ဆောင်းပါး

ဆွေးတသသဖြစ်စေသူ မေလှမြိုင်

“နှစ်လရာသီ ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ … ယနေ့ဖြင့် သတိတရားထားဖို့အခြေ (အများပြည်သူတွေ)၂ … အာဇာနည်နေ့ကိုလေ … တွေးရှုကာပဲ အလေးပြုပါမယ်လေ … စနစ်အခြေ ပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ … လွမ်းမျက်ရည်မြေခပြီမို့ … ဆွေးတသသ တွေးဆမရွှင်ပေ….ရွှေရင်ဆူကဲ ကြေကွဲဝမ်းနည်းကြပုံတွေ … ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါပေ … (အာဇာနည် ခေါင်းဆောင်ကြီးတွေ)၂ … ကောင်းရာသုဂတိ ရောက်ရှိကြပြီလေ … တေးကဗျာအနုစာခွေ … ရေးကာတွေးရှု အလေးပြုပါတယ်လေ”။

ကျနော်တို့ငယ်ငယ် ၁၉၇ဝ ပြည့်နှစ်ဝန်းကျင်က ၁၉ ဇူလိုင် အာဇာနည်နေ့ဆို မြန်မာ့အသံရေဒီယိုက ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် ဥသြဆွဲပြီးတာနဲ့ ဒီသီချင်းသံတန်းကြားရတယ်။ အဲ့ဒီအချိန်ဆို မိုးကလည်း တဖွဲဖွဲရွာနေတော့ ဘယ်ဆီဘယ် လွမ်းတယ်မသိ။ ပြောင်းဆန်အောင်ဆော့နေကျ ကျနော်တို့ ကလေးတသိုက် အသံမကြားရဘဲ ရပ်ကွက်လမ်းကလေးကလည်း တိတ်ဆိတ်လို့။ ဘဝမှာ သီချင်းနားထောင်ပြီး လွမ်းတတ်အောင် သင်ပေးခဲ့တဲ့ သီချင်းတပုဒ်ပါပဲ။

မေလှမြိုင်ရဲ့ ‘အလေးပြုပါတယ်’ သီချင်းသံကို မြန်မာ့အသံ ရေဒီယိုက နှစ်ပေါင်းများစွာနားဆင်ခဲ့ရတယ်။ နားဆင်ရတိုင်းလည်း သီချင်းစာသားထဲပါသလို ဆွေးတသသ ကြေကွဲဝမ်းနည်းရတယ်။ ဗမာ့ကြွေးကျော်သံလို သီချင်းမျိုးဆိုပြီး လူတွေရဲ့စိတ်ကို တက်ကြွစေခဲ့သလို ‘အလေးပြုပါတယ်’ သီချင်းဆိုပြီး လူတွေကို ဆွေးတသသဖြစ်စေနိုင်သူ မေလှမြိုင်။ အဆိုတော်ကြီး မေလှမြိုင်။

“ပြည်ထောင်စုကို … မြိုင်တို့ရဲ့ ပြည်ထောင်စုကို … အသက်ပေးလို့ဖြင့် ကာကွယ်မယ့်သူတွေ … ဘိုးဘွားအမွေအနှစ်မို့ … ချစ်မြတ်နိုးသတဲ့လေ … ဒါတို့ပြေ ဒါတို့မြေ … ကြွေးကြော်သံကြီး … မြည်ဟည်းခိုင်မာပေ၊ မေးပါရစေတော့ မောင်တွေမယ်တွေ … ဘယ်ပုံဘယ်နည်း ကာကွယ်ကြမှာတုန်းလေ”။

လူပုံပန်းက ပိန်ပိန်ပါးပါးပေမယ့် အသံအားကတော့ ကောင်းလှတယ်။ စည်းစည်းလုံးလုံး မာန်ပါပါ ဌာန်ကုန်အောင် ဆိုတတ်သူ၊ ခပ်ငေါက်ငေါက်ဆိုပေါက် ယောကျ်ားဟန် တခါတရံ ဆိုတတ်သူလည်း ဖြစ်တယ်။

