• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဥကရစ်ထ စခန်း ဘယ်လောက် အရေးပါသလဲ

by ဧရာဝတီ
16 July 2022
in ဆောင်းပါး
A A
ဇူလိုင် ၁၂ ရက်နေ့က အင်အားဖြည့်တင်းရန် တက်လာသည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းအား ကော်ဘရာ စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်များသိမ်းယူလိုက်သည်။  /  Cobra Column

ဇူလိုင် ၁၂ ရက်နေ့က အင်အားဖြည့်တင်းရန် တက်လာသည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းအား ကော်ဘရာ စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်များသိမ်းယူလိုက်သည်။ / Cobra Column

11.7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီက ဥကရစ်ထ စခန်းကို ကာကွယ်နိုင်ခဲ့ကြောင်း လူမှုဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ ဆက်တိုက် ဝါဒဖြန့်ချိသည်။ မြေပြင်ဖြစ်စဉ်တွင်မူ စစ်ကောင်စီတပ်က အသေအပျောက်များပြီး အင်အားများ အဆမတန်သုံး၍ အသဲအသန် ကာကွယ်ခဲ့ရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ဝေါလေမြို့အကြားက ဥကရစ်ထရွာရှိ စစ်ကောင်စီ၏ ခြေကုတ်စခန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးထားသော တပ်ဖွဲ့များက ဇွန်လ ၂၆ ရက်နေ့တွင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရမှာ တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
627
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
149
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1k

အဆိုပါတိုက်ပွဲအတွက် အာဏာသိမ်းစစ်ကောင်စီသည် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူအင်အား စုပြုံသုံးကာ KNU လက်အောက်ခံတပ်များကို တိုက်ခိုက်ခဲ့သလို စစ်ကူစစ်ကြောင်းများစေလွှတ်ကာ တဖက်တိုက်ခိုက်မှုကို ဟန့်တားရန် ကြိုးစားခဲ့သည်။

စစ်ကောင်စီသည် Yak 130 တိုက်လေယာဉ်များနှင့် ရုရှားလုပ် Mig 29 တိုက်လေယာဉ်များသုံးကာ ကရင်မဟာမိတ် ပူးပေါင်းတပ်များကို တနေ့လျှင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဥကရစ်ထ၏ အရှေ့ဘက်ရှိ ဝေါလေဗျူဟာကုန်းမှလည်း ဟောင်ဝဇ်ဇာအမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်အားကြောင့် ကရင်မဟာမိတ်ပူးပေါင်းတပ်များဘက်မှာလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး ဥကရစ်ထ စစ်စခန်းတခုလုံးကို ရခါနီးတွင်မှ ပြန်လည်ဆုတ်ခွာပေးလိုက်ရသည်။

မည်သည့်အကြောင်းကြောင့် စစ်ကောင်စီတပ်သည် ဥကရစ်ထစခန်းကို အပြင်းအထန်ကာကွယ်ရပါသနည်း။ အဆိုပါ မေးခွန်းမှာ စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများအတွက် စဉ်းစားစရာ အရေးပါသည့် မေးခွန်းဖြစ်လာသည်။

ထိုင်း-မြန်မာ နယ်စပ်က ဥကရစ်ထ စခန်း (ဓာတ်ပုံ – Google Earth)

အပြင်းအထန်တိုက်ရသည့်တိုက်ပွဲ

ဥကရစ်ထရွာသည် မြဝတီတောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့၏ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားသည့် ကားလမ်းကြောင်းပေါ်တွင် တည်ရှိပြီး စစ်ကောင်စီ၏ အဓိကစစ်စခန်းသည် ဥကရစ်ထရွာ၏ မြောက်ဘက် ရွာလမ်းမကြီးဘေးတွင်တည်ရှိသည်။

စစ်စခန်းကို ရွာလမ်းမနှင့် အပြိုင် မြောက်မှာတောင်သို့ အလျားလိုက်တည်ဆောက်ထားကြောင်း KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) လက်အောက်ခံ ကော်ဘရာ စစ်ကြောင်းက ဝေဟင်က ဒရုန်းဖြင့် ရိုက်ကူးထားသည့် ရုပ်သံအရသိရသည်။

စစ်ကောင်စီတပ်စခန်းတွင် ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းငယ်တခုရှိပြီး ရှည်လျားသည့် ဆက်သွယ်ရေးမြောင်းများပါဝင်သော ကတုတ်ကျင်းနှင့် မော်တာလက်နက်ကြီး ၁ လက်ထိုင်ထားကြောင်းတွေ့ရသည်။

အဆိုပါ စခန်းကို KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပူးပေါင်း အင်အား ၃၀၀ ကျော်ဖြင့် ဇွန်လ ၂၆ ရက်မှစတင်ကာ စခန်း၏ အနောက်ဘက်နှင့် တောင်ဘက်တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဟာမိတ်တပ်များ၏ တိုက်ခိုက်ခြင်း မခံရမီ မြင်တွေ့ရသည့် ဥကရစ်ထ စခန်း (ဓာတ်ပုံ – Cobra Column)

စစ်ကောင်စီတပ်များကလည်း အဓိက စခန်းကုန်းကို ကာကွယ်ရန် ဥကရစ်ထ ရွာထဲတွင် တပ်အင်အားများ ဖြန့်ချထားရာ အဆိုပါရှေ့ကင်းတပ်ဖွဲ့များနှင့် ကရင်မဟာမိတ်တပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်။

တနေကုန်နီးပါးတိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် အဓိက စခန်းကုန်းခြံစည်းရိုးအား ကရင်မဟာမိတ်တပ်များက စခန်း၏ တောင်ဘက်မှာ ချိုးဖျက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် တိုက်လေယာဉ်အပါအဝင် ရဟတ်ယာဉ်ပစ်ကူများသုံးကာ တိုက်ခိုက်လာသဖြင့် ကရင်မဟာမိတ်တပ်များ ယာယီဆုတ်ပေးလိုက်ရသည်။

“အကြမ်းဖျင်း ပြောရရင် ဗျူဟာကုန်းရယ်၊ အမြှောက် ကုန်းရယ်၊ စနိုက်ပါ ကုန်းရယ်ဆိုတာ ရှိတယ်။ ကျနော်တို့က အမြှောက်ကုန်းကို ရသွားပြီ၊ စနိုက်ပါကုန်းကိုသိမ်းဖို့ လုပ်ရာမှာ ညနေပိုင်းမှာ ရလိုက်တယ်။ အဲဒီအချိန်မှာ တိုက်ပွဲက ငြိမ် သွားပြီ၊ အဲ့ဒီမှာ ကျနော်တို့က လေးကေ့ကော် စခန်းကိုသိမ်းတုန်းက ညပိုင်းမှာ ဒီကောင်တွေ ပြန်လာပစ်ဖူးတော့ မနက်ပိုင်းကျမှ နယ်မြေရှင်းလင်းရေး လုပ်မယ်ဆိုပြီး နဲနဲ လုံခြုံတဲ့နေရာမှာ ညဘက်ရှောင်နေလိုက်တာ။ မနက်ကျမှ ပြန်ဝင်တာ။ မနက်ပြန် ဝင်ချိန်မှာ ဟိုကောင်တွေက ညဘက်ကတည်းက နေရာဝင်ယူထားတော့ အဲဒီမှာထိ တွေ့မှု ပြန်ဖြစ်တာ” ဟု ကရင်မဟာမိတ်တပ်များဘက်မှ တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

မဟာမိတ်တပ်များ၏ တိုက်ခိုက်ခြင်း မခံရမီ မြင်တွေ့ရသည့် ဥကရစ်ထ စခန်း (ဓာတ်ပုံ – Cobra Column)

စစ်ကောင်စီတပ်ဘက်ကလည်း ဥကရစ်ထ မြောက်ဘက် ဆုံဆည်းမြိုင်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) များသုံးကာ ကရင်မဟာမိတ်တပ်များကို တန်ပြန်တိုက်ခဲ့သလို တိုက်လေယာဉ်ဖြင့်လည်း ဗုံးများကို တနေ့လျှင် ၁၀ ကြိမ်ထက်မနည်း ကြဲချခဲ့ကြောင်း ကရင်မဟာမိတ်တပ်များက ဆိုသည်။

DKBA တပ်များသည် ထိုင်းနိုင်ငံပိုင်နက်အတွင်းဝင်ရောက်ပြီးနောက် မြန်မာဘက်အခြမ်းသို့ ပြန်ကူးလာကာ ကရင်မဟာမိတ်တပ်များကို တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ်လော်ဘီများက လူမှုကွန်ရက်တွင် ရေးသားသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်ပေ။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ဇွန် ၂၉ ရက်နေ့အထိ အင်အားဖြည့်တင်းကာ ခုခံနေပြီး ကရင်မဟာမိတ်တပ်များကလည်း စစ်ကောင်စီတပ်စခန်းအား ဝိုင်းရံကာ စစ်ကူလာမည့် လမ်းကြောင်းများကို ပိတ်ဆို့ထားခဲ့သည်။

တိုက်ပွဲ ၄ ရက်မြောက်နေ့ ဇွန်လ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဘက်က မွန်ပြည်နယ် ကျိုက်ထိုမြို့အခြေစိုက် ခြေမြန်တပ်မ တခုဖြစ်သည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းတကြောင်းကို ဥကရစ်ထစခန်းအား စစ်ကူပေးရန် စေလွှတ်ခဲ့သည်။ အဆိုပါစစ်ကြောင်းကို KNDO မှ ဗိုလ်ကြီးစောအယ်ဆေးဝါး ဦးဆောင်သည့် စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့သည်။

မဟာမိတ်တပ်များ ဝင်တိုက်ပြီးနောက် ပျက်စီးသွားသည့် ဥကရစ်ထ စခန်း (ဓာတ်ပုံ – Cobra Column)

အဆိုပါတိုက်ပွဲတွင် KNDO က စစ်ကောင်စီစစ်ကြောင်းထံမှ ဒရုန်းပစ်လက်နက်တလက်အပါအဝင် မော်တာလက်နက်ကြီး ၁ လက်၊ စက်သေနတ် ၁ လက် ၊ MA-1 ချေမှုန်းရေးရိုင်ဖယ် ၁၀ လက်ထက်မနည်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

နေ့လည်ပိုင်းတွင် ဥကရစ်ထ စခန်းဝန်းကျင်သို့ ဗုံးလာကြဲသည့် စစ်ကောင်စီ၏ Mig – 29 တိုက်လေယာဉ်တစီး သည် ထိုင်းနိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်သွားပြီး ထိုင်းနိုင်ငံ ဖို့ဖရာ့မြို့နယ်ထဲသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိုင်းပြည်သူတဦးနှင့် ကားတစီး ထိခိုက်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းတော်ဝင်လေတပ်တာဝန်ရှိသူများက စစ်ကောင်စီထံ ကန့်ကွက်စာပို့ခဲ့ပြီး ၎င်းတို့၏ အမေရိကန်ထုတ် F-16 တိုက်လေယာဉ် ၂ စီးကို ကင်းလှည့်ပျံသန်းစေခဲ့ရသည်။

နောက်ပိုင်းတွင် ကရင်မဟာမိတ်တပ်များက ဥကရစ်ထစခန်းကို အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ခြင်း မလုပ်ဆောင်တော့ဘဲ စခန်းကို ဝိုင်းရံတိုက်ခိုက်မှုများသာ ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်ဘက်ကမူ ဇွန်လ ၂၉ ရက်တွင် ကရင်မဟာမိတ်တပ်များအား ၎င်းတို့အနေနှင့် အောင်မြင်စွာတွန်းလှန်နိုင်ပြီး ကရင်မဟာမိတ်တပ်များသည် အကျအဆုံးများစွာဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားရကြောင်း ကြေညာချက်ထုတ်ပြန်သည်။

သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများသည် ဇူလိုင်လ ၄ ရက်မှသာ လုံးဝနီးပါး ရပ်စဲသွားခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

မဟာမိတ်တပ်များ ဝင်တိုက်ပြီးနောက် ပျက်စီးသွားသည့် ဥကရစ်ထ စခန်း (ဓာတ်ပုံ – Cobra Column)

တိုက်ပွဲအတွင်း ကရင်မဟာမိတ်ပူးပေါင်းတပ်များဘက်က ၈ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ခန့်ရှိခဲ့ကြောင်း ကရင်မဟာမိတ်တပ်များဘက်မှ တိုက်ခိုက်ခဲ့သည့် KNDO ၏ အထူးကွန်မန်ဒို တပ်ရင်း Venom စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးစောမြင့်ဝင်းက ဧရာဝတီသို့ ပြောသည်။

၎င်းက“ကျနော်တို့ဘက်က ကျဆုံးတာ ၈ ယောက်၊ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၃၀လောက် ရှိတယ်။ စစ်ကောင်စီဘက်ကတော့ ၂၀၀ နီးပါးလောက် ကျတယ်။ ကျနော်တို့ ဒရုန်းနဲ့ လိုက်ကြည့်တာ။ Cobra စစ်ကြောင်းမှူး ဗိုလ်ဒါဘောက သက်သေနဲ့တကွ ကျနော်တိုကို ပြတယ်” ဟု ဆိုသည်။

ဘာကြောင့် စစ်ကောင်စီတပ် အပြင်းအထန်ခုခံသလဲ

နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများကမူ ဥကရစ်ထစခန်းသည် စစ်ကောင်စီတပ်၏ ဝေါ်လေဒေသ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါသဖြင့် ယခုကဲ့သို့ ရှိသမျှ ရင်းမြစ်စုပြုံသုံးကာ ခုခံကာကွယ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

ဥကရစ်ထစခန်းသည် လေးကေကော်ဒေသနှင့် ဝေါလေဒေသကို ဆက်သွယ်သည့် အဓိက လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် အဆိုပါစခန်းကျဆုံးသွားပါက စစ်ကောင်စီတပ်သည့် ဝေါ်လေဒေသသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်ရာတွင် မြေပြင်လမ်းကြောင်းကို အသုံးပြုနိုင်ရန် မလွယ်တော့သည့် အနေအထားဖြစ်သွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ တဦးက ပြောသည်။

မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ကတုတ်ကျင်းများအတွင်း သေဆုံး၊ ဒဏ်ရာများဖြင့် တွေ့ရသည့် အာဏာသိမ်းတပ်များ (ဓာတ်ပုံ – Cobra Column)

၎င်းက“အဓိကကတော့ မြဝတီနဲ့ ဝေါ်လေကြားထဲက ထောက်ပို့အဓိကနေရာဖြစ်နေလို့ပဲ။ မြဝတီနဲ့ ဝေါ်လေကြားက အဓိက ထောက်ပို့နေရာ ဖြစ်နေတဲ့အခါမှာ ဥကရစ်ထကျသွားရင် ဝေါ်လေကိုလည်း ခြိမ်းခြောက်ရာရောက်သလို လေးကေကော်ဘက်ကိုလည်း ခြိမ်းခြောက်ရာရောက်တယ်။ ရိက္ခာထောက်ပို့လမ်းကြောင်းကိုလည်း တိုက်တာဖြစ်ပါတယ်” ဟု ဆိုသည်။

ဥကရစ်ထစခန်းသာ ကရင်မဟာမိတ်တပ်များလက်သို့ ကျသွားပါက KNU ဦးဆောင်သည့် မဟာမိတ်တပ်များသည် ဝေါ်လေဒေသကို ပိုမိုထိန်းချုပ်လာနိုင်မည်လည်းဖြစ်သည်။

Venom စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူးစောမြင့်ဝင်းကလည်း ဥကရစ်ထ စခန်းသာလုံးဝ ချေမှုန်းခံလိုက်ရပါက စစ်ကောင်စီတပ်၏ ဗျူဟာကုန်းများကို အထီးကျန်ဆန်စေပြီး ကရင်မဟာမိတ်တပ်များက ပိုမိုထိန်းချုပ်လာနိုင်သဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ဆိုသည်။

မြေပြင်အနေအထားအရလည်း ဥကရစ်ထ၏ မြောက်ဘက်ရှိ သေဘော့ဘိုးအပါအဝင် အရှေ့ဘက်ရှိ ဝေါလေဒေထဲက နယ်မြေအချို့ကို ကရင်မဟာမိတ်တပ်များက တိုက်ခိုက်ချေမှုန်းခဲ့ပြီးဖြစ်ရာ ကြားထဲရှိ ဥကရစ်ထသာ ကျပါက သေဘောဘိုးမှ ဝေါလေအထိ ဆက်သွယ်ထားသည့် လမ်းကြောင်းသည် ကရင်မဟာမိတ်တပ်များလက်သို့ လုံးဝ ကျရောက်သွားမည့် အခြေအနေရှိသည်။

လမ်းခရီးတွင် မဟာမိတ်တပ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံနေရသည့် စစ်ကောင်စီတပ်များ (ဓာတ်ပုံ – Cobra Column)

ထို့ကြောင့်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူကို အလုံးအရင်းသုံးကာ ခုခံကာကွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူအချို့က ဆိုသည်။

နိုင်ငံရေးလေ့လာသူတဦးက“အဓိကမြင်ရတာတော့ စစ်ဗျူဟာ ပြဿနာပဲ။ အဲဒီပွဲမှာ အစိုးရတပ်က သုံးသွားတဲ့ စစ်ဗျူဟာက စခန်းကုန်းကို ဆုတ်ပေးလိုက်ပြီးတော့ အပေါ်က ပွိုင့်ကုန်းမှာ သွားပေါင်းလိုက်တယ်။ အဲဒီလို စခန်းကုန်းကို ဆုတ်ပြီးတော့ KNU တပ်တွေ တက်လာတဲ့အချိန်မှာအဲဒီစခန်းကုန်းကို လက်နက်ကြီးနဲ့ ထုတယ်။ လေကြောင်းနဲ့ ပြန်ပစ်တယ်။ အသဲအသန် ပစ်ပြီးတဲ့အခါမှာ အဲဒီစခန်းကုန်းကို ပြန်သိမ်းလိုက်တော့ ခုနက လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူ တော်တော်ပစ်တဲ့အချိန်မှာ စခန်းကုန်းရဲ့ အစိတ်အပိုင်း တော်တော်များများကို သိမ်းလိုက်တဲ့ KNU က ပြန်ဆုတ်လိုက်ရတယ်” ဟု မှတ်ချက်ပေးသည်။

အဆိုပါစစ်ဗျူဟာကို ဇူလိုင်လဆန်းထဲမှာပင် ကယားပြည်နယ် ဖယ်ခုံမြို့နယ်ထဲရှိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ဖြစ်သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အသုံးပြုခဲ့ပြီး ယင်းစစ်ဗျူဟာကို တော်လှန်ရေးအင်အားစုများက သတိထားရန်လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

Venom စစ်ကြောင်းမှူး ဗိုလ်မှူး စောဝင်းမြင့် ကလည်း ဥကရစ်ထတိုက်ပွဲတွင် ကရင်မဟာမိတ်တပ်များဘက်က ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၌ အားနည်းခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ကြိုတင်ပြင်ဆင်မှု ရှိခဲ့သည်ကို တွေ့ရကြောင်း ဧရာဝတီသို့ ပြောသည်။

လမ်းခရီးတွင် မဟာမိတ်တပ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းခံနေရသည့် စစ်ကောင်စီတပ်များ (ဓာတ်ပုံ – Cobra Column)

“အဲဒီစခန်းမှာ ရှိတဲ့ လူဦးရေကို တိတိကျကျ မသိဘူး၊ ကျနော်ကိုယ်တိုင် လေ့လာတော့လည်း စခန်းရှေ့ မရောက်ဘူး။ စခန်းရဲ့ မနီးမဝေးကနေ လေ့လာရတာဆိုတော့ စခန်းလူဦးရေတို့ ခံစစ်ပြင်တဲ့ အခြေအနေ တို့ မသိရဘူး။ ကျနော်တို့ ရွာရှေ့က ဖြတ်ခွင့်မရသလို အဲဒီစခန်းမှာရှိတဲ့ ရွာသားတွေလည်း တယောက်မှ ရွာပြန်လို့ မရတာ လည်း ပါတယ်။ နောက်တခုက ကျနော်တို့ ရန်သူကို ပစ်တဲ့အချိန်ကျ တယောက်နဲ့ တယောက် အချိတ်အဆက် အိုင်ကွန် ဆက်သွယ်ရေး စက်အားနည်းတာရယ်၊ ဘယ်သူက ဘယ်နားရောက်နေလဲ တိတိကျကျမခန့်မှန်းတတ်တာရယ်၊ လာတဲ့ စစ်ကူနဲ့ ကျနော် တို့ အချိတ်အဆက်မိမိရရ မရှိတာရယ်၊ လက်နက်ခဲယမ်း မပြည့်စုံတာရယ် အဲဒါတွေက ကျနော်တို့ရဲ့ အားနည်းချက်ပါပဲ” ဟု ဆိုသည်။

သို့သော်လည်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသည် ထိတ်လန့်ကြောက်ရွံ့နေပြီး ကရင်မဟာမိတ်တပ်များဘက်ကမူ ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်ကို တွေ့ရကြောင်း ဗိုလ်မှူးစောမြင့်ဝင်းက သုံးသပ်သည်။

ဥကရစ်ထတိုက်ပွဲ အောင်ပွဲအဖြစ် စစ်ကောင်စီ ဝါဒဖြန့်

တိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် အာဏာသိမ်းစစ်ကောင်စီထောက်ခံသူများဘက်ကလည်း ဥကရစ်ထစခန်း တိုက်ပွဲသည် စစ်ကောင်စီတပ်အတွက် အောင်ပွဲ တရပ်ပင်ဖြစ်ကြောင်း Facebook နှင့် တယ်လီဂရမ် လူမှုကွန်ရက်များတွင် ဝါဒ ဖြန့်ချီလာသည်။

အဆိုပါစစ်ပွဲနှင့်ပတ်သက်၍ “ဥကရစ်ထ မဆုတ်တမ်းခံစစ်စခန်းတိုက်ပွဲ” အမည်ဖြင့် သားစစ်ကြီးဆိုသူက စာစုကို အပိုင်း ၄ ပိုင်းအထိ အခန်းဆက်ရေးသားကာ ဝါဒဖြန့်လာခြင်းဖြစ်သည်။

စစ်ကောင်စီ စစ်ကူစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ပြီး ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ (ဓာတ်ပုံ – Cobra Column)

အဆိုပါ စာစုထဲတွင် ဥကရစ်ထ အရှေ့ဘက်ရှိ ဝေါလေဗျူဟာကုန်းမှ အမြောက်များသည် ထိုင်းနိုင်ငံ၏ ဝေဟင်ပိုင်နက်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံထဲရှိ ဥကရစ်ထ ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်းပါရှိသည်။

ယင်းအပြင် အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သားများသည် ငါမသေ ငါ့စခန်းမကျစေရ ဆိုသည့် စိတ်ဓာတ်ဖြင့် ခုခံခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ လော်ဘီများက ဝါဒဖြန့်ကြသည်။

နိုင်ငံရေးလေ့လာသူတဦးကမူ စစ်ကောင်စီတပ်သည် စိတ်ဓာတ်ကျဆင်းနေသည့် ၎င်းတို့ တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို ပြန်ဆွဲတင်နိုင်ရန် ဥကရစ်ထ တိုက်ပွဲကို အသုံးချ ဝါဒဖြန့် နေခြင်းသာဖြစ်ကြောင်း သုံးသပ်သည်။

၎င်းက“KNU ဘက်က ဥကရစ်ထကိုသိမ်းနိုင်ရင် စစ်တပ်အတွက် စိတ်ဓာတ်ရေးရာ ထိခိုက်မယ်။ တပ်ဘက်ကလည်း သူတို့တပ်တွေရဲ့ စိတ်ဓာတ်ကို ဥကရစ်ထကနေပြန်တင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံအနှံတိုက်ပွဲတွေကလည်း အထိနာတဲ့ တိုက်ပွဲက များတာကိုး။ များတဲ့အခါမှာ သူ့တပ်ကို စိတ်ဓာတ်ပြန်တင်ပေးတာပေါ့” ဟု မှတ်ချက်ပေးသည်။

စစ်ကောင်စီ စစ်ကူစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ပြီး ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ (ဓာတ်ပုံ – Cobra Column)

ဆက်လက်၍ နိုင်ငံရေးလေ့လာသူ တဦးက ဥကရစ်ထတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီတပ်ဘက်က မည်သို့ပင် ဝါဒဖြန့်နေသည်ဖြစ်စေ မြေပြင်တွင် ပေးလိုက်ရသည့် ဆုံးရှုံးမှု၌ စစ်ကောင်စီတပ်ဘက်က ပိုများနေကြောင်း ပြောဆိုသည်။

၎င်းကဆက်၍ “စစ်တပ်က သူတို့နိုင်တယ်ဆိုပြီး အကြီးအကျယ် ကြွားနေပေမယ့် အကျအဆုံးချင်း ယှဉ်ရင် တပ်ဘက်က ပိုများပါတယ်။ ကျဆုံး ဒဏ်ရာရ အဖမ်းခံရတာ များတယ်။ လက်နက်ခဲယမ်းနဲ့ ပတ်သက်လို့လည်း KNU က တော်တော်များများ သိမ်းပိုက်ရတာတွေ့ရတယ်။ နောက်တခုက တပ်က လက်နက်ကြီးကျည်သုံးတာ လေကြောင်း သုံးတဲ့ အကြိမ်ပေါင်းများစွာပေါ့။ ပြောရရင် စစ်စားရိတ်က အများကြီးဖိသုံးထားရတာပါ။ တကယ်က စခန်းသာ မကျတာ လူလက်နက်ဆုံးရှုံးမှုနဲ့ စစ်စားရိတ်ကုန်ကျမှုမှာ စစ်တပ်က အများကြီးရှုံးပါတယ်။ သို့သော်လည်း ဂုဏ်သိက္ခာအတွက် သူ့တပ်ကို မောင်းတင်ဖို့ အများကြီး အရင်းအနှီးပေးလိုက်ရတဲ့ပွဲလို့ ပြောလို့ရပါမယ်” ဟု မှတ်ချက်ပေးသည်။

စစ်ကောင်စီ စစ်ကူစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ပြီး ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ (ဓာတ်ပုံ – Cobra Column)

လက်ရှိအခြေအနေတွင် ဥကရစ်ထစခန်းတခုလုံးသည် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီဖြစ်ပြီး ခြံစည်းရိုးများပွင့်ထွက်နေသလို အဆောက်အဦအများစုပျက်စီးနေပြီး အချို့မှာ ပြာကျသည် အထိတွေ့ရသည်။

ဥကရစ်ထ စခန်းကို အင်အားဖြည့်တင်းရန် တက်လာသည့် စစ်ကြောင်းများသည်လည်း လမ်းခရီးတွင်ပင် အထူးကွန်မန်ဒိုတပ်ရင်းများ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နေ့စဉ် သေဆုံးနေကြရသလို လက်နက်များလည်း အများအပြားဆုံးရှုံးနေလျှက်ရှိသည်။

ထို့အတူ မကြာခင်ရက်ပိုင်းကပင် စစ်အင်အားလာဖြည့်သည့် တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့ဝင် အချို့သည် KNLA လက်အောက်သို့ ထွက်ပြေးခိုလှုံလိုက်ကြသည်ကိုတွေ့ရသည်။ ၎င်းတို့၏ ပြောပြချက်အရ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များပြီး ဒဏ်ရာရသူများပြားနေကြောင်း၊ တပ်ထဲတွင် အရာရှိများနှင့် စစ်သည်များ စိတ်ဓာတ်ကျနေကြောင်း ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောပြသည်။

KNU တပ်မဟာ ၆ အထူးကွန်မန်ဒိုတပ် အရာရှိတဦးကတော့ ဥကရစ်ထ စခန်းနှင့်ပတ်သက်ပြီး “ငါတို့ နောက်ဆုတ် လိုက်တာ မဟုတ်ဘူး။ အခုလည်း ဒီကောင်တွေ ခေါင်းထောင်ပြီး လမ်းလျှောက်ရဲသလား မေးကြည့်ပါဦး။ အားလုံးကို ငါတို့ ချိန်ထားတယ်။ အခုဒီစခန်းဟာ သူတို့အတွက် သေမင်းတမန်စခန်းပဲ။ အချိန်တန်ရင် ခင်ဗျားတို့လည်း သတင်းကောင်းကြားရလိမ့်မယ်”ဟု ပြောသည်။

Your Thoughts …
Tags: KNUVenomဥကရစ်ထ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.3k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
25.4k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာမြို့တွင် တွေ့ရသည့် KIA တပ်ဖွဲ့များ  / ဧရာဝတီ

ဝိုင်းမော်တွင် အာဏာသိမ်းတပ် စစ်ရေးလှုပ်ရှားနေသဖြင့် ဒေသခံများစိုးရိမ်နေ

ယခုလ ၁၄ ရက်က ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များကြောင့် တိမ်းရှောင်ရသည့် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ပြည်သူများ  /  ဒီပဲယင်း စစ်ရှောင် ထောက်ပံ့ရေး

ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate