် ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် အကျုံးမဝင်ပါ။
UWSP ဘက်ကမူ “ဝ” မြောက်ပိုင်းနှင့် တောင်ပိုင်းကို ပေါင်းကာ “ဝ” ပြည်နယ်အဖြစ် တရားဝင် အသိအမှတ်ပြုစေလိုပြီး ၎င်းတို့၏ ထုတ်ပြန်ချက်များတွင်လည်း “ဝ” ပြည်နယ်၊ “ဝ” ပြည်နယ်ပြည်သူ့အစိုးရ ဟူ၍ သုံးစွဲရေးသားလေ့ရှိသည်။
စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်နှင့် ပတ်သက်၍ UWSP ၏ သဘောထားကို သိရှိနိုင်ရန် UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းအား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပါ။
ဥပဒေပညာရှင်အချို့နှင့် လေ့လာသူများကမူ UWSP သည် “ဝ” ဒေသကို မြန်မာနိုင်ငံပြည်မ ဒေသအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာ၌ တရားဝင်မှု ပိုမိုရရှိစေရန်အတွက် “ဝ” ပြည်နယ်အဖြစ် သတ်မှတ်ပေးစေလိုခြင်း ဖြစ်ကြောင်း ပြောသည်။
ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက “ဘာကြောင့်လဲဆိုရင် Legitimacy ပေါ့။ တရားဝင်မှုပေါ့။ အဲဒါ သိပ်အရေးကြီးတယ်။ ကနေ့ ဖြစ်နေတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီ အုတ်မြစ်ချရေးဆိုတာမှာလည်း တရားဝင်မှုက သော့ချက်ပဲ။ တရားဝင်ပြည်နယ် အဖြစ် ရပ်တည်ချင်တယ်။ တရားဝင် ပြည်နယ်အဖြစ် ရပ်တည်ခွင့်ရတဲ့အခါမှာ တရုတ်အစိုးရနဲ့ ဆက်ဆံသည် ဖြစ်စေ၊ နိုင်ငံတကာနဲ့ ဆက်ဆံသည်ဖြစ်စေ အခြားနိုင်ငံများနဲ့ဆက်ဆံသည်ဖြစ်စေ တရားဝင်မှုဟာ သူ့အတွက် ကျန်တဲ့ ကိစ္စတွေမှာ အများကြီးလွှမ်းခြုံ သွားစေနိုင်တယ်။ သူ့ဟာနဲ့သူ ဥပဒေပြဌာန်းလိုက်ရင်ပေါ့လေ။ ဒါကြောင့်ပြည်နယ်နဲ့ တရားဝင်မှု လိုချင်တယ်လို့ ကျနော်နားလည်ပါတယ်” ဟု ဆိုသည်။
ရှမ်းတိုင်းရင်းသား နိုင်ငံရေးလေ့လာသူတဦး ဖြစ်သူ ဦးခွန်ဆိုင်းကမူ “ဝ” ပြည်နယ်တောင်းဆိုချက်အပေါ် ကန့်ကွက်စရာ မရှိသော်လည်း ပြည်နယ်အဖြစ်ခွင့်ပြုမှုသည် ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေး စံနှုန်းများနှင့် အညီသာ ဖြစ်သင့်ကြောင်း ပြောသည်။
၎င်းက “ကျနော်တယောက်တည်း အမြင်ပြောရရင်တော့ လူမျိုးတိုင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်ရချင်တယ် ဆိုတာက သဘာဝကျပါတယ်။ ကျနော်ပြောချင်တာက “ဝ” က ပြည်နယ်ရတာ ကိစ္စမရှိဘူး။ ဒီကိစ္စကို ဘာမှ မကန့်ကွက်သင့်ဘူး။ သို့သော်လည်း ဒီခေတ်မှာ အရင်ကနဲ့ မတူဘူး။ ဒီခေတ်ကျတော့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ လူနည်းစုအခွင့်အရေးတို့ ခေတ်ဖြစ်တယ်ဗျ။ ဒါကြောင့် ဒီခေတ်မှာ စံနှုန်းတွေရှိရမယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေရှိရမယ်။ ဒီလို စံနှုန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင် “ဝ” ပြည်နယ်ပဲဖြစ်ဖြစ်၊ ပလောင်ပြည်နယ်ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ်ကိစ္စမရှိဘူး” ဟု ဆိုသည်။
စစ်ကောင်စီသည် “ဝ” ဒေသအား ပြည်နယ်အဖြစ်သတ်မှတ်နိုင်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသတ်မှတ်ချက်များအတွင်းမှ အကောင်အထည်ဖော်သွားမည့် သဘောရှိနေပြီး လက်တွေ့အကောင်အထည် ပေါ်ရေးသည် ဖြစ်နိုင်ချေနည်းနေသေးကြောင်း ဦးခွန်ဆိုင်းက ပြောသည်။
“လက်ရှိအခြေအနေအရကလည်း ဒီမိုကရေစီနည်းအရ တက်လာတဲ့ အစိုးရလည်းမရှိဘူး။ ပြည်နယ်အဖြစ်ရနိုင်ချေက ဝေးပါသေးတယ်။ ဒါကြောင့် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာလည်း In Principle အရ လက်ခံတယ်ဆိုတာက ကျနော်ပြောသလိုပဲ။ ကျနော်တို့လည်း မူအရ လက်ခံတယ်။ လုပ်ထုံးလုပ်နည်းအရဆိုရင်တော့ တပ်ဘက်ကတော့ သူတို့ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့ ပုံစံ၊ Procedure ကို လိုက်မယ်ပေါ့ဗျာ။ သို့သော်လည်း ကျနော်တို့ အပြင်က လေ့လာသူတွေအမြင်အရတော့ အဲဒီလောက်နဲ့တော့ မပြည့်စုံဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
တိုင်းရင်းသား အရေးလေ့လာသူတဦးကလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ အမျိုးသားပြည်နယ် အဖြစ် သတ်မှတ်ရေးသည် စစ်ကောင်စီက လက်ခံထားသည့် ၂၀၀၈ အခြေခံဥပဒေအရပင် အကောင်အထည်ပေါ်လာရန် မလွယ်သည့် ကိစ္စရပ်ဖြစ်ကြောင်း ထောက်ပြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၃ အရ ဆိုပါက ပြင်ဆင်လိုသည့် နယ်နိမိတ်အတွင်း အကျုံးဝင်သည့် မဲပေးပိုင်ခွင့် ရှိသူများ၏ သဘောထားကို ပထမဦးစွာ ရယူရမည်ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံရုံနှင့် မလုံလောက်သေးဘဲ ယင်းနယ်နိမိတ် အကျုံးဝင်သည့် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုလည်း ယူရဦးမည် ဖြစ်သည်။
ပြင်ဆင်လိုသည့် နယ်နိမိတ်အရေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံ နှင့် အထက်၏ ထောက်ခံချက်ရမှသာ ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူပြီး နိုင်ငံတော်သမ္မတက ပြင်ဆင်သတ်မှတ်ပေးရမည်ကဲ့သို့သော အဆင့်ဆင့်လုပ်ရမည့်ကိစ္စများ ၂၀၀၈ အခြေခံဥပဒေတွင်ရေးထားသည်။
လက်ရှိ ကာလသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည့် ကာလဖြစ်ပြီး ဒီမိုကရေစီနည်းကျ တင်မြှောက်ထားသည့် အစိုးရလည်း မရှိသလို လွှတ်တော်လည်း မရှိပေ။ သို့ဖြစ်ရာ ဝ ပြည်နယ်ဖြစ်ပေါ်လာရေးသည် ၂၀၀၈ အခြေခံဥပဒေ အရပင် အလှမ်းဝေးနေသေးသည့် ကိစ္စဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူတဦးက ရှင်းပြသည်။
“သူက အခုရတဲ့ ပုံစံထက် ပိုမြင့်တဲ့ ပုံစံပေးမယ်ဆိုတာကိုက မဖြစ်နိုင်တာလေ။ အဲဒါ အဓိပ္ပာယ်မရှိဘူး။ အခု “ဝ” ရထားတာက သူ့ဟာသူပဲနေတာလေ။ စစ်တပ်က ဘာဩဇာအာဏာမှ မသက်ရောက်ဘူး။ နောက်တခုက “ဝ” ပြည်နယ် ပေးမယ်ဆိုရင် အဲဒါက ၂၀၀၈ အရကို ဒုက္ခရောက်နိုင်တယ်။ လွှတ်တော်တင် သဘောတူလို့မရဘူး။ ရှမ်းပြည်နယ် တခုလုံးကို လူထုဆန္ဒခံယူပွဲလုပ်ရမှာ။ အဲဒီမှာ အများစုသဘောတူမှ “ဝ” ပြည်နယ် သတ်မှတ်လို့ရတာ။ ၂၀၀၈ နဲ့ ဆိုရင် “ဝ” ပြည်နယ်သတ်မှတ်ဖို့တောင် ခက်မှာ” ဟု ၎င်းက ပြောသည်။
ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ဥပဒေရှုထောင့်အရ မဖြစ်နိုင်သော်လည်း စစ်ကောင်စီနှင့် နားလည်မှု ဆက်ယူထားနိုင်ပါက UWSP လက်ရှိရှိနေသည့် အနေအထားသည် ဆက်လက်တည်ရှိသွားနိုင်ကြောင်း ပြောသည်။
စစ်ကောင်စီအနေနှင့် “ဝ” ပြည်နယ် တောင်းဆိုချက်အား မူအားဖြင့် သဘောတူခြင်းသည် နိုင်ငံရေးအကြပ်အတည်း ကြုံနေရသည့် ကာလတွင် UWSP စိတ်ကျေနပ်ရန် ချော့ပြောနေခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်သည်။
၎င်းကဆက်၍ “ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းစကားမှာပါတယ်။ လွှတ်တော်ပေါ်လာပြီးတဲ့နောက် ဆိုတာ ဘာကို ရည်ညွှန်းတာလည်းဆိုတော့ ၂၀၂၃ မှာ ကျင်းပမယ်လို့ ပြောတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အောင်မြင်စေချင်တယ်။ အဲဒီပေါ်လာမယ့် လွှတ်တော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပဲ ပြန်အသက်သွင်းမယ့် ပုံစံဖြစ်နေတယ်။ ဒါကြောင့် အရင်တိုင်းပဲ ပြန်သွားမယ်ဆိုတဲ့ အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ “ဝ” တပ်က လိုလားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ခဲယဉ်းတယ်” ဟု ဆိုသည်။
စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လက်ရှိစစ်ကောင်စီနှင့် သဘောတူထားသည့် ၂ ဖက် သဘောတူညီ ချက်များသည် ရွေးကောက်ပွဲပြန်လည် ကျင်းပပြီးနောက်တွင် အကောင်အထည်ပေါ်လာနိုင်ကြောင်း တွင်တွင် ပြောနေလျက်ရှိသည်။
ဇွန်လ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က “အခုအချိန်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တယောက် တည်းပဲ အခုအချိန်မှာ သဘောတူညီမှုရပြီးသားဆိုရင် ပွင့်ပွင်းလင်းလင်းပြောမယ်ဗျာ။ နောင်လွှတ်တော်မှာ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးနဲ့ လာပြီးတော့ တပ်မတော်က သဘောတူညီပြီးဖြစ်တယ်။ ပေးမယ်။ အဲဒီထဲမှာ ရောက်လာမယ့် လွှတ်တော်အမတ်တွေက ဘယ်သူက သဘောမတူဘူးလို့ပြောမလဲ။ ပြောရင်လည်း ပြော။ ပြောတဲ့သူက သူ့ဟာနဲ့သူပဲ။ ဘယ်သူမှမပြာဘူး။ ဒါတွေကို ကြိုပြီးညှိနှိုင်းဆွေးနွေးတာဖြစ်တယ်” ဟု ဆိုသည်။
လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကမူ စစ်ကောင်စီ အာဏာယူထားသည့် ကာလတွင် ရရှိသည့် မည်သည့် သဘောတူညီမှုမဆိုသည် နိုင်ငံတကာ ဥပဒေအရ တရားမဝင်ကြောင်း ပြောသည်။
နိုင်ငံတကာ ဥပဒေဖြစ်သည့် Peremptory Norms of General International Law (Jus Cogens) ဥပဒေအရ နိုင်ငံတိုင်းသည် နိုင်ငံတကာအဆင့် ပြင်းထန်ဆိုးဝါးသည့် ကျူးလွန်မှု များအား အရေးယူရမည် ဖြစ်ကြောင်း၊ ထိုသို့ အရေးယူရခြင်းသည် နိုင်ငံများအကြား ချုပ်ဆိုသည့် စာချုပ်များဆိုင်ရာ သဘောတူညီချက် ဗီယင်နာကွန်ဗန်းရှင်း ပါအချက်များအရလည်း ဖြစ်ကြောင်း ဦးအောင်ထူးက ပြောသည်။
“အခုစစ်ကောင်စီက အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံတကာအဆင့်ရှိတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်ထားတယ်ဆိုတာကို ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က အင်မတန် ခိုင်မာတဲ့ Document နဲ့ ICC ကလည်း အရေးယူထားတယ်။ ICJ ကလည်း အရေးယူထားတယ်။ ဒီလို အခြေအနေအောက်မှာ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ ဘယ်စာချုပ်မဆို တနည်းအားဖြင့် ပြောရရင် ရာဇဝတ်ကောင်နဲ့ ချုပ်တဲ့ သဘောတူညီချက်ပေါ့။ ဒါကြောင့် ဘယ်စာချုပ်မှ တရားဝင်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
UWSP အနေနှင့်လည်း စစ်ကောင်စီလက်ထက်တွင် ၎င်းတို့၏ “ဝ” လူထုက လိုလားသော “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အမျိုးသား ပြည်နယ်အဖြစ် တရားဝင် တည်ထောင်ခွင့်ရရေးသည် လွယ်ကူသည့် ကိစ္စမဟုတ်ဟု ထည့်တွက်ထားပုံရကြောင်း တိုင်းရင်းသား အရေးလေ့လာသူအချို့က ခန့်မှန်းသည်။
စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် UWSP ၏ ထုတ်ပြန်ချက်၌ ၎င်းတို့အနေနှင့် နိုင်ငံတော်အားပြိုကွဲစေခြင်းနှင့် ခွဲထွက်ခြင်းကို လုံးဝလုပ်ဆောင်မည်မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကိစ္စမှလွဲ၍ ၎င်းတို့ဒေသကို ၎င်းတို့ဘာသာ စီမံအုပ်ချုပ်မည်ဟုဆိုသည်။
လက်ရှိတွင် အစိုးရနှင့် သဘောတူညီမှုမရပါကလည်း လက်ရှိအနေအထားကို ထိန်းသိမ်းကာ ပဋိပက္ခများကို ရှောင်ရှားကြရန်လိုအပ်ကြောင်း UWSP ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ “သူတို့လည်း စစ်တပ်က လုပ်မပေးနိုင်မှန်းသိပါတယ်။ ဒါကြောင့်မို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဒီထက်ဆိုးမသွားဖို့ပဲ ပိုနေမြဲကျားနေမြဲနေမယ်။ သူတို့ပြောတာက မင်းတို့ငါတို့ကို လာမတိုက်ရင် ငါတို့လည်း မင်းတို့ကို မတိုက်ဘူးပေါ့။ ဒါပါပဲ” ဟု မှတ်ချက်ပေးသည်။