လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) အစည်းအဝေးကို မြန်မာတွင် ကျင်းပခြင်းနှင့် ထိုအစည်းအဝေးကို ပူးတွဲကျင်းပရန် စစ်ဖြစ်နေသာ မြန်မာနိုင်ငံသို့ ယခုလ အစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခြင်းတို့က တရုတ်သည် မြန်မာမှတဆင့် မဲခေါင်နိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လိုသည်ဆိုသည့် အရေးပါသော သတင်းစကားများကို သယ်ဆောင်လာသည်။
ဘေဂျင်း၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေးအကျိုးစီးပွားများ ပေါကြွယ်လှသော မြန်မာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်အပြီး ဂရုတစိုက် လေ့လာစောင့်ကြည့်ရမည့် ဘေဂျင်း၏ ရည်မှန်းချက်ကြီးသော စီမံကိန်း ၃ ခု ရှိနေသည်။
တရုတ်သည် မြန်မာမှ အန္တရာယ်နည်းသော နေရာများရှိ ၎င်းတို့၏ ရည်မှန်းချက် ကြီးမားလှသော စီမံကိန်းများကို စတင်ရန် စဉ်းစားကောင်း စဉ်းစားနေနိုင်သည်။ ထိုရည်မှန်းချက် ကြီးမားသော စီမံကိန်းများသည် မြန်မာတွင် တရုတ်၏ နိုင်ငံရေးနှင့် စီးပွားရေးသြဇာကို သိသိသာသာ မြှင့်တင်ပေးရုံသာမက တရုတ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းတို့မှ ၎င်း၏မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ပထဝီအကျိုးအမြတ်များလည်း ပေးရန်လည်း ကြိုးစားသည်။
LMC မှ နိုင်ငံတကာ ကုန်းတွင်း-ပင်လယ် ကုန်သွယ်ရေး စင်္ကြံသစ်များသည် မြန်မာက တရုတ်အပေါ်စီးပွားရေးအရ အလွန်အကျွံ မှီခိုရစေပြီး ထို့ကြောင့်ပင် တရုတ်၏ လက်ဝေခံနိုင်ငံ မလွှဲမရှောင်သာဖြစ်လာမည်ဟု လေ့လာသူများက ပြောသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများက မြန်မာကို ဝိုင်းကျဉ်နေချိန်တွင် ဘေဂျင်းသည် မြန်မာမှ အခြေခံအဆောက်အအုံ စီမံကိန်းများကို လုပ်ဆောင်သည့် တခုတည်းသော နိုင်ငံဖြစ်လာနိုင်ပြီး စစ်ကောင်စီကို ပိုမိုချမ်းသာအောင် ကူညီနိုင်သည်။
LMC မှ နိုင်ငံတကာ ကုန်းတွင်း-ပင်လယ် ကုန်သွယ်ရေး စင်္ကြံသစ်များသည် မြန်မာက တရုတ်အပေါ်စီးပွားရေးအရ အလွန်အကျွံ မှီခိုရစေပြီး ထို့ကြောင့်ပင် တရုတ်၏ လက်ဝေခံနိုင်ငံ မလွှဲမရှောင်သာဖြစ်လာမည်ဟု လေ့လာသူများက ပြောသည်။
LMC စီမံကိန်းများ
တရုတ်က တဘက်သတ် ဆည်များ တည်ဆောက်မှုကြောင့် ပေါ်ပေါက်လာသော LMC သည် မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းသည့် နိုင်ငံ ၆ နိုင်ငံဖြစ်သော တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ ပါဝင်သော ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားဖြစ်သည်။ ၂၀၁၆ ခုနှစ်မှစ တင်ပြီး တရုတ်နိုင်ငံသည် မဲခေါင်နိုင်ငံများမှ ယဉ်ကျေးမှု အခမ်းအနားများနှင့် စိုက်ပျိုးရေး စီမံကိန်းများမှသည် ဒေသတွင်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံများအထိ အတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားပြီး အာမခံသောနိုင်ငံ ဖြစ်လာသည်။
