ဆောင်းပါး

ရွှေဘို ကာကွယ်ရေးတပ် ခေါင်းဆောင် ဗိုလ်သံမဏိ ကျဆုံးခြင်း

ညသည်ကား သန်းခေါင်ယံ ကျော်ခဲ့ပြီ ဖြစ်သော်လည်း ဒေသခံ ကာကွယ်ရေး ပြောက်ကျားများသည် ဇွဲမလျှော့ဘဲ တစုံ တရာကို သဲသဲမဲမဲ ရှာဖွေနေသည်။

၎င်းတို့ ရှာဖွေနေသည်မှာက ဇွန်လ ၉ ရက် ညနေ ၆ နာရီခွဲက ဖြစ်ပွားခဲ့သည့် အာဏာသိမ်း စစ်ကောင်စီ လက် အောက်ခံ တပ်မ ၃၃ နှင့် ဖြစ်ပွားသည့် တိုက်ပွဲ၌ ကျဆုံးခဲ့သော ရွှေဘို ကာကွယ်ရေးတပ် (Shwe Bo Defense Force) မှ ၎င်းတို့၏ ရဲဘော် ၃ ဦး၏ ရုပ်ခန္ဓာပင် ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အရှေ့မြောက်ဘက် ချောင်းမီးတိုရွာနားက လယ်ကွင်းများကို လက်နှိပ် ဓာတ်မီးများအားပြု၍ ကျော်နင်းပြီးနောက် ၎င်းတို့ ရှာဖွေနေသည့် ရဲဘော်များ၏ ရုပ်အလောင်းများကို SBDF ရဲဘော်များ ရှာတွေ့ခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် ၆ နာရီကြာ အပူတပြင်း ရှာဖွေခဲ့ပြီးနောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် SBDF ခေါင်း ဆောင် ဗိုလ်သံမဏိ အပါအဝင် ရဲဘော် ၃ ဦးကို ပြန်လည် ရှာဖွေနိုင်ခဲ့ကြောင်း SBDF တပ်ရင်း ၂၃ မှ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ် ဗိုလ်သံမဏိ၏ လက်ရင်း တပည့် တဦးလည်း ဖြစ်သည့် ကိုကျွဲက ပြောကြားသည်။

ဗိုလ်သံမဏိသည် အရပ် မနိမ့်မမြင့် မျက်ခုံးကောင်းကောင်း မုတ်ဆိတ်‌မွှေး နှုတ်ခမ်းမွှေးများနှင့်ဖြစ်ပြီး ဖြတ်ခနဲ ကြည့်ပါက ကျူးဘားနိုင်ငံ ကွန်မြူနစ် ခေါင်းဆောင် ကတ်စထရိုနှင့်ပင် ဆင်တူသေးသည်။

“ပထမဆုံး ကျနော်တို့ရဲ့ ရဲဘော်တယောက်ဖြစ်တဲ့ ဇွဲဇွဲ ခေါ် မျောက်ကြီးရဲ့ အလောင်းကို တွေ့တယ်။ ကျနော်တို့မှာ သေနတ် မရှိလို့ မဟာမိတ်အဖွဲ့တဖွဲ့ရဲ့ အကူအညီနဲ့ တိုက်ပွဲပြီးတဲ့ နောက်မှ လိုက်ရှာရတယ်။ ညတွင်းချင်းပဲ ရှာလို့ တွေ့ တယ်။ ချောင်းမီးတိုရွာနားက ရေအိုးစင်အထွက် ယူကလစ်ကွင်းမှာ ပြန်တွေ့တာပါ။ လမ်းအရှေ့ဘက်မှာပါ။ ည ၁ နာရီလောက်မှာ အလောင်း ပြန်ရပြီး၂ နာရီခွဲလောက်မှာ သင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေး မျိုးရိုးနဲ့ လူ

