ဆောင်းပါး

အာဏာရှင်နဲ့ ထေရဝါဒ

ဒီအကြောင်းအရာကို မရေးမဖြစ် တနေ့တော့ရေးမယ်လို့ စိတ်ကူးခဲ့တာကြာခဲ့ပါပြီ။ တနေ့တခြား ဘာသာရေး အရေခြုံတွေပေါလာတဲ့နိုင်ငံမှာ အလွဲလွဲအမှားမှားတွေ ဖြစ်လာတာ တွေ့နေရတော့ ရေးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်ချက်ချမိပါတယ်။

မြန်မာပြည်က နာမည်ကြီးဆရာတော်တွေကို စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုးကွယ်ကြတာ များပါတယ်။ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ငွေလည်းပေါပေါ သုံးနိုင်ကြသလို၊ အာဏာပါဝါတွေကလည်းရှိကြတော့ အကိုးကွယ်ခံ ဘုန်းတော်ကြီးတွေ အတွက် လိုတိုင်းတတိုင်း ရနေတဲ့အတွက် စစ်ဗိုလ်ချုပ်တွေ ဘာလုပ်လုပ် ထောက်ခံ အားပေးနေကြတာ ဖြစ်ပါတယ်။

အနောက်တိုင်း ဒီမိုကရေစီဝါဒ လွှမ်းမိုးလာရင် မြန်မာနိုင်ငံမှာ ဘာသာသာသနာ ကွယ်ပျောက်သွားလိမ့်မယ်ဆိုတဲ့ စကားလုံးကတော့ အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက် လက်သုံးတော်စကားကြီး ဖြစ်ပါတယ်။ ဒီစကားနဲ့ပဲ ဘုန်းတော်ကြီးများကို ဂျင်းထည့် စည်းရုံးထားသလို၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေကိုလည်း ဂျင်းထည့် စည်းရုံးထားခဲ့ကြပါတယ်။

အနောက်တိုင်း ဒီမိုကရေစီဝါဒ လွှမ်းမိုးလာရင် မြန်မာနိုင်ငံမှာ ဘာသာသာသနာ ကွယ်ပျောက်သွားလိမ့်မယ်ဆိုတဲ့ စကားလုံးကတော့ အာဏာရှင်တွေရဲ့ ခေတ်အဆက်ဆက် လက်သုံးတော်စကားကြီး ဖြစ်ပါတယ်။ ဒီစကားနဲ့ပဲ ဘုန်းတော်ကြီးများကို ဂျင်းထည့် စည်းရုံးထားသလို၊ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေကိုလည်း ဂျင်းထည့် စည်းရုံးထားခဲ့ကြပါတယ်။

ဒါကြောင့်လည်း နိုင်ငံရေးအာဏာကို ဘာသာပျောက်မှာစိုးကြောက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အပိုင်သိမ်းယူထားခဲ့ကြတာ ခေတ်အဆက်ဆက်ဆိုပါတော့။ တကယ်တော့ ဗုဒ္ဓပြောတဲ့ ဓမ္မသဘောကို သူတို့တကယ်နားမလည်ပါဘူး။ သူတို့လိုရာ ပုံဖော်ထားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဗုဒ္ဓရဲ့ ဓမ္မအနှစ်သာရတွေကို ဖျက်ဆီးနေကြတာပါ။

တကယ်တော့ မြန်မာပြည်မှာ ဗုဒ္ဓလမ်းစဉ်ထက် ထေရဝါဒလမ်းစဉ်က ပိုကြီးစိုးနေတယ်လို့ မြင်မိတယ်။ ထေရ ဆိုတာ ရဟန်းသက် ဆယ်ဝါ ရရှိပြီးသော ရဟန်းကို ပြောလိုတာဖြစ်ပြီး ဝါဒ ဆိုတာကတော့ ခံယူချက်ကို ပြောလိုတာဖြစ်ပါတယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၁၀၀ ကျော်၊ ဒုတိယ သင်္ဂါယနာ တင်တဲ့ပွဲမှာ စတင်သုံးစွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဝိနယဓမ္မ (ဝိနည်း) တွေအပေါ် ကိုယ်လိုသလို လိုတိုးပိုလျှော့ လုပ်လာတဲ့ရဟန်းတွေ ရှိလာတာကြောင့် ဗုဒ္ဓရဲ့ဝိနယဓမ္မတွေကို သူ့အရှိအတိုင်း ကျင့်သုံးဆောက်တည်ဖို့ အပြိုင်အယူဝါဒ တခုအဖြစ် ထေရဝါဒဆိုတာ ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ တကယ်တော့ အလွန်ကောင်းတဲ့ လမ်းစဉ်ပါပဲ။ ဒါပေမယ့် နှစ်ကာလကြာမြင့်လာတဲ့အခါ ထေရဝါဒရဲ့ ဆိုလိုရင်း အနှစ်သာရတွေလည်း ပျောက်ဆုံးလာသလို၊ ရဟန်းများရဲ့ ဝိနည်းသိက္ခာပုဒ်တွေအပေါ် လိုက်နာစောင့်သိမှုဟာလည်း ယုတ်လျော့လာခဲ့ပါတယ်။

မြန်မာပြည်တွင်းမှာပဲ ထေရဝါဒ ခေါင်းစဉ်အောက်မှာ ထပ်မံပြီး ဂိုဏ်းတွေ၊ အယူအဆတွေ ကွဲထွက်လာပါတယ်။ အဲဒီ ဂိုဏ်းတွေကတော့

( ၁) ရွှေကျင်
(၂) သုဓမ္မာ
(၃) ဓမ္မာနုဓမ္မမဟာဒွါရနိကာယ
(၄) ဓမ္မဝိနယာနိနုလောမ မူလဒွါရနိကာယ
(၅) အနောက်ချောင်းဒွါရ
(၆) ဝေဠုဝန်နိကာရ
(၇) စတုဘုမ္မိက သတိပဌာန် ငှက်တွင်း
(၈) ဂဏဝိမှတ်ကူးတို့
(၉) ဓမ္မယုတ္တိနိကာယမဟာရင် ဂိုဏ်းဆိုပြီး ကိုးဂိုဏ်းတိတိ ရှိပါတယ်။ အဲဒီဂိုဏ်းတွေဟာ တဂိုဏ်းနဲ့ တဂိုဏ်း အယူအဆ အတွေးအခေါ် ကျင့်သုံးပုံတွေ မတူကြပါဘူး။

ဗုဒ္ဓဘာသာဆိုပေမယ့် ဗုဒ္ဓရဲ့ ဓမ္မတွေအပေါ် ရှုမြင်သုံးသပ်ပုံတွေ ကွာခြားကြပါတယ်။ အဲဒီအခါမှာ ထေရဝါဒက အာစရိယဝါဒ ဖြစ်သွားတော့တာပါပဲ။ ရွှေကျင်ကလည်း ရွှေကျင်မှ အမှန်၊ သုဓမ္မာကလည်း သုဓမ္မာ စသည်ဖြင့် အတွေးအမြင် မတူခြင်းအပေါ် အခြေခံပြီး ဝိနယ ဓမ္မတွေကလည်း အပြောင်းအလဲဖြစ်လာပါတယ်။

“ဒီမှာမောင်ရင်၊ ထေရဝါဒ ဆိုတာ မရှိဘူး။ ဗုဒ္ဓဝါဒပဲ ရှိတယ်။ ထေရဝါဒ ဆိုတာ တကယ်တော့ ဗုဒ္ဓဆိုတဲ့စကားလုံးကို ဖျောက်ပစ်လိုက်တာပဲ”

တခါက စာရေးသူကို အထင်ကရ စာရေးဆရာကြီးတဦးက ပြောဖူးပါတယ်။ တနေ့ သူ့ဆီသွားရင်း ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဆွေးနွေး ပြောဖြစ်ကြတော့ သူက “ဒီမှာမောင်ရင်၊ ထေရဝါဒ ဆိုတာ မရှိဘူး။ ဗုဒ္ဓဝါဒပဲ ရှိတယ်။ ထေရဝါဒ ဆိုတာ တကယ်တော့ ဗုဒ္ဓဆိုတဲ့စကားလုံးကို ဖျောက်ပစ်လိုက်တာပဲ” လို့ ဆိုပါတယ်။ စာရေးသူအတွက်လည်း တွေးစရာတွေ အများကြီးဖြစ်ခဲ့ပါတယ်။

မြန်မာပြည်ရဲ့ ထေရဝါဒ ကြီးစိုးမှုအောက်မှာ တချို့သော ဗုဒ္ဓအလိုကျ ဓမ္မတွေ ပျောက်ဆုံးသွားခဲ့ရသလို၊ တချို့သော ဗုဒ္ဓ အလိုကျ နေထိုင်ကျင့်သုံးလိုတဲ့ ရဟန်းတော်များလည်း အနှိပ်ကွပ်ခံခဲ့ကြရတာတွေ သမိုင်းမှာ အထင်အရှား ရှိခဲ့ပါတယ်။

လွတ်လပ်စွာတွေးခွင့်၊ ရေးခွင့်တွေကိုလည်း ဟန့်တားထားခဲ့ပါတယ်။ ဥပမာပြောရရင် သမိုင်းတခေတ်မှာ မှတ်တမ်းများစွာ အထင်ကရ ရှိခဲ့ကြတဲ့ အရှင်အာဒိစ္စဝံသလို ဆရာတော်မျိုး၊ အရှင်ဥက္ကဋ္ဌလို ဆရာတော်မျိုးတွေက သက်သေတည်နေပါတယ်။ ဒီ ဆရာတော်တွေကို ထေရဝါဒ မူနဲ့မကိုက်ညီလို့ ဆိုပြီး ပကာသနိရကံ ပြုခဲ့ကြရပါတယ်။

အရှင်အာဒိစ္စဝံသ ဆရာတော်ဟာ ဘိက္ခုနီသာသနောပဒေသ ကျမ်းကို ရေးသားခဲ့လို့ ပကာသနိယကံနဲ့ အပ္ပသာဒပဝေနိယကံ ဆောင်ခံရခြင်း တို့ကြောင့် လူဝတ်လဲခဲ့ရပါတယ်။ ဆရာတော်ဟာ အင်္ဂလိပ်စာ အရေးအပြောကို ရဟန်းတွေ တတ်ထားမှ ဖြစ်မယ်၊ နောင်တချိန် သာသနာပြုတဲ့အခါ မဖြစ်မနေ လိုအပ်လာလိမ့်မယ်လို့ ဆိုတဲ့ အယူအဆအပေါ် ထေရဝါဒ ရဟန်း အသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းကိုလည်း ခံခဲ့ရပြန်တယ်။

နောက်တပါးကတော့ လူသေလူဖြစ်စာအုပ်ကြောင့် သာသနာမှာ ထင်ရှားခဲ့တဲ့ ဆရာတော် ရှင်ဥက္ကဋ္ဌပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ တခေတ်တပါးဆိုသလို အလွန်ထက်မြက်ပြီး ကြည်ညိုစရာကောင်းတဲ့ ဗုဒ္ဓ အလိုကျ ရဟန်းတပါး ဖြစ်ပါတယ်။ သို့သော်လည်း လူသေလူဖြစ် စာအုပ်ကြောင့် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပကာသနိရကံ ပြုခံခဲ့ရပါတယ်။ ဆရာတော်ရဲ့ ကျောက်ကွင်းအရေးတော်ပုံ၊ အစွဲပြုတ် တဲကုတ် ရွှေနန်းတော် စတဲ့ စာအုပ်တွေဟာ အလွန်ထင်ရှားခဲ့တဲ့ စာအုပ်တွေဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့လည်း သက္ကတ၊ ဟင်ဒီ၊ နာဂရီအူရ်ဒူ၊ အာရ်ဘီ၊ ဘင်္ဂါလီ၊ ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ၊ ပြင်သစ်၊ လက်တင်၊ ဆစ်ဂ် စတဲ့ ဘာသာစကားပေါင်းများစွာကို တတ်ကျွမ်းသူဖြစ်ပါတယ်။

သို့သော်လည်း များမကြာမီ ကာလကပဲ ဆရာတော် ရှင်ဥက္ကဋ္ဌရဲ့ စာအုပ်တွေကို ထုတ်ဝေဖြန့်ချိခွင့်တွေ ပိတ်သိမ်းလိုက်ပါတယ်။

မြန်မာပြည်ဟာ ဗုဒ္ဓ အလိုနဲ့ လွဲနေတဲ့ နိုင်ငံတနိုင်ငံဆိုရင် ပိုမှန်လိမ့်မယ်လို့ ထင်ပါတယ်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဝေဖန်ခွင့်ဆိုတာ ဗုဒ္ဓသာသနာမှာ အဓိကဖြစ်ပါတယ်။ သို့သော်လည်း ဝေဖန်ခွင့် လုံးဝမရှိ၊ တွေးခေါ်ခွင့်တွေကို ပိတ်ပင်တားဆီးခံထားရသလို၊ အကျိုးစီးပွားကြည့်ကြတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တွေကြောင့် ဗုဒ္ဓ သာသနာအဖြစ်ကနေ “ထေရဝါဒ စကားလုံးအောက်က အာဏာရှင်အလိုကျ ပုံဖော်နေရတဲ့ သာသနာ” အဖြစ် ဆုတ်ယုတ်လာခဲ့ပါတယ်။

မြန်မာပြည်ဟာ ဗုဒ္ဓ အလိုနဲ့ လွဲနေတဲ့ နိုင်ငံတနိုင်ငံဆိုရင် ပိုမှန်လိမ့်မယ်လို့ ထင်ပါတယ်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဝေဖန်ခွင့်ဆိုတာ ဗုဒ္ဓသာသနာမှာ အဓိကဖြစ်ပါတယ်။ သို့သော်လည်း ဝေဖန်ခွင့် လုံးဝမရှိ၊ တွေးခေါ်ခွင့်တွေကို ပိတ်ပင်တားဆီးခံထားရသလို၊ အကျိုးစီးပွားကြည့်ကြတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်တွေကြောင့် ဗုဒ္ဓ သာသနာအဖြစ်ကနေ “ထေရဝါဒ စကားလုံးအောက်က အာဏာရှင်အလိုကျ ပုံဖော်နေရတဲ့ သာသနာ” အဖြစ် ဆုတ်ယုတ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်သာသနာ အတွက် တကယ့်ကို ရင်လေးစရာ အခြေအနေတခုပါ။

ဒါကြောင့်လည်း အနာဂတ်သာသနာ ကျမ်းကို ရေးသားခဲ့တဲ့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက အခုလို မိန့်ခဲ့ဖူးပါတယ်။

“ယနေ့အချိန်အခါသည် တည်ငြိမ်သောအခါ မဟုတ်။ ကမ္ဘာအရပ်ရပ်၌ပင် အယူအဆ အပြောင်းအလဲများ၍ လှုပ်ရှားနေသော အချိန်အခါဖြစ်သည်။ ဤ အချိန်အခါ၌ ဗုဒ္ဓ ဘာသာဝင် လူရှင်အားလုံးပင် မိမိတို့၏ သာသနာရေး ကိစ္စများကို ဗုဒ္ဓ အလိုတော်နှင့် ကိုက်ညီအောင် ပြုပြင်နိုင်မှသာ ကြာရှည်စွာ တည်တံ့သော ဘာသာသာသနာ ဖြစ်ပါလိမ့်မည်။ ဗုဒ္ဓ အလိုတော်နှင့်လည်း မကိုက်၊ ခေတ်နှင့်လည်းမလိုက်သော ကိစ္စများကို အယူသီးကာ မပြုမပြင်နိုင်ပါလျှင် ဘာသာရော၊ ကိုးကွယ်သူတွေပါ ကမ္ဘာတွင် မဆိုထားဘိနှင့် မြန်မာပြည်တွင်မှသော်မှ အောက်ကျနောက်ကျ ဖြစ်ရပါလိမ့်မည်”
(တောင်မြို့ဆရာတော်ကြီး)

နှစ်ပေါင်းများစွာက ပြောခဲ့တဲ့ ဆရာတော်ကြီး စကားက ခုချိန်ထိ မှန်နေတုန်းဖြစ်ပါတယ်။ အာဏာရှင်တွေဟာ သာသနာကို အသပြာတွေ၊ ဘွဲ့တံဆိပ်တွေနဲ့လည်း အလဲအထပ်လုပ်ကြပါသေးတယ်။ တပေါင်းလပြည့်နေ့မှာ ဆက်ကပ်လှူဒါန်းလေ့ရှိတဲ့ ဘွဲ့တံဆိပ်တွေနဲ့ပတ်သက်ပြီး ပြောရရင် ဘွဲ့တံဆိပ် တခုချင်းစီမှာ ပေါက်ဈေးတမျိုးစီ ရှိကြပါတယ်။ အဲဒီလိုကိစ္စမျိုးမှာ သာသနာရေးမှာ တချိန်က နာမည်ကြီး လူသိများခဲ့တဲ့ ဦးအံ့မောင်ရဲ့ ထောက်ခံချက်က အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဘွဲ့တံဆိပ်လိုချင်တဲ့ သူတွေက သူ့ကို မဖြစ်မနေ ချဉ်းကပ်ရပါတယ်။ အဲဒီအတွက်လည်း ပေါက်ဈေးက အမျိုးမျိုးရှိခဲ့ပါတယ်။

ဘွဲ့တံဆိပ်တွေ၊ ဟိန်းနေတဲ့ကျောင်းဆောင်တော်ကြီးတွေ၊ ကျော်ကြားမှုတွေ စတဲ့ အရာတွေအားလုံးဟာ ဗုဒ္ဓ အလိုကျ မဟုတ်သလို၊ သာသနာအတွက် တကယ့် ဓမ္မန္တရာယ် တွေပဲဖြစ်ပါတယ်။

ဗုဒ္ဓဟာ သူ့သာသနာကို အရှည်တည်တံ့စေဖို့ ဝိနည်းသိက္ခာပုဒ်တွေအပေါ်မှာ အခြေခံပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဘွဲ့တံဆိပ်တွေ၊ ဟိန်းနေတဲ့ကျောင်းဆောင်တော်ကြီးတွေ၊ ကျော်ကြားမှုတွေ စတဲ့ အရာတွေအားလုံးဟာ ဗုဒ္ဓ အလိုကျ မဟုတ်သလို၊ သာသနာအတွက် တကယ့် ဓမ္မန္တရာယ် တွေပဲဖြစ်ပါတယ်။

သာသနာပိုင် ဆိုတဲ့ကိစ္စကလည်း ယနေ့အချိန်အခါမှာ ဆွေးနွေးစရာ ကိစ္စတရပ်ဖြစ်ပါတယ်။ အထူးသဖြင့် ရွှေကျင်ဂိုဏ်းမှာ ဒီသာသနာပိုင်ကိစ္စဆိုတာ ပိုထင်ရှား လူသိများကြပါတယ်။ မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်ကို ဝိနည်း လေးစားလိုက်နာ ကျင့်သုံးတဲ့နေရာမှာ လေးစားကြည်ညိုလွန်းလို့ သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း တောင်နန်းမိဖုရားခေါင် စကြာဒေဝီရဲ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် မောင်းထောင်ဆရာတော်ကြီးကို သာသနာပိုင်အဖြစ် တင်မြှောက်ခဲ့ရပါတယ်။

တနေ့တော့ ရွှေကျင်ဆရာတော်ကြီးက သာသနာပိုင်ဆရာတော်ကြီးထံ သွားရောက်စဉ်မှာ သာသနာပိုင်ဆရာတော်ကြီးက စကားမပြောဆိုဘဲ နေခဲ့တဲ့အတွက် သူ့ကို မလိုလို့ စကားမပြောတာလို့ ရွှေကျင်ဆရာတော်ကြီးက ထင်ယူပြီး ကျောင်းကို ပြန်ကြွလာခဲ့ပါတယ်။

ရွှေကျင်ဆရာတော်ကို ၁၂၁၄ ခုနှစ်မှာ သုဓမ္မာ ဆရာတော်တွေက အတင်းအကြပ် ဆင့်ခေါ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မင်းတုန်းမင်း သိသွားတဲ့အခါ ရွှေကျင်ဆရာတော်ကို မည်သူမျှ အတင်းအကြပ် ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် လွှတ်လပ်စွာ သီတင်းသုံးနိုင်တယ်လို့ အမိန့်ထုတ်ပြန်ခဲ့ရာက အစပြုပြီးတော့ ရွှေကျင်ဆရာတော်ရဲ့ သြဝါဒ ခံလိုသူတွေ တဖြည်းဖြည်း များလာရာကနေ ရွှေကျင်ဂိုဏ်းဆိုတာ ပေါ်ပေါက်လာတယ်လို့ မှတ်သားဖူးပါတယ်။

ရွှေကျင်ဂိုဏ်းကို ၁၉၉၀ ပြည့်နှစ်မှာ သံဃာအဖွဲ့စည်းမျဉ်းစည်းကမ်းအောက်မှာ တရားဝင် ဖွဲ့စည်းခဲ့ကြပါတယ်။ မင်းတုန်းမင်းခေတ်ကနေ ယနေ့အချိန်ထိ ရွှေကျင်သာသနာပိုင် ၁၅ ဆက် ရှိသွားပြီဖြစ်ပါတယ်။ အခုနောက်ဆုံး ၁၅ ဆက်မြောက်ဆရာတော်ကြီးက ဝိဇ္ဇောတရုံ ဆရာတော်ကြီးဖြစ်ပါတယ်။

ရွှေကျင်သာသနာပိုင် နေရာအတွက် သီတဂူဆရာတော်ကြီးကို လျာထားတယ်လို့ သိရပါတယ်။ သီတဂူဆရာတော်ဟာ လက်ရှိ စစ်ကောင်စီနဲ့ လွန်စွာ အပေးအယူတည့်သော ဆရာတော်တပါး ဖြစ်တဲ့အတွက် ရွှေကျင်လောကပါမက၊ တခြားရဟန်းတော်တွေကပါ သိပ်သဘောတွေ့ပုံ မရကြပါဘူး။

လက်ရှိမှာ ဝိဇ္ဇောတရုံဆရာတော် လွန်တော်မူပြီးနောက်ပိုင်း ရွှေကျင်သာသနာပိုင် နေရာအတွက် သီတဂူဆရာတော်ကြီးကို လျာထားတယ်လို့ သိရပါတယ်။ သီတဂူဆရာတော်ဟာ လက်ရှိ စစ်ကောင်စီနဲ့ လွန်စွာ အပေးအယူတည့်သော ဆရာတော်တပါး ဖြစ်တဲ့အတွက် ရွှေကျင်လောကပါမက၊ တခြားရဟန်းတော်တွေကပါ သိပ်သဘောတွေ့ပုံ မရကြပါဘူး။ အဲဒီကိစ္စအတွက်လည်း ဒီမိုကရေစီလိုလားတဲ့ ရဟန်းတော်တွေရဲ့ မကျေနပ်သံတွေ သောသောညံလို့နေပါတယ်။

နိဂုံးချုပ်ရရင်တော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေနေဆိုးတွေကို ထိန်းသိမ်းပေးပြီး မေတ္တာရှေ့ထား၊ အာဏာရှင်ကို ဆုံးမ သြဝါဒပေးနိုင်မယ့် အထင်ကရ ဆရာတော်တပါးမှ မရှိလေခြင်းဆိုတဲ့ ကိစ္စဟာ မြန်မာပြည်နဲ့ ထေရဝါဒသာသနာရဲ့ အနာဂတ်အတွက် မေးခွန်းထုတ်စရာတွေ ဖြစ်လို့နေပါတယ်။ မြန်မာပြည်ကြီး အစစ်အမှန် အေးငြိမ်းချမ်းသာစေဖို့ ဆိုရင်တော့ စစ်မှန်တဲ့ ဗုဒ္ဓအလိုကျ ဆိုဆုံးမ တရားတွေထွန်းကားစေနိုင်ဖို့ တောင်းဆုပြုရုံမှတပါး အခြားမရှနိုင်တော့ပါ။

(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်)။

You may also like these stories:

စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ

ပညတ်သွားရာ ဓာတ်သက် မပါခဲ့လေသလား

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

Loading