မြန်မာတွင် ကျင်းပသည့် အစည်းအဝေးအတွင်း တရုတ်က စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ အာကာသလေကြောင်း၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးတို့နှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ၆ ခု အဆိုပြုသည်။
သို့သော် LMC ၏ အဓိက အစီအစဉ်မှာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အမွှမ်းတင်ရန် ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်-လာအို ရထားလမ်း တည်ဆောက်ခြင်းကို ကြည့်နိုင်သည်။
ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်း၊ တိရိစ္ဆာန်ကာကွယ်ဆေးနှင့် အခြားကိစ္စများကို ဘဏ္ဍာရေး အကူအညီပေးရေး အပါအဝင် LMC အောက်မှ စီမံကိန်းများအတွက် ရန်ပုံငွေအဖြစ် စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၆ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း တရုတ်က လွန်ခဲ့သောနှစ် သြဂုတ်လတွင် ကြေညာသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံစဉ် မစ္စတာ ဝမ်က ဘေဂျင်းသည် LMC ကို အဆင့်မြှင့်တင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် မြန်မာနှင့် ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတောင့်တင်းအောင် လုပ်ဆောင်ရန် စိတ်အားထက်သန်ကြောင်း ပြောသည်။ ထို့အပြင် တရုတ်က ငွေကြေးစိုက်ထုတ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အမျိုးသား ညှိနှိုင်းဆွေးနွေးရေးယူနစ် (မြန်မာ) ကိုလည်း မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။
“တကယ်လို့ မြန်မာနိုင်ငံအခြေအနေ လုံးဝ ဖရိုဖရဲဖြစ်သွားရင် တရုတ်အတွက် အိပ်မက်ဆိုးပဲ ဖြစ်လိမ့်မယ်။ တရုတ်က သူတို့အကျိုးစီးပွားအတွက် အဲဒီလိုဖြစ်တာ မမြင်ချင်ဘူး”
ဘေဂျင်းသည် LMC မှတဆင့် စစ်ကောင်စီကို အပြည့်အဝ ထောက်ခံမှုပေးနေကြောင်း မစ္စတာ ဝမ်၏ ခရီးစဉ်က ပြသနေသည်ဟု ပြည်တွင်း တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူတဦးက ပြောသော်လည်း တရုတ်သုတေသီအချို့က ထိုအချက်ကို ငြင်းဆိုသည်။ စစ်ကောင်စီသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးနှင့် လူမှုမတည်ငြိမ်မှုကို သက်သာစေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပြင်းအထန် လိုအပ်နေသည်။
“တကယ်လို့ မြန်မာနိုင်ငံအခြေအနေ လုံးဝ ဖရိုဖရဲဖြစ်သွားရင် တရုတ်အတွက် အိပ်မက်ဆိုးပဲ ဖြစ်လိမ့်မယ်။ တရုတ်က သူတို့အကျိုးစီးပွားအတွက် အဲဒီလိုဖြစ်တာ မမြင်ချင်ဘူး” ဟု အဆိုပါ တရုတ်-မြန်မာဆက်ဆံရေး လေ့လာသူက ပြောသည်။
LMC အရ တရုတ်နိုင်ငံသည် လူသိနည်းသည့် ရှမ်းပြည်နယ်မှ သေနင်္ဂဗျူဟာကျသော ဆိပ်ကမ်း စီမံကိန်းတခု အပါအဝင် ကဏ္ဍအမျိုးမျိုးတွင် မြန်မာကို တက်ကြွစွာ ထောက်ခံနေသည်။
ဝမ်ပုံဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုတခုကို LMC အထူးရန်ပုံငွေဖြင့် ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြောင်း တရုတ်သံရုံးက လွန်ခဲ့သောလ အစောပိုင်းတွင် ကြေညာသည်။ ၂၀၁၈ ခုနှစ်မှစတင်ပြီး တရုတ်နိုင်ငံသည် ထိုဆိပ်ကမ်းကို ဒေသတွင်း ကုန်သွယ်ရေး အချက်အခြာ နေရာဖြစ်အောင် ပြောင်းလဲပစ်ရေးအတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေသည်။ တရုတ်သံရုံး၏ ကြေညာချက်အရ ထိုဖြစ်နိုင်ခြေ လေ့လာမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုအကဲဖြတ်ခြင်း၊ တန်ဖိုးခန့်မှန်း တွက်ချက်ခြင်း၊ ဒီဇိုင်းအစီအစဉ်နှင့် လုပ်ငန်းလည်ပတ်မှု လေ့ကျင့်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် ခရိုင်တွင် တည်ရှိသော သေနင်္ဂဗျူဟာကျသည့် ထိုဆိပ်ကမ်းသည် မဲခေါင်မြစ်ပေါ်တွင် တည်ရှိသည်။ ထိုစီမံကိန်းသည် မဲခေါင်ဒေသတွင် တရုတ်၏ သြဇာကို ချဲ့ထွင် ပေးနိုင်သောကြောင့် ၎င်းတို့အတွက် အရေးပါသော စီမံကိန်းတခုဖြစ်သည်။ ဝမ်ပုံဆိပ်ကမ်းကို မဲခေါင်မြစ်မှ အဓိကဒေသတွင်း ဆိပ်ကမ်းများအနက် တခုဖြစ်အောင် ပြောင်းလဲပစ်ရန် ဘေဂျင်းက ဆုံးဖြတ်ထားသည်။
ထိုဆိပ်ကမ်းသည် လာအိုနှင့် ကုန်သွယ်ရာတွင် အဓိကအခန်းမှ ပါဝင်ပြီး အခြားမဲခေါင်ဒေသခွဲ (GMS) နိုင်ငံများ ဆက်သွယ်ထားသည့် တံခါးကိုလည်း ဖွင့်လှစ်ပေးမည် ဖြစ်သည်။ ထို့အပြင် ကပ်ရောဂါ ကာလအတွင်း မြန်မာသည် ထိုဆိပ်ကမ်းမှ ဆန်များကို လာအိုမှတဆင့် တရုတ်သို့ တင်ပို့ခဲ့သည်။
ထိုတိုးချဲ့ရေး စီမံကိန်းပြီးစီးသောအခါ ဝမ်ပုံဆိပ်ကမ်းတွင် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ပြီး မြန်မာနှင့် မဲခေါင်ဒေသခွဲတွင်း နိုင်ငံများအကြား ကုန်သွယ်ရေးမြှင့်တင်ရာတွင် အထောက်အကူ ပြုမည်ဖြစ်သည်။
ထိုစီမံကိန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်လည်း တရုတ်သြဇာကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ မြန်မာတွင် အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံသည် ရှမ်းပြည်နယ် အရှေ့ပိုင်း အပါအဝင် သံလွင်မြစ် အရှေ့ဘက်ခြမ်းတွင် ထိန်းချုပ်မှု ထူထောင်နိုင်ရန် ခိုင်မာသော အားထုတ်မှုများ ပြုလုပ်ခဲ့ပုံရသည်။
ထို့အပြင် LMC အရ သံလွင်မြစ်မှ ရေအားလျှပ်စစ် စက်ရုံများ ပြန်လည်စတင်ခြင်းနှင့် သံလွင်မြစ်ဝှမ်းမှ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဟု ခေါ်သည့် စီမံကိန်းများကို မဲခေါင်ဒေသခွဲစီမံကိန်းသို့ ထည့်သွင်းခြင်းသည် တရုတ်၏ အဓိက ဦးစားပေးများအနက် တခုဖြစ်သည်။
တရုတ်က ၎င်း၏မဟာမိတ် EAOs များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် တရုတ်သည် ထိုဒေသများတွင် မိတ်ဆွေ EAOs များနယ်မြေ ထိန်းချုပ်နိုင်ရန် တိုက်တွန်းနေပုံရသည်။
