နေ့ရော၊ ညပါ ဗုံးကြဲတိုက်ခိုက်မှုနှင့်အတူ သွေးထွက်များခဲ့သော ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသည့်နောက် သုံးနှစ်နီးပါး စစ်ဒဏ်ကိုခံခဲ့ရသည့် မြို့နယ် အသီးသီးရှိ ကျေးလက်နေ လူထုသည် စင်တင်တေးဂီတပွဲများ၊ ဒေသအလိုက် ဘောလုံးပွဲများ ကျင်းပကာ တဒင်္ဂ အပူမီးများ ငြိမ်းအေးနေကြသည်။
ဇွန်လတွင် နှစ်ဖက်လူဖမ်းပွဲများ စတင်လိုက်သည့်အခါ လူထုအတွင်း စိုးရိမ်သောကမီးများက တဖန် တောက်လောင်လာပြန်သည်။
စစ်ခေါင်းဆောင်များက အာဏာသိမ်းယူသည့်နောက်ပိုင်း တည်ငြိမ်စပြုခဲ့သော ရခိုင်ပြည်နယ်၌ ၂၀၂၂ ခုနှစ်ဆန်းပိုင်း အရောက် အောက်ခြေတွင် အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့် တပ်တော် (AA) တို့ အကြား စစ်ရေးတင်းမာမှု မြင့်တက်လာခြင်းနှင့်အတူ ဇွန်လတွင် နှစ်ဖက်လူဖမ်းပွဲများ စတင်လိုက်သည့်အခါ လူထုအတွင်း စိုးရိမ်သောကမီးများက တဖန် တောက်လောင်လာပြန်သည်။
လူဖမ်းပွဲများ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်သွားသည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ နောက်ပိုင်းကတည်းက ရက္ခိုင့်တပ်တော် (AA) သည် စစ်ဒေသအလိုက် နိုင်ငံရေးမှူး၊ နယ်မြေမှူး၊ တိုက်နယ်မှူးများ ခန့်အပ်ကာ အုပ်ချုပ်ရေးအာဏာကို ထူထောင်ထားသလို၊ တရားဥပဒေ စိုးမိုးရေးနင့် ရာဇဝတ်မှုများကို ဖြေရှင်းရန် အတွက်လည်း တရားရေးကဏ္ဍများကိုပါ စစ်ကောင်စီနှင့် စင်ပြိုင် ထူထောင်ခဲ့သည်။
လူထုထောက်ခံမှု မရှိတော့ခြင်းနှင့် အုပ်ချုပ်ရေး အာဏာစက် တဖြည်းဖြည်း မှေးမှိန်လာသောအခါ အာဏာသိမ်း စစ်ကောင်စီသည် ရက္ခိုင့်အမျိုးသား ULA/ AA ၏ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး လုပ်ငန်းတွင် ပါဝင်သူများကို ရှာဖွေဖမ်းဆီးခြင်းများ၊ ကုန်စည်စီးဆင်းမှုများကို ပိတ်ဆို့ဟန့်ထားမှုများကို ပြုလုပ်လာသည့် အတွက် နှစ်ဖက် တင်းမာလာခဲ့သည်။
ထိုသို့သော ပြည်နယ်အတွင်း သြဇာသက်ရောက်မှု အားပြိုင်မှုကတဆင့် မေလ ၁၁ ရက်နေ့က ကျောက်တော်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို AA တပ်ဖွဲ့ဝင်များက တန်ပြန် ဖမ်းဆီးခဲ့ခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက်လူဖမ်းပွဲကို စတင်လိုက်ကြသည်။
မြို့ကြီးများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သား ၁၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့သည်။
မေလ ၁၁ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ စသည့် မြို့ကြီးများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သား ၁၃ ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးခဲ့ရာတွင် ကျောက်တော်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ မြောက်ဦးမြို့နယ်အတွင်း စရဖ တပ်ဖွဲ့ဝင် ၄ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၁ ဦး၊ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် ရှိသူ ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး တို့ ပါဝင်သည်။
စစ်ကောင်စီတပ်ကလည်း ၎င်းမြို့များရှိ ရပ်ကွက်များကို စစ်ကားများဖြင့် လည့်ပတ်ကာ လမ်းသွား၊ လမ်းလာများနှင့် တွေ့သမျှ အရပ်သား လူပေါင်း ၁၀၀ ကျော်အထိ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးခံရသည့် အရေးနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကလည်း ၎င်းမြို့များရှိ ရပ်ကွက်များကို စစ်ကားများဖြင့် လည့်ပတ်ကာ လမ်းသွားလမ်းလာများနှင့် တွေ့သမျှ အရပ်သား လူပေါင်း ၁၀၀ ကျော်အထိ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။
စစ်ကောင်စီတပ်သားများ ရမ်းသမ်းဖမ်းဆီးခဲ့ရာတွင် တချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျောက်တော် မြို့နယ်အတွင်း တက်ကြွ လှုပ်ရှားသူ ကိုဇော်ဝင်း အပါအဝင် ၇ ဦး၊ မြောက်ဦးမြို့ နယ်မှ ၉ ဦး၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ၈ ဦး၊ စစ်တွေမြို့နယ် အတွင်းမှ ၂၁ ဦး၊ စုစုပေါင်း အရပ်သား ၄၅ ဦးတို့မှာ လက်ရှိအချိန်အထိ စစ်တပ်၏ စစ်ကြောရေးကို ခံနေရကြောင်း ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးခံ ကိုဇော်ဝင်း၏ အမျိုးသမီး ဒေါ်ခိုင်ခိုင်က “ဖမ်းသွားတဲ့ နေ့ကတည်းက စုံစမ်းမရဘူး။ ကျမ ရဲစခန်းကို သွားစုံစမ်းတော့လည်း ဘယ်မှာ ဖမ်းထားတယ်ဆိုတာ သူတို့လည်း မသိဘူးပြောတယ်။ ကျမ အမျိုးသားအတွက် အရမ်းစိတ်ပူတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်နှင့် AA တို့ ပါဝါအားပြိုင်ခြင်း
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကမူ စစ်ရေးတင်းမာမှု မြင့်တက်ခြင်းနှင့်အတူ AA တပ်ဖွဲ့က စစ်ကောင်စီ တပ်သားများကို ဖမ်းဆီးခဲ့ရာတွင် စစ်ကောင်စီတပ်သားများက AA ကိုသွားရောက် မတိုက်ခိုက်ဘဲ၊ မဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမှာ ဆိုးဝါးသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီတပ်သားများက AA ကိုသွားရောက် မတိုက်ခိုက်ဘဲ၊ မဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမှာ ဆိုးဝါးသည့် လုပ်ရပ်ဖြစ်သည်။
ဦးဖေသန်းက “ပထမတချက် သဘာဝမကျတာက ULA/ AA ဘက်က စစ်ကောင်စီတပ်သားတွေကို ဖမ်းတယ်။ ဟိုဘက်ကကျတော့ ပြည်သူတွေကို သွားဖမ်းတယ်။ အဲဒါကတော့ တဖက်နဲ့တဖက် တိုက်နေတဲ့ကြားထဲမှာ ဘယ်လိုပဲ လုပ်ကြလုပ်ကြ၊ ပြည်သူတွေကို သွားပြီး ဒုက္ခပေးတာကတော့ ဆိုးဝါးတဲ့ လုပ်ရပ်လို့ ပြောလို့ရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
တဖက်နှင့်တဖက် ဖမ်းဆီးခြင်းများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ပြီး အပြန်အလှန် ဖမ်းဆီးမှုများ ထပ်မံ လုပ်ဆောင်နေမည် ဆိုပါက အဆုံးမသတ်နိုင်သည့် တိုက်ပွဲကြီးများ ထွက်ပေါ်လာနိုင်ကြောင်းလည်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။
အပြန်အလှန် လူဖမ်းပွဲများသည် ပါဝါ အားပြိုင်ခြင်းမျိုးသာ ဖြစ်ပြီး နှစ်ဖက်စလုံးက စစ်မျက်နှာ ဖွင့်ရန် အခြေအနေမျိုး မရှိ
ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ကိုထွန်းကြည်ကလည်း ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက် အပြန်အလှန် လူဖမ်းပွဲများသည် ပါဝါ အားပြိုင်ခြင်းမျိုးသာ ဖြစ်ပြီး နှစ်ဖက်စလုံးက စစ်မျက်နှာ ဖွင့်ရန် အခြေအနေမျိုး မရှိနိုင်ကြောင်း သုံးသပ်သည်။
