မြန်မာသည် ကမ္ဘာတွင် ရာသီဥတု ပြောင်းလဲမှုဒဏ် အဆိုးဆုံးရင်ဆိုင်ရသော နိုင်ငံများတွင် ပါဝင်သည်။ ဆိုင်ကလုန်းမုန်တိုင်း၊ ရေလွှမ်းမိုးမှုနှင့် မိုးခေါင်ရေရှားမှုကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုအခြေအနေများကို ရင်ဆိုင်ရသည်သာမက အခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်နိုင်မှု အားနည်းသော နိုင်ငံလည်းဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခ၊ အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်းမြစ်အကန့်အသတ်ရှိသော လူမှုအသိုက်အဝန်းများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်မှု ပိုမိုပြင်းထန်သည်။
မြန်မာတွင် ပြင်းထန်ပြီး မကြာခဏဆိုးရွားသော ရာသီဥတုအခြေအနေများ၏ ရိုက်ခတ်မှုကို နိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေများကြောင့် ပိုမိုဆိုးရွားသွားစေနိုင်သည်။ လွန်ခဲ့သောနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၄၇ ခုနှစ် ကတည်းက ပြည်တွင်းစစ်ဖြစ်ပွားနေသော မြန်မာတွင် ယခင်မကြုံဖူးသည့် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးအကြမ်းဖက်မှုကြောင့် လူပေါင်း ၁၁,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ယူဆရသည်။ စစ်တပ်နှင့် ရဲက နှိမ်နင်းမှုများအပြီး ဒေသခံလက်နက်ကိုင်အဖွဲ့ ဒါဇင်ပေါင်းများစွာကို ဖွဲ့စည်းကြသည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် ဒေသအလိုက်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များအကြား တနိုင်ငံလုံးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ယခင်က ငြိမ်းချမ်းသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင်ပင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထိုသို့သော အကြမ်းဖက် တိုက်ခိုက်မှုများသည် နှစ်ပေါင်းများစွာ ကြာမည်ကို အများအပြားက စိုးရိမ်နေကြပြီး နှစ်ဘက်လုံးကလည်း တွေ့ဆုံဆွေးနွေးရန် စိတ်အားထက်သန်ပုံ မရကြပေ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနှင့် နောက်ပိုင်းတွင် စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်ရေး တပ်ပေါင်းစုအကြား တိုက်ခိုက်မှုကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး မကြာသေးမီက ရရှိထားသော တိုးတက်မှုများကို ပြန်လည်ဆုံးရှုံးသွားပြီ ဖြစ်သည်။
စစ်ကောင်စီနှင့် စစ်ကောင်စီ ဆန့်ကျင်သူများအကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ရာသီဥတုနှင့် ပတ်သက်သော လုံခြုံရေး ခြိမ်းခြောက်မှုသည် ယခုအခါ ပိုမိုပြင်းထန်လာနိုင်သည်။
မြန်မာ၏ အတိတ်ကို အခြေခံပြောရပါက အကြမ်းဖက်မှု မြင့်မားလာခြင်းကြောင့် အဓိကကျသည့် သဘာဝ ဘေးအန္တရာယ်များအပြီးတွင် အဖွဲ့အစည်းများကို ဘေးအန္တရာယ်ကျရောက်သည့် ပြည်သူများထံ သွားရောက်ခွင့် မပေးဘဲ လူသားချင်းစာနာမှု အကူအညီကို နိုင်ငံရေးအတွက်အသုံးချသည့် အန္တရာယ်လည်း ရှိနေသည်။
မြန်မာ၏ အတိတ်ကို အခြေခံပြောရပါက အကြမ်းဖက်မှု မြင့်မားလာခြင်းကြောင့် အဓိကကျသည့် သဘာဝ ဘေးအန္တရာယ်များအပြီးတွင် အဖွဲ့အစည်းများကို ဘေးအန္တရာယ်ကျရောက်သည့် ပြည်သူများထံ သွားရောက်ခွင့် မပေးဘဲ လူသားချင်းစာနာမှု အကူအညီကို နိုင်ငံရေးအတွက်အသုံးချသည့် အန္တရာယ်လည်း ရှိနေသည်။
ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုများသည် မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေကို အန္တရာယ်ကြီးစွာ မည်သို့ သက်ရောက်မည်ကို ဖော်ပြနေသည့် အခြေအနေ နှစ်ခုရှိသည်။
ရခိုင်ပြည်နယ် ဆိုင်ကလုန်း
ပထမအခြေအနေမှာ ရုတ်တရက် သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်သည်။ အနောက်ဘက်ကမ်းခြေမှ ရခိုင်ပြည်နယ်ကဲ့သို့သော ပဋိပက္ခဒေသတွင် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခြင်းဖြစ်သည်။
ရာသီဥတု ပြောင်းလဲလာသောကြောင့် မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းများ ပိုမိုဖြစ်ပေါ်လာသည်။ ၂၀၀၀ ပြည့်နှစ် မတိုင်မီက ဆိုင်ကလုန်းများသည် ပျှမ်းမျှအားဖြင့် ၃ နှစ် ၁ ကြိမ်သာ တိုက်ခတ်သည်။ ထိုနောက်တွင်မူ နှစ်စဉ် တိုက်ခတ်လာသည်။
လူသားများအပေါ် ရိုက်ခတ်မှု အတိုင်းအတာကို ဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ၊ အထူးသဖြင့် ကြိုတင်ပြင်ဆင်မှုက အဆုံးအဖြတ်ပေးသည်။
၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းနာဂစ် ဖြစ်ပွားသောအခါ ခန့်မှန်းခြေ လူပေါင်း ၁၄၀,၀၀၀ သေဆုံးပြီး ၂ ဒသမ ၂ သန်း နေရပ်စွန့်ခွာရသည်။ ထိုသဘာဝ ဘေးအန္တရာယ်က သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု၊ ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး တိုးတက်အောင် မည်သို့ ပြင်ဆင်မည်နှင့် ပတ်သက်ပြီး မြန်မာအတွက် အဖိုးမဖြတ်နိုင်သော သင်ခန်းစာများပေးသည်။
ကံမကောင်းအကြောင်းမလှသည်မှာ ထိုအချိန်မှ စတင်ရရှိထားသည့် တိုးတက်မှုများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အထူးသဖြင့် ထိုစစ်အာဏာသိမ်းမှုက လူ့အဖွဲ့အစည်းအပေါ် ဆိုးရွားသော သက်ရောက်မှုများကြောင့် ပြန်လည် ဆုံးရှုံးသွားခြင်းဖြစ်သည်။
သို့သော် ကံမကောင်း အကြောင်းမလှသည်မှာ ထိုအချိန်မှ စတင်ရရှိထားသည့် တိုးတက်မှုများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အထူးသဖြင့် ထိုစစ်အာဏာသိမ်းမှုက လူ့အဖွဲ့အစည်းအပေါ် ဆိုးရွားသော သက်ရောက်မှုများကြောင့် ပြန်လည် ဆုံးရှုံးသွားခြင်းဖြစ်သည်။
ယနေ့တွင် ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပါက လူသားချင်းစာနာမှု ကပ်ဆိုး ကျရောက်စေရုံသာမက ဒေသတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပဋိပက္ခတို့နှင့် ပေါင်းစပ်သွားပြီး တနိုင်ငံလုံးကိုသာမက ဒေသတွင်းတွင်ပါ သက်ရောက်မှုများရှိနိုင်သည်။
ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာ လူမှုအသိုက်အဝန်းကို လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့သောနေရာ ဖြစ်ပြီး ရခိုင်တိုင်းရင်းသား အများစုက ထောက်ခံသည့် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်အကြား ပဋိပက္ခဖြစ်ပွားနေသော နေရာဖြစ်သည်။ ပြင်းထန်သော ဆိုင်ကလုန်းသည် ရခိုင်တိုင်းရင်းသားများနှင့် နိုင်ငံမဲ့ ရိုဟင်ဂျာများအတွက် အန္တရာယ်များစွာ ဆောင်ယူလာနိုင်သည်။
ထိုသို့သောအခြေအနေတွင် ရက္ခိုင့်တပ်တော်သည် ဒေသခံပြည်သူများအပေါ် ပိုမို သြဇာကြီးမားလာအောင်နှင့် နယ်မြေထိန်းချုပ်မှု ပိုမိုခိုင်မာအောင်လုပ်ရန် အခွင့်အလမ်းကို ရယူမည်ဟု မျှော်လင့်ရပြီး အကြမ်းဖက်တိုက်ခိုက်မှု ပိုမိုဖြစ်ပွားလာနိုင်သည်။ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း မုန်တိုင်းကျရောက်စဉ်ကကဲ့သို့ မြန်မာစစ်တပ်သည် ထိခိုက်သော ဒေသများသို့ လူသားချင်းစာနာမှု အဖွဲ့အစည်းများကို သွားရောက်ခွင့်ပေးမည် မဟုတ်ပေ။
ထို့အပြင် ရခိုင်ပြည်နယ်မှ လမ်းကွန်ရက်များနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများသည် တနိုင်ငံလုံးတွင် အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသောကြောင့် လူသားချင်းစာနာမှု အကူအညီ မရောက်မချင်း ဒေသခံပြည်သူများသည် သီးခြား အဆက်အသွယ် ပြတ်နေမည်ဖြစ်သည်။
ရိုဟင်ဂျာ ၆ သိန်းအနက် အများစုသည် ရခိုင်ပြည်နယ်တွင် ရှိနေဆဲဖြစ်သည်။ တသိန်းခွဲခန့်မှာ နေရပ်စွန့်ခွာ နေရသည်။ ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်တွင် ၎င်းတို့သည် ပိုမိုဆိုးရွားသည့် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
၎င်းတို့၏ ယာယီစခန်းများတွင် လူကြပ်သိပ်နေပြီး အစားအစာ၊ ရေနှင့်အခြား အဓိကကျသော ပစ္စည်းများ အကန့်အသတ်ဖြင့်သာ ရရှိကြသည်။ ဆိုင်းကလုန်းမုန်တိုင်း တိုက်ပြီးသောအခါ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံဝင်ရောက်လာပါက ဘင်္ဂလားဒေ့ရှ်တွင် တင်းမာမှုနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများကို ပိုမိုဖြစ်ပွားစေမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်ကို လက်ခံထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှားမှု
ဒုတိယအခြေအနေဖြစ်သော တဖြည်းဖြည်း ကျရောက်သည့် သဘာဝ ဘေးအန္တရာယ်သည်လည်း လွန်စွာဖြစ်နိုင်ခြေရှိသည်။ မိုးခေါင်ရေရှားမှုများသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ပိုမိုပြင်းထန်ပြီး ပိုမိုများပြားလာသည်။
ဒုတိယအခြေအနေဖြစ်သော တဖြည်းဖြည်း ကျရောက်သည့် သဘာဝ ဘေးအန္တရာယ်သည်လည်း လွန်စွာဖြစ်နိုင်ခြေရှိသည်။ မိုးခေါင်ရေရှားမှုများသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ပိုမိုပြင်းထန်ပြီး ပိုမိုများပြားလာသည်။
စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် လူအများစုသည် အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးရေးကို မှီခိုရသည်။ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုဒေသများတွင် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရခြင်း၊ အကြမ်းဖက်မှုများနှင့် ရိက္ခာထုတ်လုပ်မှု ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်နေသည်။
အပူပိုင်းဒေသမှ လယ်သမားများသည် မိုးခေါင်မှုဒဏ် ခံစားနေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းခြင်းကြောင့် ၎င်းတို့၏ ပြဿနာများသည် ပိုမိုဆိုးရွားနေသည်။ ငတ်မွတ်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင် ပဋိပက္ခနှင့် နိုင်ငံရေး မတည်ငြိမ်မှု၊ ယူကရိန်းစစ်ပွဲများကြောင့် ဓာတ်မြေသြဇာဈေးများ တက်ခြင်းနှင့် သီးနှံဈေးနှုန်းများ အကြီးအကျယ် ကျဆင်းခြင်းတို့ကြောင့် ဖြစ်သည်။

မိုးခေါင်ရေရှားမှု ပိုမိုပြင်းထန်လာပါက အပူပိုင်းဇုန်တွင် ဆင်းရဲနွမ်းပါးသော လယ်သမားအရေအတွက် ပိုမိုများပြားလာမည် ဖြစ်သည်။ အိုးအိမ်မဲ့ လယ်သမားများသည် ခုခံရေးအင်အားစုများသို့ ဝင်ရောက်နေသည့် သတင်းများ ယခုနှစ် အစောပိုင်းက သိရသောကြောင့် ထိုကိစ္စ၏ နိုင်ငံရေးအရ သက်ရောက်မှုသည် လွန်စွာကြီးမားမည်ဖြစ်သည်။
အကန့်အသတ်ရှိသော အကူအညီ
မြန်မာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေးတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနှင့် ညှိနှိုင်းဆောင်ရွက်ရန် အခွင့်အာဏာရှိသည်။ သို့သော် ပြင်းထန်သော သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ထိုအဖွဲ့အစည်းများသည် ဒေသခံအာဏာပိုင်များနှင့် အောင်မြင်စွာ ညှိနှိုင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရန် ခက်ခဲသည်။
အတွေ့အကြုံရှိသော ပြည်သူ့ဝန်ထမ်း အများအပြားသည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၏ အစိတ်အပိုင်းအဖြစ် စစ်ကောင်စီအောက်တွင် အလုပ်လုပ်ရန် ငြင်းဆန်ကြသည်။ အစိုးရအလုပ်ကို ဆက်လက်လုပ်ကိုင်သော သို့မဟုတ် လုပ်ငန်းခွင် ပြန်ဝင်ရန် ဖိအားပေးခံရသော ဝန်ထမ်းများကို ပြည်သူများက ဝိုင်းကျဉ်ကြပြီး တခါတရံ လုပ်ကြံသတ်ဖြတ်မှုများပင် ရှိသည်။ အုပ်ချုပ်ရေးရုံးများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ တိုက်ခိုက်ရုံသာမက မကြာခဏဆိုသလို ဖျက်ဆီးပစ်ကြသည်။
မြန်မာအစိုးရ အဆက်ဆက်သည် မြေပြင်အခြေအနေကို အကန့်အသတ်ဖြင့်သာ ထိန်းချုပ်နိုင်ကြပြီး ဒေသခံ လူမှုအသိုက်အဝန်းများမှာ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များအတွက် ၎င်းတို့ဖာသာ ပြင်ဆင် ပြောင်းလဲ နေထိုင်ကြရသည်။
ဥပမာအားဖြင့် ဆိုရပါက မြန်မာနိုင်ငံ အလယ်ပိုင်းမှ လယ်သမားများသည် ပိုမိုခြောက်သွေ့လာသော ရာသီဥတုကို သီးနှံပြောင်းလဲစိုက်ပျိုးခြင်းနှင့် အခြားဝင်ငွေရင်းမြစ်များ ရှာဖွေခြင်းတို့ဖြင့် တုံ့ပြန်ဆောင်ရွက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ လူမှုအသိုက်အဝန်းအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် လိုအပ်နေသော ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အရေးပါသည်။ သို့သော် စစ်ကောင်စီအောက်တွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လူမှုအသိုက်အဝန်းက ဦးဆောင်သည့် အားထုတ်မှုကို ကူညီထောက်ပံ့ရန် ခက်ခဲသည်။
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန၏ မကြာသေးမီက အစီရင်ခံစာဖြစ်သည့် ငြိမ်းချမ်းရေး၏ သဘာဝ ပတ်ဝန်းကျင်- ဘေးအန္တရာယ်သစ်များခေတ်မှ လုံခြုံရေး အမည်ရှိ အစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည့်အတိုင်း သဘာဝ ပတ်ဝန်းကျင်နှင့် လုံခြုံရေး စိန်ခေါ်မှုများအကြား ဆက်စပ်မှုသည် နက်ရှိုင်းပြီး ရှုပ်ထွေးကာ ရာသီဥတုပြောင်းလဲမှုသည် ခြိမ်းခြောက်မှုများကို ပိုမိုများပြားစေသည်ဆိုသည့် အများယူဆထားသည့် အယူအဆထက်ပင် ပိုမိုသည်။
မြန်မာနိုင်ငံတွင်မူ စစ်အာဏာသိမ်းမှုသည် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ရာတွင် ရရှိထားသည့် တိုးတက်မှုများ ရပ်တန့်သွားစေသည်။ ဒီမိုကရေစီနှင့် တံခါးဖွင့်ခေတ်က ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်သည့် မူဝါဒများကို အကြံပေးခဲ့သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာနှင့် အစိုးရ မဟုတ်သော အဖွဲအစည်းများ အပါအဝင် နိုင်ငံမှ တက်ကြွသော လူမှုအခြေပြု အဖွဲ့အစည်းများ အားလုံးနီးပါးသည် ထွက်ပြေး၊ သို့မဟုတ် ပုန်းအောင်းနေကြရသည်။
အဓိကကျသော နိုင်ငံတကာ ရာသီဥတု ရန်ပုံငွေအဖွဲ့ တခုဖြစ်သည့် Global Environmental Facility သည် အာဏာသိမ်းပြီးနောက် မြန်မာတွင် လုပ်ကိုင်ရသည့် နိုင်ငံရေးနှင့် လူမှုအန္တရာယ်များကို စိုးရိမ်သောကြောင့် မြန်မာမှ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်သည်။
အဓိကကျသော နိုင်ငံတကာ ရာသီဥတု ရန်ပုံငွေအဖွဲ့ တခုဖြစ်သည့် Global Environmental Facility သည် အာဏာသိမ်းပြီးနောက် မြန်မာတွင် လုပ်ကိုင်ရသည့် နိုင်ငံရေးနှင့် လူမှုအန္တရာယ်များကို စိုးရိမ်သောကြောင့် မြန်မာမှ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းလိုက်သည်။

မြန်မာကဲ့သို့ လွန်စွာထိခိုက်လွယ်သော နိုင်ငံတနိုင်ငံအတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လူတဦးချင်းအတွက် ဘဏ္ဍာရေး အထောက်အပံ့သည် ခံနိုင်ရည်ရှိသော နိုင်ငံများ၏ ၈၀ ပုံ တပုံသာရှိနေသည်။ ထိုသို့သော မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။
နိုင်ငံတကာ အကူအညီ
မြန်မာကဲ့သို့သော အခြေအနေတွင် လုပ်ကိုင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများသည် လက်တွေ့နှင့် ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကြရသည်။ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ နေထိုင်ရေး ရန်ပုံငွေအဖွဲ့အစည်းများနှင့် နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် နိုင်ငံအတွင်းသို့ ဝင်ခွင့်မရသောကြောင့် စစ်ကောင်စီကို အသိအမှတ်မပြုသင့်ပေ။
စနစ်ကျသော တာဝန်ခံမှုနှင့် တန်းတူညီမျှမှု အစီအမံများ မရှိဘဲ ဘက်လိုက်ပြီး အာဏာရှင်ဆန်သော အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေအောင် နေထိုင်ခြင်းကို လျော့ကျစေရုံသာမက ထိခိုက်လွယ်မှုကိုလည်း ပိုမိုမြင့်မားစေသည်။
ထိုသို့ လုပ်မည့်အစား နိုင်ငံတကာ အဖွဲ့အစည်းများအတွက် အာမခံချက် အရှိဆုံးဖြစ်ဖွယ်ရှိသော နည်းလမ်းမှာ နိုင်ငံတွင်းတွင် ဆက်လက်ကျန်ရှိနေသည့် လူမှုအခြေပြု အဖွဲ့အစည်းများနှင့် အဝေးရောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းရေးဖြစ်သည်။
ထိုအဖွဲ့အစည်းများသည် စိတ်အားထက်သန်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ နည်းပညာကျွမ်းကျင်မှု၊ ပြောင်းလဲနေသော ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများနှင့် လိုက်လျောညီထွေနေထိုင်ရန် ရင်းမြစ်လိုအပ်နေသည့် ထိခိုက်လွယ် ဒေသခံ ပြည်သူများအကြားတွင် ကြားခံ ဆက်သွယ်ပေးသူများအဖြစ် ဆောင်ရွက်နိုင်ကြသည်။
ထိုသို့သော ဝင်ရောက်ကူညီမှုများသည် မြန်မာတွင် အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေး အပြောင်းအလဲမရှိသမျှ ကာလပတ်လုံး အသေးစားကူညီမှုမျှသာ ဖြစ်နေမည်ဖြစ်သည်။ မြန်မာ၏ ဒီမိုကရေစီသို့ အပြန်ခရီးသည် မရေရာမှုများနှင့် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ လတ်တလောတွင် မြန်မာ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ထောက်ခံသူများ အနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို တုံ့ပြန်ရန် မြန်မာပြည်သူများ၏ အားထုတ်မှုများကို တောင့်တင်းစေရန်နှင့် ကူညီရန် တီထွင်ဆန်းသစ်သော နည်းလမ်းများကို ရှာကြရမည်ဖြစ်ပေသည်။
(Scroll မှ Kyungmee Kim ၏ Junta rule may worsen the impact of climate change in Myanmar ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ
ဥရုချောင်းဘေး ဒေသများ ကမ်းပြိုမည့်အန္တရာယ် ကြုံနေရ
MOGE ကို ပိတ်ဆို့အရေးယူရန် သမ္မတဘိုင်ဒင်ထံ ထပ်မံတောင်းဆို
ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဆို
တရုတ်ကြေးနီစီမံကိန်းများ ဆက်လုပ်ပါက တိုက်ခိုက်မည်ဟု PDF များ သတိပေး