လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာစစ်တပ်က ထောက်ပံ့ထားသည့် ခါးပိုက်ဆောင်တပ်များ ထိန်းချုပ်ထားသော တရုတ်-မြန်မာ နယ်စပ်တလျှောက် မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြေရှားသတ္တု တရားမဝင် တူးဖော်မှုများ လွန်စွာ များပြားလာသည်။
ဧရာဝတီသတင်းဌာနနှင့် အခြားလူမှုကွန်ရက် ပလက်ဖောင်းများစွာမှ သတင်းများအရ ထိုသို့သော တရားမဝင် သတ္တုတူးဖော်မှုများသည် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှ ပန်ဝါတွင် အနည်းဆုံး ၅ ဆ တိုးလာပြီး တရုတ်အလုပ်သမားများလည်း အလျင်အမြန် အလုံးအရင်းနှင့် ဝင်ရောက်လာကြောင်း သိရသည်။
တရုတ်သို့ တင်ပို့ရေးအတွက် မြေရှားသတ္တု တရားမဝင် တူးဖော်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို မည်သည့် ကိစ္စနှင့်မျှ နှိုင်းယှဉ်မရအောင် ပျက်စီးစေသည်။ ထူးခြားသည်မှာ မြန်မာသည် တရုတ်မြေရှားသတ္တု ထုတ်လုပ်မှု၏ ထက်ဝက်မက ထုတ်ပေးနေသည့် အဓိက တင်ပို့သည့် နိုင်ငံဖြစ်နေခြင်းဖြစ်သည်။ တရုတ်က အကျိုးအမြတ်များကို ခံစားပြီး ထိုကဲ့သို့သော သတ္တုတူးဖော်မှု၏ ရေရှည်အကျိုးဆက်များကို မြန်မာက ခံစားရမည်မှာ သေချာပေါက်ပင်ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) က တရုတ်တွင် တရားမဝင် သတ္တုတူးဖော်မှုများကို ဖြိုခွဲသောအခါ တရုတ် သတ္တုတူးဖော်ရေး ကုမ္ပဏီများသည် ပန်ဝါသို့ ဝင်ရောက်လာပြီး မြေရှားသတ္တုများကို ရှာဖွေကြသည်။
ထို့ကြောင့် တရုတ်သည် သိပ်သည်းဆ အလယ်အလတ်နှင့် မြင့်မားသော မြေရှားသတ္တုများအတွက် မြန်မာကို အကြီးအကျယ် မှီခိုလာရသည်။ ၂၀၁၈ ခုနှစ်သို့ ရောက်သောအခါ မြန်မာသည် တရုတ်သို့ တွင်းထွက်သတ္တု အများဆုံးတင်ပို့သော နိုင်ငံဖြစ်လာသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် တရုတ်ကွန်မြူနစ်ပါတီ သတင်းစာ ဂလိုဘယ်တိုင်းမ်က မြန်မာမှ မြေရှားသတ္တုတင်သွင်းမှုသည် ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်း တိုးလာပြီး ၃၅,၅၀၀ တန်ရှိကာ တင်ပို့ကုန်အားလုံး၏ ၇၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြသည်။
သိပ်သည်းဆ မြင့်မားသော မြေရှားသတ္တုများကို သန့်စင်ပြုပြင်ရန် တရုတ်သို့ တင်ပို့ပြီးနောက် ကမ္ဘာတဝှမ်းသို့ ရောင်းချကြသည်။
စမတ်ဖုန်းများ၊ လျှပ်စစ်ကားများနှင့် အခြားအဆင့်မြင့်နည်းပညာ ပစ္စည်းများတွင် အသုံးပြုသော မြေရှားသတ္တုများ တရုတ်သို့တင်ပို့မှုသည် ပုံမှန်တိုးတက်လာနေပြီး မြန်မာသည် ၂၀၁၇ ခုနှစ်၊ မေလမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒေါ်လာ ၁ ဘီလီယံတန်သော မြေရှားသတ္တု ၁၄၀,၀၀၀ တန်ကို တင်ပို့ခဲ့ကြောင်း တရုတ်နိုင်ငံ၏ တရားဝင် ထုတ်ပြန်ချက်တခုအရ သိရသည်။
၂၀၂၀ ပြည့်နှစ်က တကမ္ဘာလုံးတွင် မြေရှားသတ္တု တန်ချိန် ၂၄၀,၀၀၀ ထုတ်လုပ်ခဲ့သည့်အနက် တရုတ်က တန်ချိန် ၁၄၀,၀၀၀ တန်၊ အမေရိကန်ပြည်ထောင်စုက ၃၈,၀၀၀ တန်နှင့် မြန်မာက ၃၀,၀၀၀ တန် ထုတ်လုပ်ကြောင်း အမေရိကန်ပြည်ထောင်စု ဘူမိတိုင်းတာရေးဌာနက ခန့်မှန်းသည်။ တရုတ်သည် ကမ္ဘာတွင် မြေရှားသတ္တု အများဆုံး ထုတ်လုပ်နေသော်လည်း လုပ်အားခ သက်သာခြင်းကို အမြတ်ထုတ်ကာ မြန်မာမှ သတ္တုရိုင်းများကို ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
မြေရှားသတ္တုတွင်း ၁၀ ခုခန့်ကို တရုတ်-မြန်မာနယ်စပ်အနီး ဇမ်နောတွင် ဖွင့်ထားသည်ဟု ကချင်ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကွန်ရက်၏ အဆိုအရ သိရသည်။ ဇမ်နောဒေသသည် မြန်မာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တခုဖြစ်သော ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) က ထိန်းချုပ်ထားသော ဒေသဖြစ်သည်။
ချီဖွေမြို့နယ်မှ ပန်ဝါတွင် မြေရှားသတ္တုတွင်း ၁၀၀ ကျော်ရှိပြီး အားလုံးကို NDA-K နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ထိန်းချုပ်ထားသည်ဟု ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ခန့်မှန်းသည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် အချို့ တရုတ်ကုမ္ပဏီများသည် မြန်မာမှ မြေရှားသတ္တုများတင်ပို့ရာတွင် မြင့်မားသော သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ရင်ဆိုင်နေရကြောင်း တရုတ် မီဒီယာများက ဖော်ပြကြသည်။
သို့သော် လွန်ခဲ့သော ၂ နှစ်အတွင်း တရုတ်ဝယ်လက်များ၏ တင်သွင်းမှုသည် ထူးထူးခြားခြား ကျဆင်းသွားခြင်း မရှိကြောင်း အခြားသတင်းများတွင် ဖော်ပြထားသည်။
ဥပမာအားဖြင့်ဆိုပါက ဆေးဝါးကုမ္ပဏီတခုဖြစ်သော မျိုးကိုကို ကုမ္ပဏီကို ကချင်ပြည်နယ်တွင် မြေရှားသတ္တု တူးဖော်ရန် လိုင်စင်ချထားပေးသည်။ လိုင်စင်ချထားပေးသောမြေမှာ ချီဖွေမြို့နယ်မှ မြေဧက ၂၈၁ ဧကတွင် ဖြစ်ပြီး ဘောလုံးကွင်း ၁၅၉ ကွင်းနှင့် ညီမျှသည်။
စစ်ဆေးမှု အများအပြားအရ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်အလုပ်သမားများနှင့် တူးဖော်နေသော တရားမဝင် သတ္တုတွင်း အများအပြားကို တွေ့ရကြောင်း ကချင်ပြည်နယ် သတ္တုတူးဖော်ရေးဌာနက ဖော်ပြခဲ့သည်။
လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်နေသောကြောင့် ထိုလုပ်ငန်းများကို ထိန်းချုပ်ရန် ခက်ခဲကြောင်းလည်း ထိုဌာနက ဖော်ပြသည်။ ထိုသတ္တုတွင်းများသည် မြစ်ချောင်းများနှင့် မြေအောက်ရေများကို ညစ်ညမ်းစေပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း ကချင်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် လုပ်ငန်းအဖွဲ့မှ ဘရန်အောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
မြေရှားသတ္တု တူးဖော်သော လုပ်ငန်းများမှ မြေနှင့်ရေ ညစ်ညမ်းမှုများကြောင့် ယခုအခါ ထိုဒေသမှ ကျေးရွာသား ဒါဇင်ပေါင်းများစွာသည် ဆိုးကျိုးများကို ခံစားနေရပြီဖြစ်သည်။
နိုင်ငံတကာ မြေရှားသတ္တု ဝယ်လိုအား မြင့်မားလာခြင်းသည် မြန်မာမှ တရားမဝင် သတ္တုတူးဖော်ခြင်းနှင့် ဆက်စပ်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံများသည် လျှပ်စစ်ကားနှင့် လေအားတာဘိုင်ကဲ့သို့သော နည်းပညာများကို ပိုမိုအသုံးပြုလာသောကြောင့် ဝယ်လိုအား ဆက်လက် မြင့်မားနေကြောင်း Justice for Myanmar လူ့အခွင့်အရေးအဖွဲ့မှ ဒေါ်ရတနာမောင်က ၂၀၂၂ ခုနှစ်၊ မတ်လတွင် လွတ်လပ်သော အာရှအသံ (RFA) သို့ ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်၊ မေလမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာမှ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း ပမာဏသည် တန်ချိန် ၂၈၄ သန်းရှိပြီး ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း တန်ချိန် ၁၄ သန်းကျော် ရှိသည်။ အော့ဆဲလစ် အက်စစ်နှင့် အမိုနီးယမ်း ဘိုင်ကာဗွန်နိတ် အပါအဝင် အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်း ၅ မျိုးကို မြေရှားသတ္တုများ တူးဖော်ရာတွင် အသုံးပြုကြောင်း သတ္တုတူးဖော်သော လုပ်ငန်းလုပ်ကိုင်သည့် အလုပ်သမားတဦးက RFA သို့ ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင် ခွင့်ပြုချက်မဲ့၊ စည်းကမ်းမဲ့ သတ္တုတူးဖော်သောကြောင့် ပြင်းထန်သော သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေပြီးဖြစ်သည်။
တရုတ် သတ္တုတွင်းပိုင်ရှင် အများအပြားသည် ဒေသခံမြေပိုင်ရှင်များ၊ စီးပွားရေးသမားများနှင့်အတူ လုပ်ကိုင်ကြသည်။ ၎င်းတို့သည် မြေရှားသတ္တုတူးဖော်သော ကုမ္ပဏီများနှင့် ပတ်သက်နေပြီး တရုတ်သို့ တင်ပို့သောကြောင့် အမြတ်အစွန်းများ ရနေသော သတင်းရင်းမြစ် အများအပြားက ပြောသည်။
လက်တွေ့တွင် မြန်မာ မြေရှားသတ္တုတူးဖော်သော လုပ်ငန်းသည် တကမ္ဘာလုံးမှ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်ငန်းတွင် ထိုသတ္တုဝယ်လိုအား မြင့်မားနေသောကြောင့် ရပ်တည်နိုင်ခြင်း ဖြစ်သည်။
လတ်တလောတွင် သတ္တုတွင်းပိုင်ရှင်များနှင့် ၎င်းတို့၏ အပေါင်းအပါများသည် လုံးဝအဟန့်အတားမရှိ လုပ်ကိုင်နေကြသည်။ အစိုးရများအနေဖြင့် ပဋိပက္ခဒေသမှ တွင်းထွက်များ ရောင်းချခြင်းနှင့် တင်သွင်းခြင်းကို ပိတ်ပင်ရေးအတွက် အမြန်ဆုံး လုပ်ဆောင်ကြရန် Justice for Myanmar မှ ဒေါ်ရတနာမောင်က ပြောသည်။
မြန်မာမှ ထိုသို့သော လုပ်ငန်းများ၏ ရေရှည်အကျိုးဆက်မှာ ဆိုးရွားမည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးမှု ရပ်တန့်ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေသော်လည်း ဒေသခံကျေးရွာသားများထံမှ မည်သည့် အသံကိုမျှ မကြားရသကဲ့သို့ ဖြစ်နေသည်။
ပေးလိုသော သတင်းစကားမှာ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများသည် မြေရှားသတ္တု တူးဖော်ရေးတွင် ပါဝင်ပတ်သက်နေသည် ဆိုသည့်အချက်ဖြစ်သည်။ ကြီးထွားနေသော ပြဿနာနှင့်ပတ်သက်သော ရှုမြင်သုံးသပ်ပုံ ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။
(ရန်နိုင်သည် မြန်မာနှင့် တရုတ်ရေးရာများဆိုင်ရာ နိုင်ငံရေးသုတေသီတဦး၏ ကလောင်အမည် ဖြစ်သည်။)
You may also like these stories:
ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ
နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ
ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး