စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အခိုင်အမာဒေသများဖြစ်သော စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်မှ ခုခံရေးအင်အားစုများက ၎င်းတို့သည် လုပ်သေနတ်များ ထုတ်လုပ်နေကြောင်း ပြောကြားလိုက်ပြီး စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်နေစဉ်အတွင်း လက်နက်များ ဆက်လက်ထုတ်လုပ်နိုင်ရေးအတွက် ပြည်သူလူထု၏ ထောက်ပံ့မှုကို တောင်းခံလိုက်သည်။
၂၀၂၁ ခုနှစ်၊ မတ်လတွင် စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းပြီးနောက် နိုင်ငံတဝှမ်းလုံးတွင် လက်နက်ကိုင် ခုခံမှုများ ပေါ်ပေါက်လာသည်။ ထိုအချိန်မှစတင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်များ (PDFs) ဟုခေါ်သည့် လက်နက်ကိုင်ခုခံရေး အင်အားစုလည်း ပေါ်ပေါက်လာသည်။
လက်ရှိအချိန်တွင် ခန့်မှန်းခြေ အင်အား ၈ သောင်းမှ ၁ သိန်းကျော်ရှိသော PDF တပ်ရင်း ၂၅၉ ရင်း ရှိကြောင်း အရပ်သား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
မြို့နယ်အလိုက် အခြေစိုက်သောတပ်ဖွဲ့ ၂၅၀ နှင့် ပြောက်ကျားတပ်ဖွဲ့ ၄၀၀ ရှိပြီး ၎င်းတို့အနက် အများစုသည် NUG နှင့် အဆက်အသွယ်ရှိသည်။
သို့သော် NUG က ၎င်းတို့သည် အသုံးစရိတ်၏ ၄၅ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန် ဒေါ်လာ ၄၅ သန်းကို PDF များအား လက်နက်တပ်ဆင်ပေးရန်နှင့် လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနေသော်လည်း PDF အားလုံးကို လက်နက်တပ်ဆင်ပေးရန် မတတ်နိုင်သေးကြောင်း ဝန်ခံသည်။
NUG ငွေတိုက် အာမခံစာချုပ်များ ရောင်းချခြင်းနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရန်ကုန်မှ နေအိမ်ရှယ်ယာများကို ရောင်းချခြင်းဖြင့် ရန်ပုံငွေ ရှာဖွေသလို ပြည်သူလူထုထံမှလည်း အလှူငွေများ ရရှိနေသည်။
ခုခံတိုက်ခိုက်ရေး အင်အားစုများကို ထောက်ပံ့ရန် လစဉ် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၀ သန်းလိုကြောင်း NUG က ပြောကြားထားပြီး NUG အစိုးရ အရာရှိများက လက်နက် ထောက်ပံ့ရန် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းထားသော်လည်း မည်သူမျှ ထိုတောင်းဆိုမှုကို ဖြည့်ဆည်းပေးခြင်း မရှိပေ။
သို့သော် လက်နက်ကိရိယာ လိုအပ်နေသည့် ခုခံရေးအင်အားစုများသည် မည်သည့်အားထုတ်မှုမျှ မလုပ်ဘဲနေသည် မဟုတ်ပေ။ စစ်ကောင်စီတပ်များကို အကောင်းဆုံး ပြန်လည် တိုက်ခိုက်နိုင်ရေးအတွက် ကိုယ့်လက်နက်ကိုယ် ထုတ်လုပ်ကြသည်။
မှောင်ခိုဈေးကွက်တွင် သေနတ်ဈေးနှုန်းများ ခေါင်ခိုက်နေသောကြောင့် ကိုယ့်လက်နက်ကိုယ် ထုတ်လုပ်လျှင် အရည်အသွေးအရ ပြဿနာများ ရှိနိုင်သော်လည်း ကုန်ကျစရိတ် ပိုမိုသက်သာကြောင်း ၎င်းတို့သိကြသည်။ ထိုသို့လုပ်ရန် ၎င်းတို့သည် လူထု၏ အထောက်အပံ့ကို တောင်းခံကြသည်။
ပုလဲမြို့နယ်အခြေစိုက် ပုံတောင် ကျား ပြည်သူ့ကာကွယ်ရေးတပ်သည် ၎င်းတို့၏ လက်နက်ထုတ်လုပ်ရေးအဖွဲ့က ထုတ်ထားသည့် လက်နက်များ၏ ပုံများကို ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ လက်နက်ကြီး ၂ လက်၊ အမြောက်ဆံ ၁၂၁ ခု၊ မိုင်း ၂၅ လုံးနှင့် လက်လုပ် လောင်ချာတလက် တို့ကို ထိုအဖွဲ့ ထုတ်လုပ်ထားပြီး ဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင်များအတွက် လက်နက်ငယ် ၅၀ ကိုလည်း ထုတ်လုပ်ထားသည်။
လက်နက်ငယ်တလက်လျှင် မြန်မာငွေ ကျပ် ၁ သိန်းခန့်ကုန်ကျပြီး အမြောက်ဆံတလုံးလျှင် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ ကုန်ကျသည်။
လက်နက်ငယ်များ၏ အားနည်းချက်တခုမှာ စီးပွားဖြစ်ရောင်းသော သေနတ်များကဲ့သို့ အတွဲလိုက်ဆက်တိုက် မပစ်ခတ်နိုင်ခြင်းဖြစ်သည်။ ထိုသေနတ်များသည် တချက်ချင်းပစ်ရသော လက်နက်များဖြစ်ပြီး ကျည်ဆံ တတောင့်သာ ထည့်သွင်းနိုင်သည်။ ပစ်ပြီးတိုင်း နောက်တကြိမ်ထပ်ပစ်ရန် နောက်ထပ်ကျည်ဆံ ထပ်မံ ထည့်သွင်းရသည်။ ထို့ကြောင့် ထိုအဖွဲ့သည် စီးပွားဖြစ် ထုတ်လုပ်ထားသည့် လက်နက်များကိုပါ ပူးတွဲ အသုံးပြုနေရသည်။
“တချက်ပဲ ပစ်လို့ရပေမယ့် ထိရင် တကယ့်သေနတ်အတိုင်း ထိတာ။ အသုံးဝင်ပြီး အကုန်အကျ သက်သာတယ်။ ဒါကြောင့် ကျနော်တို့အဖွဲ့ဝင်အများစုကို ကျနော်တို့ လက်နက်တပ်ဆင်နိုင်တယ်။ ကျည်ပြန်ဖြည့်တာက စက္ကန့် ၄၀ ကနေ တမိနစ်လောက်အထိ ကြာတယ်။ ဒါ့အပြင် NUG က သူတို့ တတ်နိုင်တဲ့အချိန်မှာ ကျနော်တို့ကို လက်နက်တပ်ဆင်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ကျနော်တို့ အဖွဲ့ဝင်တွေကတော့ လက်နက် အသုံးပြုနည်းကို လေ့ကျင့်ထားပြီးပြီ” ဟု ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်သံချောင်းက ပြောသည်။
စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်သောအခါ ပုံတောင် ကျား PDF အဖွဲ့သည် ပြဿနာအချို့ရှိသော ၎င်းတို့၏ လက်နက်ကြီးများကို အသုံးပြုရသည်။ ထိုလက်နက်များသည် စစ်ကောင်စီတပ်ကသုံးနေသည့် လက်နက်များကဲ့သို့ အတိအကျ ချိန်ရွယ်ပစ်ခတ်နိုင်ခြင်း မရှိပေ။ ထို့ကြောင်း ၎င်းတို့သည် အရည်အသွေးအတွက် လိုအပ်သည်များကို အရေအတွက်ဖြင့် ထေမိအောင် လုပ်ကြရသည်။
“ကျနော်တို့လက်နက်က ပစ်ခတ်တဲ့အခါ အားနည်းချက်ရှိလို့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတခါဖြစ်ရင် လက်နက်ကြီးနဲ့ ဆယ်ကြိမ်လောက် ပစ်ရတာ။ အဲဒါကြောင့် ကျနော်တို့က ပိုပစ်ရတယ်။ ဒါပေမယ့် ထိရောက်မှုက သိပ်မကွာလှပါဘူး” ဟု သူက ပြောသည်။
အဖွဲ့ဝင် ၃၀ ခန့်ရှိသော ထုတ်လုပ်ရေးအဖွဲ့သည် လက်နက်ခဲယမ်းများကို လွန်ခဲ့သောနှစ်ကပင် စတင် ထုတ်လုပ်နေသည်။ အဖွဲ့ဝင်အားလုံးနီးပါးသည် လယ်သမားများဖြစ်ပြီး လက်နက်ထုတ်လုပ်ခြင်းကို ယခင်က နားလည် တတ်မြောက်ခြင်း မရှိပေ။
ထုတ်လုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်အချို့သည် ယခင်က မော်တော်ယာဉ် ဝပ်ရှော့များနှင့် အသေးစား စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိသည်။ ၎င်းတို့သည် YouTube မှ လက်နက်ထုတ်လုပ်နည်းပြသည့် ဗီဒီယိုများကို ဒေါင်းလုဒ် လုပ်ပြီး အခြား ခုခံတိုက်ခိုက်ရေး အင်အားစုများ လက်နက် ထုတ်လုပ်ပုံများကိုလည်း သွားရောက်လေ့လာကြသည်။ ထိုအင်အားစုများကလည်း ၎င်းတို့ကို အကြံကောင်းများပေးသည်။
ပုံတောင် ကျားအဖွဲ့ကို ထူထောင်ပြီးနောက်ပိုင်းတွင် လက်နက်ထုတ်လုပ်ရေးအဖွဲ့သည် ကျပ်ငွေ သန်း ၅၀ ကျော် တန်သော လက်နက်များကို ထုတ်လုပ်ပြီးဖြစ်ကြောင်း ဗိုလ်သံချောင်း၏ ပြောကြားချက်အရ သိရသည်။
ကုန်ကြမ်းပစ္စည်းရရန် လွယ်ကူပြီး ဈေးချိုလှသည် မဟုတ်ကြောင်း၊ ဥပမာအားဖြင့် ဆိုရပါက ၃၅ ဂရမ် အလေးချိန်ရှိ ယမ်းမှုန့်တထုတ်ရရန် ငွေ ၃ သိန်းကုန်ကြောင်း ဧရာဝတီ သတင်းဌာနသို့ သူက ပြောသည်။
ထိုလုပ်ငန်းကို ငွေကြေးပံ့ပိုးရန် အဖွဲ့ခေါင်းဆောင်သည် ဒေသခံများထံမှ အလှူငွေ သိန်း ၅၀၀ ရရှိခဲ့ကြောင်း သူက ပြောသည်။
“ပြည်သူလူထုရဲ့ ငွေကြေးထောက်ပံ့မှုက ဒီနှစ်ထဲမှာ ကျဆင်းသွားပေမယ့် ပြည်သူတွေကလည်း စစ်ကောင်စီ အောက်မှာ ရုန်းကန်နေရတာမို့ ကျနော်တို့က ပြည်သူတွေကို အပြစ်မတင်ဘူး။ ဒါပေမယ့် ကျနော်တို့က လက်နက်တွေကို တတ်နိုင်သမျှ ဆက်လက် ထုတ်လုပ်နေဖို့လိုတယ်။ ကျနော်တို့ အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်” ဟု ဗိုလ်သံချောင်းက ပြောသည်။
တော်လှန်ရေးသည် တနှစ်ကျော် ကြာလာသောအခါ ပြည်သူလူထုသည် အထွေထွေ အကျပ်အတည်းများကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် ပြည်သူလူထု အလှူငွေသည် လွန်ခဲ့သောနှစ်မှ စတင်ပြီး ၈၀ ရာခိုင်နှုန်း ကျဆင်းသည်။ ထို့ကြောင့် လက်နက်ထုတ်လုပ်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်ရကြောင်း စစ်ကိုင်းတိုင်း ယင်းမာပင်အခြေစိုက် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်များကို ထုတ်လုပ်နေပြီဖြစ်ကြောင်း ဇွန်လ ၂၉ ရက်နေ့တွင် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ဖော်ကြေညာပြီး နောက်ထပ် လက်နက်များ ပိုမို ထုတ်လုပ်နိုင်ရန်အတွက် ပြည်သူလူထုထံမှ အထောက်အပံ့ ထပ်မံတောင်းခံသည်။ ထိုလက်နက်များသည် တလက်လျှင် ကျပ်ငွေ ၆ သိန်း ကုန်ကျသည်။ မြောက်ယမား PDF သည် မိုင်းအမျိုးမျိုးနှင့် လက်လုပ် ရော့ကက်လောင်ချာများကိုလည်း ထုတ်လုပ်ထားသည်။
၎င်းတို့၏ လက်နက်ကြီးများသည် ထိရောက်သော်လည်း အချို့သော ဆီမီးအော်တို ရိုင်ဖယ်များသည် စစ်မြေပြင်တွင် အမှန်တကယ်သုံးနေသော လက်နက်များနှင့် တည်ဆောက်ပုံ မတူသောကြောင့် ပစ်မှတ်ကို ထိမှန်ခြင်း မရှိပေ။ သို့သော် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်သည် အခြားရွေးစရာလမ်း မရှိသောကြောင့် လက်လုပ်သေနတ်များကိုသာ ဆက်လက် အားကိုးနေရသည်။
ယခင်က ၎င်းတို့သည် လက်နက်များကို အခြား ခုခံရေးအင်အားစုများနှင့် မျှဝေခဲ့သော်လည်း ယခုအခါတွင် စစ်ကောင်စီသည် ၎င်းတို့ဒေသတွင် ထိုးစစ်ဆင်နေသောကြောင့် အဖွဲ့ဝင်များအားလုံးကို လက်နက်တပ်ဆင်ရေး ဦးစားပေးနေရသည်။
“ကုန်ကြမ်းပစ္စည်းတန်ဖိုးက သုံးဆလောက် တက်တယ်။ ထောက်ပံ့မှုကလည်း နည်းလာလို့ လက်နက် ထုတ်လုပ်ဖို့အတွက်၊ ကျနော်တို့အဖွဲ့ကို ထမင်းကြွေးဖို့အတွက် ကျနော်တို့ ရုန်းကန်နေရတယ်။ အရင်တုန်းက ကျနော်တို့က ကျနော်တို့လက်နက်တွေကို ထုတ်ဖော် ပြသတာမျိုး မရှိပေမယ့် ကျနော်တို့ ဘာလုပ်နေတယ် ဆိုတာနဲ့ သူတို့ရဲ့ ထောက်ပံ့မှု လိုတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်။ ဒါကြောင့်မို့လည်း လက်နက်တွေကို ထုတ်ဖော်ပြသတာ ဖြစ်တယ်” ဟု မြောက်ယမား PDF မှ ကိုယ်စားလှယ်တဦးဖြစ်သည့် ကိုခန့်က ပြောသည်။
ယင်းမာပင် မြို့နယ်မှ ဆရာစံ PDF တပ်ဖွဲ့ကလည်း အိန္ဒိယလုပ် တလုံးထိုးသေနတ်များကို ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသည်။ ထိုသေနတ်တလက်ကို ဝယ်ရန် ၁၈ သိန်း (၉၆၈ အမေရိကန်ဒေါ်လာ) ကုန်ကျကြောင်း အဆိုပါတပ်ဖွဲ့က ပြောသည်။ သို့သော် ထုတ်လုပ်မှု ကုန်ကျစရိတ်အရ ၅ သိန်းသာ ကုန်ကျကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ထိုသေနတ်များ ထုတ်လုပ်ရန် အတွက် ပိုမိုထောက်ပံ့စေလိုကြောင်း ပြောသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကယားပြည်နယ်မှ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) သည်လည်း လွန်ခဲ့သော နှစ်မှစတင်ပြီး ထိုဒေသတွင် စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်ကာ စစ်ကောင်စီကို အသေအပျောက် များစေသော အဖွဲ့ဖြစ်သည်။ ယခုအခါ ၎င်းတို့သည်လည်း လက်နက်ထုတ်လုပ်ရန်အတွက် ပြည်သူလူထု အထောက်အပံ့ တောင်းခံနေပြီး အလုပ်ရုံများတွင် ၎င်းတို့ထုတ် လုပ်နေသည့် လက်နက်များကို ဗီဒီယိုရိုက်ပြီး ပြသလာသည်။
၎င်းတို့သည် လက်နက် ထုတ်လုပ်မှု နည်းလမ်းများကို ပြည်သူလူထု အကူအညီဖြင့် တဖြည်းဖြည်း အဆင့်မြှင့်တင်နေကြောင်း PDF ဖောက်ခွဲပစ္စည်းနှင့် နည်းစနစ်ဌာနက ကြေညာပြီး ပြည်သူလူထု အကူအညီကို ဆက်လက်တောင်းခံသည်။
ထိုဗီဒီယိုများအရ ၎င်းတို့သည် ချီတက်လာသော စစ်ကောင်စီတပ်များနှင့် အခြားပစ်မှတ်များကို တိုက်ရန် မောင်းသူမဲ့ ဒရုန်းများမှ ကြဲချမည့် ဗုံးများကို ထုတ်လုပ်နေကြောင်း သိရသည်။
You may also like these stories:
ဝယ်ထားသည့် လက်နက် ၆ ပုံ ၁ ပုံသာ PDF ထံ ပို့နိုင်သေးကြောင်း NUG ပြော
စစ်ကိုင်းတိုင်းကို အမှုန့်ချေပစ်မယ်တဲ့လား
စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ စစ်ရေးလမ်းဆုံးမှာ ရုန်းကန်နေရတယ်
စခန်း မသိမ်းနိုင်လို့ စိတ်ဓာတ်ကျစရာ မလိုဘူး
ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရ