ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army) အား KIA ဟု လူသိများသည်။ ကေအိုင်အေသည် အနှစ် ၆၀ ကျော် လက်နက်ကိုင် တော်လှန်ရေးလုပ်နေသော ကချင်တော်လှန်ရေး အဖွဲ့အစည်းတခုဖြစ်၏။
ကေအိုင်အေဟု လူသိများသော ကချင်တော်လှန်ရေးအဖွဲ့အစည်းသည် ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၂၅ တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization -KIO) ကို နိုင်ငံရေး ဦးဆောင်အဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေး ကောင်စီ (Kachin Independence Council – KIC) အား အုပ်ချုပ်ရေးအဖွဲ့အဖြစ် လည်းကောင်း ဖွဲ့စည်းပြီး ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် (Kachin Independence Army – KIA) ကို လက်နက်ကိုင်တပ်အဖြစ် အဖွဲ့အစည်းသုံးရပ်အား အဆင့်ဆင့် စုဖွဲ့ခဲ့ခြင်းမှ ပေါ်ထွက်လာခြင်းဖြစ်၏။
ထိုအဖွဲ့အစည်းသုံးခုအနက် ကေအိုင်အေကတော့ လူထုအကြား လူသိများသည့် အမည်ဖြစ်ခဲ့ပြီး ကေအိုင်အေ ဌာနချုပ် လိုင်ဇာသည်လည်းကောင်း၊ ကေအိုင်အေ ခေါင်းဆောင်များ၏ အမည်များသည်လည်းကောင်း ပြီးခဲ့သော ၁၀ နှစ်အတွင်း မြန်မာလူထုနှင့် ရင်းနှီးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ စတင်သော ၁၀ နှစ်တာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတွင် ဆွေးနွေးရင်း တိုက်ခိုက်နေရသော အဖွဲ့အစည်းလည်းဖြစ်၏။
ကေအိုင်အေကတော့ လူထုအကြား လူသိများသည့် အမည်ဖြစ်ခဲ့ပြီး ကေအိုင်အေ ဌာနချုပ် လိုင်ဇာသည်လည်းကောင်း၊ ကေအိုင်အေ ခေါင်းဆောင်များ၏ အမည်များသည်လည်းကောင်း ပြီးခဲ့သော ၁၀ နှစ်အတွင်း မြန်မာလူထုနှင့် ရင်းနှီးခဲ့ကြသည်။
ထိုကာလအတွင်း ဖွဲ့စည်းသော တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့အစည်းများဖြစ်သည့် UNFC (United Nationalities Federal Council) နှင့် FPNCC (Federal Political Negotiation and Consultative Committee) တို့တွင်လည်း ကေအိုင်အေ၏ အခန်းကို ကြီးကြီးမားမားမြင်တွေ့ခဲ့ရသည်။ ဆိုရလျှင် ပြီးခဲ့သော ဆယ်နှစ်တာ ကာလအတွင်း နိုင်ငံရေးရော၊ စစ်ရေးပါ တွဲဖက်၍ လှုပ်ရှားခဲ့သောအဖွဲ့ဖြစ်သည်ကို တွေ့ရ၏။
ကေအိုင်အေ အစောပိုင်း တည်ထောင်သူများသည် စိတ်ဓာတ်ပြင်းထန်သူများ ဖြစ်ကြသည်။ စိတ်ဓာတ် ပြင်းထန်ခြင်းကြောင့် အားနည်းချက်တချို့ ရှိနိုင်သော်လည်း ထိုစိတ်ဓာတ်ပြင်းထန်ခြင်းကြောင့်လည်း ကေအိုင်အေ ထူထောင်ပြီး ၁၅ နှစ်အကြာ ၎င်းတို့ ကွယ်လွန်ချိန်တွင် ကေအိုင်အေအား ကချင်ပြည်နယ်တွင် နယ်မြေ ၃ ခု၊ ရှမ်းမြောက်တွင် နယ်မြေတခု၊ စုစု ပေါင်း နယ်မြေ ၄ ခုတွင် တပ်မဟာ ၄ ခု ဖွဲ့စည်း လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ်၏။