ဗိုလ်သံမဏိသည် အရပ် မနိမ့်မမြင့် မျက်ခုံးကောင်းကောင်း မုတ်ဆိတ်‌မွှေး နှုတ်ခမ်းမွှေးများနှင့်ဖြစ်ပြီး ဖြတ်ခနဲ ကြည့်ပါက ကျူးဘားနိုင်ငံ ကွန်မြူနစ် ခေါင်းဆောင် ကတ်စထရိုနှင့်ပင် ဆင်တူသေးသည်။ သူသည် ရခိုင်တိုင်းရင်းသား မိဘ ၂ ဦးကနေ ဆင်းသက်လာသည့် ရခိုင်လူမျိုးတဦးဖြစ်ပြီး ရခိုင်ပြည်နယ်တနေရာ၌ ၁၉၇၃ ခုနှစ် မတ်လ ၄ ရက်တွင် မွေး ဖွားခဲ့သည်။

ဗိုလ်သံမဏိသည် အရပ် မနိမ့်မမြင့် မျက်ခုံးကောင်းကောင်း မုတ်ဆိတ်‌မွှေး နှုတ်ခမ်းမွှေးများနှင့်ဖြစ်ပြီး ဖြတ်ခနဲ ကြည့်ပါက ကျူးဘားနိုင်ငံ ကွန်မြူနစ် ခေါင်းဆောင် ကတ်စထရိုနှင့်ပင် ဆင်တူသေးသည်

ဗိုလ်သံမဏိဆိုသည့် အမည်မှာ SBDF တည်ထောင်သောအခါမှသာ ၎င်း ခံယူသည့် နာမည်ဖြစ်ပြီး အမည်အရင်းမှာ ဦးကျော်မြသန်းဖြစ်ကာ အိမ်အမည်မှာ ကိုမောင်မောင် ဖြစ်သည်။ ကိုမောင်မောင်သည် ရခိုင်ကွန်မြူနစ်ပါတီနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတွင် ခေါင်းဆောင်တဦးအဖြစ် တာဝန် ထမ်းဆောင်သွားသည့် ရဲဘော် ကျော်မြ (ခေါ်) ဦးကျော်မြ နှင့် ဒေါ်ဦးစိန် တို့၏ သား ဖြစ်သည်။

ရဲဘော် ကျော်မြသည် ၁၉၇၇ ခုနှစ် ဝန်းကျင်က CPB (ဗမာပြည် ကွန်မြူနစ်ပါတီ) ရခိုင်ပြည်နယ် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ရဲဘော် ကျော်မြ (ခေါ်) ဦးကျော်မြသည် ဖက်ဆစ်ဂျပန် တော်လှန်ရေး ကာလတွင်လည်း ရခိုင်ပြည်နယ်တွေ အခြေစိုက်ကာ ဖက်ဆစ် ဂျပန်များကို လက်နက်ကိုင် တော်လှန်ခဲ့သည့် ရခိုင်လူမျိုး တော်လှန်ရေး ခေါင်းဆောင်တဦး ဖြစ်သည်။

ကိုမောင်မောင် (ခ) ဗိုလ်သံမဏိသည် ဗမာပြည် ကွန်မြူနစ်ပါတီတွင် ဆက်သွယ်ရေး သင်တန်း တက်ခဲ့ဖူးသူဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲသည့် ၁၉၈၉ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နှင့် နောက်ပိုင်းတွင် တရုတ်မြန်မာနယ်စပ် ရွှေလီမြို့တွင် နေထိုင်သည်

ရဲဘော် ကျော်မြသည် ပဲခူးရိုးမရှိ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဇင် ကျဆုံးသွားသည့် ၁၉၇၅ ခုနှစ်ကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်စစ်ဒေသ ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရာ၌ ပေါ်လစ် ဗျူရိုအဖွဲ့ဝင် ဖြစ်လာသူလည်း ဖြစ်သည်။

