လမ်းမပေါ်များရှိ စက်သုံးဆီဆိုင်များတွင် လောင်စာဆီအလုံအလောက် ဝယ်ယူခွင့်မရသည့်အချိန်တွင် စစ်ကောင်စီက ရုရှားနိုင်ငံမှ စွမ်းအင်များ တင်သွင်းမည်ဟု လေသံပစ်လာခဲ့သည်။ ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းဌာနကပင် သတင်းရေးခဲ့သည်။
စစ်ကောင်စီ၏ စဉ်းစားချက်မှာ ယူကရိန်းစစ်ပွဲကြောင့် ဈေးချိုသွားသော ရုရှား ရေနံများကို ဝယ်ပြီး ပြည်တွင်းရေနံချက် စက်ရုံများတွင် လောင်စာဆီ ပြန်ချက်ပြီး ထုတ်ယူရန် ဖြစ်သည်။ ကီလိုမီတာ ၄၀၀၀ ကျော်ဝေးကွာရာမှ ရေနံများကို ပိုက်လိုင်းတဆင့် သို့မဟုတ် ရေနံတင်သင်္ဘောများမှ တဆင့် သန်လျင်ရေနံချက်စက်ရုံသို့ ပို့ဆောင်ပြီး စက်သုံးဆီများ ထုတ်လုပ်သွားရန် ဖြစ်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူရှိ တရုတ်နိုင်ငံ၏ ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တစိတ်တပိုင်းငှားရမ်းမည်ဟူသော တင်ပြချက်များ၊ မွန်ပြည်နယ် သံဖြူဇရပ် ရေနံချက်စက်ရုံသို့ ပို့ဆောင်သွားမည်ဟူသော တင်ပြချက်များလည်း ပါဝင်သည်။
ဧပြီလအတွင်းတွင်ပင် မြန်မာစစ်ကောင်စီက ရုရှားမှ စွမ်းအင်တင်သွင်းရေးအတွက် အိန္ဒိယမှဖြစ်စေ တရုတ်မှ ဖြစ်စေ ပိုက်လိုင်းစီမံကိန်းထူထောင်ရန် ရုရှားဦးဆောင်သည့် ယူရေးရှန်း စီးပွားရေး အဖွဲ့ – Eurasian Economic Union (EAEU) သဘောတူညီချက် ရရှိကြောင်း ကြေညာသည်။ သံလျှင်ရေနံချက်စက်ရုံနှင့် ရန်ကုန်မှ သိုလှောင်ကန်ကို အဆင့်မြှင့်တင်ရန် စီမံကိန်းများလည်း ရှိကြောင်းလည်း ပြောသည်။
စိတ်ကူးယဉ် ကြည့်ဖို့ကတော့ အလွန်ကောင်းပါသည်။ တောင်ထူထပ်သော ဟိမဝန္တာတောင်တန်းများကို ဖြတ်သန်းလာရနိုင်ချေရှိပြီး ကီလိုမီတာ ထောင်ကျော်ရှည်လျားသော ထိုပိုက်လိုင်းအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ မည်သူက ရင်းနှီးမြှုပ်နှံမည်နည်း။
ထို ကုန်ကျစရိတ်ကို ရင်းနှီးမြှုပ်နှံနိုင်သည့်တိုင် အနည်းဆုံးနိုင်ငံ ၂ နိုင်ငံကို ဖြတ်ကျော်လာရမည့် ထိုပိုက်လိုင်းသည် နေ့ချင်း ညချင်း မပြီးစီးနိုင်သလို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုများအပြင် လူဦးရေသန်း ၅၀ ကျော်သာရှိပြီး ဖရိုဖရဲဖြစ်နေသော နိုင်ငံတခုတွင် အဆိုပါစီမံကိန်းသည် စီးပွားရေးအရ တွက်ချေ ကိုက်နိုင်မည့် အခြေအနေလည်း မရှိပါ။
ရန်ကုန်မြစ်ဝ သို့မဟုတ် ရခိုင်ပြည်နယ် ကျောက်ဖြူသို့ မောင်းဝင်လာမည့် ရေနံတင်သင်္ဘောများမှ တဆင့် ရေနံများကို သိုလှောင်ပြီး လောင်စာဆီထုတ်လုပ်မည့် နည်းလမ်းသည်လည်း အမှန်တကယ်တွင် မလွယ်ကူနိုင်ပါ။
နည်းပညာအဆင့်နိမ့်ပြီး သက်တမ်းရှည်ကြာနေသော ရေနံချက်စက်ရုံများကို အဆင့်မြှင့်တင်မွမ်းမံရဦးမည်ဖြစ်သလို ရေနံစည် သန်းနှင့်ချီ သိုလှောင်နိုင်မည့် သိုလှောင်ကန်များလည်း တည်ဆောက်ရဦးမည် ဖြစ်သည်။ ဒါ့အပြင် ရေနံတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းလည်း မရှိသေးပေ။
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော ရေနံစည် ၇ ဒသမ ၅ သန်းပမာဏ အထိဝင်ဆံ့သည့် သိုလှောင်ကန်ကို သုံးစွဲခွင့်ရသည့်တိုင် ရေနံချက်စက်ရုံများဆီ ပို့လွှတ်မည့် ပိုက်လိုင်းများ တည်ဆောက်ရန်လည်း လိုအပ်နေသေးသည်။
အရေးအကြီးဆုံးမှာ ဈေးချိုသည်ဟု ဆိုနေသော ရုရှရေနံကို ဝယ်ယူနိုင်လောက်အောင် မြန်မာမှာ ပိုက်ဆံ သို့မဟုတ် အကြွေးအာမခံ ရှိနေသလားဆိုသည့် မေးခွန်းပင်။ စင်ကာပူနိုင်ငံမှ တင်သွင်းလာသော စက်သုံးဆီများကိုပင် ငွေပေးချေမှုအတွက် နိုင်ငံခြားသုံး ငွေအကန့်အသတ် စစ်ကောင်စီတွင် ရှိနေသည်။ စစ်ကောင်စီကို အကြွေးအာမခံ မည်သူမျှမပေးဘဲ လက်ငင်းငွေချေမှသာ ပစ္စည်းရောင်းပေးနေကြသည်။
ယူကရိန်းစစ်ပွဲအပြင် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော ရုရှားသည် စီးပွားမဖြစ်သော မြန်မာစစ်ကောင်စီအား ဒေါ်လာဘီလီယံချီ ယုံကြည်စွာ ပေးအပ် ရင်းနှီးမြှုပ်နှံမည် မဆိုထားနှင့် နေပြည်တော်မှ လတ်တလော အဆိုပြုနေသည့် ၂ နိုင်ငံကြား လေကြောင်းလိုင်းပျံသန်းရေးဆိုသည်ကိုပင် စိတ်ဝင်စားပုံ မပြပေ။
တပြိုင်နက်တည်းဆိုသလို တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချုံချင့်မြို့မှ ထွက်လာသော ကုန်ရထားသည် မြန်မာနိုင်ငံ မန္တလေးမြို့အထိ တိုက်ရိုက်မောင်းနှင်လာမည်ဟူသော သတင်းတပုဒ်လည်း ပျံ့နှံ့လာသည်။ တရုတ်သံရုံးနှင့် သူ့ဝါဒဖြန့်ချိရေးသတင်းစာမျက်နှာများမှ ထုတ်လွှင့်လိုက်သော ထိုသတင်းသည် ပြည်တွင်းအခြေစိုက် သတင်းဌာနများသာမက ဘီဘီစီမြန်မာပိုင်း၏ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာထိပါ တက်လာခဲ့သည်။
အမှန်တကယ်တွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချုံချင့်မြို့မှ ထွက်လာသော ကုန်ရထားသည် မြန်မာနိုင်ငံ မန္တလေးမြို့အထိ တိုက်ရိုက်မောင်းနှင်လာမည် မဟုတ်ဘဲ ယူနန်ပြည်နယ် လင်ချန်းမြို့ရှိ ရထားဘူတာအထိ မောင်းနှင်လာမည်ဖြစ်ပြီး ထိုမှတဆင့် ကုန်ပစ္စည်းများကို ၂၂ ဘီးကုန်တင်ယာဉ်များဖြင့် ပြောင်းတင်ကာ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ မန္တလေးမြို့သို့ ပို့ဆောင်မည်ဖြစ်သည်။