၁၉၇၅ ခုနှစ် ကေအိုင်အေ ခေါင်းဆောင်အပြောင်းအလဲမှ စ၍ ခိုင်မာသောမူဝါဒနှင့် ပျော့ပြောင်းသော နည်းပရိယာယ်ကို ပေါင်းစပ်ကျင့်သုံးလာနိုင်၏။ ထို့အပြင် လက်တွေ့ အခြေအနေနှင့် ကိုက်ညီသည့် ကေအိုင်အေ အတွက် အကျိုးရှိသည့် ပေါ်လစီများ ချမှတ်လာနိုင်သည်။ စစ်ရေးအရလည်း ပြောက်ကျားစစ်အပြင်၊ လက်သီးတပ်၊ လှုပ်ရှားတပ်များ စတင်ဖွဲ့စည်းလာပြီး ချေမှုန်းရေးတိုက်ပွဲများ စတင်လာနိုင်ခဲ့၏။
ကေအိုင်အေသည် တပ်ကိုသာမက၊ ကေအိုင်အို (KIO) နိုင်ငံရေးအဖွဲ့အစည်း၊ ကေအိုင်စီ (KIC) အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ပြည်သူ့စစ်များ စနစ်တကျ ဖွဲ့စည်းထားနိုင်သည့်အပြင် ရိက္ခာကို စနစ်တကျ သိုလှောင်မှုကိုလည်း နှစ်စဉ် ပြုလုပ်လာနိုင်ခဲ့၏။ ထို့အပြင် ကေအိုင်အေသည် ရေရှည် လက်နက်ကိုင်တော်လှန်ရေးအမြင်ကို စွဲကိုင်ထားပြီး ရေရှည်အတွက် ပြင်ဆင်မှု ကောင်းကောင်းရှိသည်။ အထူးသဖြင့် ကေအိုင်အေသည် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၁၇ နှစ်တာ အပစ်ရပ်ကာလအတွင်း ကာလတခု ခေါင်းဆောင်ပိုင်း မတည်မငြိမ် ဖြစ်ခဲ့သော်လည်း ထိုအခြေအနေကို ထိမ်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့၏ တပ်ဖွဲ့ကို ကောင်းစွာ တည်ဆောက်ထားနိုင်ခဲ့သည်ကို တွေ့ရ၏။
ကေအိုင်အေ အစောပိုင်း တည်ထောင်သူများသည် စိတ်ဓာတ်ပြင်းထန်သူများ ဖြစ်ကြသည်။
ထိုစဉ်က အပစ်ရပ်ထားသည့် အဖွဲ့ပေါင်းစုံက မြို့ပြတွင် တက်ပြီး ဟိုအဖွဲ့ ဒီအဖွဲ့ကဆိုကာ တကိုယ်တော် စီးပွားရေး လုပ်ကိုင်ခြင်း၊ ရမ်းကားခြင်းများကို တွေ့ရသော်လည်း ကေအိုင်အဖွဲ့အစည်းတွင် ဤသို့သော အပြုအမူများ မတွေ့ရပေ။ ၎င်းတို့၏ တပ်ကို ကောင်းစွာထိန်းချုပ်ထားနိုင်၏။ ထို့အပြင် နယ်မြေအုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ကေအိုင်အေသည် ၎င်းတို့အဖွဲ့အစည်းအား ကချင်ပြည်နယ်ကိုယ်စားပြု အစိုးရအဖွဲ့အစည်းတရပ်အဖြစ် တည်ဆောက်ထားခဲ့၏။
ကေအိုင်အေသည် ပညာရေးကဏ္ဍတွင် သိသာသည့် အောင်မြင်မှုများ ရရှိသည်ကို တွေ့ရ၏။ တချိန်တည်းတွင် ထိုအပစ်ရပ်ကာလ၌ ဘဏ္ဍာရေး တောင့်တင်းအောင် ပြုလုပ်ပြီး တပ်ကိုတိုးချဲ့ဖွဲ့စည်းခြင်း၊ လက်နက် တပ်ဆင်ခြင်းများ ပြုလုပ်နိုင်ခဲ့၏။ ကေအိုင်အေသည် ၎င်း၏တပ်အင်အားကို နှစ်ဆတိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာစစ်တပ်နှင့် အပစ်ရပ်ထားစဉ်ကာလက ကေအိုင်အေသည် စိတ်ကူးမယဉ်ခဲ့ဘဲ၊ ကောင်းစွာ ပြင်ဆင်နိုင်ခဲ့သည်ဟု ဆိုရမည်။ ထို့အပြင် AA ရက္ခိုင့်တပ်တော်နှင့် TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ဖွဲ့စည်းလေ့ကျင့်ရေးအား အကူအညီပေးခဲ့၊ အားပေးခဲ့သည်။
ကေအိုင်အေ၏ ကချင်လူထုအတွက် ရပ်တည်ချက်နှင့် မူဝါဒမှာ ခိုင်မာခဲ့သည်။ အစိုးရနှင့် စစ်ရေး တိုက်ပွဲများတွင်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်းကောင်း သူတို့၏ ရပ်တည်ချက် ခိုင်မာမှုကို ပြသခဲ့၏။ ထို့အတူ သူတို့မူဝါဒနှင့် ပတ်သက်ပြီး ကချင်လူ့အဖွဲ့အစည်းရှိ အစုအဖွဲ့အသီးသီးကိုလည်း စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ ၁၉၆၃ – ၁၉၈၀ မဆလအစိုးရနှင့် ဆွေးနွေးပွဲများတွင် ၎င်းတို့၏ မူဝါဒခိုင်မာမှုကို ပြသကဲ့သို့ ၁၉၉၄ အပစ်ရပ်သည့်အခါတွင်လည်း ၎င်းတို့၏ ရပ်တည်ချက်ကို ထိန်းသိမ်းထားနိုင်ခဲ့၏။ ၂၀၀၉ ခုနှစ် နအဖ အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်းရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက် ဝင်ရန် ဖိအားပေး ခြိမ်းခြောက် ရာဇသံပေးမှုများကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ကချင်ပြည်နယ် တကျော့ပြန် စစ်ပွဲ စတင်သည့်အခါတွင် ပြင်ဆင်မှုရှိရှိ တုန့်ပြန်နိုင်ခဲ့သည်။
၂၀၁၁ ခုနှစ် ငြိမ်းချမ်းဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့သောအခါ မဟာမိတ်တိုင်းရင်းသားများနှင့် အတူတကွ ဆွေးနွေးခဲ့၏။ ကေအိုင်အေ၏ နိုင်ငံရေးမူဝါဒကို ချပြနိုင်ခဲ့၏။ ထို့အပြင် အပစ်ရပ်ကာလမှစ၍ ကချင်အရပ်ဖက် အဖွဲ့အစည်းများ၊ ယဉ်ကျေးမှု၊ ဘာသာရေးအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားရှိ ကချင်အဖွဲ့အစည်းများအား ဖိတ်ခေါ်ပြီး ကေအိုင်အေ၏ မူဝါဒကို ချပြခဲ့သလို၊ လူထု၏ အမြင်ကိုလည်း ကြားနာခဲ့၏။
ကေအိုင်အေသည် ကချင်လူထု၏ ထောက်ခံမှုဖြင့် နိုင်ငံရေးသဘောတူညီချက် တစုံတရာမရဘဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသော အဖွဲ့အစည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေး ဆွေးနွေးသည့်ကာလတွင် တဖက်က စစ်တိုက်နေခဲ့သည့်အဖွဲ့ဖြစ်၏။ ၂၀၁၅ ခုနှစ် NCA လက်မှတ် ရေးထိုးရာတွင်လည်း တိုင်းရင်းသား အဖွဲ့အစည်းအားလုံးပါဝင်ရေးကို ရပ်ခံခဲ့ပြီး အဖွဲ့အစည်းအားလုံး ပါဝင်ခွင့်မရ၍ NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်း မရှိပေ။
၂၀၁၁ ခုနှစ် ကချင်ပြည်နယ် တကျော့ပြန် စစ်ပွဲ စတင်သည့်အခါတွင် ပြင်ဆင်မှုရှိရှိ တုန့်ပြန်နိုင်ခဲ့သည်။
၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်များတွင် တရုတ်ပြည်၏ ကြားဝင်ပေးမှုကြောင့် ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ခဲ့သော်လည်း တဖက်ကလည်း မြန်မာစစ်တပ်နှင့် တိုက်ပွဲကြီးငယ်များ ဖြစ်ပွားနေခဲ့၏။ ထိုကာလတွင် မြန်မာစစ်တပ်က တပ်ရင်းပေါင်း ၁၀၀ ကျော်ခန့်အထိ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့ရာ ကေအိုင်အေ၏ ထိန်းချုပ်နယ်မြေတချို့ စွန့်လွှတ်ခဲ့ရသည်။
သို့သော်လည်း ကေအိုင်အေသည် နိုင်ငံရေးဆွေးနွေးပွဲများ၊ စစ်ရေးတိုက်ပွဲများ ဆောင်ရွက်နေရင်း ၎င်း၏ တပ်ဖွဲ့အားလည်း အားကောင်းအောင် တည်ဆောက်ထားနိုင်ခဲ့၏။
ကေအိုင်အေ လက်နက်ကိုင်တပ်ဖွဲ့အား လည်းကောင်း၊ အုပ်ချုပ်ရေးယန္တယားအား လည်းကောင်း၊ အဖွဲ့အစည်း ဘဏ္ဍာရေးအား လည်းကောင်း အားကောင်းအောင် တည်ဆောက်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းတွင် ကေအိုင်အေတပ်ဖွဲ့တွင် ဒေသအလိုက် တာဝန်ယူသည့် တပ်မဟာ ၁၀ ခုနှင့် လက်အောက်ခံတပ်ရင်း ၂၄ ရင်း၊ လှုပ်ရှားတပ်မ ၂ ခုနှင့် လက်အောက်ခံ တပ်ရင်း ၂၇ ရင်း၊ လက်နက်ကြီးတပ်မ ၁ ခုနှင့် လက်အောက်ခံ လနက တပ်ရင်း ၅ ရင်းနှင့် အထူးတပ်ရင်း ၃ ရင်းတို့ကို ဖွဲ့စည်းနိုင်ခဲ့၏။ ထို့အပြင် ဗိုလ်သင်တန်းကျောင်းအပါ စစ်ကျောင်းများ ပုံမှန် ဖွင့်လှစ်နိုင်ခဲ့၏။
မြေပြင်သတင်းများအရ ကေအိုင်အေတွင် စစ်လက်နက်ခဲယမ်း ထုတ်လုပ်သည့် စက်ရုံများ ရှိနေပြီဟုဆိုပါသည်။ ကေအိုင်အေ၏ စစ်အင်အားကို ၁၅၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး ကချင်ပြည်နယ်တခုလုံးနှင့် ရှမ်းပြည် မြောက်ပိုင်းတွင် ဖြန့်ခွဲလှုပ်ရှား၏။
ထို့အပြင် ကေအိုင်စီသည် ကေအိုင်အို၏ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်သည့် အမိန့်ဥပဒေ ပြုပိုင်ခွင့်ရှိသည့် အုပ်ချုပ်ရေးအာဏာပိုင် (ကချင်အစိုးရ) ဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေး ဌာနအောက်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအထိ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲ၊ လဝက၊ ပြည်သူ့စစ်များ ဖွဲ့စည်းထား၏။ ပြည်သူ့စစ် တပ်ရင်း ၃၀ ဖွဲ့စည်းထားသည်။ ထို့အပြင် ဘဏ္ဍာရေး၊ နိုင်ငံခြားဆက်ဆံရေး၊ တရားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စာပေနှင့်ရိုးရာ ယဉ်ကျေးမှု၊ သစ် တောနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ သတင်းနှင့် ပြန်ကြားရေးဌာနများ ဖွင့်လှစ်ထား၏။
အုပ်ချုပ်ရေးဌာနအောက်တွင် အုပ်ချုပ်ရေးအရာရှိ သင်တန်း၊ စိုက်ပျိုးရေးဌာနအောက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်း ဖွင့်လှစ်ထားသည်။ ပညာရေးဌာနအောက်တွင် အထက်တန်းကျောင်း ၇ ကျောင်း၊ အလယ်တန်းကျောင်း ၂၆ ကျောင်း၊ မူလတန်း ၁၀၃ ကျောင်း ရှိ၏။ ဆရာအတတ်သင်ကောလိပ်၊ ဥပဒေကောလိပ်နှင့် အင်စတီကျုများလည်း ဖွင့်လှစ်ထားပြီး ထိုကျောင်းများမှ အောင်လျှင် တရုတ်၊ ထိုင်း၊ အစ္စရေးတို့သို့ ဆက်လက်ပညာသင်သွားနိုင်ရန် ချိတ်ဆက်ထား၏။
ကချင်ပြည်နယ်တွင် လူဦးရေမနည်းလှသော ရှမ်းနီ လူမျိုးများပြဿနာ၊ ကချင်မျိုးနွယ်စုများထဲမှ ရဝမ်၊ လာချိတ်၊ လီဆူး ပြဿနာများလည်း ရှိ၏။ ထိုပြဿနာများကို ဖြေရှင်းရသည်မှာ ကေအိုင်အေသည် မြန်မာစစ်တပ်ကို ရင်ဆိုင်ရသည်ထက် ခက်ခဲသည်။
စစ်သည်၊ စစ်လက်နက် တောင့်တင်းသည့် ကေအိုင်အေတပ်ဖွဲ့ကို တည်ဆောက်ထားသကဲ့သို့ ကေအိုင်စီအားလည်း အစိုးရယန္တယားတရပ်အဖြစ် တည်ဆောက်ထား၏။ လက်ရှိ ကေအိုင်အိုနှင့် ကေအိုင်စီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကေအိုင်အေ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်၊ ကေအိုင်စီ ဒုဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော်တို့ ဦးဆောင်နေသည်။
ကချင်ပြည်နယ်တွင်း နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားနေသော ကေအိုင်အေအတွက် စစ်အစိုးရအပြင်၊ နိုင်ငံရေးအရ ရင်ဆိုင်နေရသော အခြားပြဿနာများလည်း ရှိ၏။ ၎င်းတို့မှာ ကချင်ပြည်နယ်တွင် လူဦးရေမနည်းလှသော ရှမ်းနီ လူမျိုးများပြဿနာ၊ ကချင်မျိုးနွယ်စုများထဲမှ ရဝမ်၊ လာချိတ်၊ လီဆူး ပြဿနာများလည်း ရှိ၏။ ထိုပြဿနာများကို ဖြေရှင်းရသည်မှာ ကေအိုင်အေသည် မြန်မာစစ်တပ်ကို ရင်ဆိုင်ရသည်ထက် ခက်ခဲသည်။
အဆိုပါ ကချင်ပြည်တွင်းရှိ မတူသည့်လူမျိုးများ၊ မျိုးနွယ်စုများအကြားရှိ ပြဿနာများသည် ပျော့ပြောင်းစွာ၊ လိမ္မာပါးနပ်စွာ အချိန်ယူ၍ ဖြေရှင်းရမည့်ပြဿနာ ဖြစ်ပြီး ကေအိုင်အေအတွက် စိန်ခေါ်မှုတခု ဖြစ်ခဲ့၏။
ကချင်သည် ပြည်မနှင့်အဆက်ဆံများ၏။ အလားတူ ကေအိုင်အေ စတင်ဖွဲ့စည်းစဉ်ကတည်းက ပညာတတ်များ ပါဝင်ပြီး နောက်ပိုင်းတွင်လည်း ပညာတတ်များ ဆက်လက်ပါဝင်ကာ ခေါင်းဆောင်ပိုင်းတွင် နေရာရသကဲ့သို့ တပ်ဖွဲ့အတွင်းတွင်လည်း အားကောင်းလာခဲ့၏။ ကချင်ပညာတတ်များသည် ပြည်တွင်းပြည်ပ၌ ပညာသင်ကြားလာကြသည် ဖြစ်ရာ မြန်မာနိုင်ငံရေးနှင့် ပတ်သက်၍ နီးနီးစပ်စပ်ရှိကြ၏၊ ထဲထဲဝင်ဝင်ရှိကြ၏။ မြန်မာနိုင်ငံရေးနှင့် ဆက်စပ်နေသော နိုင်ငံတကာအရေးများကိုလည်း လက်လှမ်းမီကြသည်။
ကေအိုင်အေ၏ နိုင်ငံရေး အမြင်နှင့် ခြေလှမ်းများသည် ပြည်မနိုင်ငံရေးနှင့် ကွဲထွက်မနေဘဲ၊ အတူလိုက်ပါနိုင်သည်။ ထို့အတူ ကေအိုင်အေသည် ဗကပနှင့်သော်လည်းကောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်သော် လည်းကောင်း တပ်ပေါင်းစု ဖွဲ့စည်းရေးတွင် အတွေ့အကြုံရှိပြီး မိမိတို့အားသာသည့် အခြေအနေကို ဖန်တီးယူနိုင်၏။ သို့ဖြစ်ရာ အခြေအနေတိုင်း၊ နိုင်ငံရေးအပြောင်းအလဲတိုင်းတွင် မဟာမိတ်ဖွဲ့စည်းရေးကို ကောင်းစွာ လုပ်ဆောင်နိုင်၏။
ကေအိုင်အေ၏ စစ်အင်အားကို ၁၅၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရပြီး ကချင်ပြည်နယ်တခုလုံးနှင့် ရှမ်းပြည် မြောက်ပိုင်းတွင် ဖြန့်ခွဲလှုပ်ရှား၏။
စစ်တိုက်ရမည့်အချိန်နှင့် ဆွေးနွေးရမည့်အချိန်ကို ခွဲခြားဆုံးဖြတ်ရန် အတွေ့အကြုံကောင်းရှိခဲ့သည်။ ထိုသို့ ဆုံးဖြတ်လုပ်ကိုင်နိုင်သည်မှာလည်း ကေအိုင်အေသည် လက်နက်ကိုင်တပ် တောင့်တင်းအောင် တည်ဆောက်ထားသကဲ့သို့ အုပ်ချုပ်ရေးယန္တယားကိုလည်း တောင့်တင်းအောင် တည်ဆောက်ထား နိုင်သောကြောင့်ဟု ဆိုရမည်။
သို့ဖြစ်ရာ ၂၀၁၈ နှစ်လယ်ခန့်မှစ၍ စစ်ရေးလှုပ်ရှားမှုများ လျှော့ချထားသော ကေအိုင်အေသည် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး လူထုလှုပ်ရှားမှုများ စတင်လာသောအခါ ပြည်တွင်း အခြေအနေကို တွက်ဆပြီး မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ချိန်ကိုက်ပါဝင်လာနိုင်သည်ကို တွေ့ရ၏။
ဦးစွာအားဖြင့် ကချင်အမျိုးသားများအား နိုင်ငံရေး စုစည်း၍ ပူးပေါင်းညှိနှိုင်းရန် ရည်ရွယ်ပြီး ကေအိုင်အေ၏ ကျောထောက်နောက်ခံ ပြုမှုဖြင့် ၂၀၂၁ ခုနှစ် မတ်လ ၉၊ ၁၀၊ ၁၁ ရက်များတွင် ဆွေးနွေးကာ ကြားကာလ ကချင်အမျိုးသား နိုင်ငံရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဟု အဓိပ္ပာယ်ရသည့် Kachin Political Interim Coordination Team -KPICT ကို ဖွဲ့စည်းခဲ့သည်။ KPICT အား ပြည်တွင်းပြည်ပ ကချင်အဖွဲ့အစည်း (၅) ဖွဲ့မှ ကိုယ်စားလှယ် သုံးဦးစီ ပါဝင်သည့် (၁၅) ဦး ကော်မတီဖြင့် ဖွဲ့စည်းခဲ့၏။ KPICT သည် ကချင် ပြည်နယ် နိုင်ငံရေးအား ပူးပေါင်းဆောင်ရွက်မည့် အခန်းကဏ္ဍကို တည်ဆောက်ခဲ့ပြီး ပြည်မနိုင်ငံရေးနှင့် ဆက်စပ်လှုပ်ရှားရန် ပြင်ဆင်ခဲ့သည်။
တချိန်တည်းတွင် လူထုလှုပ်ရှားမှု မြင့်တက်လာပြီး မြန်မာစစ်တပ် စတင်ပစ်ခတ်လာချိန်တွင် ကေအိုင်အေက လူထုအား ပစ်ခတ်ခြင်းမပြုရန် သတိပေးချက် ထွက်ပေါ်လာသည်။ မြန်မာစစ်တပ်က လူထုအား အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများပြုလုပ်နေချိန် ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းတွင် အလောဘွမ် စခန်းသိမ်းတိုက်ပွဲအား အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ရေးတိုက်ပွဲများ တောက်လျှောက် ဆင်နွှဲခဲ့တော့၏။
ကေအိုင်အေ၏ နိုင်ငံရေး အမြင်နှင့် ခြေလှမ်းများသည် ပြည်မနိုင်ငံရေးနှင့် ကွဲထွက်မနေဘဲ၊ အတူလိုက်ပါနိုင်သည်။
ဤသို့ ကေအိုင်အေ၏ ချိန်ကိုက်တိုက်ခိုက်မှုကြောင့် ပြည်မလူထု၏ အာရုံစူးစိုက်မှု၊ ထောက်ခံမှုကို ဦီးဆုံး ရယူနိုင်ခဲ့သည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း ဖြစ်ခဲ့သည်။ မူလက ကေအိုင်အေမှ ရေပမ်းစားသော ခေါင်းဆောင်ပိုင်းလောက်ကိုသာ သိကြသော မြန်မာလူထုအကြား ကေအိုင်အေ၏ ဂုဏ်သတင်း ပျံ့နှံ့သွားပြီး ကေအိုင်အေကို မြန်မာလူထု ထောက်ခံမှု တဟုန်ထိုး မြင့်မားသွားခဲ့၏။
ထို့အပြင် ကေအိုင်အေ အခြေခံဒေသသည် နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် CDM များ၊ စစ်တပ်က ဖမ်းဆီးမည့် အန္တရာယ်ရှိသူများ ခိုလှုံရာဖြစ်ခဲ့တော့သည်။ ထို့အပြင် CRPH နှင့် KPICT မှတဆင့် အစောဆုံး ချိတ်ဆက်ပြီး NUCC ဖွဲ့စည်းရာတွင် လည်းကောင်း၊ NUG ဖွဲ့စည်းရာတွင်လည်းကောင်း၊ PDF ဖွဲ့စည်းရာတွင် လည်ကောင်း အစောဆုံးပါဝင်ခဲ့ပြီး ကချင်နိုင်ငံရေးတွင်သာမက၊ မြန်မာပြည် နိုင်ငံရေးတွင်ပါ အရေးပါသော အခန်းက ပါဝင်နိုင်ခဲ့၏။
ကေအိုင်အေ နယ်မြေသို့ ထွက်ပြေးခိုလှုံလာသူများ၊ PDF ဖွဲ့စည်းရာတွင် ပါဝင်မည့်သူများ လူအင်အား သောင်းချီ ရောက်ရှိလာရာ ဒေသတွင်း လက်ခံထားနိုင်သည့် လူဦးရေထက် ပိုများခဲ့၏။ ထို PDF များအား လေ့ကျင့် ဖွဲ့စည်းပေးပြီး KIA တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုပြုလုပ်ရာ ကေအိုင်အေ၏ စစ်ရေးလှုပ်ရှားမှု အားကောင်းလာခဲ့သည်။
ထို့အပြင် စစ်ကိုင်းတိုင်းအပါ အညာဒေသ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများအား ကေအိုင်အေက ကောင်းစွာ ပံ့ပိုးကူညီနိုင်ခဲ့၏။ လက်ရှိတွင်လည်း NUG နှင့်တွဲ၍ မြောက်ပိုင်းအမှတ် ၁ စစ်ဒေသအား ကေအိုင်အေက ကွပ်ကဲလျှက်ရှိသည်။
တိုင်းရင်းသားလူမျိုးများ ရောနှော နေထိုင်မှုများသော ဒေသ၊ လက်နက်ကိုင်အဖွဲ့အစည်းများသော ဒေသများတွင် ရှုပ်ထွေးသိမ်မွေ့သော ပြဿနာများစွာကို ဆက်လက်ဖြေရှင်းရန် ကျန်နေပေသေးသည်။
ကေအိုင်အေသည် CRPH နှင့် ပူးပေါင်းလိုက်သည်ဖြစ်ရာ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင် စသည့် သံလမ်းရိုး တလျှောက်မှ ရှမ်းနီများ၊ ဗန်းမော်၊ မိုးမောက်မှ ရှမ်းနီများသည် ကေအိုင်အေနှင့် ပူးပေါင်းမည့် PDF များ ဖြစ်လာကြသည်။ ရှမ်းနီလက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်သည့် SNA ထက် ကေအိုင်အေနှင့် ပူးပေါင်းသည့် ရှမ်းနီ PDF က ပိုများခဲ့၏။
ထို့အပြင် ပူတာအိုဒေသမှ မျိုးဆက်သစ် ရဝမ်လူငယ်များသည်လည်း ယခင် စစ်တပ်၏ ပြည်သူ့စစ် လုပ်နေကြသည့် လူဟောင်းများနှင့် လမ်းခွဲကာ ကေအိုင်အေနှင့်ပူးပေါင်းသည့် PDF များ ဖြစ်လာကြ၏။ လူငယ်မျိုးဆက်သစ် လီဆူး၊ လာချိတ်တို့သည်လည်း ကေအိုင်အေအတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။
သို့ဖြစ်ရာ ယခင် ကေအိုင်အေ ရင်ဆိုင်နေရသည့် ကချင် ပြည်နယ်တွင်းနေထိုင်ကြသော မတူကွဲပြားသည့် လူမျိုးများအကြား ပဋိပက္ခပြဿနာသည် လျော့ကျသွားသည်ကို တွေ့ရပြီး ကချင်ပြည်နယ်တွင်း မတူသော လူမျိုးများအကြားရှိ ပဋိပက္ခကိုဖြေရှင်းရန် အခွင့်အခါကောင်း၊ အချိန်အခါကောင်းကို ရရှိခဲ့သည်။
မြန်မာစစ်တပ် စတင်ပစ်ခတ်လာချိန်တွင် ကေအိုင်အေက လူထုအား ပစ်ခတ်ခြင်းမပြုရန် သတိပေးချက် ထွက်ပေါ်လာသည်။
ဤသို့ဆို၍ ပြဿနာအားလုံး ဖြေရှင်းနိုင်ပြီဟု မဆိုလိုပါ။ ပြဿနာများကို ဖြေရှင်းရန် အခွင့်အလမ်းကောင်းများ ရခဲ့သည်ဟု ဆိုလိုခြင်းဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းကဲ့သို့ တိုင်းရင်းသားလူမျိုးများ ရောနှော နေထိုင်မှုများသော ဒေသ၊ လက်နက်ကိုင်အဖွဲ့အစည်းများသော ဒေသများတွင် ရှုပ်ထွေးသိမ်မွေ့သော ပြဿနာများစွာကို ဆက်လက်ဖြေရှင်းရန် ကျန်နေပေသေးသည်။
နိုင်ငံခြား သတင်းစာဆရာတဦးက “ဝ” တို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် အကျိုးအမြတ်အရှိဆုံးဟု သုံးသပ်သည်ကို တွေ့ရ၏။ လက်တွေ့တွင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများထဲမှ နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရေးအရ လက်ဦးမှုရယူရာတွင် လည်းကောင်း၊ နိုင်ငံရေးအရ မိမိ သွားလိုသည့် လမ်းကြောင်းကို ပုံဖော် ပေးရာတွင်လည်းကောင်း၊ ၎င်းတို့ တိုင်းရင်းသားတော်လှန်ရေးနှင့် ပြည်မတော်လှန်ရေးအား ပေါင်းစပ်ရာတွင် လည်းကောင်း၊ နွေဦးတော်လှန်ရေးတွင် တက်တက်ကြွကြွ ပေါင်းစပ်ပါဝင်ပြီး ပြည်မ လူထုထောက်ခံမှုရယူရာတွင် လည်းကောင်း၊ အကျိုးဆက်အဖြစ် ပြည်နယ်တွင်း မတူသည့် လူမျိုးများအကြား နားလည်မှု တည်ဆောက်ရာတွင် လည်းကောင်း ကေအိုင်အေသည် ရှေ့ဆုံးတန်းမှ ရှိသည်ကို တွေ့ရ၏။
ကေအိုင်အေ နယ်မြေသို့ ထွက်ပြေးခိုလှုံလာသူများ၊ PDF ဖွဲ့စည်းရာတွင် ပါဝင်မည့်သူများ လူအင်အား သောင်းချီ ရောက်ရှိလာရာ ဒေသတွင်း လက်ခံထားနိုင်သည့် လူဦးရေထက် ပိုများခဲ့၏။
သို့ဖြစ်ရာ အရပ်စကားဖြင့် ပြောရလျှင် နိုင်ငံရေး အမြတ်အထွက်ဆုံး အဖွဲ့အစည်းသည် ကေအိုင်အေ ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသို့ ကေအိုင်အေ ဆောင်ရွက်နိုင်ခြင်းသည် ကေအိုင်အေခေါင်းဆောင်များ၏ မူဝါဒ ခိုင်မာမှု၊ အမြော်အမြင်ရှိမှု၊ လိမ္မာပါးနပ်မှုအပြင် ၎င်းတို့၏ ကေအိုင်အေ အဖွဲ့အစည်းအား တောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားနိုင်၍ ဖြစ်သည်ဟု သုံးသပ်ရပါသည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူတဦးဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီကြောင့် ကချင်အရပ်သား ထောင်ချီ ထွက်ပြေးနေရ
ရခိုင်စစ်မျက်နှာ ပြန်ဖွင့်ရန် စစ်ကောင်စီ ပြင်နေဟု AA ပြော
BGF တပ်တွေ လူထုနဲ့ ဘာကြောင့် တွေ့ဆုံနေသလဲ
UWSA ၏ “ဝ” ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား
အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