‘မြန်မာသံပီပီ ချိုကြည်မာန်ပိုင် မေလှမြိုင်’ လို့ ဂီတလောကမှာ ပြောစမှတ်ပြုရတဲ့ အဆိုတော်ကြီး မေလှမြိုင်ရဲ့ ဗမာ့ကြွေးကြော်သံဆိုတဲ့ ဒီသီချင်းဟာ လွတ်လပ်ရေးနေ့ဆို မြန်မာ့အသံရေဒီယိုက မလွှင့်မဖြစ် လွှင့်ကိုလွှင့်ရတဲ့ သီချင်းတပုဒ်ပေါ့။ လူပုံပန်းက ပိန်ပိန်ပါးပါးပေမယ့် အသံအားကတော့ ကောင်းလှတယ်။ စည်းစည်းလုံးလုံး မာန်ပါပါ ဌာန်ကုန်အောင် ဆိုတတ်သူ၊ ခပ်ငေါက်ငေါက်ဆိုပေါက် ယောကျ်ားဟန် တခါတရံ ဆိုတတ်သူလည်း ဖြစ်တယ်။

မေလှမြိုင်ဟာ ရုပ်ရှင်နဲ့ ပြဇာတ်လောကမှာ စစ်ပြီးခေတ် ကျင်လည်ခဲ့ပြီးမှ ဂီတလောကထဲ ရောက်ခဲ့သူပါ။ ၁၉၂၂ ခုနှစ်ဖွား မေလှမြိုင်ဟာ အမည်ရင်းက မလှမြိုင်ဖြစ်ပြီး အေဝမ်းရုပ်ရှင်ရောက်တော့ မေလှမြိုင် ဖြစ်ခဲ့တယ်။

မေလှမြိုင်

အေဝမ်း ရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတချို့မှာ ဇာတ်ရံမင်းသမီးအဖြစ် မထင်မရှား စတင်ပါဝင်ခဲ့တာက ၁၉၄၀ ပြည့်နှစ်။ ရန်နိုင်စိန် တင်ဆက်ခဲ့တဲ့ပြဇာတ်တခုမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ပြီး စတင်လူသိများလာပါတယ်။ ဒို့အိမ်ကြီး၊ ယမမေမယ်၊ အနန္တသူရိယ၊ ဝေသာလီ စတဲ့ ပြဇာတ်တွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဖူးခဲ့ပါတယ်။ မေလှမြိုင်ရယ်လို့ လူသိများ ထင်ရှားခဲ့တာကတော့ ရန်နိုင်ဆွေရေးတဲ့ “ချစ်မိုးနှောင်း” သီချင်း သီဆိုခဲ့ရာက အစပြုပါတယ်။

ထူးတာကတော့ မေလှမြိုင်ဟာ အခုခေတ်အခေါ် ပေါ်လစီသီချင်း၊ အရင်ခေတ်အခေါ် တိုင်းကျိုးပြည်ပြု သီချင်းတွေဆိုပြီး အောင်မြင်တဲ့ အဆိုတော်တဦး ဖြစ်နေတာပါပဲ။

‘ဆောင်းအမီ’ သီချင်းလို ထပ်ပြန်တလဲလဲ ပြန်ဆိုကြရတဲ့ သီချင်းမျိုး သီဆိုခဲ့ဖူးသလို ‘မေတ္တာအင်ကြင်းရဂုံ’ သီချင်းကဲ့သို့ အေးဆေးတိတ်ဆိတ်တဲ့ သီချင်းတွေလည်း မေလှမြိုင် ဆိုခဲ့တယ်။ ထူးတာကတော့ မေလှမြိုင်ဟာ အခုခေတ်အခေါ် ပေါ်လစီသီချင်း၊ အရင်ခေတ်အခေါ် တိုင်းကျိုးပြည်ပြု သီချင်းတွေဆိုပြီး အောင်မြင်တဲ့ အဆိုတော်တဦး ဖြစ်နေတာပါပဲ။

ကြုံကြိုက်တုန်း ပေါ်လစီသီချင်း ဘယ်ကစဆိုတာ ပြောပြချင်သေးတယ်။

၁၉၅၃ ခုနှစ်မှာ အဲဒီတုန်းကအစိုးရက ပြည်တော်သာ စီမံကိန်းဆိုတာ စီမံကိန်းတရပ် အသစ်ဖော်ဆောင်တော့ အသံလွှင့်တီးဝိုင်းတွေက ပြည်တော်သာသီချင်းတွေ ရေးစပ်သီဆိုပြီး ပြည်သူထံ ချပြခဲ့ကြတယ်။ ပြည်တော်သာ (မောင်ကိုကို)၊ ပြည်တော်သာသို့ ရည်မျှော်ပါစို့ (ခင်စန်းကြည်) စသဖြင့်သီချင်းတွေ ထွက်ပေါ်ခဲ့တယ်။ အဲဒီမတိုင်မီက နိုင်ငံတော်အတွက်၊ အမျိုးသားရေးအတွက် စပ်ဆိုခဲ့တဲ့ သီချင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် အစိုးရတရပ်အတွက် ရေးစပ်ပေးခဲ့တာကတော့ ပြည်တော်သာက အစပြုခဲ့တာကြောင့် ပေါ်လစီသီချင်းအစ ပြည်တော်သာက ဖြစ်တယ်။

၁၉၅၄ ခုနှစ်မှာ အစိုးရက ပြည်တွင်း တောခိုသူများကို အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်တော့ မေလှမြိုင်ရဲ့ “အို မောင်လေး” သီချင်း၊ တင်တင်မြရဲ့ “မောင်ကြီးရယ် လာပါတော့” စတဲ့သီချင်းတွေ အောင်မြင်ထင်ရှားခဲ့တယ်။

မေလှမြိုင်

“အို မောင်လေး မောင်လေး ရှောင်မပြေးပါနဲ့ မောင်လေးငယ် … ယောရောင်နောက်လိုက် … အမြှောက်ကြိုက်ကလေးရယ် … မိုက်သွေးဆူလွယ် … လူမမယ် မောင်လေးရဲ့ … နောင်ရေးဝယ်၊ အစစ မြင်သေးလို့ မမ ရင်လေးလှပါတယ်”

၁၉၅၈-၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာန၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနက အဆိုတော် မေလှမြိုင်ကို ခေါ်ယူပြီး မြန်မာ့အသံမှာ အလုပ်ခန့်ခဲ့တယ်။ ဒီတုန်းက အခေါ်အဝေါ်က ဒုတိယ မြန်မာပိုင်းဌာန။ ၁၉၆ဝ ပြည့်နှစ်မှာ ပြည်လမ်း မြန်မာ့အသံဖွင့်ပြီးတဲ့နောက် ပထမမြန်မာပိုင်းနဲ့ ဒုတိယမြန်မာပိုင်းတို့ကို ပေါင်းပြီး မြန်မာပိုင်းအစီအစဉ်ဌာန ဖြစ်ခဲ့တယ်။ မြန်မာ့အသံရောက် မေလှမြိုင်ရဲ့ ဘဝတစိတ်တပိုင်းက ဓာတ်ပြားခေတ်မှာ အောင်မြင်ထင်ရှားခဲ့တဲ့ အဆိုတော် မေလှမြိုင်ခေတ်ကို မမီဘူး။

စန္တယား လှထွတ်ရဲ့ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်ထဲမှာ ခုလို ရေးထားတယ်။

“စစ်ပြီးကာလ ဓာတ်ပြားခေတ်သည် ကိုမြကြီး၊ မေလှမြိုင်၊ ခင်ခင်ညွန့်၊ မေသစ်တို့၏ခေတ် ဖြစ်လာသည်။ ရွှေပြည်အေး၊ တက္ကသိုလ်စိုး၊ ရန်နိုင်ဆွေ၊ ရန်နိုင်စိန်၊ စိန်ဝေလျှံ၊ သောတမောင်တို့၏ သီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာ၏”။

လွတ်လပ်ရေးပဒေသာ ဓာတ်ပြားကုမ္ပဏီကနေ ရန်နိုင်ဆွေ ရေးစပ်ပြီး မေလှမြိုင်သီဆိုခဲ့တဲ့ ရွဲ့လိုက်တာလား စန္ဒာရယ်၊ စိမ်းလဲ့ကန်သာ၊ တိမ်ညိုနဲ့ လခြမ်း၊ နွေဦးတေးသံ၊ ဗမာ့ကြွေးကျော်သံ၊ ဆောင်းအမီ၊ ကိုမြကြီးနဲ့ စုံတွဲသီဆိုခဲ့တဲ့ ကန်သင်းဆယ်မှာလား စတဲ့သီချင်းတွေဟာ မေလှမြိုင်ရွှေခေတ်မှာ သီဆိုခဲ့တဲ့ သီချင်းတွေ ဖြစ်တယ်။ ၁၉၆၀ ပြည့်နှစ် ကာလတဝိုက်ဆီက ရောင်းတန်းဓာတ်ပြား ရွှေခေတ်တိုင်အောင်ပဲ မေလှမြိုင်ရဲ့ ဓာတ်ပြားသီချင်းတွေဟာ အောင်မြင်ထင်ရှားခဲ့ပါတယ်။

ကိုမြကြီး၊ မေသစ်တို့နဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ မေလှမြိုင်ဟာ ၁၉၆၀ ပြည့်နှစ်တဝိုက် ရောင်းတန်း ဓာတ်ပြားခေတ် မာမာအေး၊ တင်တင်မြ၊ ထား၊ ချစ်စပယ်၊ အေဝမ်းတင်တင်လှတို့ ခေတ်တိုင် ဆက်လက် အောင်မြင်ထင်ရှားခဲ့တဲ့ တေးသံရှင်တဦးဖြစ်တယ်။

ကိုမြကြီး၊ မေသစ်တို့နဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ မေလှမြိုင်ဟာ ၁၉၆၀ ပြည့်နှစ်တဝိုက် ရောင်းတန်း ဓာတ်ပြားခေတ် မာမာအေး၊ တင်တင်မြ၊ ထား၊ ချစ်စပယ်၊ အေဝမ်းတင်တင်လှတို့ ခေတ်တိုင် ဆက်လက် အောင်မြင်ထင်ရှားခဲ့တဲ့ တေးသံရှင်တဦးဖြစ်တယ်။

တေးသံရှင်တဦး အဖြစ်ကနေ မြန်မာ့အသံရောက်တော့ တင်တင်မြ၊ မာမာအေး၊ ချစ်စပယ်တို့နဲ့အတူ အနောင်စာ (သတင်းကြေညာသူ) လုပ်ရတယ်။ အသက် သိပ်မကြီးသေးပေမယ့် ဘီးကျော်ပတ်ဆံထုံးနဲ့၊ ဆေးပေါ့လိပ်နဲ့၊ သနပ်ခါးအဖွေးသားနဲ့ မျက်နှာမော့မော့ နေတတ်တဲ့ မေလှမြိုင်ကို မာမာအေးတို့တခန်းလုံးက အမေမြိုင်လို့ ခေါ်ကြတယ်။

မေလှမြိုင် နာရေး ကြော်ငြာစာ

မေလှမြိုင် မိုးကောင်းနေတော့ “အနုပညာသည် တယောက်ရဲ့အမြင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ်ပိုင်ဇာတ်လမ်းသဖွယ် ပြောရင်း ကိုယ့်သီချင်းလေးတွေကို လိုရာမှာ ထည့်ဆိုပြရတဲ့ အစီအစဉ်မျိုး ပြုလုပ်ခွင့်ရခဲ့တယ်။ အဲဒီဇာတ်လမ်းရဲ့ နိဒါန်းကဗျာကို ဆရာဇော်ဂျီက ရေးပေးခဲ့တယ်။

“မျှော်ရက်ကယ်ကြာ
ရော်ရွက်ဝါမြေမှာ ခပါတဲ့
သာလှတပေါင်း။

နွေစလို့ဆိုင်
မေလှမြိုင် ဘဝင်လင်းအောင်လို့
အမြင်ကို နားတော်သွင်းလိုက်တယ်
ရှင်းသိစေကြောင်း”

မေလှမြိုင်ဟာ မြန်မာ့အသံရေဒီယိုမှာ အလုပ်လုပ်နေတုန်း ၁၉၇၃ ခုနှစ်၊ သူ့အသက် (၅၁) နှစ် အရွယ်ကောင်းတုန်းမှာပဲ ကွယ်လွန်ခဲ့တယ်။ သူဆုံးတဲ့နေ့က သူအသံလွှင့်နေချိန်မှာ မွန်းတည့် ၁၂ နာရီ စံတော်ချိန်တီးရမှာ မတီးဖြစ်ဘဲ အမျိုးသမီး မဂ္ဂဇင်းအစီအစဉ် အသံလွှင့်ခဲ့တယ်။ ဒါကြောင့် ဌာနအကြီးအကဲက မေလှမြိုင်ကို နောက်ဆုံးအကြိမ် သတိပေးခဲ့တယ်။

