အသက် ၇၇ နှစ်အရွယ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချပြီး ချုပ်နှောင် ထားရန် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဆုံးဖြတ်ချက်သည် အာဃာတစိတ်ဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံမှုသာဖြစ်ကြောင်း ပြည်သူအများစုနှင့် နိုင်ငံရေးအကဲခတ်များက ရှုမြင်ကြသည်။
ယခုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီ လက်အောက်ရှိ ပတ်ဝန်းကျင်သန့်ရှင်းမှု အပါအဝင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရှိသော နေပြည်တော် အချုပ်ထောင်အတွင်းသို့ ပြစ်ဒဏ်ကျအကျဉ်းသူ တဦးအဖြစ် ပြောင်းရွှေ့ချုပ်နှောင်ခံရသည်မှာ ရက်သတ္တပတ် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။
စစ်ခေါင်းဆောင်၏ ယခု လုပ်ဆောင်ချက်သည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်တဦးအပေါ် အသက်အန္တရာယ် တစုံတရာ သက်ရောက်အောင် အာဃာတရှိရှိ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟုလည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ကန့်ကွက်ရှုတ်ချထားသည်။
ထို့ပြင် လူထုယုံကြည်ပြီး တိုင်းပြည်ကောင်းကျိုးရှေးရှုသည့် ခေါင်းဆောင်ကောင်း ဖြစ်သည်နှင့်အညီ အမှီအခိုနှင့် နေထိုင် သင့်သော အသက်အရွယ်သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်ထောင်တွင်း ရင်ဆိုင်ကြုံတွေ့ရမည့် ဆိုးဝါးသော အခြေအနေများမှ အမြန်ဆုံးပြန်လည် ရုပ်သိမ်းပေးရန်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များ၊ မိတ်ဖက်သံတမန်များအား ကူညီဆောင်ရွက်ပေးရန် တောင်းဆို တိုက်တွန်းထားသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးနှင့် ဆက်နွယ်ပြီး ဖမ်းဆီးခံရသူများအား အကျဉ်းထောင်များ အတွင်း ဖိနှိပ်မှုများမှာ ကျယ်ပြန့်စွာ ထွက်ပေါ်နေပြီး အစားအသောက် ညံ့ဖျင်းမှု၊ ရေကောင်းရေသန့် မရရှိမှု၊ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်းတို့အပြင် ထောင်အာဏာပိုင်များ၏ အကြမ်းဖက် ရိုက်နှက်ညှဉ်းပန်းမှုများကြောင့် သေဆုံးရသူများ လည်း ရှိနေသည်။
စစ်ခေါင်းဆောင် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ပထမဆုံး ထောင်ဒဏ်ချမှတ်သည့် ၂၀၂၁ ဒီဇင်ဘာတွင် ပြစ်ဒဏ်ကျအကျဉ်းသားတဦးအဖြစ် ထောင်သို့ ပို့ဆောင်ခြင်းမရှိဘဲ ထိုစဉ်က ချုပ်နှောင်ထားရာ နေအိမ်အကျယ်ချုပ် ၌သာ ပြစ်ဒဏ်များကျခံရန် ဆုံးဖြတ်ခဲ့သော်လည်း ၂၀၂၂ ဇွန် ၂၂ ရက်တွင်မူ ထောင်သွင်းချုပ်နှောင်ရန် ဆုံးဖြတ်ခဲ့သည်။
ထောင်ထဲပို့ဆောင် ချုပ်နှောင်ခြင်းအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တရားရုံးများက ပြစ်ဒဏ်များ ချမှတ်ပြီးသူ ဖြစ်သည်ဟူ၍ စစ်ကောင်စီက အကြောင်းပြချက်ပေးသည်။
သို့သော် စစ်ခေါင်းဆောင်၏ ဆုံးဖြတ်ချက်အပေါ် ပြည်သူအများစုက ကန့်ကွက်ရှုတ်ချလျက် ရှိသည်။
စစ်ခေါင်းဆောင်သည် လူထုထောက်ခံမှု အများဆုံး ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးမှ အပြီးတိုင် ဖယ်ထုတ်လိုသည့် အငြိုးအတေး အာဃာတများဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။
နိုင်ငံရေးလေ့လာသူတဦးက “ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ဂုဏ်သိက္ခာချဖို့၊ အဆင့်ချဖို့အတွက် တရားခံ တယောက်အဖြစ် ပီပြင်ပေါ်လွင်သွားအောင် ဒီလို လုပ်တာလို့ မြင်ပါတယ်။ တရားခံ တယောက်လို ထောင်သွင်း အကျဉ်းချ ထားတယ်ဆိုတဲ့ အနေအထားက အခု စစ်ကောင်စီရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားကို ဖော်ပြနေပါတယ်” ဟု မှတ်ချက်ပေးသည်။
ထို့ပြင် အာဏာသိမ်း စစ်ခေါင်းဆောင် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် အားလုံးနီးပါးကို ဖမ်းဆီးထောင်ချထားပြီး စစ်အာဏာရှင်အလိုကျ ဖန်တီးထားသည့် ရွေးကောက်ပွဲ တရပ် ကျင်းပရန်လည်း ပြင်ဆင်ကြိုးပမ်းနေသည်။
သို့သော် NLD ပါတီ ဖျက်သိမ်းသည်အထိ အရေးယူရန် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ကြုံးဝါးပြောဆိုမှုများ ရှိခဲ့သော်လည်း ယနေ့ထိတိုင် ဖျက်သိမ်းကြောင်း ကြေညာခြင်း မရှိသေးပေ။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “ပြီးခဲ့တဲ့ ရက်သတ္တပတ်အချို့မှာ စု၊ ရွေး၊ လွှတ် ဆိုတဲ့အသံ ထွက်လာတယ်။ ဒါက မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကစားဖို့ ကြိုးစားတယ်လို့ သုံးသပ်တယ်။ အဓိက ဒေါ်အောင်ဆန်းစု ကြည် အပေါ်မှာပဲ တပြည်လုံးက မှီခိုနေတယ်ဆိုတဲ့ အနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုင်ပြီးတော့မှ လက်ထဲ မှာထားဖို့ အခြေအနေကို ကြိုးစားတယ်လို့ ယူဆတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က လက်ခံပုံ မရတဲ့အတွက် အခု လို ထောင်ထဲ ပို့လိုက်တယ်လို့ မှန်းတာပဲ” ဟု ဆိုသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အချုပ်ထောင်အတွင်းရှိ သီးခြားအဆောက် အဦငယ်တခုတွင်း မူလ အကျယ်ချုပ် ထားရှိရာနေရာ၌ အတူနေထိုင်ခဲ့ကြသည့် ၎င်း၏ အနီးကပ်အကူများ မပါဘဲ တဦးတည်း ချုပ်နှောင်ခံ ထားရပြီး အစောင့်အဖြစ် စစ်ကောင်စီက အမျိုးသမီးဝန်ထမ်း ၃ ဦး ချထားကြောင်း သိရသည်။
နေပြည်တော် အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “ဒေါ်အောင်ဆန်းစုကြည်ကို ထားတာက ထောင်ဝင်းထဲ တိုက်ကလေး ဆောက်ထားတယ်။ အဲကွန်းမရှိ၊ ရေခဲသေတ္တာမရှိ။ အရင်က အကျယ်ထားတဲ့ပုံစံနဲ့ မတူတော့ဘူး၊၊ အစားအသောက်တော့ ရှေ့နေအဖွဲ့က ပို့လို့ရတယ် ပြောတယ်။ သူတို့ဘက်က လုပ်ပေးလား၊ မလုပ်ပေးလားတော့ မသိဘူး” ဟု ပြောသည်။
ယင်းအတွက် အသက် ၈၀ ဝန်းကျင်အရွယ် လူပုဂ္ဂိုလ်တဦး အနေဖြင့် အကျဉ်းသူတဦးကဲ့သို့ အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းသည့် အကျဉ်းထောင်အတွင်း တဦးတည်း နေထိုင်ဖြတ်သန်းနိုင်ရန် ခက်ခဲသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။
ပြည်သူများ အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် အသက်အန္တရာယ် ထိခိုက်လာမည့် အပေါ် စိုးရိမ်ပူပန်နေကြသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကမူ စစ်ကောင်စီ လက်အောက်တွင် ထောင်းသွင်း ချုပ်နှောင်ခံရမည်ကို ပထမဆုံးသော ထောင်ဒဏ် မချမီကတည်းက ကြိုတင်တွက်ဆခဲ့ဟန် ရှိသည်။
၎င်းအား အကျယ်ချုပ်ထားရာနေရာမှ စာအုပ်များ အပါအဝင် ပစ္စည်းများအား ထောင်သို့ ရွှေ့ပြောင်းချုပ်နှောင်ခံရသည့် အချိန်တွင် စီမံပြောင်းရွှေ့နိုင်ရန်အတွက် နီးစပ်သူ ၂ ဦးအား သူကိုယ်တိုင် လက်မှတ်ရေးထိုးပြီး တာဝန်ပေးစီမံထားခဲ့ ကြောင်း နီးစပ်သူတဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါ နီးစပ်သူတဦးက “အန်တီလို လူမျိုးကတော့ ဘာကိုမှ ကြောက်စရာရှိတော့မှာ မဟုတ်ပါဘူး။ အန်တီက လောကဓံ တရားကို ငါတို့ထက် ပိုပြီးသိမှာပါ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ် သက်၍ ပြောဆိုသည်။
နိုင်ငံတဝန်း အကြမ်းဖက် သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်နေခဲ့၊ ကျူးလွန်နေဆဲ ဖြစ်သည့် အာဏာသိမ်း စစ် ခေါင်းဆောင် အနေဖြင့် နိုင်ငံတကာနှင့် အာဆီယံက မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုမှုများကို လျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည်အား ထောင်သွင်းအကျဉ်းချခြင်းဖြင့် ၎င်း၏သဘောထားကို ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်သည်။
NLD နှင့် နီးစပ်သူ ရှေ့နေတဦးက “သူတို့ (စစ်ကောင်စီ) မှာ တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိတော့ဘူး။ ထောင်ထဲမှာပဲ ထားပြီးတော့ သူတို့ကပဲ အနိုင်ယူ၊ ရွေးကောက်ပွဲကို ဆက်လုပ်သွားမယ် ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကြီးနဲ့ပေါ့။ သူ (စစ်ခေါင်းဆောင်) က အပေါ်စီး မရတဲ့သူဆိုတော့ လုပ်ချင်ရာလုပ်မှာ” ဟု ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပိုမို ထိခိုက်စေသည့် ဖိနှိပ်မှုအဖြစ် ထောင်သွင်းချုပ်နှောင်ထားသည့် စစ်ခေါင်းဆောင်၏ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာ၏ ဖိအားပေးတောင်းဆိုမှုများသည် လုံလောက်သည့် အခြေအနေတွင် ရှိမနေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
အထူးသဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် ပင်လျှင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ပို့ပြီး တပတ်ခန့်အကြာမှသာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးထံ စာရေး သားပေးပို့ပြီး မူလချုပ်နှောင်ထားရာနေအိမ်သို့ ပြန်ပို့ပေးရန် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းချုပ်နှောင်ခြင်းအား စိုးရိမ်လျက်ရှိ ကြောင်း၊ နိုင်ငံတကာက တောင်းဆိုသော ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် လိုအပ်သည့် နိုင်ငံရေးအရ ဆွေးနွေးမှု အလားအလာအား ပိုမို ဝေးကွာသွားစေကြောင်း ဇွန် ၂၈ ရက်တွင်မှ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးအား အမြန်ဆုံး လွှတ်ပေးရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် အကြမ်းဖက်မှုများ ခြွင်းချက်မရှိ ချက်ချင်းအဆုံးသတ်ရန် ပြင်သစ်သံရုံးက တောင်းဆိုခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကမူ နိုင်ငံတကာသည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံအပေါ်တွင်သာ လွှဲချနေကြကြောင်း ဝေဖန်ခဲ့ပြီး စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အဓိက ရန်သူအဖြစ် သတ်မှတ်ကာ သူ ရှိနေသမျှ ၎င်းတို့ အာဏာမရနိုင်သည့်အတွက် ဒီမိုကရေစီအား ဖျက်ဆီးကာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာနှင့်ဝေးရာ ထောင်သွင်းအကျဉ်းချထားရန် ဆုံးဖြတ်ထား ခြင်း ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း အာဆီယံ အနေဖြင့် ဘုံသဘော တူညီချက် ၅ ချက်မှာ စက္ကူပေါ်၌သာ ရှိနေဦးမည်ဆိုပါက အဓိပ္ပာယ်မဲ့ သွားမည်ဖြစ်ပြီး အပြည့်အဝ အကောင်အထည်ဖော် နိုင်ရေးအတွက် မဟာဗျူဟာကျကျ ဆောင်ရွက်ရန် နည်းလမ်းများနှင့် အချိန်ကာလ သတ်မှတ်ချက်များ လိုအပ်ကြောင်း ဆိုထားသည်။
မည်သို့ပင် ဆိုစေကာမူ အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်သွင်း အကျဉ်းချလိုက်ခြင်းသည် မြန်မာ့သမိုင်းတွင်သာမက နိုင်ငံတကာမျက်နှာစာတွင် အမည်းစက် စွန်းထင်စေမည့် ဖြစ်ရပ်တခုအဖြစ် ထပ်မံကျူးလွန်လိုက်ခြင်း ဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဆိုသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်တွင်းတရားခွင်၌ စတင်စစ်ဆေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ တို့အား ထောင်တွင်း၌ ရုံးထုတ်
စစ်ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလုပ်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မလား