ယခင်စစ်အုပ်စုဖြစ်သော နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) နောက်ပိုင်း စစ်အာဏာရှင် အဆက်ဆက်တို့သည် တူညီသောအချက် တချက်ရှိသည်။ ထိုအချက်မှာ အယူသီးကာ မိုက်မဲခြင်း ဖြစ်သည်။
နအဖ မှ စစ်ခေါင်းဆောင်များသည် ဆင်ဖြူနှင့် ပတ်သက်လျှင် ရူးသွပ်ကြပြီး လက်တွေ့တွင် ဆင်ဖြူဆိုသည်မှာ သမင်ဖြူရောဂါ ဖြစ်နေသော ဆင်သာဖြစ်သည်။ အလားတူစွာပင် မြန်မာတွင် တော်ဝင်ခြင်းနှင့် ချမ်းသာကြွယ်ဝမှုတို့နှင့် ဆက်စပ်နေသည့် ပတ္တမြားနှင့် ပတ်သက်လျှင်လည်း ရူးသွပ်ကြသည်။
သမိုင်းအရ ဆိုပါက မြန်မာဘုရင်၏ အဆင့်အတန်းကို သူပိုင်ဆိုင်သော ဆင်ဖြူအရေအတွက်ဖြင့် တိုင်းတာကြသည်။ အတော် ထူးဆန်းသောအချက်မှာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ အုပ်ချုပ်သည့် အချိန်အတွင်း ဆင်ဖြူများ၊ ပတ္တမြားများ ရှာဖွေတွေ့သောအခါ လွန်စွာ ဂုဏ်ယူကြပြီး ၎င်းတို့ကိုယ် ၎င်းတို့ ဘုရင်အရိုက်အရာနှင့် ထိုက်တန်သူအဖြစ် ဖော်ပြကြခြင်းဖြစ်သည်။
ထိုသို့ ထူးဆန်းသော တလွဲဆံပင်ကောင်းခြင်းကို နောက်ဆုံးအမွေရသူမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်သည်။
စစ်အုပ်စုက ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိသော ပတ္တမြားကို နိုင်ငံတော်သို့ လှူဒါန်းသည် ဆိုသည့် သတင်းတပုဒ်ကို စစ်ကောင်စီ ရုပ်သံလွှင့်ဌာနများက ဇူလိုင်လ ၇ ရက်နေ့ ည ၈ နာရီတွင် ထုတ်လွှင့်ကြသည်။ ထိုသတင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုက ထိုပတ္တမြားကို စစ်ကောင်စီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် မင်းအောင်လှိုင် ခေါင်းဆောင်သည့် အာဏာသိမ်းအစိုးရသို့ လှူဒါန်းခြင်း ဖြစ်သည်။
တနည်းအားဖြင့်ဆိုရပါက စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုပတ္တမြားကို ကိုယ့်ဖာသာကိုယ် လက်ပြောင်းလွှဲအပ်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အဆိုအရ နိုင်ငံနှင့်စစ်တပ်ကို ချစ်သော လူငယ်တဦးသည် သူ၏ ဘိုးဘွားအဆက်ဆက် လက်ဆင့်ကမ်းလာသည့် ထိုပတ္တမြားကြီးကို စစ်တပ်သို့ လှူသည်။ ထိုပတ္တမြားသည် မြန်မာ့ပတ္တမြားမြေ မိုးကုတ်မှ တူးဖော်ရသည့် ရှားပါးသော ရတနာဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်လိုက်ပြီး ထိုလူငယ်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမည်ဟု ဆိုသည်။
နောက်တနေ့တွင် ထုတ်ဝေသည့် စစ်ကောင်စီ သတင်းစာများ၏ မျက်နှာဖုံး စာမျက်နှာများတွင် နစက ပတ္တမြားဟု အမည်ပေးထားသော ထိုပတ္တမြား၏ ဓာတ်ပုံကို အကြီးအကျယ် ဖော်ပြသည်။ စစ်ကောင်စီအာဘော် မြဝတီ သတင်းစာဆိုလျှင် ပတ္တမြားဝတ်ဆင်ခြင်းကြောင့် ရရှိသည့် နက္ခဗေဒင်အကျိုးများကို ဖော်ပြသည့် ဆောင်းပါးတပုဒ်နှင့် အယ်ဒီတာ့အာဘော်ကိုပင် ရေးသားပြီး ပတ္တမြားသည် ပိုင်ရှင်အတွက် ဂုဏ်သတင်းကောင်းနှင့် ကျော်ကြားမှုကို ဆောင်ယူပေးပြီး အာဏာကြီးမားစေကာ မကောင်းဆိုးရွားကို မောင်းထုတ်ပေးသည်ဟု ဆိုသည်။
ယခုတကြိမ် ပတ္တမြားလှူဒါန်းမှုသည် အစိုးရထံသို့ ကြီးမားသော ပတ္တမြားတလုံးကို လှူဒါန်းသည့် ဒုတိယမြောက် ဖြစ်ရပ်ဖြစ်သည်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ရင်းနှီးသော ထူးကုမ္ပဏီများအုပ်စုပိုင်ရှင် ခရိုနီတို့၏ ထိပ်သီး ဦးတေဇသည် မြန်မာကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌရာထူး ယူထားစဉ် ၂၀၁၃ ခုနှစ်က ၁,၉၀၇ ကာရက်ရှိသော ပတ္တမြားကို ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရထံ လှူဒါန်းခဲ့သည်။
ထိုပတ္တမြားကို ကျောက်မျက်ပညာရှင်များနှင့် ကျောက်သွေးပညာရှင်များက အသေးစိတ် စစ်ဆေးပြီးနောက် တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်ကြောင်း တွေ့ရသဖြင့် ထိုသတင်းကို တရားဝင် မထုတ်ပြန်မီက နိုင်ငံတော်အဆင့် လုံခြုံရေးဖြင့် စောင့်ကြပ်ထားရသည်ဟုပင် စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။
ပတ္တမြားရူးသွပ်မှုကို စတင်ဖြစ်ပွားစေသူများမှာ အာဏာရှင်ဟောင်းများဖြစ်သော ဦးစောမောင်၊ ဦးသန်းရွှေနှင့် ဦးခင်ညွန့်တို့ ဖြစ်သည်။
အထက်ပါကဲ့သို့သော အဖိုးမဖြတ်နိုင်သည့် ပတ္တမြား သတင်းမျိုးကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး ၂ နှစ်အကြာက ၁၉၉၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။
သတင်းစာ မျက်နှာဖုံးတွင် ထိုစဉ်က စစ်အုပ်စု ခေါင်းဆောင် ဗိုလ် စောမောင်၊ သူ၏လက်ထောက် ဗိုလ်သန်းရွှေ၊ စစ်ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ခင်ညွန့်နှင့် ဗိုလ်ချုပ်များသည် ထိုပတ္တမြားကြီးကို ကြည့်ရှုနေကြပြီး နောက်တွင် နဝတ ပတ္တမြားဟု အမည်ပေးကြောင်း ဖော်ပြထားသည်။
ထိုပတ္တမြားကို ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းက မိုးကုတ်တွင် တူးဖော်တွေ့ရှိသည်ဟု ဆိုသည်။ အရွယ်အစားမှာ ၄၃ မီလီမီတာ – ၃၇ မီလီမီတာ – ၃၃ မီလီမီတာရှိပြီး မူလအလေးချိန် ၅၀၄ ဒသမ ၅ ကာရက်ရှိကာ သွေးပြီးသောအခါ ၄၉၆ ဒသမ ၅ ကာရက်ရှိသည်။
ထိုပတ္တမြားတွေ့ရှိသည့် အထိမ်းအမှတ်အဖြစ် ထိုစဉ်က စစ်အုပ်စုသည် ပြား ၅၀ တန် တံဆိပ်ခေါင်းကို ထိုပတ္တမြားပုံဖြင့် ထုတ်ဝေပြီး ထိုပတ္တမြား၏ အကြီးစားပုံစံတူများကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အနီး ဦးထောင်ဘို အဝိုင်းနှင့် ရန်ကုန်ရှိ ဒဂုံတက္ကသိုလ်တို့တွင် ပြသထားသည်။
ပြည်သူများက ထိုကျောက်ပုံစံများကို အမဲသားတုံးများဟု လှောင်ပြောင် ခေါ်ဝေါ်ကြသည်။ စစ်အုပ်စုထုတ် စာအုပ်အများအပြားတွင်လည်း ထိုပတ္တမြား၏ ဓာတ်ပုံကို စက္ကူအကောင်းစားဖြင့် ပုံနှိပ်ဖော်ပြကြသည်။
ထိုစဉ်က စစ်ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်က သူ၏စာအုပ်များတွင် မိုးကုတ်မှ ထိုင်းနိုင်ငံ၊ မဲဆောက်သို့ မှောင်ခိုထုတ်သွားသည့် ထိုပတ္တမြားကို စစ်ထောက်လှမ်းရေး အရာရှိများက မည်သို့ ပြန်လည်ရယူသည်ကို ဖော်ပြထားသည်။
သို့သော် ထိုပတ္တမြားကို တရားမဝင် ရောင်းချလိုက်သောကြောင့် ထောင်ချခံရသူ ဒေါ်စိုးစိုးထွန်းက သူသည် ထိုကျောက်ကို ဝယ်ယူသွားသူထံမှ ပြန်လည်ဝယ်ယူပြီး စစ်အုပ်စုကို လွှဲပြောင်းပေးလိုက်ရကြောင်း ပြောသည်။
ကာလကြာလာသောအခါ ထိုပတ္တမြား ဇာတ်လမ်းသည် တိမ်မြုပ်ပျောက်ကွယ်လာပြီး ယခုအခါ မည်သည့်နေရာတွင် ရောက်နေသည်ကို မည်သူမျှ မသိရတော့ပေ။
စစ်ဗိုလ်ချုပ်များ၏ ပတ္တမြားရူးသွပ်မှုကို ရူဘီမတ် ရှော့ပင်းမော၊ ရက်ဒ်ရူဘီ စီးကရက်နှင့် ပတ္တမြားမြို့သစ် စသည့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း အမည်များကလည်း ပြသနေသည်။
သူထက်စောသော အာဏာရှင်များကဲ့သို့ပင် စစ်အာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ စစ်ကောင်စီအမည်ဖြင့် ပေးထားသော ပတ္တမြားတလုံးကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ မင်းအောင်လှိုင်ကို မြှောက်ပင့်ရန်အတွက် စစ်ကောင်စီအာဘော် မြဝတီသတင်းစာက ထိုပတ္တမြားသည် အရွယ်အစားအရ သာမက အရည်အသွေးအရပါ ယခင်က မရှိဖူးသည့် ကျောက်မျိုးဖြစ်ကြောင်း ပြောသည်။
မေးစရာရှိသည့် မေးခွန်းမှာ ထိုပတ္တမြားသည် တိုင်းပြည်အတွက် ကံကြမ္မာကောင်းကို ယူဆောင်ပေးနိုင်ခြင်း ရှိ၊ မရှိဆိုသည့် မေးခွန်းဖြစ်သည်။ ထိုပတ္တမြားသည် တိုင်းပြည်အတွက် ကံကြမ္မာကောင်းများ ယူဆောင်ပေးနိုင်ခြင်း မရှိဟုသာ စစ်အာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းထားသည့် ကာလတလျှောက်လုံး ဖြေရမည် ဖြစ်သည်။
ထိုပတ္တမြားကို ရှာဖွေတွေ့ရှိခြင်းသည် သူ၏ဘုန်းကံကြောင့်ဖြစ်သည်ဟု စစ်အာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ဂုဏ်ယူနေမည်ဖြစ်သည်။ သို့သော် မြန်မာစစ်ဗိုလ်ချုပ် အဆက်ဆက်သည် အယူသီးပြီး ၎င်းတို့၏ ထူးဆန်းသော အယူအဆများကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်း နိမ့်သည်ဟု တစုံတဦးက ဆိုလာလျင် ထိုသူကို ပြန်လည်ငြင်းခုန်ရန် ခက်လိမ့်မည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Chief Perpetuates Predecessors’ Superstitious Obsession With Rubies ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီခေါင်းဆောင် မွေးနေ့ ဒေါက်တာသာရင်မြတ်အလှူ တက်ရောက်
အာဆီယံ အထူးကိုယ်စားလှယ်ကို စစ်ခေါင်းဆောင် ဗြောင်လိမ်နေ ဟုဆို
စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ
မြန်မာစစ်တပ်သည် ‘တပ်မတော်’ အမည်နှင့် မထိုက်တန်