အဲဒီတုန်းက ရေဒီယိုက မွန်းတည့် ၁၂ နာရီစံတော်ချိန်နဲ့ နာရီတိုက်တဲ့ခေတ် မဟုတ်လား။ အကြီးအကဲက ဘယ်လိုတွေတောင် ဆူပူကြိမ်းမောင်းလိုက်တယ် မပြောတတ်ဘူး။ အဲဒီညမှာပဲ မေလှမြိုင် ရုတ်တရက် ကွယ်လွန်ခဲ့တယ်။

အဲဒီတုန်းက ရေဒီယိုက မွန်းတည့် ၁၂ နာရီစံတော်ချိန်နဲ့ နာရီတိုက်တဲ့ခေတ် မဟုတ်လား။ အကြီးအကဲက ဘယ်လိုတွေတောင် ဆူပူကြိမ်းမောင်းလိုက်တယ် မပြောတတ်ဘူး။ အဲဒီညမှာပဲ မေလှမြိုင် ရုတ်တရက် ကွယ်လွန်ခဲ့တယ်။

အွန်လိုင်းအဘိဓာန်မှာ မေလှမြိုင်အကြောင်း ရှာကြည့်တော့ သူဆိုထားတဲ့ ‘မြိုင်’ သီချင်းပဲ ဖော်ပြထားပြီး သီဆိုသူအကြောင်းတော့ ဒါလောက်လေးပဲ ဖော်ပြထားတာ တွေ့ရတယ်။

“မေလှမြိုင်ကတော့ စစ်ပြီးခေတ် မြန်မာ့အသံမှာ ထိပ်ထိပ်ကြဲ ပညာရှင်ကြီးပါပဲ။ သူ့အသံက ပီလည်းပီ၊ မြည်လည်းမြည်၊ ကြည်လည်းကြည်တဲ့ ပါရမီရှင်ကြီးပါ။ သီချင်းစာသားကို တလုံးချင်း ရှင်းရှင်းလင်းလင်း၊ ဌာန်ကရိုဏ်းကျကျ ဆိုထားပါတယ်။ စာဘောင်ပဲ့အောင် ဆိုတယ်လို့ ခေါ်ပါတယ်”။

“မြိုင် … မြိုင် … မြိုင် … ကျမ၊ စတိုင် … စတိုင် … စတိုင် … ကျကျနန၊ ဂဃနဏ စုံစုံလင်လင် ခုံခုံမင်မင်၊ ရဂုံတွင် မြိုင်တွေက ပေါလှချည်ရဲ့ …။ မြိုင်တွေစုံအောင်လေ ကျမ ဂုဏ်တင်လို့လည်း မကြွားတတ်ပါဘူး …။ သနားစရာ မမြိုင် …၊ ချစ်စရာ မမြိုင်၊ အဆုံးအပိုင်ရနိုင် … မမုန်းနိုင် မမြိုင်၊ ကာလတီးလုံး ပိုင်ပိုင်နိုင်နိုင်၊ နန်းတော်ရှေ့ ဆရာတင် ထွင်တဲ့ မြိုင် …”။

ကိုးကား –
၁။ မြန်မာ့ဂီတရေစီးကြောင်း (စန္တယား လှထွတ်)
၂။ ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (မာမာအေး)
၃။ လွမ်းတော်မူဖို့ စာကိုစီတယ် (မောင်မိုးသူ)
၄။ သူတို့နှင့်ကျနော် (မြတ်လေး)

You may also like these stories:

ကွယ်လွန် အနုပညာရှင်များအား ဘွဲ့တံဆိပ်ပေးမှု နောက်ကွယ်မှာဘာရှိမလဲ

ကော်ပီသီချင်းသက် နှစ် ၉ဝ နှင့် ကော်ပီသီချင်းအစ ‘ရွှေနှင်းဆီ’ က

လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

ဂရိတ်ဖိုးစိန်၏ မျိုးဆက် ဇာတ်မင်းသားကြီး ညီဝင်းစိန် ကွယ်လွန်

Loading