ကိုထွန်းကြည်က “အခုအခြေအနေက နှစ်ဖက်စလုံးက အလွန်အကျွံ ရန်လိုတဲ့ အနေအထားမတွေ့ရဘူး။ အပြန်အလှန် ဖမ်းဆီးတယ် ဆိုတာက နှစ်ဖက် အကဲစမ်းတဲ့ သဘောနဲ့ ပါဝါ အားပြိုင်ကြတဲ့ သဘောလို့ သုံးသပ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ၎င်းတို့၏ ULA/ AA တပ်ဖွဲ့ဝင်များနှင့် တရားရေးဌာနတွင် ဝင်ရောက်လုပ်ကိုင်နေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ ညအချိန် ဝင်ရောက် ဖမ်းဆီးနေသည့်အတွက် စစ်ကောင် စီတပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဖမ်းဆီးထားသော ULA/ AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဆိုပါက ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ချက်ချင်း ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ဦးခိုင်သုခက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
အကဲစမ်းပွဲများ
သုံးနှစ်နီးပါး မီးကုန်ယမ်းကုန်တိုက်ခိုက်ခဲ့ကြသော စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် နှစ်ဖက် စစ်ပန်းလာမှုနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်မှုဖြင့် တိုက်ပွဲများကို ရပ်စဲထားခဲ့သည်။
သို့သော်လည်း အောက်ခြေတွင် စစ်ရေးတင်းမာမှု မကြာခဏ ဖြစ်ပေါ်နေပြီး အကဲစမ်းသည့် သဘောဖြင့် တကျော့ပြန် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။
အောက်ခြေတွင် စစ်ရေးတင်းမာမှု မကြာခဏ ဖြစ်ပေါ်နေပြီး အကဲစမ်းသည့် သဘောဖြင့် တကျော့ပြန် ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သော မေလ ၁၅ ရက်နေ့တွင် ပလက်ဝမြို့နယ်အပိုင် မြောက်ဦး မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် လေးမြို့ချောင်းဖျား သံထောင်ကျေးရွာရှိ စစ်ကောင်စီ၏ ရှေ့တန်း စခန်းအတွက် ရိက္ခာ လာပို့သည့် ရဟတ်ယာဉ်ကို AA တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ မိနှစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ရုပ်ချောင်းဖျား ဆူးပုတ်တောင်ခြေ အနီးတွင် စစ်ကောင်စီ ရှေ့တန်းစခန်းသို့ အင်အားလာပြသော ကျောက်တော်အခြေစိုက် ခမရ (၃၇၅) တပ်ရင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အလားတူ မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာ အနီးတွင်လည်း ဧပြီလ ၁၃ ရက်နေ့က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တပ်ဖွဲ့ဝင်များ အကြား မိနစ်အနည်းငယ် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်ကျေးရွာ အရှေ့မြောက်ဘက် လက်ပံတောင်တန်းတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြောက်ပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က AA ကင်းသမားကို လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့သည့်အတွက် ကင်းသမားအပါအဝင် တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့သလို၊ AA တပ်ဖွဲ့ဝင်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင် အခြေစိုက် စကခ (၁၅) လက်အောက်ခံ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် အရာရှိ စစ်သည်တချို့ သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းကတည်းက နားလည်မှုဖြင့် ယာယီအပစ်အခတ်များကို ရပ်စဲထားသော်လည်း အောက်ခြေတွင် နှစ်ဖက်စလုံးက တပ်ချင်းဆိုင်ထားကြသဖြင့် တဖက်နှင့်တဖက် ရှာစရာမလိုဘဲ၊ အချိန်မရွေး တိုက်ပွဲဆင်နွှဲနိုင်သည့် အနေအထားရှိနေကြသည်။
သို့သော်လည်း စစ်ရေးအရ ထိပ်တိုက်ထိတွေ့မှုကို မလုပ်ဘဲ လူဖမ်းပွဲများ လုပ်နေကြသည်။
တဖက်တွင် စစ်ကောင်စီသည် AA စခန်းများ၊ ULA အုပ်ချုပ်ရေး ရုံးများ ရှိသည့် တည်နေရာများကို သတင်းထောက်လှမ်း စုံစမ်းမှုဖြင့် သိရှိနိုင်သည့် အခြေအနေရှိသော်လည်း ပြီးခဲ့သော နှစ်များကကဲ့သို့ အင်အားသုံး ထိုးစစ်ဆင်နိုင်ခြင်း မရှိမှုက အာဏာသိမ်း စစ်ကောင်စီ၏ အင်အားချည့်နဲ့နေသည့် အခြေအနေကို တွေ့မြင်ရသည်။
စီးပွားရေးပိတ်ဆို့မှု ခံနေရသည့် ရခိုင်လူထု
အစိုးရရုံးစိုက်ရာ စစ်တွေမြို့ပေါ်မှလွဲပြီး မြို့ပြကျေးလက်ဒေသများ၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားသည် လုံးဝ မလည်ပတ်နိုင်သည့် အခြေအနေ တခုသို့ ရောက်ရှိသွားကာ အထူးသဖြင့် စည်ပင်သာယာ လေလံခွန်များက ULA/ AA ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီ ဖြစ်သည့်အတွက် ဌာနဆိုင်ရာရုံးများ တံခါးပိတ်ထားရသည့် အနေအထားသို့ ရောက်ရှိနေသည်။
စစ်တွေမြို့မှနေ၍ မြို့နယ် အသီးသီးသို့ ဆက်သွယ်သွားလာသည့် အမြန်ယာဉ်များနှင့် ကုန်ပစ္စည်း တင်ဆောင်သည့် စက်လှေများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့သည်။
သို့သော်လည်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းများကို တင်းကြပ်စွာ စစ်ဆေးခြင်းများ ပြုလုပ်ပြီး ကုန်စည်စီးဆင်းမှုများကို ပိတ်ဆို့ထားသည့်အပြင်၊ ပြီးခဲ့သော ရက်ပိုင်းက စစ်တွေမြို့ပေါ်တွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရပြီး နောက်ပိုင်း စစ်တွေမြို့မှနေ၍ မြို့နယ် အသီးသီးသို့ ဆက်သွယ်သွားလာသည့် အမြန်ယာဉ်များနှင့် ကုန်ပစ္စည်း တင်ဆောင်သည့် စက်လှေများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့သည်။
ရသေ့တောင်မြို့နယ်အတွင်းက ကုန်သည်တဦးက “စစ်တပ်က AA နဲ့ တိုက်ပွဲမဖြစ်ဘဲ၊ နားလည်မှုနဲ့ အပစ်ရပ်ထား ပေမယ့် တဖက်မှာ ကျနော်တို့ ပြည်သူတွေကို စီးပွားရေး ကျပ်တည်းအောင်၊ အကြောက်တရား ကြီးစိုးအောင် လုပ်နေတယ်။ အခု စစ်တွေမြို့က စက်လှေ မထွက်ရဘူး။ တခြားမြို့က စက်လှေတွေကိုလည်း အဝင်မခံဘူးဆိုတော့ နယ်ဘက်တွေမှာ စက်သုံးဆီတွေ၊ ဓာတ်မြေသြဇာတွေ ပြတ်လပ်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများကို မိုးဦးကျ စပါးစိုက်ရာသီတွင် ထိုသို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ကန့်သတ်ထားသဖြင့် မြို့နယ်အသီးသီးရှိ လယ်သမားများ အနေဖြင့် လယ်ယာသုံး ပစ္စည်းများ အဆမတန်မြင့်တက်ခြင်း၊ သွင်းအားစုများ ရှားပါး ပြတ်လပ်နေခြင်း စသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟုလည်း ဒေသခံ တောင်သူများက ပြောသည်။
You may also like these stories:
ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး
စစ်အာဏာသိမ်းမှုနှင့် ကြားကာလ တိုင်းရင်းသားအဖွဲ့အစည်းများ