တရုတ်နိုင်ငံဘက်က ရထားဆောက်လုပ်ပြီးစီးထားသော လင်ချန်းမြို့သည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ဖြစ်သည့် ချင်းရွှေဟော်နှင့် အနီးဆုံးတွင်ရှိပြီး လာရှိုးမြို့နှင့်လည်း ကီလိုမီတာ ၁၅၀ ကျော်သာ ကွာဝေးသည်။
ထိုရထားလမ်းသည် တရုတ်-မြန်မာနယ်စပ်မှ မန္တလေး၊ ရန်ကုန် နှင့် ရခိုင်ပြည်နယ်အထိ ချိတ် ဆက်ရန် ရည်ရွယ်ထားသော စီးပွားရေးစင်္ကြန် CMEC စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သောကြောင့် အရေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလက်ထက် တည်ဆောက်ရန် သဘောတူညီထားပြီး ဖြစ်သည်။ မည်သည့်နေရာမှ လမ်းကြောင်း ဖောက်လုပ်မည်ကိုမူ မဆုံးဖြတ်နိုင်သေးဘဲ စစ်တပ်က အာဏာသိမ်းသွားခဲ့သည်။
တရုတ်နိုင်ငံဘက်က စီးပွားရေးစင်္ကြန်စီမံကိန်းများနှင့် ပတ်သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြသည့် သဘောများ ဖော်ပြနေသော်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏများများပြုလုပ်ရမည်ကို တွန့်ဆုတ်နေသည့် သဘောရှိသည်။
၎င်း၏ အကျိုးစီးပွားအတွက် စစ်ကောင်စီ နှင့် နီးနီးကပ်ကပ်ဆောင်ရွက်ချင်နေသော်လည်း မြန်မာပြည်တွင်း နေရာ အနှံအပြား မတည်ငြိမ်မှုများဖြစ်ပေါ်နေခြင်း နှင့် တရုတ်ဆန့်ကျင်များ ပြန်လည်မြင့်တက်လာနိုင်ခြင်း အစရှိသော အကဲဆတ်သော အခြေအနေများကြောင့် စောင့်ကြည့်နေခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခွင့်ပြုပေးထားသော အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့် မီးလင်းချိုင် LNG စီမံကိန်းကိုပင် အမှန်တကယ် အကောင်အထည် မဖော်သေးခြင်းက သက်သေပင်။
သို့သော် မည်သည့်အတွက် ချုံချင့်-လင်ချန်း-မန္တလေး ရထားလမ်း သတင်းကို တရုပ်ဘက်က ထိုးတင်လာရသနည်းဟု မေးခွန်းက ရှိလာသည်။ အဖြေမှာ နိုင်ငံရေးအရ တည်ငြိမ်မှုရှိလာပါက ထိုစီမံကိန်းများကို အလျှင်အမြန်အကောင်အထည် ဖော်နိုင်ရန်အတွက်မူ တရုတ်နိုင်ငံဘက်က အဆင်သင့်ဖြစ်နေကြောင်း ပြသလိုခြင်း ဖြစ်ပုံရသည်ဟု ဆိုရမည်။
နိုင်ငံရေးအပြောင်းအလဲများကြောင့် အကောင်အထည်ဖော်ရန် ကြန့်ကြာနေသော တရုတ်-မြန်မာ စီးပွားရေစီမံကိန်းများကမူ စစ်ကောင်စီက အိမ်မက်မက်နေသော ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံလာမည့် စီမံကိန်းများထက် ပို၍ ဖြစ်နိုင်ချေ များသည်ကို ငြင်းနိုင်ဖွယ်ရာ မရှိပါ။
You may also like these stories:
နိုင်ငံတဝှမ်း စက်သုံးဆီပြတ်ပြီး ဈေးနှုန်းများမြင့်လာနေ
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ
ထိုင်း- မြန်မာနယ်စပ်ဂိတ်များ ပြန်မဖွင့်နိုင်သေး
အမိန့်ပေး ထိန်းချုပ်ရေးကြောင့် တိုင်းပြည် စီးပွားပျက်ရုံသာ