ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်း အတွင်းရှိသည့် JW (ADK) ၌ အလုပ်သမားဥပဒေပါ အခွင့်အရေးများဖြစ်သော ဆေးခွင့်၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် အပါအဝင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် စက်ရုံအလုပ်သမား ၂,၀၀၀ ကျော်က ၎င်းတို့ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း တရားဝင်ပြဋ္ဌာန်းထားသော အလုပ်သမား အခွင့်အရေးများ၊ ရပိုင်ခွင့်များအတွက် အကာအကွယ် မပေးနိုင်သည့် အခြေအနေသည် ပိုမိုဆိုးဝါးလာခဲ့ရသည်။
စစ်တပ်အာဏာ သိမ်းထားသည့် ရက်ပေါင်း ၅၀၀ ကျော်အတွင်း အလုပ်သမား အခွင့်အရေး အပါအဝင် လုပ်အားခ ကျွန်ပြုခံရမှုများနှင့် ခြိမ်းခြောက်ခံနေရခြင်းများသည်လည်း တဆက်တည်း ရှိနေသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူများက ထောက်ပြသည်။
တဖက်တွင်လည်း အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် ရပ်တည်လုပ်ဆောင်ပေးနေသော အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း၊ သမဂ္ဂများကို တရားမဝင်ကြောင်း ဖျက်သိမ်းပစ်ခြင်းသည် အလုပ်သမားထုအတွက် စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး အလုပ်သမားအရေး ဆန္ဒထုတ်ဖော်ခဲ့သည့် အဆိုပါ JW (ADK) စက်ရုံသည် ကနေဒါနိုင်ငံသားပိုင် စက်ရုံတရုံဖြစ်ပြီး ဂျာမနီတံဆိပ် အထည်များကို ချုပ်လုပ်နေသည့် စက်ရုံဖြစ်ကြောင်း ယင်းစက်ရုံအရေးတွင် အလုပ်သမားများဘက်မှ ရပ်တည်ညှိနှိုင်းပေးနေသော အလုပ်သမားခေါင်းဆောင် အမျိုးသမီးတဦးက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံး အလုပ်သမားအရေး ဆန္ဒထုတ်ဖော်ခဲ့သည့် အဆိုပါ JW (ADK) စက်ရုံသည် ကနေဒါနိုင်ငံသားပိုင် စက်ရုံတရုံဖြစ်ပြီး ဂျာမနီတံဆိပ် အထည်များကို ချုပ်လုပ်နေသည့် စက်ရုံဖြစ်ကြောင်း ယင်းစက်ရုံအရေးတွင် အလုပ်သမားများဘက်မှ ရပ်တည်ညှိနှိုင်းပေးနေသော အလုပ်သမားခေါင်းဆောင် အမျိုးသမီးတဦးက ဆိုသည်။
စက်ရုံလုပ်သားများ၏ ဥပဒေပါ အလုပ်သမားအခွင့်အရေးများကို ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည့် ဇူလိုင်လ ၇ ရက်မှစ၍ ယနေ့အထိ ညှိနှိုင်းဆောင်ရွက်မှု တစုံတရာ တိတိကျကျ ရရှိခြင်းမျိုး မရှိသေးပေ။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါ်ခိုင်ဇာအောင်က “အလုပ်ရှင်ဘက်က အလုပ်သမားတွေက စံချိန်ကို သတ်မှတ်နာရီမှာ အပြည့်မပေးနိုင်ဘူးပေါ့နော်။ မပေးနိုင်တဲ့ အခါကျတော့ မပြည့်တဲ့ အထည်အရေအတွက် တထည်ကို ၅၀ နှုန်းနဲ့ ဖြတ်တယ်လို့ သိရတယ်။ ချုပ်ပြီးတဲ့ အခါမှာလည်း အထည်ချုပ် သဘောသဘာဝအရ ချုပ်လိုက်ပေမယ့် တခါတလေကျလို့ရှိရင် ပြင်ဆင်ရမယ့် (repair) ကျလာတာ ရှိတယ်။ အဲ့လိုမျိုးကျလာတဲ့ အခါကျရင် အလုပ်သမားတွေဆီကနေ တထည်ကို နှစ်ရာနှုန်းနဲ့ ဖြတ်တယ်လို့ ပြောတယ်။ အလုပ်သမားတွေက တရက်ကို အနည်းဆုံး ၅၀၀ လောက်က ရတဲ့လုပ်အားခထဲကနေ ပြန်ပေးနေရတယ်ပေါ့နော်။ ရတဲ့လုပ်အားခ တရက်ကို ၄,၈၀၀ ထဲကနေ ၅၀၀ လောက် စက်ရုံကို ပြန်ပြီးတော့ ပေးနေရတယ်၊ အဖြတ်ခံနေရတဲ့ အခြေနေမျိုးတွေ ဖြစ်နေတယ်ပေါ့နော်” ဟု ရှင်းပြသည်။
ထို့အပြင် စက်ရုံအတွင်း သောက်သုံးရေ မပေးခြင်း၊ ပန်ကာများ မဖွင့်ပေးခြင်းနှင့် အထည်ချုပ်နေစဉ် အပ်ကျိုးသွားပါက ပြန်လည်မထုတ်ပေးဘဲ အလုပ်သမားများက ပြန်လည် ဝယ်ယူအသုံးပြုနေရခြင်းများကြောင့် ယခုကဲ့သို့ အုံကြွဆန္ဒထုတ်ဖော်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“မီးက အမြဲပျက်နေတာမျိုးတွေ ဖြစ်နေတော့ စက်ရုံထဲမှာ လှောင်ပိတ်ပြီးတော့ ချွေးဒီးဒီးကျပြီး အရမ်းမောပန်းပြီးတော့ ဒီလိုဖြစ်နေတဲ့ အနေထားတွေ ရှိနေတယ်။ အလုပ်သမားတွေက ပြန်ပြီးတော့ သူတို့ အခွင့်အရေးအတွက်ကို ဆန္ဒပြတောင်းဆိုရတဲ့ အနေထားတွေ ဖြစ်လာတယ်”
“မီးက အမြဲပျက်နေတာမျိုးတွေ ဖြစ်နေတော့ စက်ရုံထဲမှာ လှောင်ပိတ်ပြီးတော့ ချွေးဒီးဒီးကျပြီး အရမ်းမောပန်းပြီးတော့ ဒီလိုဖြစ်နေတဲ့ အနေထားတွေ ရှိနေတယ်။ အလုပ်သမားတွေက ပြန်ပြီးတော့ သူတို့ အခွင့်အရေးအတွက်ကို ဆန္ဒပြတောင်းဆိုရတဲ့ အနေထားတွေ ဖြစ်လာတယ်” ဟု ဒေါ်ခိုင်ဇာအောင်က ရှင်းပြသည်။
ထို့အတွက် CTUM အနေဖြင့် အဆိုပါ စက်ရုံတွင် ချုပ်လုပ်နေသည့် အပြည်ပြည်ဆိုင်ရာ Brands များကို စာပို့ထားပြီးဖြစ်သလို သက်ဆိုင်ရာ နိုင်ငံများရှိ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများသို့လည်း ယခုဖြစ်စဉ်အတွက် ကူညီဆောင်ရွက်ပေးရန် ဆက်သွယ် ပြောကြားထားသည်ဟု ဆိုသည်။
JW (ADK) အထည်ချုပ်စက်ရုံတွင် LIDL အမည်ရှိ ဂျာမနီ brand ၊ Zara အမည်ရှိ စပိန်နိုင်ငံ Adidas ပိုင်သည့် brand နှင့် JACK & JONES အမည်ရှိ ဒိန်းမတ်နိုင်ငံ Brand များကို ချုပ်လုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီ brand တွေကို ကျမတို့ တိုက်ရိုက် စာပို့ထားပြီးဖြစ်သလို သက်ဆိုင်ရာနိုင်ငံက သမဂ္ဂတွေကိုလည်း အခုဖြစ်နေတဲ့ ကိစ္စတွေကို ပါဝင်ပြီးတော့မှ ကူညီဆောင်ရွက်ပေးဖို့ ဆက်သွယ်ပြောကြားမှု လုပ်ထားပါတယ်။ ဆိုတော့ စက်ရုံထဲမှာ ပိုပြီးတော့ မြန်ဆန်တဲ့ ညှိနှိုင်းမှုနဲ့ အခွင့်အရေးတွေ လေးစားလိုက်နာမှုရှိဖို့ ကျမတို့ ကူညီပြီးတော့ ဆောင်ရွက်ပေးနေပါတယ်” ဟု ဒေါ်ခိုင်ဇာအောင်က ဆိုသည်။
ဇူလိုင်လ ၇ ရက်က ဖြစ်ပွားသည့် အလုပ်သမားအရေး ဆန္ဒထုတ်ဖော်ခြင်းသည် အခြားသော စက်ရုံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများအတွက် တပ်လှန့်လိုက်သကဲ့သို့ပင် ရှိသည်။
လက်ရှိ ပြည်တွင်းတွင် ရပ်တည်နေသော နိုင်ငံခြားသားပိုင်၊ အထူးသဖြင့် တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံများတွင်လည်း ထိုကဲ့သို့သော ပြဿနာများ အများစု ကြုံတွေ့နေရသည်ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ဧရာဝတီကို ပြောသည်။
လက်ရှိ ပြည်တွင်း စက်မှုဇုန်များရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံများတွင် လုပ်ငန်းခွင်အတွင်း အဖိနှိပ်ခံရခြင်း၊ ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာခြင်းများ၊ ကုန်ထုတ်လုပ်မှုအတွက် မဖြစ်နိုင်သော စံချိန်တိုးမြှင့် သတ်မှတ်ခြင်းနှင့် စက်ရုံမန်နေဂျာက လက်သပ်မွေးထားသည့် အလုပ်သမားခေါင်းဆောင် (လိုင်းစူပါ) များက ကြိမ်းမောင်းဆဲဆို အော်ဟစ်ခြင်းကိုလည်း ခံနေရကြောင်း ရန်ကုန်တိုင်း၊ ရွေပြည်သာမြို့နယ်ရှိ သာဓုကန် စက်မှုဇုန် အပိုင်း (၄) တွင် ဖွင့်လှစ်ထားသော Sunrise Myanmar fashion garment ၌ လုပ်ကိုင်နေသည့် အလုပ်သမားများက မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ကို အသိပေးထားသည်။
အလားတူ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသည့် ဒဂုံဆိပ်ကမ်း စက်မှုဇုန်အတွင်းရှိ ဖုယွင် အထည်ချုပ်စက်ရုံ၊ ကျုံးကြယ် အထည်ချုပ်စက်ရုံ၊ ရွှေနိုင်ငံ စက္ကူစက်ရုံနှင့် သီလဝါ စက်မှုဇုန်အတွင်းရှိ Hansae Myanmar စက်ရုံလုပ်သားများမှာလည်း စက်ရုံပိုင်ရှင်နှင့် မန်နေဂျာတို့၏ ဖိနှိပ်မှုများ ခံစားနေရကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတဦးက ဆိုသည်။
“အခုဖြစ်နေတဲ့ အခြေအနေတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူး။ ဒါဟာ အခြေခံလူတန်းစား လုပ်သားတွေရဲ့ အသံပဲဖြစ်တယ်။ ဒီအခွင့်အရေးအတွက် အလုပ်သမားတွေဘက်က တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ အဆင့်မှာ ရောက်နေပြီ။ အလုပ်ရှင်တွေကို ဖိအားပေး တောင်းဆိုတာ တခုမှ မပါဘူး။ ရသင့် ရထိုက်၊ ခံစားခွင့် ခံစားထိုက်တဲ့ အခြေအနေတွေအပေါ် တောင်းဆိုတာဖြစ်တယ်”
“အခုဖြစ်နေတဲ့ အခြေအနေတွေက နိုင်ငံရေးနဲ့ မဆိုင်ဘူး။ ဒါဟာ အခြေခံလူတန်းစား လုပ်သားတွေရဲ့ အသံပဲဖြစ်တယ်။ ဒီအခွင့်အရေးအတွက် အလုပ်သမားတွေဘက်က တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ အဆင့်မှာ ရောက်နေပြီ။ အလုပ်ရှင်တွေကို ဖိအားပေး တောင်းဆိုတာ တခုမှ မပါဘူး။ ရသင့် ရထိုက်၊ ခံစားခွင့် ခံစားထိုက်တဲ့ အခြေအနေတွေအပေါ် တောင်းဆိုတာဖြစ်တယ်” ဟု ၎င်းက မှတ်ချက်ပြုပြောကြားသည်။
အလုပ်သမားထုအား ရသင့်ရထိုက်သည့် လုပ်ခလစာ မပေးဘဲ ဖိနှိပ်ခံရမှု ကိစ္စများသည်လည်း အကြီးမားဆုံး စိန်ခေါ်မှုတရပ် ဖြစ်နေသည်။ အဆိုပါ အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ဧရာဝတီကို ယခုလို သုံးသပ်ပြောကြားသည်။
“အလုပ်သမားတွေ အလုပ်လုပ်နေရတဲ့ အခြေအနေက အလုပ်လုပ်နေတယ်လို့ မမြင်ဘူး။ ကျွန်ပြုခံနေရတယ်လို့ မြင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေက ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ပေါ့” ဟု ဒေါ်ခိုင်ဇာအောင် မှတ်ချက်ပြုပြောသည်။
ယင်းအပြင် အမျိုးမျိုး ဖိနှိပ်ခံနေရသည့် အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ သမဂ္ဂအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများကို တိုင်ကြားသည့်အခါတွင်လည်း ခြိမ်းခြောက်ခံရခြင်းမျိုးများ ကြုံနေရသည်။ အချို့သော အလုပ်သမားများက ၎င်းတို့၏ ရပိုင်ခွင့်အတွက် တောင်းဆိုသည်အခါမျိုးတွင် စစ်တပ်အားခေါ်၍ ဖိအားပေးခြင်းနှင့် နောက်ဆုံး အနောက်က လိုက်၍ ချောင်းရိုက်ခံရမည့် အခြေအနေမျိုးများလည်း ကြုံတွေ့နေရကာ စိုးရိမ်နေကြရကြောင်း ဆိုသည်။
“သူတို့ရဲ့အခွင့်အရေးရဖို့ တိုက်တိုက်တွန်းတွန်း ပြောတဲ့ အလုပ်သမားဆိုရင် ဘာဖြစ်လဲဆိုတော့ ချောင်းရိုက်ခံရတဲ့ အဆင့်အထိ ဖြစ်တယ်။ အလုပ်သမားတွေက အခုဆိုရင် အလုပ်ပြုတ်မှာ၊ အဖမ်းခံရမှာဆိုတဲ့ အဆင့်တင် မဟုတ်တော့ဘူး၊ ငါ့နောက်ကို ဘယ်သူက လိုက်ပြီးတော့ ချောင်းရိုက်မှာလဲဆိုတဲ့ စိတ်ပူပန်မှုတွေပါ ရနေတာပေါ့နော်” ဟု ၎င်းက ပြောသည်။
CTUM ကဲ့သို့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကို တိုင်ကြားသည့် အလုပ်သမားများ၊ အလုပ်သမား ခေါင်းဆောင်များကို နောက်ယောင်ခံလိုက်ခြင်းမျိုး အပါအဝင် စက်ရုံအတွင်း အစည်းအဝေးခေါ်ယူပြီး သတ်ပစ်ခိုင်းမည်ဟု အကြပ်ကိုင် ခြိမ်းခြောက်မှုမျိုးများလည်း ရှိနေသည်ဟု ၎င်းတို့ထံ တိုင်ကြားမှု အခြေအနေအချို့ကို ဒေါ်ခိုင်ဇာအောင်က ပြောပြသည်။
“အဲဒီ ခြိမ်းခြောက်မှုတွေအတွက် ကျမတို့က အသံဖိုင်လည်း ရထားတယ်ပေါ့နော်။ ဒီလိုကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေမယ့် အရေးတယူ ဖြေရှင်းမှု မလုပ်ဘူး။ ဒီမန်နေဂျာ အပေါ်မှာလည်း အရေးယူပေးဖို့ လိုတယ်လို့ ဆိုတာကိုလည်း လျစ်လျူရှုတယ်။ ဒါက ကျမတို့ ဒီနေ့ အလုပ်သမားတွေရမယ့် အခွင့်အရေးဆိုင်ရာမှာ ရင်ဆိုင်တွေ့နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်။ ယခင်တုန်းကထက် အဆများစွာ စိန်ခေါ်မှုကြီးပေါ့” ဟု ဒေါ်ခိုင်ဇာအောင်က ပြောသည်။
မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများအား စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဥပဒေပညာရှင် သုံးဦးပါသော ကော်မရှင်အဖွဲ့တခုကို ယခုနှစ် ဇွန် ၃ ရက်တွင် ဖွဲ့စည်းခဲ့သည်။
ယင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၌ ဖိလစ်ပိုင်၊ တောင်အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဥပဒေပညာရှင် သုံးဦးပါဝင်သည်ဟု ILO ၏ ထုတ်ပြန်ချက်တစောင်တွင် ဖော်ပြထားသည်။ စစ်ကောင်စီက ကော်မရှင်ကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ပြုရန် လက်ရှိအချိန်အထိ ခွင့်မပြုသေးပါ။
ယင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၌ ဖိလစ်ပိုင်၊ တောင်အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဥပဒေပညာရှင် သုံးဦးပါဝင်သည်ဟု ILO ၏ ထုတ်ပြန်ချက်တစောင်တွင် ဖော်ပြထားသည်။ စစ်ကောင်စီက ကော်မရှင်ကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ပြုရန် လက်ရှိအချိန်အထိ ခွင့်မပြုသေးပါ။
စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ အထည်ချုပ် စက်ရုံ ၁၄၀ ကျော် အပါအဝင် အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများမှာလည်း လုပ်ငန်းများရုတ်သိမ်းကာ စွန့်ခွာသွားကြပြီဖြစ်သည်။ ယင်းကြောင့် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု ဂယက်သည် အခြေခံလူတန်းစား အလုပ်သမားထုများအတွက် ရသည့် အလုပ်ကိုပင် ရသည့် လုပ်ခလစာမျှဖြင့် မှေးကာလုပ်ကိုင်နေကြရသည်။
နိုင်ငံတော်၏ အာဏာသုံးရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လည်ပတ်နေရမည် ဖြစ်သော်လည်း အပြန်အလှန် ထိန်းကြောင်းနိုင်သည့် အခြေအနေမျိုးတွင် မရှိခြင်းကြောင့် မည်သူ၏ အကျိုးစီးပွားမှ အာမခံချက် မပေးနိုင်တော့သည့် အခြေအနေ ဖြစ်နေသည်။
အလုပ်သမားများကိုသာမက နိုင်ငံ၏ ပကတိ အခြေအနေများအတွက် ပြောဆိုသူများကို ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခြင်း၊ ပြစ်မှုကျူးလွန်ထားခြင်း မရှိဘဲ လူမြင်ကွင်းလို နေရာမျိုးတွင် သေနတ်နှင့် ပစ်သတ်သည့်နိုင်ငံတွင် တဦးနှင့်တဦး ကူညီဆောင်ရွက်ပေးခွင့်လည်း မရှိကြသလို ဖြစ်နေကြောင်း တောင်သူလယ်သမားအရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးစန်းအောင် (အမည်လွှဲ) က မှတ်ချက်ပြုပြောသည်။
“ကျနော်တို့ နိုင်ငံမှာက အလုပ်သမားအခွင့်အရေးတွေ၊ အလုပ်သမား ဥပဒေတွေအတွက် လူတိုင်း မသိကြပါဘူး။ အလုပ်သမား အများစု ကိုယ်တိုင်လည်း မသိကြပါဘူး။ ထို့အတူပဲ အလုပ်ရှင်တွေလည်း မသိပါဘူး။ အားလုံးမသိတဲ့နိုင်ငံမှာ တကျောင်း တဂါထာ အလုပ်ရှင်စိတ်တိုင်းကျ လုပ်ချင်သလို လုပ်ကြတာပေါ့” ဟု ဆိုသည်။
You may also like these stories:
မြန်မာ့အထည်ချုပ်လုပ်ငန်း ပုံမှန်နီးပါး ပြန်လည်ပတ်နေဟုဆို
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
စစ်အာဏာသိမ်းမှုအောက် ဆိတ်သုဉ်းသွားတဲ့ အလုပ်သမားထုအသံ
ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် ဇွန်လအတွင်းဖွဲ့စည်းမည်