မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ၏ အဓိကဈေးကွက်ဖြစ်သော တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးကန့်သတ်ချက်များကြောင့် နှေးကွေးနေသည်မှာ ၂ နှစ်ကျော် ကြာလာနေပြီ ဖြစ်သည်။
တရုတ်၏ တင်းကျပ်သော စည်းမျဉ်းများအောက် ကုန်သွယ်နေရသည့် မြန်မာတို့အဖို့ နယ်စပ်စခန်း ကျင်စန်းကျော့ဂိတ်မှ ၇ မိုင်သာဝေးသည့် တရုတ်ဘက်ခြမ်းသို့ သီတင်း ၁ပတ်ခန့်ကြာအောင်သွားရပြီး အချိန်ကြာသည်နှင့်အမျှ ဖရဲ၊ သခွားကဲ့သို့ သော ကုန်များမှာ ပုပ်သိုးပျက်စီးကာ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရလေသည်။
ထိုသို့ ကုန်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးရုံသာမက တရုတ်က မြန်မာကုန်တင်ယာဉ်များကို တိုက်ရိုက်ဝင်ခွင့်မပြုသဖြင့် တရုတ် နိုင်ငံသားများ မောင်းသည့် ကုန်တင်ယာဉ်များဖြင့် ပြောင်းလဲတင်ဆောင်ရသဖြင့် ရှန်တိန်ကားခဆိုကာ ထပ်ဆောင်း လာ သလို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရခြင်းကလည်း မြန်မာသီးနှံတောင်သူများအဖို့ ဝန်ထုတ်ဝန်ပိုး ထပ်မံပိလျှက်ရှိသည်။
အဆိုပါ ဝန်ဆောင်ခများသည် ကုန်တင်ယာဉ် ၁ စီးလျှင် ငွေကျပ် သိန်း ၄၀ မှ သိန်း ၇၀ ဝန်းကျင်ထိ ကုန်ကျနေကြောင်း သိရသည်။
မူဆယ်နယ်စပ်ကုန်သည်တဦး ဖြစ်သည့် ကိုစိုင်းက “အသီးကောင်းပြီး ဈေးကောင်းရတဲ့ ၁၆ တန် ဖရဲသီးကား ၁ စီးမှ ကျပ် သိန်း ၁၅၀ လောက်ရတာ။ အဲဒါမှာ ကားခက တဝက်လောက် ဖြစ်နေတော့ တောင်သူက ဘယ်မှာ အမြတ်ရှိတော့မှာလဲ။ ဈေးမရတဲ့ကားဆိုရင် ရှုံးပြီ” ဟု ရှင်းပြသည်။
အကျိုးစီးပွားကိုသာ တဖက်သတ်ဆောင်ရွက်တတ်သည့် တရုတ်ကြောင့် နယ်စပ်ဈေးကွက်ကျပ်တည်းလာသည့်အပြင် မြန်မာ့ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေးမငြိမ်သက်မှုကြောင့် ဖြစ်လာသည့် ငွေကြေးဖောင်းပွမှုနှင့် အမေရိကန် ဒေါ်လာ လဲလှယ်နှုန်းကန့်သတ်ချက်တို့အပါအဝင် ကမ္ဘာ့လောင်စာဆီဈေးနှုန်းကြောင့် စိုက်ပျိုးရေးသွင်းအားစု ဈေးများဆက်တိုက် မြင့်လာခြင်းက ပို့ကုန်၊ သွင်းကုန်သမားများနှင့် တောင်သူများအပေါ် ထပ်မံသက်ရောက်မှု ကြီးမားလာနေသည်။
ယခင်က တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ပို့ကုန်တင်မှုသည် ၁ ရက်လျှင် ကုန်တင်ယာဉ် ၁၀၀၀ ကျော် ရှိခဲ့ ရာ ၂၀၂၀ ခုနှစ်မှ စတင်၍ ကိုဗစ်ကန့်သတ်ချက်များကြောင့် တဖြည်းဖြည်း လျော့လာခဲ့ပြီး ယခုနှစ်တွင် ၁ ရက်လျှင် ကုန်တင်ယာဉ် အစီး ၁၅၀ ဝန်းကျင်သာ တင်ပို့နိုင်တော့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏသည် ၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ မတ်လအထိ တွက်ချက်မှုအရ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ဝန်းကျင်အထိ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ မတ်လ အထိ အတိုင်းအတာမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကျော်သာ ရှိရာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထိ ကျဆင်းသွားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန စာရင်းများအရ သိရသည်။
မြန်မာဘက်မှ ဖရဲ၊ သခွား၊ သရက်၊ ဆန်၊ ပြောင်း စသည့် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်များကို မူဆယ် ၁၀၅ မိုင်၊ မန်းဝိတ်ဂိတ်၊ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးဂိတ်များကို အဓိကသုံးကာ တရုတ်ဘက်သို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး ယခုအခါ ကျင်စန်းကျော့ဂိတ် တခုသာဖွင့်၍ ကျန်ဂိတ်များမှာ ကုန်ပစ္စည်းများကို အကန့်အသတ်ဖြင့် သာ ပို့၍ရကြောင်း သိရသည်။
“တောင်သူတွေရဲ့ စိုက်နိုင်တဲ့အား ထက်ဝက်လောက် လျော့ကျသွားပြီ။ ရာသီပေါ်သီးနှံ (ဖရဲ၊ သခွား စသည့် သီးနှံများ) တွေ မှာ ပိုသိသာတယ်။ နှစ်ရှည်သီးနှံ (သရက်၊ ကျွဲကော၊ ထောပတ် စသည့် သီးနှံ) တွေကတော့ သူ့ဟာနဲ့သူတော့ ရှိသေး တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာက အရည်အသွေးကောင်းအောင်၊ အထွက်နှုန်းကောင်းအောင် မြေဩဇာတို့၊ ပိုးသတ်ဆေး တို့ မကျွေးနိုင်တော့ဘူး” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ အသင်း အတွင်းရေးမှူး ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။
ဟင်းသီးဟင်းရွက်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဘက်တွင် ကြားသုံးသွင်းအားစု (ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး)ဈေးနှုန်းများ သည် ယခင်ကထက် ၅ဆခန့် တက်လာသလို လောင်စာဆီဈေးနှုန်းမှာလည်း မြင့်လာသည့်အတွက် သယ်ယူပို့ဆောင်ရေး စရိတ်များကလည်း မြင့်တက်လာနေသည်။
သို့သော် ထုတ်ကုန်ဈေးကွက်တွင်မူ ဝယ်ယူသုံးစွဲနိုင်မှုအား လျော့ကျလျက် ရှိနေကြောင်း ဦးကျော်သူက ဆိုသည်။
“ရှုံးတာက တခါရှုံး၊ နှစ်ခါရှုံး၊ သုံးခါရှုံးဆို ခံနိုင်သေးတယ်။ အခုက အဲဒီထက်မကတော့ဘူး ရှုံးလာတဲ့ အခါကျတော့ တောင် သူက ပြန်စိုက်ဖို့ အရင်းကို မရှိတော့တာ။ အရင်းပြုတ်နေပြီ။ နောက်ပြီး ပို့ဖို့ကျပြန်တော့လည်း မြတ်ဖို့ထက် ရှုံးဖို့က ပိုများ နေတော့ Export လုပ်ဖို့ကို စိတ်မဝင်စားကြတော့ဘူး” ဟု ၎င်းက ပြောသည်။
ပြည်တွင်းစာနပ်ရိက္ခာအတွက် အဓိက စိုက်ပျိုးထုတ်လုပ်သော ဂေါ်ဖီ၊ ခရမ်းချဉ်သီး စသည့် သီးနှံများမှာလည်း ကိုဗစ် ကာလနှင့် အာဏာသိမ်းမှု ကာလအတွင်း သီးနှံပေါ်ချိန် ဈေးနှုန်းကျပြီး ဈေးကွက်ပျက်ကာ လမ်းဘေးတွင် စွန့်ပစ်လိုက် ရသည့် အခြေအနေများ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်လအတွင်း သီးနှံများပေါ်ချိန်က ခရမ်းချဉ်သီး ၁ ပိဿာလျှင် ကျပ် ၁၀၀ ဝန်းကျင်၊ မုန်ညှင်းထုတ် ၁ ပိဿာလျှင် ကျပ် ၅၀ မှ ၁၀၀ ဝန်းကျင်၊ ဂေါ်ဖီထုပ် ၁ ထုပ်လျှင် ၃၅ ကျပ် ဝန်းကျင် (အထုပ်ရေ ၁ ထောင်လျှင် ကျပ် ၄ သိန်း) နှင့် အခြားသော ခရမ်းသီး၊ အားလူး၊ ငရုတ်သီးစိမ်း စသည့် ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ ဈေးနှုန်းမှာလည်း အရင်းပင်မကျေသည့် အခြေအနေ ရောက်ရှိသွားခဲ့သည်။
“ပြည်တွင်းစားနပ်ရိက္ခာအတွက် အဓိကဖြစ်တဲ့ သီးနှံတွေလည်း အလုပ်ဖြစ်မယ်လို့ ထင်ရပေမယ့် နှစ်တိုင်းထိနေတာ။ အခြေခံအုပ်စုစားတဲ့ သီးနှံတွေမှာတောင် တောင်သူက စိုက်တိုင်းရှုံး။ စားသုံးသူကကျတော့ ဝယ်စားတိုင်း ဈေးကအရမ်း ကြီးနေတယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသခံတောင်သူတဦးက ပြောသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူများ အနေဖြင့် ဓာတ်မြေဩဇာ သွင်းအားစုဈေးနှုန်း မြင့်တက်ခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေရရှိရန် ခက်ခဲခြင်းနှင့် အမြတ်အစွန်းရရှိရန် မသေချာမှု အခြေအနေများကြောင့် ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ်မှု ပမာဏကို လျှော့ချလာလျက် ရှိကြသည်။
ယခင်က ၁၀ ဧက စိုက်သူများသည် ၁ ဧက မှ ၂ ဧက ဝန်းကျင်သာ စိုက်ပျိုးတော့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။
ထို့ပြင် ရာသီပေါ်သီးနှံများ စိုက်ပျိုးထုတ်လုပ်သော စစ်ကိုင်းတိုင်းရှိ ယင်းမာပင်၊ ရွှေဘို၊ ရေဦး စသည့် မြို့နယ်များတွင်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ဒေသကွယ်ကာကွယ်ရေးတပ်ဖွဲ့ (LDF) များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် သီးနှံစိုက်ပျိုးနိုင်မှု လျော့ကျလျက် ရှိသည်။
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာအပေါ် ကန့်သတ်ချက်ကလည်း ပြည်ပသို့ တင်ပို့သော ပို့ကုန်သီးနှံ များအတွက် ရငွေသည် ၁ ဒေါ်လာလျှင် ကျပ် ၁၈၅၀ နှုန်း ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်ရန်အတွက် လိုအပ်သော သွင်းအားစု နှင့် ကုန်ကြမ်းများကိုမူ ပြင်ပပေါက်ဈေး ၁ ဒေါ်လာလျှင် ကျပ် ၂၀၀၀ ကျော်ဖြင့် ပြန်လည် ဝယ်ယူနေရသည့်အတွက် တွက် ခြေမကိုက်တော့သည့် အခြေအနေကို ရင်ဆိုင်နေရပြန်သည်။
“ကိုယ်တွေ ပို့လိုက်တဲ့အသီးကို တခြားနိုင်ငံကအသီးနဲ့ ယှဉ်လိုက်ပြန်ရင်လည်း ကိုယ်တွေက ဈေးတအားကြီးတော့ ဒီအချိန်မှာ Export သွားဖို့က အရမ်းခက်တယ်” ဟု စင်ကာပူနိုင်ငံသို့ ထောပတ်သီး တင်ပို့ရောင်းချသော လုပ်ငန်းရှင်တဦး က ပြောသည်။
ထိုအခြေအနေများအပြင် တိုင်းပြည်အတွင်း စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ယခင်ကတည်းက လုပ်ခလစာ နည်းပါးသည့်အတွက် လုပ်သားရှားပါးမှု အခက်အခဲနှင့် ရင်ဆိုင်နေသော မြန်မာ့စိုက်ပျိုးရေးကဏ္ဍအတွက် လုပ်သားရှားပါးမှု ပြဿနာကိုလည်း ထပ်မံရင်ဆိုင်ရပြန်သည်။
လက်ရှိ ဖြစ်ပေါ်နေသည့် စိုက်ပျိုးရေးကဏ္ဍ အခြေအနေများ၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ပြဿနာများနှင့် ပတ် သက်၍ စစ်ကောင်စီ၏ လုပ်ဆောင်ပေးမှု တစုံတရာကိုလည်း မတွေ့ရပေ။
ယခုပုံစံအတိုင်းသာ ရှေ့ဆက်ရပါက လယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသည့် မြန်မာနိုင်ငံတွင် အားလုံး အကြွေးနွံနစ်ပြီး တိုင်းပြည်ဆင်းရဲတွင်း နက်သွားနိုင်မည့် အခြေအနေကိုသာ ဦးတည်နေကြောင်း လုပ်ငန်းရှင်၊ ကုန်သည်၊ ပွဲစားများနှင့် တောင်သူများက မှတ်ချက်ပြုထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ ၂၀၂၂ အတွက် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် လူဦးရေ၏ ၂၂ ရာခိုင်နှုန်း ဖြစ်သော ပြည်သူ ၁၂ သန်းသည် အလယ်အလတ်အဆင့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ကြုံတွေ့ရနိုင် ပြီး နောက်ထပ် ပြည်သူ ၁ ဒသမ ၂ သန်းသည် ဆိုးဝါးသော စားနပ်ရိက္ခာမဖူလုံမှုကို ကြုံတွေ့ရနိုင်ကြောင်း ဆိုထားသည်။
ဆိုးဝါးသော စားနပ်ရိက္ခာမဖူလုံမှုဟု ဆိုရာတွင် အချိန်ကြာမြင့်စွာ အစာရေစာငတ်ပြတ်မှု ဖြစ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ် သည်။
“စားနပ်ရိက္ခာဖူလုံမှုက ဝင်ငွေနဲ့က အများကြီး သက်ဆိုင်နေတယ်။ အရင်နဂိုကတည်းကိုက ဆင်းရဲသားမိသားစုတွေက ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ဒီအစားအသောက်အတွက် သုံးနေရတာ။ အခုက သူတို့ အဲဒီထက် ပိုသုံးရတော့မယ်။ အဲဒီလို အောက်ဆုံးလွှာက အခြေခံလူတန်းစားတွေအတွက်က ပိုပြီး ခက်ခဲလာနေပြီ” ဟု မြန်မာ့စီးပွားရေး လေ့လာစောင့် ကြည့်သူတဦးက မှတ်ချက်ပြုသည်။
ထို့ပြင် လက်ရှိ အခြေအနေများအရ ပဋိပက္ခဖြစ်နေသော တိုင်းနှင့်ပြည်နယ်များတွင် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာ သည် ပိုကြီးမားလာနိုင်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများကြောင့်လည်း မြို့ပြဆင်းရဲမှု နှုန်းများ မြင့်တက်လာနေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူလည်း ဖြစ်သည့် ဦးကျော်သူကလည်း “အခုက ငတ်တဲ့အဆင့်တော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ဒီလို အခြေအနေတွေက ဘယ်လောက် ကြာမလဲဆိုတာ ကျနော်တို့ မသိဘူး။ ကြာသွားရင်တော့ ကျနော်တို့လည်း ငတ်တဲ့အဆင့်ထဲ ပါသွားမှာပေါ့” ဟု ဆိုသည်။
You may also like these stories:
ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား
တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ ဆုံးရှုံးမှု ကြုံနေ
ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်သော်လည်း ကွန်တိန်နာစနစ်ကြောင့် အခက်ကြုံ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်ကြောင့် ပဲထွက်နှုန်းကျဆင်းနိုင်