ဆောင်းပါး

ပျက်စီးသွားတဲ့ ကျန်းမာရေးစနစ် NUG လည်ပတ်ပေးနိုင်မလား

“အစ်မ ဇွဲလုံးဝ မလျှော့လိုက်နဲ့နော်။ အစ်မကို အနောက်မှာ ဆေးကုပေးမယ့်လူတွေ အများကြီး စောင့်နေတယ်။ အား မလျှော့လိုက်နဲ့နော်” ဟု ဆေးတပ်သား မမဲလုံး က လူနာအား စိုးရိမ်တကြီးဖြင့် အားပေးစကား ဆက်တိုက်ပြောနေသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တဖွဲ့၏ ဆေးတပ်သားတဦးလည်းဖြစ်ပြီး ကလေး ၂ ဦး၏ မိခင် ဖြစ်သည့် အသက် ၃၀ နှစ်အရွယ် မဌေး မှာ ခါးအနောက်ဘက်ခြမ်းတွင် ဗုံးစထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိထားခြင်း ဖြစ်သည်။

မေလ ၂၀ ရက် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တဲကြီးကျေးရွာရှိ PDF စခန်းတခုကို အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေးဖြင့် ဗုံးကြဲပြီး အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှ ဆေးတပ်သား အသက် ၂၁ နှစ်အရွယ် မနှင်း ကျဆုံးသွားခဲ့ပြီး မဌေး အပါအဝင် PDF ရဲဘော် ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့နောက် လက်နက်၊ လူအင်အားချင်းမမျှ၍ စခန်းမှဆုတ်ခွာကာ ဒဏ်ရာရနေသော PDF ရဲဘော်များနှင့် ကျေးရွာနေ ပြည်သူများသည် တောတောင်များအတွင်းသို့ ထွက်ပြေးခဲ့ကြပြီး ဆေးဝါးကုသနိုင်မည့် နေရာသို့ ခရီးဆက်ခဲ့ကြရသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ခြေလျင်လျှောက်ခဲ့ရသည့် ထိုလမ်းခရီးက ၁၅ နာရီကျော် ကြာမြင့်ခဲ့သည်။

“သူ့ကို ဆုံးရှုံးလိုက်ရမှာ အရမ်းဆိုးတာ။ သူကလည်း ငါမသေဘူး။ ငါအသက် ဆက်ရှင်မှာ ပြန်ပြောတယ်” ဟု ထိုနေ့က အဖြစ်အပျက်ကို ဆေးတပ်သား မမဲလုံးက ပြန်ပြောပြသည်။

ဗုံးစမှန်လာသော မဌေးကို ဒေါက်တာဟေမာ ဆေးကုနေစဉ် (ဓာတ်ပုံ – မောင်စိုင်း)

ဆေးကုသနိုင်သော လုံခြုံသည့် နေရာတခုဆီသို့ သူတို့ အရောက်သွားနိုင်ခဲ့ကြသော်လည်း မဌေးသည် နောက်ရက်မှာပင် ခါးညာဘက်အခြမ်းမှ ဖောက်ဝင်ပြီး တင်မဆုံအရိုးကိုဖြတ်ကာ အူမကြီးအထိ ဖောက်ဝင်သွားခဲ့သည့် ကျည်ဒဏ်ရာဖြင့် ဆုံးပါးသွားခဲ့သည်။

မဌေးသည် အညာဒေသအတွင်း ပိုမိုပြင်းထန်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြား ဘေးလွတ်ရာ တိမ်းရှောင်ရင်း အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ဆုံးပါးသွားခဲ့ရသည့် ရာနှင့်ချီသော PDF တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများထဲက ၁ ဦးပင် ဖြစ်သည်။

မကြာသေးမီ လအနည်းငယ်ကလည်း စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတရွာက စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး တောထဲ၌ ပြေးလွှားပုန်းရှောင်ရင်း မီးဖွားခဲ့ရာ အချင်းမကျဘဲ သွေးသွန်မှုများပြီး ကလေးရော၊ လူကြီးကိုပါ လက် လွှတ်ဆုံးရှုံးခဲ့ရကြောင်း CDM ဆရာဝန်တဦးဖြစ်သူ ဒေါက်တာဟေမာက ပြောပြသည်။
“ဒီလို ကျေးရွာတွေဆိုတာက ခေတ်ကောင်းတုန်းကတောင် ကျန်းမာရေးစောင့်ရှောက်မှုကို ရနေတာ မဟုတ်ဘူး။ တခုခု ဖြစ်တာနဲ့ နီးစပ်ရာမြို့တွေကို ပြေးနေရတဲ့အဆင့်ပေါ့။ အခုလို ခေတ်ဆိုးကာလကြီးမှာ ပိုခက်ခဲသွားတာပေါ့။ တကယ့် အခြေ ခံ ကျန်းမာရေးစောင့်ရှောက်မှုကိုရဖို့ အရမ်းကို အလှမ်းကွာသွားပြီ” ဟု သူက ဆိုသည်။

စစ်အာဏာသိမ်းမှုနှင့်အတူ ဒေါက်တာဟေမာတယောက် သူတာဝန်ထမ်းဆောင်နေသည့် ရန်ကုန်မြို့ရှိ ဆေးရုံကြီးတခုမှ နုတ်ထွက်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့သည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလကတည်းကစပြီး သူတတ်မြောက်ထားသည့်ပညာဖြင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူ များ အပါအဝင် နောက်ပိုင်း၌ ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များအား အခြေခံကျန်းမာရေးဝန်ဆောင်မှု သင်တန်ပေးခြင်းနှင့် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

၁ နှစ်ကျော်ကာလအတွင်း သူ သွားရောက်ခဲ့ရသော ဒေသများတွင် ဆေးဝါးအခက်အခဲ၊ ကုသရေးပစ္စည်း ကိရိယာ မလုံလောက်မှုများကြောင့် လက်မလွှတ်သင့်ဘဲ လွှတ်လိုက်ရသည့် လူနာများစွာ ကြုံခဲ့ရကြောင်း ဒေါက်တာဟေမာက ပြောသည်။

“အရင်က သားဖွားဆရာမပဲရှိတဲ့ ရွာတွေက အခုဆိုရင် အဲဒီ သားဖွားဆရာမတောင် မရှိတော့ဘူး။ တခုခုဆိုရင် မြို့ပေါ် ပြေးပြရဖို့ကျတော့လည်း စစ်ကြောင်းရှိနေရင် တောထဲတောင်ထဲကို ရှောင်နေရတော့ အဲဒီလိုအချိန်မှာ တခုခုများဆိုရင် မတိမ်းပါးသင့်ဘဲ တိမ်းပါးရတဲ့ ပြည်သူတွေမှ အများကြီးပဲ” ဟု သူက ပြောပြသည်။

ရှေ့တန်းတနေရာတွင် အသက်အန္တရာယ် စိုးရိမ်စရာမရှိသော ခြေထောက် ကျည်ထိမှန်ဒဏ်ရာ ရရှိထားသည့် PDF ရဲဘော် ၁ ဦးကို အချိန်မီ နောက်တန်းသို့ ပြန်မပို့နိုင်၍ ဒဏ်ရာပိုးဝင်ပြီး သေဆုံးသွားခဲ့ရစဉ်က သူ အတော်လေး ယူကျုံးမရ ဖြစ်ခဲ့ရ သည်ဟု ဆိုသည်။

“ကျမတို့ နယ်ဆီကို နောက်ထပ် ဆရာဝန် ၂/၃ ယောက်လောက် လာပြီးပူးပေါင်းနိုင်ရင်တော့ ကျမတို့ တော်တော်လေး လည်ပတ်နိုင်မယ်။ တကယ် အလုပ်လုပ်နိုင်မယ့်၊ စိတ်ရှိမယ့် ဆရာဝန်တွေ မြေပြင်ကို တကယ်ဆင်းလာဖို့ ကျမကတော့ ဖိတ်ခေါ်ချင်တယ်” ဟု ဒေါက်တာဟေမာက သူ၏ဆန္ဒကို ဖွင့်ဟပြောဆိုသည်။
စစ်အာဏာသိမ်းမှုကို လက်မခံသော ကျန်းမာရေးဝန်ထမ်း အများအပြား၏ CDM လှုပ်ရှားမှုကြောင့် နိုင်ငံတဝှမ်းရှိ ဆေးရုံ၊ ဆေးခန်းများတွင် ဝန်ထမ်းအင်အား မလုံလောက်မှု ပြဿနာများကို စစ်ကောင်စီ အနေဖြင့် ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ထို့ပြင် တဖြည်းဖြည်း မြင့်တက်လာသော လက်နက်ကိုင် ပဋိပက္ခများကြောင့် အစိုးရယန္တရားများကို အပြည့်အဝ လည်ပတ် နိုင်ခြင်း မရှိသည့်အနက် ပြည်သူ့ကျန်းမာရေးစနစ်လည်း အပါအဝင်ဖြစ်ကာ ခုခံတွန်းလှန်စစ် အားကောင်းသည့် ဒေသများ ရှိ တိုက်နယ်ဆေးရုံတချို့ပင် ပိတ်ထားရသည့် အခြေအနေ ဖြစ်နေသည်။

မေလအတွင်းက ဒေါက်တာဟေမာ တန့်ဆည်နယ်အတွင်း ဆေးကုသရန် သွားရသည့် လမ်းခရီး (ဓာတ်ပုံ – မောင်စိုင်း)

အဆိုပါ အခြေအများအပြင် အာဏာသိမ်း စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းလာသည့် စစ် ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည်နယ်တို့ရှိ မြို့နယ်အများစုကို အစားအသောက်၊ ဆေးဝါး နှင့် သတင်းအချက်လက်များ၊ ငွေကြေးထောက်ပံ့မှုနှင့် တပ်သားသစ်စုဆောင်းနိုင်မှု မရှိစေရေး ဖြတ် ၄ ဖြတ် ပြုလုပ်ထား သည်။

ထို့ကြောင့် ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး မလုံလောက်မှု ပြဿနာကို ရင်ဆိုင်နေကြရပြီး ကလေး ငယ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးရွယ်အိုများအတွက် အတော်လေး ဒုက္ခရောက်ကြရသည်ဟု ဒေသခံများက ဆိုသည်။

“ကျနော်တို့လည်း နယ်အနှံ့ လိုက်ပတ်နေရတော့ အကုန်လုံးကို မရောက်နိုင်ဘူး။ အဓိကက မွေးလူနာတွေ။ သူတို့ကို ကျနော်တို့ ဖြစ်သလို မွေးပေးနေရတယ်။ နောက်တခုက လမ်းပန်းဆက်သွယ်ရေးပေါ့။ ကျနော်တို့ဘက်က ချောင်းတွေ၊ မြောင်းတွေ ရွှံ့တွေထူတဲ့အခါမှာ ဆေးခန်းကလည်း အထိုင်ချပြီး မလုပ်နိုင်တဲ့အခါ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးတဲ့ ကလေးငယ် တွေလည်း ရှိတယ်” ဟု People’s Power Coalition ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တာဝန်ရှိသူ ကိုတေဇက ရှင်းပြသည်။

၎င်းတို့အဖွဲ့သည် မကွေးတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ ကူညီပေးနေသည့် PDF တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။

ကိုတေဇက “ကျနော့်ခယ်မရဲ့ ကလေးဆိုရင် မွေးရာပါအားနည်းတဲ့ ရောဂါတမျိုးဖြစ်လို့ ဆေးရုံပို့ဖို့ကို လယ်ထွန်စက်နဲ့ သွား ကြရင်း လာကြိုတဲ့လူနာတင်ကားက မလာရဲလို့ ဆေးရုံမရောက်ခင် မကွေးနဲ့ ရေနံချောင်းကြားက လမ်းမှာတင် ၂ ရက်သား လေးနဲ့ ဆုံးသွားရတယ်။ အဲဒီလိုဆုံးသွားတဲ့ ကလေးတွေလည်း အများကြီးပဲ” ဟု ပြောပြသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုဒေသခံတဦးကလည်း လက်ရှိတွင် အနီးပတ်ဝန်းကျင်ရှိ CDM ဆရာဝန်များကို ရက်ချိန်းယူကာ ဆေးကုသမှု လုပ်ဆောင်နေရသလို စားနပ်ရိက္ခာနှင့် ဆေးဝါးကိုလည်း ကျေးရွာ သားအချင်းချင်း ထောက်ပံ့ကူညီပြီး မျှဝေနေထိုင်နေရသည်ဟု ဆိုသည်။

၎င်း၏ အသက် ၈၀ ကျော်အရွယ် ဖခင်ဖြစ်သူမှာလည်း တောထဲ၌ စစ်ဘေးရှောင်နေရင်း ဆေးဝါးမကုသနိုင်သဖြင့် ဆုံးပါး သွားခဲ့ရသည်။

