စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားကိုးသော ပြည်ပနိုင်ငံတခုမှ ထိပ်တန်းသံတမန်တဦးက သူ့ကို လာရောက်တွေ့ဆုံရန် ပျက်ကွက်ခြင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အရှက်ကွဲစရာဖြစ်သည်။
အထူးသဖြင့် ထိုသံတမန်သည် မြန်မာနိုင်ငံအတွင်း ရောက်နေပြီးသား ဖြစ်ပါလျက် သူ့ကို လာရောက်မတွေ့ဆုံခြင်းသည် ပိုမိုအရှက်ရစရာ ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ပြီးခဲ့သော ရက်များအတွင်း မြန်မာတွင်ရောက်နေစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတွေ့ဆုံသောကြောင့် အရှက်ရဖွယ် အခြေအနေ အတိအကျ ဖြစ်သွားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာသို့ လာရောက်သည့် အဆင့်အမြင့်ဆုံး တရုတ်အရာရှိဖြစ်သော ဝမ်ယိသည် ပြီးခဲ့သည့် စနေနေ့တွင် မန္တလေးတိုင်းမှ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် ပုဂံသို့ ရောက်လာပြီး တနင်္လာနေ့တွင် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲကျင်းပသည်။
၃ ရက်ကြာခရီးအတွင်း ဝမ်ယိ တွေ့ဆုံခဲ့သည့် အဆင့်အမြင့်ဆုံး စစ်ကောင်စီခန့် အရာရှိမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ဘေဂျင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းမှုကို မရှုတ်ချရုံသာမက ရုရှားနှင့်အတူ စစ်ကောင်စီကို ကုလသမဂ္ဂတွင် သံတမန်ရေး အကာအကွယ်ပေးနေသောကြောင့် ဝမ်ယိနှင့် အာဏာသိမ်းခေါင်းဆောင် မတွေ့ဆုံခြင်းသည် မှတ်သားစရာကောင်းသည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လူပေါင်း ၂,၀၀၀ ကျော်ကို သတ်ဖြတ်ထားသည်။
ဝမ်ယိက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နောက်ဆုံးတွေ့ခဲ့သော အချိန်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလို မြန်မာသို့လာရောက်သည့် လွန်ခဲ့သောနှစ် ဇန်နဝါရီလက ဖြစ်သည်။
သို့သော် ယခုတကြိမ်တွင် ထိုသို့တွေ့ဆုံခြင်း မရှိတော့ပေ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကောင်စီဆန့်ကျင်သူများကို သွေးချောင်းစီး သတ်ဖြတ်တုံ့ပြန်နေသောကြောင့် အာဏာသိမ်းပြီးချိန်မှ စတင်ပြီး သူ့ကို နိုင်ငံတကာက ဝိုင်းကျဉ်ထားသည်။ သူသည် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့် မရအောင် ပိတ်ပင်ခံရသည်။
စစ်ကောင်စီသည် နိုင်ငံတကာတွင် အသိအမှတ်ပြု မခံရသလောက်ပင်ဖြစ်နေပြီး နိုင်ငံအများအပြားက စစ်ကောင်စီနှင့် ခပ်ကင်းကင်းနေကြသည်။ အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခြင်းကို တရားဝင်မှု ငမ်းငမ်းတက်လိုချင်နေသော စစ်ကောင်စီက ဝါဒဖြန့် ကိရိယာအဖြစ် သုံးမည်ကို ၎င်းတို့ စိုးရိမ်ကြသည်။
ထိုသို့သော တွေ့ဆုံမှုမျိုးကို တရုတ်ကပင် စိုးရိမ်လာပြီ ဖြစ်သည်။
ဝမ်ယိ ပုဂံသို့ရောက်နေသည့် တနင်္လာနေ့တွင် တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာက ဘေဂျင်းမှ တရုတ်အစိုးရ ထိန်းချုပ်ထားသည့် တရုတ်လူမှုသိပ္ပံအကယ်ဒမီ၏ အရှေ့တောင်အာရှလေ့လာရေးဌာန ဒါရိုက်တာတဦးကို ကိုးကားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပရန်မဟုတ်ကြောင်းနှင့် လက်ရှိစစ်ကောင်စီကို အသိအမှတ်ပြုသည့် အရိပ်အမြွက် မပေးကြောင်း ပြောသည်ဟု ဖော်ပြသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာပြစ်တင်ဝေဖန်မှု၊ အထူးသဖြင့် မြန်မာပြည်သူများ၏ ပြစ်တင်ဝေဖန်မှုကို ရှောင်ရှားလိုသောကြောင့် ဝမ်ယိသည် ယခုတကြိမ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မတွေ့ဆုံကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။
တရုတ်နိုင်ငံသည် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်သည့် ရထားလမ်းကဲ့သို့ အခြေခံအဆောက်အအုံ စီမံကိန်းအများအပြား မြန်မာတွင် ရှိနေသည်။ ထိုရထားလမ်းသည် တရုတ်က လွန်စွာလိုအပ်နေသည့် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့် ရစေမည်ဖြစ်သည်။
မြန်မာမှ တရုတ် ကျောထောက်နောက်ခံပြု စီမံကိန်းများသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ တိုက်ခိုက်မှုကို မကြာသေးမီက ခံလာရပြီး မြန်မာတွင် တရုတ်နိုင်ငံအပေါ် လူထုအမြင်မှာ စစ်အာဏာသိမ်းမှုကို ဘေဂျင်းက ရှုတ်ချခြင်း မရှိသောကြောင့် မကြုံစဖူး ဆိုးရွားနေသည်။
လက်ရှိအချိန်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြေးအလွှားကြိုရသည့် အပေါင်းအသင်းများမှာ စစ်ကောင်စီကို လက်နက်ရောင်းနေသည့် နိုင်ငံများအနက် တခုဖြစ်သော ရုရှားမှ စစ်အရာရှိများ၊ လက်ရှိ ASEAN ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်နှင့် သူ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့သာ ဖြစ်သည်။
နိုင်ငံခေါင်းဆောင်အဖြစ် ပြည်ပဧည့်သည်များကို လက်ခံတွေ့ဆုံရန် သူ၏ စိတ်အားထက်သန်မှုကို ယခုနှစ် ဧပြီလက အထင်အရှား တွေ့ရသည်။ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းမှ လူဦးရေ ၃ သန်းသာရှိသည့် နိုင်ငံတခုဖြစ်သော တာတာစတန် သမ္မတကို နေပြည်တော်ရှိ သံတမန် ခန်းမတွင် လက်ခံတွေ့ဆုံသည်။ သူက တာတာစတန် ကိုယ်စားလှယ်အဖွဲ့ကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထိုမျှဧည့်ဝတ်ကျေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏အရေးကြီးသော ဧည့်သည်များကို ယခုတကြိမ်တွင် ဝမ်ယိကဲ့သို့ မတွေ့ဆုံဘဲ ပြန်သွားစေမည် မဟုတ်ပေ။ သို့သော် ဧည့်သည်က ငြင်းဆန်လျှင် အိမ်ရှင်က မည်သို့လုပ်ရမည်နည်း။
ဝမ်ယိသည် စစ်ကောင်စီခေါင်းဆောင်ကို မတွေ့ဆုံသော်လည်း သူကျေနပ်စေရန်အတွက် ဘေဂျင်းသည် စစ်ကောင်စီကို ထောက်ခံကြောင်း ထပ်မံ အတည်ပြုပြောကြားသည်။
တနင်္ဂနွေနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ဝမ်ယိက “ဘေဂျင်းသည် မြန်မာ၏ တရားဝင် အကျိုးစီးပွားကို ကာကွယ်ရာတွင်နှင့် နိုင်ငံတကာ အခမ်းအနားများတွင် အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်ရာတွင် နေပြည်တော်ကို ထောက်ခံမည်” ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးရန်နှင့် ASEAN ၏ မြန်မာအတွက် ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ရေး အားပေးရန် ASEAN ကို ကူညီမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအကျပ်အတည်းကို ကြားဝင်ဖြေရှင်းရန် တာဝန်ရှိသည့် ASEAN အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်းကို ပုဂံတွင် ပြောသည်။
ထိုအစီအစဉ်၏ အဓိကအချက်များတွင် သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရန်နှင့် အကြမ်းဖက်မှု ချက်ခြင်း ရပ်ရန် တောင်းဆိုမှု ပါဝင်သည်။ တရားဉပဒေမဲ့ သတ်ဖြတ်ခြင်းနှင့် ရွာများကို မီးရှို့ခြင်း အပါအဝင် စစ်ကောင်စီက ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်နေချိန်တွင် ASEAN သည် ထိုအစီအစဉ်ကို အကောင်အထည် ဖော်အောင် စစ်ကောင်စီကို တွန်းအားပေးနိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံမှ ၎င်းတို့၏ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများအတွက်သာ မဟုတ်ပါက ဘေဂျင်းသည် စစ်ကောင်စီနှင့် ဆက်ဆံမည် မဟုတ်ဘဲ ခပ်ကင်းကင်းသာ နေမည့်သဘောရှိနေသည်။
You may also like these stories:
အတိုက်အခံများနှင့် ဆွေးနွေးရန် တရုတ်က မြန်မာစစ်ကောင်စီကို တောင်းဆို
အာဏာသိမ်း စစ်ကောင်စီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဘာတွေတိုက်တွန်းခဲ့သလဲ
သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ
စစ်ကောင်စီ၏ အသုံးချခံဖြစ်သွားနိုင်သော ထိုင်းအထူးသံတမန်