ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြသည် ကရင်အမျိုး သားအစည်းအရုံး (KNU) မှ ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (Kaw Thoo Lei Army – KTLA) ကို တည်ထောင် ကြောင်း ဇူလိုင် ၁၆ ရက်တွင် ကြေညာခဲ့သည်။
ယင်းနေ့သည် ကရင့်တော်လှန်ရေးတွင် အရေးပါသည့် KNDO တည်ထောင်မှု ၇၅ နှစ်ပြည့်နေ့လည်း ဖြစ်သည်။
ကော်သူးလေတပ်မတော်တွင် စစ်ဦးစီးချုပ်တာဝန် ဆက်ယူထားသည့် ဗိုလ်ချုပ်နယ်ဒါးမြ လက်မှတ်ရေးထိုးပြီး ထုတ် ပြန်ထားချက်များအရ KTLA ၏ အဓိက ရည်ရွယ်ချက်မှာ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်း သွားရန် ဖြစ်သည်ဟု ဆိုသည်။
ကော်သူးလေထိန်းချုပ်နယ်မြေ၌ နေထိုင်သော ပြည်သူများနှင့် ကရင်လူမျိုးများ စစ်အာဏာရှင် ဖိနှိပ်ချုပ်ချယ်မှု အောက်မှ လွတ်မြောက်ပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေးပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်ခွင့်ရရှိရန် အပါအဝင် ကရင့်တော်လှန်ရေးလမ်းစဉ်ကို တည့်မတ်ရန်အတွက် ကော်သူးလေတပ် တည်ထောင်ရခြင်း ဖြစ်သည်ဟု လည်း ဖော်ပြထားသည်။
KTLA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လွှမ်းမိုးချုပ်နှောင်မှုမရှိသော တော်လှန် ရေးတပ်ဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့် ကရင့်လက်နက်ကိုင်အဖွဲ့များသာမက နယ်မြေဒေသ အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးစေရန် အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများ အပါအဝင် ပြည် တွင်းပြည်ပနှင့် နယ်စပ်ဒေသနေ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံး ကော်သူးလေတပ်၌ ပူးပေါင်းပါဝင်ကြရန်လည်း ဗိုလ်ချုပ်နယ်ဒါးမြက ဖိတ်ခေါ်ထားသည်။
ဗိုလ်ချုပ် နယ်ဒါးမြသည် ကွယ်လွန်သူ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဗိုလ်မြ၏ ဒုတိယမြောက်သားဖြစ်သည်။
ကော်သူးလေဆိုသည်မှာ ၁၉၄၀ နှောင်းပိုင်း ကရင့်တော်လှန်ရေးစတင်ကတည်းက ကရင်တိုင်းရင်းသားများ စုစည်း တည်ထောင်ရန် ကြိုးပမ်းခဲ့သည့် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ ပိုင်နက်နယ်မြေကို ဆိုလိုခြင်းဖြစ်ပြီး ကရင်ဘာသာ စကားအရ “အမှောင်ထုကင်းဝေးရာမြေ” ဟု အဓိပ္ပာယ်ရသည်။
ကော်သူးလေတပ်မတော် တည်ထောင်ရခြင်းနှင့် ပတ်သက်ပြီး ပိုမိုရှင်းလင်းစွာသိနိုင်ရန် ဗိုလ်ချုပ်နယ်ဒါးမြထံ ဧရာဝတီ က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကို ၎င်း ဖြေကြားထားချက်အရမူ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းရာတွင် KNU ခေါင်းဆောင်အချို့၏ အခြေအနေများကြောင့် ရှေ့ဆက်အလုပ်လုပ်ရန် အခက်အခဲ ရှိလာသဖြင့် ကော်သူးလေတပ် တည်ထောင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ တပ်ဖွဲ့အသစ် ဖွဲ့စည်းလိုက်ရခြင်းမှာ KNU အတွင်း အကွဲအပြဲဖြစ်ပေါ်စေလိုခြင်း မဟုတ်သလို မိခင်အစည်း အရုံးဖြစ်သည့် KNU နှင့် မိမိလူမျိုးများအပေါ် ဆန့်ကျင်ခြင်းလည်း မဟုတ်ကြောင်း ဗိုလ်ချုပ်နယ်ဒါးမြက ဆိုသည်။
ဗိုလ်ချုပ်နယ်ဒါးမြ ကွပ်ကဲသည့် ကော်သူးလေတပ်တွင် ဗိုလ်မှူးစလုံး ဦးဆောင်သည့် KNDO အထူးကွန်မန်ဒိုတပ်ရင်း (၁) အပါအဝင် ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သည့် Venom စစ်ကြောင်း၊ KNDO မှ ဗိုလ်ကြီးစောအယ်ဆေးဝါး ဦးဆောင်သည့် တပ်ရင်း၊ တနင်္သာရီတိုင်းအခြေစိုက် ဗိုလ်ကြီးကော်လာဖိုး ဦးဆောင်သည့် KNDO အထူးတပ်ရင်းနှင့် ခွဲထွက် DKBA အဖွဲ့မှ ဗိုလ်မှူးစောကျော်သက် ဦးဆောင်သည့်တပ်ဖွဲ့တို့ ပါဝင်ကြောင်း သိရှိရသည်။
Venom စစ်ကြောင်းမှ ဗိုလ်မှူးစောဝင်းမြင့်က ဗိုလ်ချုပ်နယ်ဒါးမြသည် မှန်ကန်သည့် တော်လှန်ရေးလမ်းကြောင်းကို သွားနေသဖြင့် ၎င်း၏ ဦးဆောင်မှုနောက်သို့ လိုက်ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကော်သူးလေတပ် တည်ထောင်လိုက် သဖြင့် KTLA နှင့် KNU လက်အောက်ခံ KNLA၊ KNDO တပ်များကြား ထိပ်တိုက်တွေ့သည့် ပဋိပက္ခများ ရှိလာလိမ့်မည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးစောဝင်းမြင့်က “KNU ကတော့ နိုင်ငံရေးကိစ္စ စည်းနဲ့ဘောင်နဲ့သွားရတာတွေ ရှိမယ်။ ကျနော်တို့က တော်လှန်ရေးသီးသန့်ပဲဖြစ်တော့ လမ်းနည်းနည်းကွဲတာပဲ ရှိမယ်။ ကြီးကြီးမားမား ကွဲပြားမှုတော့ မရှိပါဘူး။ အခုကတော့ ဗိုလ်ချုပ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တခု ချလိုက်တာပေါ့။ ကျနော်တို့အတွက် တချို့အပိုင်းတွေ အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားနိုင်တယ်။ တချို့နေရာ သွားလာရတာတွေက အထက်အမိန့်နဲ့ ရှိတယ်လေ။ အခုကတော့ ဗိုလ်ချုပ်နယ်ဒါးက ကျနော်တို့ကို တိုက်ရိုက်ညွှန်ကြားလို့ ရသွားတာပေါ့။ အရင်ကထက်စာရင် ကျနော်တို့ရဲ့ တော်လှန်ရေးကို အများကြီး လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်” ဟု ရှင်းပြသည်။
၎င်းက ဆက်၍ “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်မှု ရှိပါတယ်။ ချိတ်ဆက်ပြီးတော့ သွားမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်း နိုင်ငံရေးပိုင်းက နားမလည်တဲ့ အရာတွေဆိုတော့ သူတို့ကိုပဲ အားကိုးပြီးသွား ရမှာပေါ့” ဟု ဆိုသည်။
ကော်သူးလေတပ် ပေါ်ပေါက်လာပြီး ၃ ရက်အကြာ ဇူလိုင် ၂၀ ရက်တွင်မူ KNU ဗဟို အပါအဝင် KNU လက်အောက်ရှိ KNLA ဗဟိုစစ်ဦးစီးဌာနချုပ်တို့က ကော်သူးလေတပ်တည်ထောင်ခြင်းကို လက်မခံနိုင်ကြောင်းနှင့် အသိအမှတ်မပြု ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်လာသည်။
KNLA ဗဟိုစစ်ဦးစီးဌာနချုပ်က ကော်သူးလေတပ်မတော်ကို ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေး လိုအပ်ချက်အရ ၁၉၅၆ တွင် ဖွဲ့စည်းခဲ့ပြီး နှစ်စဉ် ဇူလိုင် ၅ ရက်ကို ကော်သူးလေတပ်မတော်နေ့အဖြစ် ကျင်းပခဲ့ကြောင်း ဆိုသည်။
စောနယ်ဒါးမြက ၂၀၂၂ ဇူလိုင် ၉ ရက်တွင် ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်သည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ထွက်ပေါ်လာသဖြင့် KNLA အပါအဝင် KNDO အနေဖြင့် လုံးဝ ယုံကြည်လက်ခံမှု မပြုနိုင်ကြောင်း KNLA ဗဟိုစစ်ဦးစီး ဌာနချုပ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စောနယ်ဒါးမြ တည်ထောင်လိုက်သည့် ကော်သူးလေတပ်သည် KNU၊ KNLA နှင့် မပတ်သက်သလို ၎င်း၏ လုပ် ရပ်များသည်လည်း KNU နှင့် မသက်ဆိုင်တော့ကြောင်း၊ ၎င်းအား KNU မှ ထုတ်ပယ်ကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။
စောနယ်ဒါးမြသည် KNU ၌ KNDO စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း အဖွဲ့အစည်း ခေါင်းဆောင် တဦး အနေဖြင့် လိုက်နာရမည့် စည်းကမ်းဝတ္တရားများကို ချိုးဖောက်သောကြောင့် မကြာခဏ တည့်မတ် ပေးခဲ့ရကြောင်းနှင့် KNU ၏ တရားစီရင်ရေးဘောင်အတွင်း စစ်ဆေးရေးလုပ်ငန်းစဉ်များအပေါ် ထိခိုက်စေခဲ့သူ ဖြစ်ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ဗိုလ်ချုပ်နယ်ဒါးမြက ကော်သူးလေတပ်ကို တည်ထောင်လိုက်ရာ ၎င်း၏တပ်သည် မည်သည့်ဒေသတွင် အခြေစိုက်မည်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေကြောင်း ကရင်ပြည်နယ်တောင်ပိုင်းအခြေစိုက် KNU အဆင့် မြင့်အရာရှိတဦးက ပြောသည်။
၎င်းက “အခုကလည်း တပ်မဟာ ၆ နယ်ထဲမှာပဲပေါ့။ ဒါကြောင့် သူတို့က အသစ်ထောင်လိုက်ပြီဆိုတော့ သူ့ရဲ့ အခြေခံ ဒေသက ဘယ်နေရာမှာလဲဆိုတာက မေးစရာမေးခွန်းပေါ့။ အခုက မိတ်အနေနဲ့ဆိုတော့ သူနေကိုယ်နေ အနေအထား ပေါ့။ တကယ်လို့ ခွဲထွက်လိုက်ပြီဆိုတော့ သူဘယ်မှာနေမှာလဲ။ ဒေသခံတွေကလည်း သူ့ကို ဘယ်လောက်လက်ခံမှာ လဲဆိုတာ အပေါ်မှာလည်း မူတည်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် KNU လက်အောက်ခံတပ်များနှင့် ကော်သူးလေတပ်ကြား ပဋိပက္ခဖြစ်ခြင်းမဖြစ်ခြင်းသည် ကော်သူးလေတပ်က KNU ၏ စည်းမျည်းစည်းကမ်းများကို မည်မျှအထိနားထောင်ပြီး နှစ်ဖက်စကားပြောကြရာတွင် အဆင်ပြေမပြေအပေါ် မူတည်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။
ကရင်ပြည်နယ်တပ်မဟာ ၆ နယ်မြေထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်များကို စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသော ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောကလည်း ယခုကဲ့သို့ ကော်သူးလေတပ် ဖွဲ့စည်းလိုက်သည့်အပေါ် မထောက်ခံကြောင်း ဇူလိုင်လ ၂၃ ရက်တွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရုပ်သံဖြင့်ပြောကြားထားသည်။
၎င်းက “ကျနော်တို့အနေနဲ့ကတော့ ထောက်ခံစရာ အကြောင်းကို မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ပုဂ္ဂိုလ်ရေးပဲ သွားတာ။ စစ်သားတယောက်ဟာ စစ်ရဲ့ ဥပဒေ စစ်ရဲ့ ကျင့်ဝတ်ကို နားလည်ရမယ်။ ဒါတွေကို ပြန်ကြည့်ရင် ဘာကြောင့် အခုလို သီးခြားဖွဲ့စည်းလိုက်သလဲဆိုတာ သိနိုင်ပါတယ်။ စစ်သားတယောက်က စစ်ရာဇဝတ်မှု ကျူးလွန်တာရှိရင် စစ်က ပေးတဲ့ အပြစ်ဒဏ်ကို ခံရမယ်။ စစ်ကပေးတဲ့ အပြစ်ဒဏ်ကို မခံဘဲနဲ့ ဒါကို သီးခြား ပုဂ္ဂိုလ်ရေးအရ ဖွဲ့စည်းပြီး ပုတ်ခတ်တာတွေ ကိုတော့ လုံးဝ မဖြစ်သင့်ဘူး” ဟုဆိုသည်။
ယခုကဲ့သို့ ဗိုလ်ချုပ်နယ်ဒါးမြက KNU မှ ခွဲထွက်၍ ကော်သူးလေတပ် တည်ထောင်လိုက်ခြင်းသည် ကရင်အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုပြသသည့် လက္ခာဖြစ်သဖြင့် အရှက်ရမိကြောင်း ဗိုလ်ဒါဘောက ပြောသည်။
ကရင်ပြည်နယ် မြောက်ပိုင်းအခြေစိုက် KNU ခေါင်းဆောင်တဦးကမူ KNU တွင် NCA လက်မှတ် မထိုးရသေးခင် ကတည်းက လက်မှတ်ရေးထိုးခြင်းအား ထောက်ခံသည့် အစုအဖွဲ့နှင့် မထောက်ခံသည့်အစုအဖွဲ့ဟူ၍ သဘောထား ကွဲလွဲမှုရှိခဲ့ပြီး ဗိုလ်မှူးချုပ်နယ်ဒါးမြသည် NCA လက်မှတ်ထိုးခြင်းကို မထောက်ခံသူတဦး ဖြစ်ကြောင်း ရှင်းပြသည်။
NCA ကို မထောက်ခံရခြင်းမှာ NCA သည် စစ်တပ်အာဏာမြဲရေး အားပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်စေရန် ခင်းကျင်းထားသော ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်၍ “တချို့သော ခေါင်းဆောင်တွေ အနည်းအကျဉ်းက NCA လမ်းကြောင်းကို ဆက်ပြီးကိုင်သွားရ မယ်ဆိုတာ ရှိနေတယ်။ အဲဒီအတွက်ကြောင့် KNU နယ်မြေမှာ တိုက်ပွဲတွေဖော်တဲ့နေရာမှာ အခက်အခဲတွေ ရှိခဲ့တယ် လို့ ကျနော်မြင်တယ်။ တပ်မဟာ ၆ နယ်မြေမျိုးပေါ့။ တပ်မဟာ ၅ လို နယ်မြေကတော့ NCA ထိုးတုန်းကလည်း သူတို့ ကိုယ်တိုင်မပါဘူး။ တိုက်ပွဲတွေလည်း ၂၀၁၅ ကနေ ဒီဘက်အထိကို ဖြစ်နေတာပေါ့။ ဒါပေမဲ့ ထူးခြားချက်က တပ်မဟာ ၆ မှာက ဗဟိုနဲ့လည်းနီးစပ်တဲ့၊ NCA ကို ပိုပြီးသဘောကျတဲ့ ခေါင်းဆောင်တွေ ရှိတဲ့အခါကျတော့ အဲဒီနေရာမှာ တိုက် ပွဲဖြစ်ဖို့က တော်တော်လေး ခက်ခဲခဲ့တယ်လို့ ကျနော်ယူဆတယ်” ဟု ရှင်းပြသည်။
ထို့ပြင် NUG ၏ လမ်းညွှန်မှုဖြင့် PDF များအား မြန်မာနိုင်ငံ တောင်ပိုင်းဒေသမှလူငယ်များက ဖွဲ့စည်းတည်ထောင်လာ ကြသောအခါ ယင်း PDF တပ်ရင်းများသည် တပ်မဟာ ၅ နယ်မြေတွင် ပိုမိုစုဝေးကြလိမ့်မည်ဟု KNU ခေါင်းဆောင် အချို့က မျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့၌မူ KNU တပ်မဟာ ၆ နယ်မြေတွင်သာ PDF လူငယ် အလုံးအရင်း စုစည်းမိခဲ့ကြကြောင်း ၎င်းက ဆိုသည်။
ထိုအခါ အာဏာသိမ်း စစ်ကောင်စီတပ်သည် တပ်မဟာ ၆ နယ်မြေရှိ PDF များကို KNU နှင့် ခွဲခြားကာ ဖြိုခွဲနှိမ်နင်း နိုင်ရန် KNU ခေါင်းဆောင်များနှင့် ဆွေးနွေးနိုင်ရေး အကြိမ်ကြိမ်ချည်းကပ်ခဲ့သော်လည်း KNU ခေါင်းဆောင် အများ စုက တွေ့ဆုံဆွေးနွေးရေးကို ပယ်ချခဲ့ကြောင်း ကရင်ပြည်နယ်မြောက်ပိုင်းအခြေစိုက် KNU ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “နောက်ပိုင်းမှာ တိုက်ပွဲတွေက တပ်မဟာ ၅ ထက် တပ်မဟာ ၆ ဘက်မှာ ပိုအဖြစ်များလာပြီး စစ်ကောင်စီဘက်က အသေအပျောက်များလာတာ တွေ့ရတယ်။ အဲဒီဟာရဲ့ အခြေခံအကြောင်းအရင်းက ဗိုလ်ချုပ်နယ်ဒါးမြရဲ့ ဦးဆောင်မှု တစိတ်တပိုင်းပါတယ်လို့ ပြောလို့ရတယ်။ အဲဒီတုန်းက KNDO နာမည်နဲ့ တိုက်ပွဲဖော်တာဖြစ်ပြီး နောက်ပိုင်းမှာ DKBA တို့၊ တခြားတပ်ဖွဲ့တွေလည်း ပါလာကြတာပေါ့။ အဲဒီအခြေအနေကြားမှာ စစ်ကောင်စီဘက်က စစ်ရေးအရ အတော်လေး အထိနာလာတယ်။ စစ်တပ်ကမြင်တာက ဗိုလ်ချုပ်နယ်ဒါးမြဟာ အဲဒီရာထူးနဲ့တာဝန်ကို ရှိနေမယ်ဆိုရင် တိုက်ပွဲ တွေက ဆက်ဖြစ်လိမ့်မယ်။ ဒါတွေကို ထိန်းနိုင်မှာမဟုတ်ဘူးလို့ မြင်တယ်” ဟု ရှင်းပြသည်။
ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ရှိ KNDO တပ်ဖွဲ့ဝင်များသည် ၂၀၂၁ မေလအတွင်း မြဝတီခရိုင်၊ ဝေါ်လေမြို့၊ ကနဲ လေးကျေးရွာနှင့် မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ အရပ်သား ၂၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သတင်းပေးများ ဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့သည်။
အဆိုပါ သတ်ဖြတ်မှုနှင့် ပတ်သက်၍ ထိုစဉ်က ဗိုလ်မှူးချုပ်အဖြစ် KNDO တွင် တာဝန်ထမ်းနေသော စောနယ်ဒါးဘိုမြ နှင့် ဗိုလ်ကြီးစောဘာဝါးကို KNU ၏ စစ်ဘက်စည်းမျည်းစည်းကမ်းများအား ချိုးဖောက်သည်ဟုဆိုကာ KNU က ၂၀၂၂ ဇန်နဝါရီလတွင် တာဝန်မှ အပြီးတိုင် ရပ်စဲခဲ့သည်။
ထို့ပြင် KNDO ယာယီစစ်ဦးစီးချုပ်အဖြစ် ဒု- စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးစောရှီးလေကို အစားထိုး ခန့်အပ်ခဲ့သည်။
ဗိုလ်မှူးချုပ်နယ်ဒါးမြကို KNU ဗဟိုက တာဝန်မှ အပြီးရပ်ဆိုင်းပစ်လိုက်ခြင်းသည် KNU အပေါ် စစ်ကောင်စီတပ်၏ ဖိအားပေးမှုများကြောင့် ဖြစ်နိုင်ကြောင်း ကရင်ပြည်နယ်မြောက်ပိုင်းအခြေစိုက် KNU ခေါင်းဆောင်တဦးက သုံးသပ် ပြောဆိုသည်။
ဗိုလ်မှူးချုပ်စောနယ်ဒါးမြကလည်း KNU ဗဟိုက ၎င်းတို့ ၂ ဦးအပေါ် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် လက်မခံ နိုင်ကြောင်း ၂၀၂၁ ဇူလိုင် ၁၁ ရက်တွင် သဘောထားကြေညာချက်တစောင် တန်ပြန်ထုတ်ခဲ့သည်။ ယင်းနောက်ပိုင်း ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ၎င်း၏ အမိန့်ကိုသာနာခံသည့် တပ်ဖွဲ့ဝင်များနှင့်သာ နေထိုင်လှုပ်ရှားလာခဲ့ ကြောင်း KNU ခေါင်းဆောင်အချို့က ဆိုသည်။
ကရင်ပြည်နယ်မြောက်ပိုင်းအခြေစိုက် KNU ခေါင်းဆောင်တဦးက “တိုက်တိုက်ဆိုင်ဆိုင်ပဲ KNDO ဖွဲ့စည်းခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဗိုလ်မှူးချုပ်နယ်ဒါးမြက အတိအလင်း ကြေညာလိုက်တယ်။ KNU ကနေထွက်ပြီး ကော်သူးလေအာမီဆိုပြီး ရပ်တည်တော့မယ်လို့ ပြောလိုက်တယ်။ တဆက် တည်းမှာပဲ KNU ဗဟိုဘက်ကလည်း KNDO ရဲ့ ခေါင်းဆောင်ဟာ ဗိုလ်မှူးချုပ်စောရှီးလေသာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြခဲ့တယ်။ သူ မိန့်ခွန်းပြောတယ်။ အဲဒီ အခြေအနေတွေကပဲ အခုလို အနေအထားကို တွန်းပို့လိုက်တယ်လို့ပဲ ပြောရပါမယ်” ဟု ပြောသည်။
ဗိုလ်မှူးချုပ်နယ်ဒါးမြ တည်ထောင်သည့် ကော်သူးလေတပ်သည် မိခင် KNU အဖွဲ့အစည်းနှင့် ထိတွေ့ပစ်ခတ်သည့် တိုက်ပွဲများ ဖြစ်လာနိုင်စရာ အခြေအနေ နည်းကြောင်းလည်း ၎င်းက သုံးသပ်သည်။
၎င်းက “အရင် DKBA တို့ဘာတို့ ခွဲထွက်တယ်ဆိုတာက ရန်သူနဲ့ပေါင်းပြီး KNU ကို တိုက်တာ ဖြစ်တယ်။ အခုက စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်တိုက်တဲ့ ဘက်တဘက်တည်းမှာပဲ သဘောထားမတူတာ ဖြစ်တဲ့အတွက် ပဋိပက္ခဖြစ်လိမ့်မယ်တော့ မထင်ဘူး” ဟု ဆိုသည်။
တိုင်းရင်းသားအရေးလေ့လာသူတဦးကလည်း ဗိုလ်မှူးချုပ်နယ်ဒါးမြ ဦးစီးပြီး ကော်သူးလေတပ် တည်ထောင်ခြင်းသည် ၎င်းအား မိခင် KNU အဖွဲ့အစည်းက ရာထူးမှရပ်ဆိုင်းလိုက်သည့်ကိစ္စအပေါ် မကျေနပ်ရာက အစပျိုးခဲ့ခြင်း ဖြစ်နိုင် ကြောင်း ဆိုသည်။
၎င်းက “သူကလည်း အရေးယူမခံနိုင်ဘူး၊ ဖယ်ရှားမခံနိုင်ဘူးဆိုပြီးတော့ တပ်မဟာ ၆ ထဲမှာ သူ့ဩဇာခံတပ်တွေနဲ့ ဆက်တိုက် နေတာပေါ့။ တိုက်နေရင်းနဲ့ KNU ဘက်ကလည်း ဖိအားပေးလာတယ်။ KNDO စစ်ဦးစီးချုပ်ကလည်း အသစ်ခန့်ထားတဲ့ အောက်မှာ သူကထွက်ပြီးတော့ ကော်သူးလေတပ်မတော်ဆိုပြီး တည်ထောင်တာပေါ့။ စစ်ကောင်စီနဲ့ တိုက်နေတဲ့ ကာလမှာတော့ KNU နဲ့ နယ်ဒါးမြတို့ရဲ့ ကော်သူးလေတပ်မတော်ကြား ပဋိပက္ခရှိမယ်လို့တော့ မထင်ဘူး။ သူတို့ ရှောင်ရှားကြမယ် ထင်ပါတယ်။ သို့သော်လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ အကွဲကွဲအပြားပြား ဖြစ်တာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။ ။