သူက “ခေါင်းကိုက်ပျောက်ဆေးကိုတောင် လုံလုံလောက်လောက် ဝယ်လို့ မရတော့ဘူး။ မြို့ပေါ် တက်ဝယ်ရတာလည်း မလွယ်တော့ဘူး။ ဝက်လက် ရောက်တဲ့အခါကျတော့ ဖမ်းတဲ့အခါရှိတယ်၊ စစ်ဆေးမေးမြန်းပြီး ရိုက်တာနှက်တာလည်း အမြဲ ကြားနေရတော့ ကျနော်တို့ မသွားရဲကြတော့ဘူး” ဟု ပြောပြသည်။

၎င်းသည် ပြီးခဲ့သည့် လအနည်းငယ်က စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက် ဆီးခံထားရသည့် စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတရွာ ဖြစ်သည်။

ခုခံတော်လှန်စစ် အားကောင်းရာ ဒေသတခုဖြစ်သော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များက ရွာလုံးကျွတ် မီးရှို့ခြင်းများ အပါအဝင် ဒေသခံများအား PDF ဟုဆိုကာ စွပ်စွဲဖမ်းဆီး နှိပ်စက်သတ်ခြင်းများ၊ ကျေးရွာများသို့ မကြာခဏ စစ်ကြောင်း ထိုး ဝင်ရောက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ပစ္စည်းများအား လုယက်ခြင်းတို့ ပြုလုပ်သဖြင့် ဒေသခံများမှာ ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

လွတ်လပ်သော သုတေသနအဖွဲ့အစည်းတခု ဖြစ်သည့် Data For Myanmar ၏ စာရင်းများအရ စစ်ကိုင်းတိုင်းသည် စစ်ကောင်စီတပ်၏ ကျေးရွာနှင့်နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးချိန်မှ ၂၀၂၂ ဧပြီ ၁၃ ရက်ထိ စစ်ကောင်စီတပ်က ကျေးရွာပေါင်း ၁၀၀ ကျော်မှ နေအိမ်ပေါင်း ၅၆၀၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဆိုထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်က ရွာစဉ်လိုက် ဆက်တိုက် မီးရှို့နေခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများမှာ များစွာ ပိုနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
ဒုတိယ အများဆုံး အနေဖြင့် မကွေးတိုင်းအတွင်း၌ စစ်ကောင်စီတပ်သည် နေအိမ်ပေါင်း ၁၈၁၄ လုံးကို မီးရှို့ဖျက်ဆီးထား သည်။

ထိုသို့သော အခြေအနေများအောက်တွင် CDM ဆရာဝန် အနည်းငယ်ဖြင့်သာ ကျေးရွာများအတွင်း တတ်နိုင်သမျှ ဆေးဝါး ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရကြောင်း၊ မြို့ပေါ်ရှိ စစ်ကောင်စီ၏ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရား များမှာလည်း ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း မကွေးတိုင်း၊ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဒေါက်တာကြည်စိုးထွန်းက ပြောသည်။

“အဓိကက ဆရာဝန်အင်အား လုံလုံလောက်လောက် မရှိတာ။ ပညာရှင် လိုအပ်ချက်တွေ ရှိတာပေါ့။ လမ်းကြောင်းက သွားလို့မရ။ ကိုယ့်ဒေသမှာ ဆရာဝန်ကမရှိတော့ အရေးပေါ်ကုသရေးတွေအတွက်မှာ တော်တော်လေးကို အခက်အခဲတွေ ရှိတယ်” ဟု သူက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုင်းနှင့်ပြည်နယ်၊ မြို့နယ်အရပ်ရပ်ရှိ နိုင်ငံသူနိုင်ငံသား အားလုံး လက်လှမ်းမီစေနိုင်ရေး ဝန်ကြီးဌာနများ၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍပြင်ပရှိ ကျန်းမာရေး‌‌စောင့်ရှောက်မှုပေးသော အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုထားသော်လည်း ထိရောက်သည့် ဆောင်ရွက်မှုများ မပြုလုပ်နိုင်သေးကြောင်း မြေပြင်တွင် ကူညီပေးနေသူ များက ပြောသည်။

မေလအတွင်းက ဒေါက်တာဟေမာ တန့်ဆည်နယ်အတွင်း ဆေးကုသရန် သွားရသည့် လမ်းခရီး (ဓာတ်ပုံ – မောင်စိုင်း)

NUG ၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင်ရှိသော ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဒေါက်တာကြည်စိုးထွန်းက “NUG ဘက်ကလည်း ဒီအခြေအနေကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်ဘူး။ သူ့မှာလည်း အကန့်အသတ်နဲ့ ဆိုတော့ အထောက်အပံ့တော့ ပေးပါတယ်။ ဒါပေမဲ့ ပြည့်ပြည့်ဝဝကြီးတော့ မရဘူးပေါ့” ဟု ဆိုသည်။

ထို့အတွက် သက်ဆိုင်ရာဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့များကပင် စေတနာ့ဝန်ထမ်း CDM ဆရာဝန် အနည်းငယ်ဖြင့် ကျေးရွာများအထိ လိုက်လံကုသပေးခြင်းနှင့် ဒေသခံ အမျိုးသမီးများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှု သင်တန်းများ ပေးပြီး တတ်နိုင်သမျှ ကူညီပေးနေကြရသည်။

“ကျနော်တို့မှာ အခုက ကာကွယ်ရေးအသုံးစရိတ်မှာ သုံးရမယ့် အသုံးစရိတ်က ဒီဘက်ထဲမှာ ပါသွားတော့ ကျနော်တို့မှာ ရှိသင့်သလောက် လက်နက်ပစ္စည်းတွေ မရှိဘူး။ အများကြီး နောက်ကျကုန်တာပေါ့” ဟု Civil Armed Force အဖွဲ့မှ တာဝန်ခံ ကိုစိုင်းက ဆိုသည်။
Civil Armed Force ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် စစ်ကိုင်းတိုင်း၊ မင်းကင်းနှင့် တန့်ဆည်မြို့နယ်များအတွင်းက ကျေးရွာ ၆၀ ခန့်ကို နယ်မြေစိုးမိုးထားနိုင်ပြီး ထိုအထဲကမှ ကျေးရွာ ၄၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော အဖွဲ့တဖွဲ့ ဖြစ်သည်။

လက်ရှိအချိန်တွင် တော်လှန်ရေးကာလသည် ၁ နှစ်ကျော် ကြာလာပြီဖြစ်ရာ ပြည်တွင်းမှ ထောက်ပံ့ကူညီနေသူများ အားနည်းလာသလို ယခင် ထောက်ပံ့ကူညီပေးနေသော ဒေသခံကျေးရွာများမှာလည်း မီးရှို့ဖျက်ဆီးခံရသည့်အတွက် ကူညီထောက်ပံ့မှုများ မပေးနိုင်တော့သဖြင့် ၎င်းတို့ လုပ်ဆောင်နေသော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အခက် အခဲ ဖြစ်လာနေပြီဟုလည်း သူက ပြောပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီက မီးရှို့သွားသည့် ပြည်သူ့နေအိမ်များကို ဝိုင်းကူ မီးငြှိမ်းပေးရ သလို ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးခြင်းနှင့် စစ်ဘေးရှောင်၊ မီးဘေးရှောင် ပြည်သူများအတွက် ဆေးဝါးနှင့် စားရေရိက္ခာများ ကူညီရှာဖွေပေးနေရသည်။

ယခုလို ပြည်သူ့ကျန်းမာရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရေတိုဖြေရှင်းနေကြသော်လည်း ရေရှည်တွင်မူ စစ်ရေး အတွက် အဓိက ရည်ရွယ်ဖွဲ့စည်းထားသော တိုက်ခိုက်ရေးတပ်ဖွဲ့များ အနေဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် စစ်ဘေးရှောင်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းကိုပါ တပြိုင်တည်း လုပ်ဆောင်နေရမည်ဆိုပါက ၎င်းတို့အပေါ် ဝန်ပိလာနိုင်ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ထောက်ပြသည်။

“ကျနော်တို့ကို အခုအချိန်ထိ NUG က တပြားတချပ်မှ ကူညီတာ မရှိဘူး။ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သက်လို့ ကူညီတာ လည်း ဘာမှမရှိဘူး။ ကျနော်တို့ ဆီမှာသာ ပစ္စည်းတွေ လုံလုံလောက်လောက် ရှိရင် ဒီလို မလိုအပ်ဘဲ အသက်ဆုံးသွားတဲ့ လူတွေကို ကယ်တင်နိုင်လောက်တယ်” ဟု ကိုစိုင်းက မချိတင်ကဲ ဆိုသည်။ ။

Loading