တရုတ်သည် ရှမ်းပြည်နယ်မှ ဆည်ကြီးများ အပါအဝင် သံလွင်မြစ်တလျှောက်တွင် ဆည် အနည်းဆုံး ၇ ခု တည်ဆောက်ရန် စီစဉ်ထားသည်။ တရုတ်နှင့် ထိုင်းကုမ္ပဏီများ ဖက်စပ်လုပ်အဖြစ် စီစဉ်ထားသော မဂ္ဂါဝပ် ၇,၀၀၀ ထုတ်လုပ်နိုင်သော ရှမ်းပြည်နယ်တွင် တာဆန်းဆည်ဟု ခေါ်သည့် မိုင်းတန်ဆည်သည် မြန်မာတွင် အကြီးမားဆုံး ရေအားလျှပ်စစ်ဆည် ဖြစ်လာမည်ဖြစ်သည်။ ဒေသခံများက အပြင်းအထန် ဆန့်ကျင်ကြသော်လည်း ထိုဆည်သည် စီမံကိန်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် ထိုဒေသတွင် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးသြဇာကို တိုးတက်စေမည်ဖြစ်ပြီး တရုတ်နှင့် ထိုဒေသတွင်းမှ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် တရုတ်၏မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ပထဝီနိုင်ငံရေး အကျိုးကျေးဇူးများ ခံစားရစေမည်ဖြစ်သည်။
စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) တလျှောက်နှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် EAOs များအနက် ၎င်းတို့၏ မဟာမိတ်များ၏ အကူအညီဖြင့် ကြားခံဇုန် ဖန်တီးရေးကို အရှိန်မြှင့် လုပ်ဆောင်နေသည်။
တရုတ်က ၎င်း၏မဟာမိတ် EAOs များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် တရုတ်သည် ထိုဒေသများတွင် မိတ်ဆွေ EAOs များ နယ်မြေထိန်းချုပ်နိုင်ရန် တိုက်တွန်းနေပုံရသည်။
ပိုမိုအရေးကြီးသောအချက်မှာ သံလွင်မြစ်ဝှမ်းတွင် တရုတ်သြဇာ ကြီးထွားလာခြင်းသည် သံလွင်မြစ်ကြောင်း တလျှောက်မှ ရေအားလျှပ်စစ်စီမံကိန်းများ ပြန်လည်စတင်ရေးနှင့် သံလွင်မြစ်ဝှမ်းမှ အခြားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို LMC တွင် ထည့်သွင်းရေးတို့ ဖြစ်လာနိုင်စေခြင်းပင်ဖြစ်သည်။
နိုင်ငံတကာ ကုန်းတွင်း-ပင်လယ် ကုန်သွယ်ရေး စင်္ကြံသစ်များ
တရုတ်က LMC အောက်တွင် သယ်ယူပို့ဆောင်ရေး စင်္ကြံများ ချဲ့ထွင်နေခြင်းသည်လည်း ဂရုတစိုက် စောင်ကြည့်ရမည့် နောက်ထပ် ပြဿနာတခုဖြစ်သည်။
တရုတ်၏ မဟာ အခြေခံအဆောက်အအုံ စီမံကိန်းတွင် မြန်မာ၏ ထူးခြားသော ပထဝီအနေအထားကြောင့် စစ်ဖြစ်နေသော မြန်မာသည် တရုတ်အတွက် တောင်အာရှနှင့် အရှေ့တောင်အာရှသို့ အိန္ဒိယသမုဒ္ဒရာမှတဆင့် လမ်းပွင့်ရေး အရေးပါသည်။ တရုတ်မီဒီယာများက တရုတ်-လာအို ရထားလမ်းသည် တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အကြား LCM နှင့် ရပ်ဝန်းနှင့် လမ်းမ အစီအစဉ်အရ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မောင်းနှင်အားသစ်အဖြစ် မကြာခဏ အမွှမ်းတင်ကြသည်။
ဧပြီလတွင် တရုတ်နိုင်ငံသည် မြန်မာမှ အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက် လမ်းပွင့်သွားစေသည့် ကုန်သွယ်ရေး စင်္ကြံကို စတင်ဖွင့်လှစ်သည်။ ထိုကုန်သွယ်ရေး စင်္ကြံသစ်သည် မဲခေါင်နိုင်ငံများမှ မြို့များဖြစ်သော တရုတ်မှ ချုံချင်း၊ လာအိုမှ ဗီယန်ကျင်း၊ ထိုင်းမှ ဘန်ကောက်နှင့် မြန်မာမှ ရန်ကုန်တို့ကို ဖြတ်သန်းပြီး အိန္ဒိယ သမုဒ္ဒရာသို့ရောက်ကြောင်း တရုတ်မီဒီယာများ၏ အဆိုအရသိရသည်။
လူအများအပြားသည် တရုတ်၏ စီချွမ်မှ မြန်မာကိုဖြတ်ပြီး စင်ကာပူအထိ ရောက်သည့် ကုန်းတွင်း-ပင်လယ် လမ်းကြောင်းနှင့် ရောထွေးနေသောကြောင့် ထိုလမ်းကြောင်းကို လူအများ ဂရုမစိုက်မိကြပေ။ စီချွမ်-စင်ကာပူ ကုန်းတွင်း-ပင်လယ်လမ်းကြောင်းကိုစမ်းသပ်မှုအား ၂၀၂၁ ခုနှစ်၊ သြဂုတ်က စတင်စမ်းသပ်ခဲ့သည်။