“ပေါ်လစ်ဗျူရို ဖြစ်ပြီးတဲ့အခါမှာ ဦးကျော်မြကို ဗမာပြည် ကွန်မြူနစ်ပါတီက ပန်ဆန်းကို ခေါ်တယ်။ ဘင်္ဂလားဒေ့နိုင်ငံ ကနေတဆင့် တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံကတဆင့် ပန်ဆန်းကို ရောက်လာတယ်။ ၇၉ ခုနှစ် ဗဟိုကော်မတီ အစည်း အဝေးကာလမှာ ရောက်လာတယ်။ အဲဒီအချိန်မှာ ခုနက သူ့မိသားစုဝင်တွေလည်း ပါလာတယ်။ သူ့ဇနီး၊ သူ့သမီး ၄ ယောက်ရယ်၊ အငယ်ဆုံးသား မောင်မောင် (ခ) ဗိုလ်သံမဏိလည်း ပါတယ်။ အဲဒီတုန်းက မောင်မောင်က ၅ နှစ် ၆ နှစ် ပဲ ရှိဦးမယ် ထင်တယ်” ဟု ဗမာပြည် ကွန်မြူနစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နိုင်ငံရေး လေ့လာသူအချို့ က ပြောသည်။

ကိုမောင်မောင် (ခ) ဗိုလ်သံမဏိသည် ဗမာပြည် ကွန်မြူနစ်ပါတီတွင် ဆက်သွယ်ရေး သင်တန်း တက်ခဲ့ဖူးသူဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲသည့် ၁၉၈၉ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နှင့် နောက်ပိုင်းတွင် တရုတ်မြန်မာနယ်စပ် ရွှေလီမြို့တွင် နေထိုင်သည်ဟု ကြားရကြောင်း မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။

“သူကတော့ အများစုကတော့ တရုတ်ပြည်နယ်စပ် ရွှေလီကျယ်ခေါင်မှာပဲ နေတယ်။ ရွှေလီကျယ်ခေါင်မှာ ဈေးဆိုင်တွေ ဘာတွေ ဖွင့်တယ်။ အိမ်ထောင်ကျတယ်။ သားသမီးတွေ ရှိတယ်ဆိုတာလည်း ကြားရတယ်။ အဲဒါပြီးတော့ နောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ် ပါတီဝင် ဖြစ်သွားတယ်လို့ သတင်းကြားရတယ်။ တရုတ်ပြည်ထဲမှာလည်း ဗမာပြည် ကွန်မြူနစ် ပါတီက လူတွေ ရှိသေးတာကိုး။ အဲဒီကနေမှ ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်တော့ ဘယ်ကနေ ဘယ်လို ရွှေဘိုရောက်သွားသလဲ မသိဘူး” ဟု ၎င်းက ပြောသည်။

အဖေ ရဲဘော် ကျော်မြ (ခေါ်) ဦးကျော်မြ နှင့် သား ဗိုလ်သံမဏိ (ခေါ်) ကိုမောင်မောင်

အခြားသော ဗမာပြည်ကွန်မြူနစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အချို့ကလည်း ကိုမောင်မောင်သည် ကြားဖြတ် ဆက်သွယ်ရေးပညာကို သင်ယူထားသူဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တာဝန်ပေးချက်အရ တနင်္သာရီတိုင်းရှိ မြိတ်နှင့် ထားဝယ်ခရိုင်များတွင် သင်တန်းများ သွားရောက်ပို့ချခဲ့သေးကြောင်း Facebook လူမှု ကွန်ရက်တွင် ရေးသားကြသည်။

ရွှေဘိုတွင် လက်နက်ကိုင်တပ်ကို ထောင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းလိုက်သည့်နောက် ကိုမောင်မောင်သည် မြန်မာပြည် အလယ်ပိုင်းဒေသက မြို့လေးတမြို့တွင် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ၌ လူအများနည်း တူ ပါဝင်ခဲ့သည်။

စစ်တပ်က ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲသည့်အခါ ၎င်းသည် လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်ရန် ရွှေဘိုနယ်ထဲသို့ ရောက်လာခဲ့ကြောင်း SBDF ထံမှ သိရသည်။

မြို့ပြတွင် ပြောက်ကျားစစ်ဆင်ရေး လုပ်မည့် တပ်ဖွဲ့ဝင်များအား သင်တန်းပေးမည့် သင်တန်းဆရာအဖြစ် ကိုမောင်မောင် ရောက်လာခြင်းဖြစ်ပြီး သင်တန်းကာလပြီးသည့်နောက်တွင် ၎င်းက နေရပ်မပြန်တော့ခြင်း ဖြစ်ကြောင်း SBDF တပ်ရင်း၂၃ မှ ပြောရေးဆိုခွင့်ရှိသူ ကိုကျွဲက ပြောပြသည်။

ကိုမောင်မောင် တဖြစ်လဲ ဗိုလ်သံမဏိသည် SBDFအဖွဲ့ကို တည်ထောင်ပြီး SBDF အား တပ်ရင်း တပ်ဖွဲ့အဖြစ် စနစ်တကျ ဖွဲ့စည်းခဲ့ကာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။

“ဆရာ သံမဏိ ရောက်လာတာက ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ရွာတရွာမှာ သင်တန်းပေးတယ်။ အာဏာသိမ်းပြီး ၄ လလောက် အကြာမှာပေါ့။ သင်တန်းဆရာအဖြစ် ရောက်လာခဲ့တယ်။ သင်တန်းသားတွေကို အကုန်လုံး သင်တန်းပေးပြီးတဲ့ အချိန်မှာပဲ သူတို့ သင်တန်းလာပေးတဲ့ ဆရာတွေက တာဝန်ကျတဲ့နေရာဌာနဆီ ပြန်တဲ့အခါ ဆရာ သံမဏိက မပြန်ဘဲ ကျနော်တို့နဲ့အတူ ကျန်နေခဲ့တာပေါ့။ ကျနော်တို့က မြို့ပေါ် UG ပြောက်ကျားတပ်ဖွဲ့ပေါ့။ ကျနော်တို့ က ဖောက်ခွဲရေးသီးသန့် အရင်တုန်းက လုပ်ခဲ့တယ်။ အဲဒီလိုလုပ်တဲ့ အခါမှာ ဆရာနဲ့ ကျနော်တို့ တွေ့တာပေါ့” ဟု ကိုကျွဲက ဆိုသည်။

ယင်းနောက်ပိုင်းတွင် ကိုမောင်မောင် တဖြစ်လဲ ဗိုလ်သံမဏိသည် SBDFအဖွဲ့ကို တည်ထောင်ပြီး SBDF အား တပ်ရင်း တပ်ဖွဲ့အဖြစ် စနစ်တကျ ဖွဲ့စည်းခဲ့ကာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပေါ်လစ် ဗျူရိုအဖွဲ့ဝင် ရဲဘော် ကျော်မြ

လက်နက်ကိုင် တော်လှန်ရေးကို MA-1 ချေမှုန်းရေး ရိုင်ဖယ်တလက်၊ လက်လုပ် သေနတ်များဖြင့်သာ စခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိလည်း ရိုင်ဖယ်သေနတ်နှင့် လက်နက်ခဲယမ်းများလိုအပ်နေဆဲဖြစ်ကြောင်း SBDF ရဲဘော်များက ပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးခြင်း

SBDF ခေါင်းဆောင် ဗိုလ်သံမဏိသည် ဇွန်လ ၉ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် ချောင်းမီးတိုရွာနားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ၎င်း၏ လက်အောက်ခံ ရဲဘော် ၁၅ ဦးဖြင့် ချောင်းမီးတို ရွာဝန်းကျင်သို့ ထွက်သွားပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SBDF တပ်ရင်း ၂၃ မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုကျွဲက ပြော သည်။

ရဲဘော်များ ရန်သူသတ်ကွင်းမှ ဆုတ်ခွာ လွတ်မြောက်နိုင်ရန် ဗိုလ်သံမဏိနှင့် ဆရာစိုးပိုင်တို့သည် ၎င်းတို့ တတ်နိုင်သမျှ ကာပစ်ပေးခဲ့ပြီး ၎င်းတို့ ကျည်ကုန်သွားသည့်နောက် စစ်ကောင်စီတပ်က ဖမ်းဆီးကာ ပစ်သတ်သွားခြင်း ဖြစ်သည်။

“သူသွားတဲ့အချိန်မှာ ချောင်းမီးတိုရွာအထွက် ရေအိုးစဉ်လေးနားမှာ ခွေးကား တစီး ရှိတယ်။ ရဲဘော်တွေ ပြောပြချက် အရ။ အဲဒီကားရှေ့မှာ အမျိုးသမီး ၂ ဦးကို လက်ပြန် ကြိုးတုပ်ထားတယ်။ အဲဒီအချိန်မှာ ဟိုဘက်က ခွေးတကောင် ကလည်း အင်္ကျီအနက်နဲ့ပဲ။ ကိုင်ထားတာ MA 1 သေနတ်။ ဆရာကလည်း MA-1 ပဲ ကိုင်ထားတာ။ ဆရာက ကျနော်တို့ချင်း သိတဲ့ နာမည်မေးတော့ ဟိုဘက်က မဖြေနိုင်တာနဲ့ ဒီကောင် ခွေးပဲ ဆိုပြီး ဆရာ သံမဏိက အရင် ပစ်တယ်။ နောက်ပိုင်း သူပစ်ကိုယ်ပစ် ပစ်ရင်းနဲ့ တော်တော်လေးတော့ ကျတယ်” ဟု ဆိုသည်။

မျက်မြင်တွေ့သူများ၏ အဆိုအရ ဗိုလ် သံမဏိ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ချောင်းမီးတို ရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၅ ယောက်ကျော်က မောင်းပြန်သေနတ်များဖြင့် ဝိုင်ဝန်း ပစ်ခတ်ခဲ့ရာ ဗိုလ်သံမဏိ အပါအဝင် ဆရာ စိုးပိုင် ဆိုသည့် SBDF တပ်ဖွဲ့ဝင်တဦးလည်း ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

“ဆရာစိုးပိုင်က SIG အတိုတလက်နဲ့ ဆရာသံမဏိက ပေါင်မှာ ထိထားတော့ ကာပစ်ပေးတယ်။ ဆရာ တပည့် ၂ ယောက် သူတပြန် ကိုယ်တပြန် ကာပစ်ပေးပြီး ရဲဘော်တွေကို ဆုတ်ခိုင်းတယ်။ ကျနော်တို့ ရဲဘော်တွေကို ရှေ့မတိုးဖို့ ပြောတာပေါ့။ ကျနော်တို့မှာက လက်လုပ်သေနတ်ပဲ ရှိတယ်။ မောင်းပြန်ဆိုလို့ ဆရာသံမဏိ အရင် တော်လှန်ရေး စ ကတည်းက ကိုင်နေတဲ့ MA-1 တလက်ပဲ ရှိတယ်။ အဲဒီ သေနတ်ကလည်း အသစ်တော့ မဟုတ်ဘူး။ သယ်လာတုန်း ကတောင် သံချေးလေးတွေရှိနေလို့ ကျနော်ကိုယ်တိုင် ဖြုတ်ဆေးပေးခဲ့ရသေးတယ်” ဟု ကိုကျွဲက ပြောပြသည်။

ရဲဘော်များ ရန်သူသတ်ကွင်းမှ ဆုတ်ခွာ လွတ်မြောက်နိုင်ရန် ဗိုလ်သံမဏိနှင့် ဆရာစိုးပိုင်တို့သည် ၎င်းတို့ တတ်နိုင်သမျှ ကာပစ်ပေးခဲ့ပြီး ၎င်းတို့ ကျည်ကုန်သွားသည့်နောက် စစ်ကောင်စီတပ်က ဖမ်းဆီးကာ ပစ်သတ်သွားခြင်း ဖြစ်နိုင်ကြောင်း SBDF တပ်ဖွဲ့ဝင်များက ပြောသည်။

“ဆရာ သံမဏိက ဒူးခေါင်း၊ ခြေထောက်ကို အရင် မှန်တယ်ဗျ။ ခြေထောက်က ကြေသွားတယ်။ အဲဒါ သူပြန်လှည့်ပြီး တော့ MA-1 က ရှိတဲ့ ကျည်ဘောက်က ကျည်ကုန် သူ ပြန်ခုခံပြီး ပစ်ပေးတယ်။ နောက်ဆုံးမှာ ကျည်ကုန်သွားတဲ့ အချိန်မှာ ဝိုင်းဖမ်းခံလိုက်ရတာပေါ့။ လက်ပြန်ကြိုးတုပ်လျက်ရှိတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ နှလုံးနေရာကို တချက် ရယ်။ ခေါင်းရယ်ကို ပစ်ဖွင့်သွားပုံ ရတယ်” ဟု ဗိုလ်သံမဏိ၏ တပည့်တဦးဖြစ်သူ ကိုကျွဲက ဆိုသည်။

ဗိုလ်သံမဏိနှင့် SBDF ရဲဘော် ၂ ဦးတို့၏ ရုပ်အလောင်းများ

ဗိုလ်သံမဏိနှင့် ရဲဘော်များ ကျဆုံးရခြင်းသည် လက်နက်အင်အား မပြည့်စုံခြင်းနှင့် သတင်း အချက်အလက် စီးဆင်းမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း SBDF ထံမှ သိရသည်။ ချောင်းမီးတိုရွာအနီးတွင် ပျူစောထီး ၆ ဦးခန့် လက်နက် ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်နေသည် ဆိုသည့် သတင်းကြောင့် ဗိုလ်သံမဏိနှင့် ရဲဘော်များသည် တိုက်ခိုက်ရန် သွားရောက်ရာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်၂၀ ကျော်နှင့် တိုးမိခြင်း ဖြစ်ကြောင်း SBDF တာဝန်ရှိသူများက ပြောသည်။

ဗိုလ်သံမဏိ ဘယ်လိုလူလဲ

ဗိုလ်သံမဏိသည် စကားကို ပြတ်ပြတ်သားသား ပြောတတ်ပြီး အလုပ်တခု စမိပြီ ဆိုသည့်နှင့် ပန်းတိုင်ရောက်ရန် အဆုံးအထိ လုပ်ကိုင်တတ်သူ ဖြစ်ကြောင်း SBDF ထံမှ သိရသည်။

“ဆရာက မှာတယ်။ ငါတို့ကသာ ရှေ့ကနေ လုပ်ပြ၊ ငါတို့သာ လုပ်ပြနိုင်ရင် ငါတို့လို အနောက်က လိုက်လုပ်နိုင်တဲ့အဖွဲ့ အများကြီး ရှိနိုင်တယ် ဆိုတဲ့ ရည်ရွယ်ချက်က ဆရာ့ဆီမှာ ရှိပြီးသား။ တိုက်စရာရှိရင် ရဲရဲတိုက်တယ်။ မတိုက်ဘူး ဆိုလည်း မတိုက်ဘူး။ သူလုပ်ပြီဟေ့ ဆိုရင် ပြတ်သားတယ်။ အလုပ်တခုကို ပြီးပြတ်အောင် လုပ်တယ်။ ကျနော်တို့ကိုလည်း အဲဒီလိုပဲ မှာတယ်” ဟု ဗိုလ်သံမဏိ၏ တပည့်တဦးဖြစ်သူ ကိုကျွဲက ပြောသည်။

ထို့ပြင် ဗိုလ်သံမဏိသည် တပည့်များအား စိတ်ရှည်သည်းခံကာ သွန်သင် ဆုံးမတတ်သူလည်း ဖြစ်ကြောင်း SBDF တပ်ဖွဲ့ဝင်များက ဆိုသည်။

“တပည့်တွေ အပေါ်မှာ တအား အနွံအတာ ခံတယ်။ ကျနော်ဆိုရင် ဆရာနဲ့ တခါ စကားများဖူးတယ်။ ဆရာလက်အောက်မှာ မနေနိုင်ဘူး ဘာညာ ပြောဖူးတယ်။ ဘာမှ မဖြစ်ဘူး။ ပထမ ၁ ရက် ဆရာ တပည့်တွေ စိတ်ဆိုးတုန်းသာ ပြောကြတာ။ နောက်နေ့ ကျတော့ သူကိုယ်တိုင်ပဲ ချော့တယ်။ သူကိုယ်တိုင်ပဲ ဖော်ရွေတယ်။ သူပြောတာက ငါက ဦး ဆောင်ရတဲ့ သူမို့လို့သာ ခေါင်းဆောင်ဖြစ်နေတာ။ ငါက မင်းတို့နဲ့ တော်လှန်ရေး ညီကိုပဲ။ မင်းတို့က ငါ့ညီလေးတွေပဲ လို့ အမြဲပြောတယ်” ဟု SBDF တပ်ရင်း ၂၃ မှ ပြောရေးဆိုခွင့်ရှိသူ ကိုကျွဲက ပြောပြသည်။

သူပြောတာက ငါက ဦး ဆောင်ရတဲ့ သူမို့လို့သာ ခေါင်းဆောင်ဖြစ်နေတာ။ ငါက မင်းတို့နဲ့ တော်လှန်ရေး ညီကိုပဲ။ မင်းတို့က ငါ့ညီလေးတွေပဲ လို့ အမြဲပြောတယ်

ဗိုလ်သံမဏိသည် SBDF တပ်ဖွဲ့ထဲမှ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကိုလည်း ၎င်းမသေခင်အထိ တတ်နိုင်သမျှ ကူညီခဲ့ကြောင်း SBDF တပ်ဖွဲ့ဝင်များက ပြောသည်။

ဗိုလ်သံမဏိသည် တော်လှန်ရေး ကာလတွင် စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်နေသော်လည်း တော်လှန်ရေး အလွန် ကာလကို မျှော်တွေးကာ ၎င်း၏ ရဲဘော်များအတွက် အကျိုးမြတ်များ ခွဲဝေပေးမည့် အရောင်းအဝယ်လုပ်သည့် ကုမ္ပဏီ တခုကိုလည်း ထူထောင်ချင်သူ ဖြစ်ကြောင်း ကိုကျွဲက ပြောပြသည်။

“အရင်တုန်းက ကျနော်တို့ တော်လှန်ရေးပြီးရင် ဘယ်လို လုပ်ကိုင်စားသောက်ကြမယ် ဆိုတာ အစီအစဉ်ဆွဲပြီး ပြောကြတာ ရှိတယ်။ ကျနော်တို့ ကုမ္ပဏီတခု အတူဖွင့်ပြီး စီးပွားရေး လုပ်မယ်ဆိုပြီး ပြောကြတာ။ ဆရာက ကုမ္ပဏီ နာမည်တောင် ပေးသွားသေးတယ်။ ကျနော်တို့ ရဲဘော်တွေ အားလုံး စည်းစည်းလုံးလုံးနဲ့ အကျိုးအမြတ်ရမယ့် ကုမ္ပဏီပေါ့။ ကုမ္ပဏီနာမည်က နွေဦးသစ္စာတဲ့။ သူက တော်လှန်ရေးပြီးတဲ့အချိန်အထိ သူအပါအဝင် ရဲဘော်တွေ သက်ရှိထင်ရှား ရှိကြမယ်လို့ ယုံကြည်နေတာ” ဟု ၎င်းက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ၎င်း၏ ရဲဘော်များအတွက် တော်လှန်ရေးကာလအလွန်တွင် ကုမ္ပဏီတခု တည်ထောင်ချင်သည့် ဗိုလ်သံမဏိသည် အသက် ၄၉ နှစ်အရွယ်တွင် နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း အာဏာသိမ်း စစ်တပ်၏ လက်ချက်ဖြင့် အသက် စွန့်သွားခဲ့ရသည်။

နိုင်ငံရေး လေ့လာသူ တဦးကမူ ဗိုလ်သံမဏိသည် ရခိုင်လူမျိုးတဦးဖြစ်သော်လည်း အမျိုးသားရေးထက် အဖိနှိပ်ခံ လူတန်းစားဘက်က ရပ်တည်ကာ နောက်ဆုံးအချိန်အထိ အလုပ် လုပ်သွားသူ ဖြစ်ကြောင်း ပြောသည်။

“အဖေရော၊ အမေရော ရခိုင်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်တွေ၊ သူကိုယ်တိုင်လည်း ရခိုင်မှာမွေးတဲ့ ရခိုင်သား။ ကျသွားတဲ့ အချိန်မှာတော့ ရွှေဘို PDF ခေါင်းဆောင်အဖြစ် တိုက်ပွဲ ကျသွားတယ်။ သူက ရခိုင်ဖြစ်ပေမယ့် အမျိုးသား နိုင်ငံရေးကို အခြေမခံဘူး။ သူက လူတန်းစား အခြေခံပေါ့။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဗမာပြည်မှာ ဖိနှိပ်ခံရတဲ့ ပြည်သူဘက်က ရပ်တည်မယ်ဆိုတဲ့ အမြင်ကနေ ရပ်ခံသွားတာပေါ့။ ဒါကြောင့်လည်း ရွှေဘို PDF ရဲ့ ခေါင်းဆောင် ဖြစ်တာပေါ့” ဟု ဆိုသည်။

သူက ရခိုင်ဖြစ်ပေမယ့် အမျိုးသား နိုင်ငံရေးကို အခြေမခံဘူး။ သူက လူတန်းစား အခြေခံပေါ့။ ဘယ်လူမျိုးပဲဖြစ်ဖြစ် ဗမာပြည်မှာ ဖိနှိပ်ခံရတဲ့ ပြည်သူဘက်က ရပ်တည်မယ်ဆိုတဲ့ အမြင်ကနေ ရပ်ခံသွားတာပေါ့။ ဒါကြောင့်လည်း ရွှေဘို PDF ရဲ့ ခေါင်းဆောင် ဖြစ်တာပေါ့

SBDF တပ်ဖွဲ့ဝင် ရဲဘော်များကလည်း ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်သံမဏိ ကျဆုံးသွားခြင်းသည် အဖွဲ့အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သော်လည်း အားမလျှော့ဘဲ တော်လှန်ရေးကို ဆက်လုပ်သွားမည် ဖြစ်ကြောင်း ပြောသည်။

ကိုကျွဲက “နံပါတ် ၁ ကနေ ပြန်စရမယ့် အနေအထားလို ဖြစ်သွားတာ။ ကျနော်တို့မှာ ဘာမှ မရှိတော့ဘူး။ ပြောရမယ်ဆိုရင် မိဘမဲ့ တကောင်ကြွက်ပုံစံ ဖြစ်သွားတယ်။ ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေမှာ ဆရာနဲ့သိတဲ့ မိတ်ဆွေတွေ၊ အင်အားစုတွေ ရှိတယ်။ သူတို့ကို အကူအညီတောင်းတယ်။ ဆရာ့အတွက် ကျနော်တို့ ကြိုးစားချင်တယ်။ ဆရာ ကျသွားလို့ ကျနော်တို့ နောက်မဆုတ်ဘူး။ ရှေ့ကို ဆက်သွားမယ်။ ရဲရဲ တက်မယ်၊ ရဲရဲ တိုက်မယ်။ ဒါပေမယ့် ကျနော်တို့ လိုနေတာလေးတွေကိုတော့ ဖြည့်ဆည်းပေးဖို့ လိုတယ်” ဟု ဆိုသည်။

You may also like these stories:

ရခိုင်စစ်မျက်နှာ ပြန်ဖွင့်ရန် စစ်ကောင်စီ ပြင်နေဟု AA ပြော

အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ်

ဝက်လက်နယ် ရှိမ်းမကားတိုက်ပွဲ စစ်ကောင်စီ လေကြောင်းဖြင့်ပါ တိုက်ခိုက်

စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ စစ်တပ်က စိတ်ကူးယဉ်လို့တောင် မရဘူး

Loading