စစ်အုပ်ချုပ်ရေးအောက် ဒုတိယနှစ်တွင် မြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံရသော လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖေါ်ကိုင်ဖက်များအတွက် ဝမ်းနည်းပူဆွေးကြရသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သာမက စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေပါ အာဇာနည်နေ့ အခမ်းအနား ၂ နှစ်ဆက်တိုက် တက်ရောက်ခြင်းမရှိဘဲ ထိုလုပ်ရပ်သည် အာဇာနည်နေ့ကို အလေးမထားသည့် လုပ်ရပ်အဖြစ် အများပြည်သူကမြင်သည်။ သဘောတရားအရဆိုပါက မင်းအောင်လှိုင်သည် စစ်ခေါင်းဆောင်အနေဖြင့် ခေတ်သစ် တပ်မတော်ကို တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သင့်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ် နက်ရှိုင်းသောအမုန်းနှင့် မနာလိုမှုကြောင့် အာဇာနည်များကို လူကိုယ်တိုင်ဂါရဝမပြုနိုင်ခြင်းဟု လူအများက ယုံကြည်ကြသည်။
မင်းအောင်လှိုင်သည် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ဗိုလ်ရှုခံသဘင် ကျင်းပရန် ပြည်သူ့ဘဏ္ဍာငွေ သန်းပေါင်းများစွာ အသုံးပြုသည်။ သူသည် ဇန်နဝါရီလ ၄ ရက်နေ့တွင် သူ၏လက်ထောက် စိုးဝင်းကိုလည်း ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ခမ်းနားစွာ ကျင်းပစေခဲ့သည်။
မင်းအောင်လှိုင်သည် စိန်ရတုများကို စွဲလန်းနေသောကြောင့် အာဇာနည်နေ့ စိန်ရတုအခမ်းအနားသို့ သူကိုယ်တိုင်တက်မည်လား သူ့ကိုယ်စား စိုးဝင်းကို လွှတ်မည်လားဟု အများကမေးခွန်းထုတ်ခဲ့ကြသည်။
ယနေ့ ဇူလိုင် ၁၉ အာဇာနည်ကုန်းတွင် စိုးဝင်းလာရောက်ပြီး ပန်းခွေချအလေးပြုသွားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေး ရုပ်မြင်သံကြားလိုင်းများက ထုတ်လွှင့်ခဲ့ကြသည်။
အာဇာနည်နေ့သမိုင်း
ဖြုတ်ချခံလိုက်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်ကိုက ဥက္ကဌအဖြစ် ဆောင်ရွက်သည်။
လွန်ခဲ့သောတနှစ်က အထွေထွေရွေးကောက်ပွဲအနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် NLD က အာဇာနည်နေ့ အခမ်းအနားကျင်းပသောအခါ မင်းအောင်လှိုင်တက်ရောက်ပြီး ၁၉၈၈ ခုနှစ် ကျောင်းသားများဦးဆောင်သည့် ဒီမိုကရေစီအရေးတော်ပုံအပြီး အာဇာနည်နေ့အခမ်းအနားတက်ရောက်သော ပထမဆုံး စစ်ခေါင်းဆောင် ဖြစ်လာသည်။
အာဇာနည်ကုန်းတွင် ကျင်းပသည့် အခမ်းအနားတက်ရောက်သည့်အပြင် မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဗဟန်းမှ နေအိမ်သို့သွားရောက်ပြီး အာဇာနည်နေ့ ဆွမ်းကပ်သည့် အခမ်းအနားကိုလည်း တက်ရောက်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် ကျင်းပသည့် အခမ်းအနားတခုကို တက်ရောက်သည့် ပထမဆုံး စစ်ခေါင်းဆောင်လည်းဖြစ်လာသည်။
နောက်နှစ်များတွင်လည်း အာဏာမသိမ်းမီ တနှစ်အလို ၂၀၂၀ ခုနှစ်ထိ မင်းအောင်လှိုင်သည် အာဇာနည်နေ့ အခမ်းအနားများကို တက်ရောက်ပြီး သမ္မတဦးဝင်းမြင့်နှင့်အတူ အာဇာနည်များကို အလေးပြုသည်။
သို့သော်လွန်ခဲ့သောနှစ်ကမူ မင်းအောင်လှိုင်သာမက သူ၏ခေတ္တသမ္မတ မြင့်ဆွေပါ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပသည့် ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ခြင်းမရှိပေ။ ထိုအာဏာသိမ်းမှုတွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးလိုက်သည်။ လွန်ခဲ့သောနှစ်ကမူ မင်းအောင်လှိုင်သည် သူ၏ယဉ်ကျေးမှုဝန်ကြီး လေတပ်ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုကို အာဇာနည်နေ့ အခမ်းအနားကျင်းပစေသည်။
ထိုသို့လုပ်ခြင်းမှာ မင်းအောင်လှိုင်သည် သူ၏ ယခင်အာဏာရှင် သန်းရွှေ၏ ခြေရာကိုနင်းခြင်းဖြစ်သည်။ ထိုအာဏာရှင်ဟောင်းက ဗိုလ်ချုပ်အောင်ဆန်းကို “ဟိုလူ”ဟု ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ထောက်ခံသောကြောင့် မုန်းတီးသူဖြစ်သည်။ သူ၏ ၁၉ နှစ်ကြာ အုပ်ချုပ်ရေးအတွင်း အာဇာနည်နေ့ အခမ်းအနားကို လုံးဝတက်ရောက်ခြင်းမရှိဘဲ အခမ်းအနားများကိုလည်း တိတ်တဆိတ်သာ ကျင်းပသည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိကျင်းပသည့် အာဇာနည်နေ့အ ခမ်းအနားများကိုလည်း ထပ်မံအဆင့် လျှော့ချပြီး ယဉ်ကျေးမှုဝန်ကြီးအစား ရန်ကုန် မြို့တော်ဝန်ကိုသာ အာဇာနည်နေ့အခမ်းအနားကျင်းပစေသည်။
အာဇာနည်နေ့အခမ်းအနားကို ဦးသိန်းစိန်၏ အရပ်သားအစိုးရတက်သည့် ၂၀၁၂ ခုနှစ်အထိ ထိုအတိုင်းသာ ကျင်းပသည်။ နောင်နှစ်များတွင် အာဇာနည်နေ့အခမ်းအနားကို ဒု သမ္မတ စိုင်းမောက်ခမ်း တက်ရောက်သည်။
မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံမှုနှင့် ကိုယ်ရည်ကိုယ်သွေးကို မနာလိုဘဲ ထောင်ပင်ချထားသောကြောင့် အာဇာနည်နေ့သည် မင်းအောင်လှိုင်အတွက် ရုံးပိတ်ရက်တရက်သာ ဖြစ်ပေလိမ့်မည်။ ကိုယ်ရည်ကိုယ်သွေးနှင့် လူထုထောက်ခံမှုကြောင့်ပင် ယခင်စစ်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် အကျယ်ချုပ်ချထားခြင်း ဖြစ်သည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီလက်ထဲက ခြံအမှတ် ၅၄
အပယ်ခံ စစ်ကောင်စီခေါင်းဆောင် ရုရှားသာ ထပ်သွားလို့ရ
စစ်ခေါင်းဆောင် ရုရှားခရီးစဉ်မှာ ဗိုလ်ချုပ်ကတော်တွေလည်း ပါ