မြန်မာသည် တနိုင်ငံလုံးတွင် လက်နက်ကိုင် ပဋိပက္ခများ တိုးပွားသည်ကို တွေ့နေရသော်လည်း ဘေဂျင်းသည် ကုန်းတွင်း-ပင်လယ် လမ်းကြောင်းသစ်ဖြစ်သည့် ချုံချင်း-လန်ချန်း-ချင်းရွှေဟော်-မန္တလေး-ရန်ကုန်-စင်ကာပူလမ်းကြောင်းသစ်ကို ဖွင်လှစ်ခဲ့သည်။ ထိုလမ်းကြောင်း၏ နောက်ဆုံးအစိတ်အပိုင်းသည် အန္ဒိယသမုဒ္ဒရာ ဖြတ်သန်းသည်။
ထိုလမ်းကြောင်းသည် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချုံချင်းမှ ယူနန်ပြည်နယ် လန်ချန်း၊ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ချင်းရွှေဟော်နှင့် မြန်မာစီးပွားရေး မြို့တော် ရန်ကုန်သို့ရောက်ကာ စင်ကာပူသို့ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်သန်းဆက်သွယ်သည်။
ကုန်စည်များကို တရုတ်နိုင်ငံ ချုံချင်းမှ ရထားဖြင့်သယ်ပြီး လန်ချန်းသို့ ပို့ဆောင်ပြီးနောက် မြန်မာမှ လမ်းကြောင်းများဖြင့် ချင်းရွှေဟော်နှင့် ရန်ကုန်သို့ ဆက်လက်ပို့ဆောင်မည်။ ထိုနောက် ရန်ကုန်မှ စင်ကာပူ ဆိပ်ကမ်းသို့ သင်္ဘောများဖြင့် ဆက်လက်ပို့ဆောင်မည် ဖြစ်သည်။
ထိုလမ်းကြောင်းသစ်သည် ဘေဂျင်းအတွက် တရုတ်-မြန်မာ ကုန်သွယ်ရေး ပိုမိုခိုင်မာအောင်လုပ်ရာတွင် အရေးပါသော ထိုးဖောက်ကျော်လွှားမှုဖြစ်ကြောင်း တရုတ်သံရုံးက ပြောသည်။ ထိုလမ်းကြောင်းသည် သယ်ယူပို့ဆောင်ရေး ကြာချိန်ကို ထက်ဝက်လျှော့ချနိုင်သည်။ တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်းတွင်းဒေသများမှ ကုန်စည်များကို မြန်မာမှတဆင့် အရှေ့တောင်အာရှနှင့် တောင်အာရှသို့ အချိန်တိုအတွင်း တိုက်ရိုက်ပို့နိုင်သည်။
ထိုလမ်းကြောင်းသစ်သည် ချုံချင်းနှင့် ASEAN နှင့် ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) အဖွဲ့ဝင် နိုင်ငံများအကြား အဆက်အသွယ်ကို ခိုင်မာစေသည်။ မြန်မာမှ ထိုလမ်းကြောင်းသည် တရုတ်အတွက် ပထဝီနိုင်ငံရေးနှင့် စီးပွားရေး အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေသည်။
ထိုလမ်းကြောင်းသစ် တလျှောက်လုံးသည် ပဋိပက္ခဖြစ်ပွားနေသော နေရာများကို ဖြတ်သန်းနေရသောကြောင့် မည်သို့ အောင်မြင်နိုင်မည်နည်းဟု အများအပြားက မေးခွန်းထုတ်ကြသည်။ မြန်မာမှ ထိုကုန်းတွင်း-ပင်လယ် စင်္ကြံသစ်တလျှောက်၊ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်နှင့် နီးကပ်သော ဆက်သွယ်ရေးရှိသည့် EAOs များက RCSS ကို သေနင်္ဂဗျူဟာကျသော နေရာများမှ မောင်းထုတ်ပြီးနောက် မြေပြင်ကို ထိန်းချုပ်ထားသည်။ တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် EAOs များသည် ရှမ်းပြည်မြောက်ပိုင်းမှ ထိုလမ်းကြောင်းကို ကောင်းစွာ စောင့်ရှောက်နိုင်ကြသည်။
မြန်မာသည် တနိုင်ငံလုံးတွင် လက်နက်ကိုင် ပဋိပက္ခများ တိုးပွားသည်ကို တွေ့နေရသော်လည်း ဘေဂျင်းသည် ကုန်းတွင်း-ပင်လယ် လမ်းကြောင်းသစ်ဖြစ်သည့် ချုံချင်း-လန်ချန်း-ချင်းရွှေဟော်-မန္တလေး-ရန်ကုန်-စင်ကာပူလမ်းကြောင်းသစ်ကို ဖွင်လှစ်ခဲ့သည်။
ထို့အပြင် တရုတ်၏ နိုင်ငံတကာ ကုန်သွယ်ရေး စင်္ကြံများသည် တရုတ်-မြန်မာ ရထားလမ်း မပါလျှင် ပြီးပြည့်စုံခြင်း မရှိကြပေ။ တရုတ်နိုင်ငံသည် ဒါလီ-ရွှေလီ ရထားလမ်း တည်ဆောက်ခြင်းကို မကြာသေးမီက ပြီးစီးခဲ့သည်။ ထိုရထားလမ်းသည် တရုတ်-မြန်မာ နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသည်။ ထိုရထားလမ်းသစ်ကို ယခုနှစ်အတွင်း ဖွင့်မည်ဖြစ်ကြောင်း တရုတ်သံရုံးက ပြောသည်။
ထိုရထားလမ်းကို ကနဦးတွင် တရုတ်-မြန်မာ ရထားလမ်းနှင့် ဆက်သွယ်ရန် ရည်ရွယ်ထားသည်။ တရုတ်-မြန်မာ ရထားလမ်းသည် ကုန်းတွင်းပိတ် ယူနန်မှ အိန္ဒိယသမုဒ္ဒရာသို့ လမ်းပွင့်အောင် လုပ်ဆောင်ရန် ဘေဂျင်း၏ သေနင်္ဂဗျူဟာကျသော စီမံကိန်းအရ အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သည်။
ထိုရထားလမ်းကို မန္တလေး-မူဆယ် ရထားလမ်းနှင့် ချိတ်ဆက်ရန် စီစဉ်ထားသည်။ အမေရိကန် ဒေါ်လာ ၉ ဘီလီယံတန်ပြီး ကာလကြာမြင့်စွာ မျှော်လင့်နေသည့် ထိုရထားလမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အကြိမ်ကြိမ် ပြန်လည် သုံးသပ်နေသောကြောင့် နှောင့်နှေးနေခဲ့သည်။
၎င်းတို့၏ ထိုဒေသတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ပြီးစီးရန် မူဆယ်-မန္တလေး ရထားလမ်း တည်ဆောက်ခြင်းသည် အရေးပါသည်။ တရုတ်နှင့် စစ်ကောင်စီတို့သည် မန္တလေး-မူဆယ် ရထားလမ်း တည်ဆောက်ရေး စီမံကိန်းကို စတင် ဆွေးနွေးနေကြာင်း တရုတ်မီဒီယာများနှင့် စစ်ကောင်စီ ထိန်းချုပ်မီဒီယာများက ထုတ်ဖော်ပြောဆိုသည်။ မစ္စတာ ဝမ်၏ ခရီးစဉ်အပြီးတွင်မူ တရုတ်သည် ထိုစီမံကိန်းကို စတင်ရန် အရှိန်မြှင့် လုပ်ဆောင်ခြင်းဖြစ်သလား ဆိုသည့်မေးခွန်း ထွက်ပေါ်လာသည်။
CMEC နှင့် CMEC တိုးချဲ့လုပ်ငန်းများ
အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ပြီး တရုတ်သည် CMEC ကိစ္စကို စစ်ကောင်စီနှင့် ဆွေးနွေးကာ ပြင်ဆင်နေသော်လည်း မြန်မာမှ မတည်ငြိမ်မှုများနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို သတိထားနေသည်။ သို့သော် တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ် သြဂုတ်လတွင်မူ တရုတ်က စစ်ကောင်စီကို အစိုးရဟု တရားဝင်ခေါ်ပြီး CMEC အကြောင်း ဆွေးနွေးပွဲများကို လူသိရှင်ကြား ပြန်လည်စတင်သည်။
စစ်ကောင်စီကလည်း တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်း ၉၇ ခုကို ပြန်လည်သုံးသပ်ပြီး ထိုလုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ အထူးသဖြင့် ရခိုင်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပြန်လည်စတင်ရန် တိုက်တွန်းသည်။
တရုတ်သည် CMEC အပါအဝင် ရခိုင်မှ စီမံကိန်းများကို ယွမ် သန်း ၂၀၀ ဘီလီယံ (ဒေါ်လာ သန်း ၃၀ ခန့်) ထောက်ပံ့ရန် ကတိပြုကြောင်းလည်း စစ်ကောင်စီက ပြောသည်။ စစ်ကောင်စီသည် CMEC နှင့် ပတ်သက်သည့် ဝန်ကြီးအဆင့် ပထမဆုံး အစည်းအဝေးများကို ဇန်နဝါရီလတွင် ကျင်းပပြီး မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီနှင့် မကွေးတိုင်းတို့မှဝန်ကြီးများ တက်ရောက်ကြောင်း ပြောသည်။
ယခုလအတွင်း မစ္စတာ ဝမ်နှင့် ဦးဝဏ္ဏမောင်လွင်အကြား ဆွေးနွေးမှုများကို ဂရုတစိုက် လေ့လာသုံးသပ်သောအခါ တရုတ်သည် မြန်မာပြည်သူများအကြား တရုတ်ဆန့်ကျင်သည့် စိတ်ဓာတ်များကို သွေးတိုးစမ်းနေကြောင်း ထင်ရှားလာသည်။
တရုတ်၏ ရည်မှန်းချက်ကြီးမားသော BRI ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်အောက်မှ စီမံကိန်းများကို ပြန်လည် အသက်သွင်းရေးသည် ကပ်ရောဂါလွန်ခေတ် မဲခေါင်ဒေသတွင် တရုတ်၏ ထိပ်တန်း ဦးစားပေးများအနက် တခုဖြစ်ဖြစ်သည်။ မြန်မာတွင် အာဏာသိမ်းမှုနောက်ပိုင်း ဖရိုဖရဲဖြစ်နေသော်လည်း လွန်ခဲ့သောနှစ်အတွင်း ဘေဂျင်းသည် CMEC စီမံကိန်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်မှုများစွာ လုပ်ထားပြီးဖြစ်သည်။
မစ္စတာ ဝမ်၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အပါအဝင် CMEC အောက်မှ စီမံကိန်းများ ပြန်လည်စတင်ရန် စိတ်အား ထက်သန်ကြောင်းပြသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းသည် ရပ်ဝန်းနှင့်လမ်းမ အစီအစဉ်အောက်မှ အဓိကကျသော အခြေခံအဆောက်အအုံ စီမံကိန်းတခုဖြစ်ပြီး အာဏာသိမ်းမှု နောက်ပိုင်းတွင် စီမံကိန်းအတွက် ဥပဒေ အကျိုးဆောင် တင်ဒါခေါ်ယူခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အကဲဖြတ်ချက် ပြုလုပ်ရန် မြန်မာအတိုင်ပင်ခံလုပ်ငန်း MSR နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အပါအဝင် တိုးတက်မှု တစုံတရာရလာသည်။
မစ္စတာ ဝမ်၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အပါအဝင် CMEC အောက်မှ စီမံကိန်းများ ပြန်လည်စတင်ရန် စိတ်အား ထက်သန်ကြောင်းပြသည်။
ဘေဂျင်းက ၎င်းတို့သည် CMEC ကို တိုးချဲ့လိုကြောင်းလည်း အရိပ်အမြွက်ပြောလာသည်။ တရုတ်သည် LMC ကို CMEC တွင် ပါဝင်ရန် ဖိတ်ခေါ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ မြန်မာက တရုတ်မှ ဓာတ်အားဝယ်ယူနိုင်သော နယ်စပ်ဖြတ်ကျော် အပြန်အလှန် ဆက်သွယ်မှုများ တည်ဆောက်ရန် တရုတ်နှင့် မြန်မာတို့ နည်းလမ်းရှာမည်ဟုလည်း ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အောက်တွင် စီမံကိန်းများကို လေ့လာရန် သဘောတူညီချက် တခုကို တရုတ်နိုင်ငံပိုင် လုပ်ငန်းတခုဖြစ်သော China Southern Power Grid (CSG) နှင့် လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်သည် မြန်မာသို့ မဟာဓာတ်အားလိုင်းကို လမ်းကြောင်းနှစ်ခုဖြင့် ဆက်သွယ်ရန် စီစဉ်ထားသည်။ ပထမလမ်းကြောင်းမှာ ယူနန်ပြည်နယ် ဒေါင်ဒိုင်းမှ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နှင့် ဟိုပုန်း၊ ကယားပြည်နယ်တွင် လွိုင်ကော်နှင့် ပဲခူးတိုင်းတွင် ဘုရားကြီးသို့ ဆက်သွယ်သော လမ်းကြောင်းဖြစ်သည်။
အခြားလမ်းကြောင်းတခုမှာ ယူနန်မှ ကချင်ပြည်နယ်၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်းမှ အုန်းတောသို့ ဆက်သွယ်သော လမ်းကြောင်းဖြစ်သည်။ နောင်တွင် မြန်မာ၏ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်မည့် စီမံကိန်းဖြစ်သည်။
မဲခေါင်ထိပ်သီးအစည်းအဝေး မတိုင်မီ မေလက မြန်မာဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်နှင့် စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်တို့ နေပြည်တော်တွင် တွေ့ဆုံကြသည်။ ကြေညာချက်တစောင်အရ နှစ်နိုင်ငံတို့သည် နယ်စပ် အပြန်အလှန် ဆက်သွယ်ရေးနှင့် မြန်မာမှ ရေအားလျှပ်စစ် စီမံကိန်းများအကြောင်း ဆွေးနွေးသည်ဟု သိရသည်။
ပြည်ပ အထူးသဖြင့် တရုတ်ကို မှီခိုရသောအခါ မှီခိုမှုပြဿနာရှိကြောင်း သုတေသီများ သတိပေးထားပြီးဖြစ်သည်။ မဟာဓာတ်အားလိုင်း အခြေခံအဆောက်အအုံများသည် ပဋိပက္ခဒေသများကို ဖြတ်သန်းရသောကြောင့် ထိုဒေသများတွင် စစ်ရေးတင်းမာမှုများ ပိုမိုဖြစ်လာနိုင်ကြောင်း ၎င်းတို့က သတိပေးသည်။
မြန်မာတွင် ဖရိုဖရဲဖြစ်နေသည်ကို တရုတ်က သဘောပေါက်ကြောင်း ၎င်းတို့က ပြောသည်။ ထို့ကြောင့် တရုတ်သည် တိုင်းရင်းသား ဒေသများအတွက် ကြားခံဇုန်များ ထူထောင်ရန် နောက်ထပ်ခြေလှမ်းများ လှမ်းမည်ဖြစ်သလို စစ်ကောင်စီကို သွယ်ဝိုက်ထောက်ခံသည့် လုပ်ရပ်များကို လုပ်မည်ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။
“စစ်ကောင်စီအနေနဲ့ နေပြည်တော်နဲ့ တိုင်းရင်းသားဒေသတွေအပေါ် တရုတ်သြဇာ လွှမ်းမိုးတာကို လက်ခံလာရလိမ့်မယ်။ ဒါ့အပြင် တရုတ်ကျောထောက်နောက်ခံပြု လက်နက်ကိုင် အင်အားစုတွေရဲ့ သြဇာလွှမ်းမိုးတာလည်း လက်ခံလာရလိမ့်မယ်” ဟု လေ့လာသူတဦးက ပြောသည်။
CMEC စီမံကိန်းအများစုသည် လက်နက်ကိုင် ပဋိပက္ခ မကြာခဏ ဖြစ်ပွားနေသည့် လူမျိုးစု ဒေသများတွင် ရှိသည်။ သို့သော် CMEC ၏ သေနင်္ဂဗျူဟာကျသည့် စီမံကိန်း အများစုရှိသည့် ရှမ်းပြည်မြောက်ပိုင်းကို တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများက ထိန်းချုပ်ထားသည်။ ထို့ကြောင့် ထိုဒေသများတွင် တရုတ်အတွက် အန္တရာယ်ဖြစ်နိုင်ခြေ နည်းသည်။
တရုတ်သည် ၎င်းတို့အတွက် အန္တရာယ်နည်းသည့် ဒေသများကို အာရုံစိုက်ပြီး ရပ်ဝန်းနှင်လမ်းမ စီမံကိန်းများကို မကြာမီ လက်တွေ့ အကောင်အထည်ဖော်နိုင်သည်။ တရုတ်နှင့် ကောင်းမွန်သော သို့မဟုတ် နီးကပ်သည့် ဆက်ဆံရေးရှိသော တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသများလည်း ရှိနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Spotlight on Three Major Chinese Infrastructure Initiatives in Myanmar ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဘာတွေတိုက်တွန်းခဲ့သလဲ
သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ
ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား
အိန္ဒိယသမုဒ္ဒရာကို တရုတ်ထိန်းချုပ်ရေးတွင် မြန်မာဆိပ်ကမ်းများ အရေးပါ
ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီ ပြန်စချင်လည်း တရုတ်မျက်နှာ ကြည့်နေရ
စစ်အာဏာသိမ်းမှုဖြင့် တရုတ်လက်မှ ကယ်တင်လိုက်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေ