ဆောင်းပါး

အတုယောင် တရားရုံးကို အသုံးချ၍ သတ်ဖြတ်ခဲ့သော ဥပဒေမဲ့ လူသတ်မှု

ဒီမိုကရေစီလိုလားသူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား အာဏာသိမ်းစစ် ကောင်စီက ၎င်းတို့ဖန်တီးထားသည့် တရားစီရင်ရေးယန္တရားအသုံးပြုကာ ကွပ်မျက်သတ်ဖြတ်လိုက်ခြင်းသည် လူသားဖြစ်တည်မှုကို ဆန့် ကျင့်သည် ကြီးမားသည့်ရာဇဝတ်မှု ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင် ဦးအောင်ထူးက ထောက်ပြပြောဆိုသည်။

ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့်နှင့် ပွင့်လင်းမြင်သာမှုမရှိသည့် စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ် ကွပ်မျက်ခဲ့သည့် စစ်ကောင်စီက ၎င်းတို့ လေးဦးအား ပြစ်ဒဏ်စီရင်ပြီးပြီဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ကြေညာခဲ့သည်။

တရားစီရင်ရေးယန္တရားအား အသုံးချကာ စနစ်တကျ လူသတ်မှုကျူးလွန်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)က ကိုင် တွယ်ကျင့်သုံးသည့် ရောမဥပဒေစာချုပ် (Rome Statute) ပါ လူသားဖြစ်တည်မှုကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုသတ်မှတ်ချက်များနှင့် ကိုက်ညီနေသည်ဟု ဦးအောင်ထူးက ပြောသည်။

“လူသားဆန့်ကျင်မှုကို သတ်ဖြတ်တဲ့နေရာမှာ သုံးတယ်၊ ကျယ်ကျယ်ပြန့်ပြန့်သုံးတယ်၊ စနစ်တကျသုံးတယ်ဆိုရင် Crimes Against Humanity ပဲ၊ ဒါဟာလူသားဆန့်ကျင်မှုပဲ။ ကျယ်ကျယ်ပြန့်ပြန့်သုံးတယ်ဆိုတာ မြန်မာနိုင်ငံမှာ အခုထင်ရှားလာပြီ။ ၁၁၇ ဦးကို သေဒဏ် ပေးထားတယ်လို့ကြားရတယ်၊ ဒါကအရေအတွက်နော်၊ နောက်ပြီး တပြည်လုံးကို အကြောက်တရားဖန်တီးလိုက်တာက သူ့ရဲ့အနှစ်သာရ ဖြစ်တယ်။ ဒါကြောင့် ဒီသေဒဏ်ကို လူသတ်တာကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်တယ်ဆိုတာ ပေါ်လွင်တယ်။ နောက်တခုက စနစ်တကျ ကျူးလွန်တယ်ဆိုတာပါတယ်။ တရားစီရင်ရေး ယန္တရားကိုကိုင်ပြီး ကျူးလွန်တာ စနစ်တကျ ကျူးလွန်တာပဲ” ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ အလားသဏ္ဍန်တူသည့် ပြည်သူများအပေါ် တရားစီရင်ရေးယန္တရားအသုံးပြုကာ စနစ်တကျ စီစဉ်ကွပ်မျက်ခဲ့သည့် ကျူးလွန်မှု မှာ ယခင်က အီရတ်နိုင်ငံ၏ စစ်အာဏာရှင်ဖြစ်သူ ဆတ်ဒမ်ဟူစိန် ကျူးလွန်ခဲ့ဖူးသည်။

အီရတ်တွင် ဆတ်ဒမ်ဟူစိန် အာဏာလွှမ်းမိုးစဉ် ပြည်သူတရာကျော်အား သံသယဖြင့် ၎င်းဖန်တီးတည်ထောင်ထားသည့် တရားရုံးများတွင် တရားစွဲဆိုကာ သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။

ယင်းအချက်နှင့် ပတ်သက်ပြီး ၎င်းအား အာဏာဖြုတ်ချပြီး ဖမ်းဆီးခံရချိန်တွင် အီရတ်တရားရုံးတော်မှ ဆတ်ဒမ်ဟူစိန်အနေဖြင့် အတု အယောင်တရားရုံးများဖြင့် တရားစီရင်ရေးယန္တရားအား အသုံးချကာ ပြည်သူများအား စနစ်တကျ စီစဉ်သတ်ဖြတ်ခဲ့မှုအတွက် ပြန်လည်၍ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီလိုအခြေအနေမျိုးဟာ မင်းအောင်လှိုင်တို့လို စစ်ခေါင်းဆောင်တွေ ကြိမ်းသေတွေ့ဖို့ အခြေအနေရှိတယ်။ အဲဒီလိုမျိုး ရင်ဆိုင်ဖို့ကိုလည်း လူထုက ကြိုးစားသင့်တယ်လို့ မြင်ပါတယ်” ဟုလည်း ဦးအောင်ထူးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းကတည်းကပင် ၎င်းတို့ကိုင်တွယ် အသုံးချနေသည့် ၂၀၀၈ အခြေခံဥပဒေကိုပင် ကျော်လွန် ချိုးဖောက်ကာ သမ္မတအား ဖမ်းဆီးပြီး နိုင်ငံ့အာဏာကို သိမ်းပိုက်ထိန်းချုပ်ရန် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ကြိုးပမ်းနေသော်လည်း လူထုကလက်မခံဘဲ ဆန့် ကျင်တော်လှန်နေသည့်အပြင် ကုလသမဂ္ဂကလည်း စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုပေ။

အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြသည့် ဒီမိုကရေစီလိုလားသူများအား ဖိနှိပ်ရန် ရည်ရွယ်တည်ထောင်ထားသည့် စစ်ခုံရုံများနှင့် တရားစီ ရင်ရေးယန္တရားအား အတုအယောင်တရားစီရင်ရေးအဖြစ် ပြည်တွင်းပြည်ပက ယုံကြည်လက်ခံခြင်းမရှိပေ။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးအား သေဒဏ်ပေးခဲ့ခြင်းမှာလည်း စစ်ကောင်စီက ဖန်တီးထားသည့် ရန်ကုန်တိုင်းစစ်တိုင်းမှူး ညွန့်ဝင်းဆွေဦးစီးသည့် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ကွပ်မျက်သတ်ဖြတ်ရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့နှင့် အတူ သေဒဏ် စီရင်ခံခဲ့ရသည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်

ထိုအချက်သည်ပင်လျှင် အရပ်သားပြည်သူများအပေါ် သေဒဏ်နှင့် ပတ်သက်ပြီး တရားဝင်ရွေးကောက်တင်မြှောက်ခံရသည့် နိုင်ငံတော် သမ္မတကသာ ပယ်ဖျက်ခွင့်၊ အတည်ပြုခွင့်ရှိသည့် ဥပဒေပြဌာန်းကို ကျော်လွန်ကာ စစ်ခေါင်းဆောင်က အာဏာအလွှဲသုံးစားလုပ်ပြီး လူ့အခွင့်အရေးအရ အကြီးမားဆုံးသော ပြစ်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ထောက်ပြသည်။

“ဥပဒေနဲ့မညီဘဲနဲ့ ဒီလိုစီရင်တယ်ဆိုတာဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)အရ ကြိုတင်ကြံစည်၊ ကြံရွယ်ချက်နဲ့ လူသတ်မှုကျူးလွန် ရာ ရောက်တယ်၊ ဥပဒေကို လုံးဝမလေးစားတော့ဘူး၊ ငါတို့လုပ်ချင်ရာလုပ်တယ်ဆိုပြီးတော့ ခွေးကို ချောင်ပိတ်တဲ့အခါ ပြန်ကိုက်သလို ပြန်ကိုက်လိုက်တဲ့ လုပ်ရပ်ပဲ” ဟု ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က ပြောသည်။

တရားဝင် လူထုရွေးကောက်တင်မြှောက်သည့် အစိုးရမဟုတ်သော စစ်ကောင်စီအနေဖြင့် သေဒဏ်ချမှတ်ခွင့် မရှိသကဲ့သို့ ပြည်သူတဦး အား သေဒဏ်ထိုက်သည့် စွပ်စွဲတရားစွဲဆိုမှုတွင် ရှေ့နေမပါရှိဘဲ ‌ပြစ်ဒဏ်ချခြင်းမှာလည်း ဥပဒေနှင့်ညီညွှတ်မှုမရှိသည့်အတွက် မူလကပင် ပျက်ပြယ်ကြောင်းလည်း ၎င်းက ထောက်ပြသည်။

ယင်းအပြင် သေဒဏ်ပေး ကွပ်မျက်ရာတွင်လည်း စစ်ကောင်စီအနေဖြင့် တည်ဆဲအကျဉ်းထောင်လက်စွဲဥပဒေပါ အချက်များအား ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး သက်ဆိုင်သူများအား ကြိုတင်အသိပေးအကြောင်းမှုမရှိခြင်း၊ ရုပ်အလောင်း ပြန်ရရန်တောင်းဆိုသော မိသားစုများအား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ဖျောက်ဖျက်ခြင်း၊ မည်သည့်နေရက်၊ အချိန်တွင် ကွပ်မျက်သည်ကို ဖုံးကွယ်အစဖျောက် ထားခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ကွပ်မျက်ခံရသူများအနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် မိသားစုဝင်များနှင့် ဖမ်ဆီးခံရပြီးနောက် ပထမဆုံးအ ကြိမ်အနေဖြင့် ဗီဒီယိုကွန်ဖရန်းဇင်းနည်းအရ တီဗွီဖန်သားပြင်ကတဆင့်သာ တွေ့ဆုံခွင့်ရခဲ့သည်။ ထိုအထဲတွင် ကိုလှမျိုးအောင်သည် အခြားသူများနည်းတူ တွေ့ဆုံခွင့်ပင်မရခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

“အခုက ရိုးရိုးထောင်ဝင်စာပေးတွေ့သလို ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ပေးတွေ့တာ၊ တကယ်ကျတော့ လူကိုယ်တိုင်တွေ့ရမယ်လို့ အကျဉ်းထောင် လက်စွဲဥပဒေက အတိအကျဆိုထားတာ။ အခုအဲဒီလိုမဟုတ်ဘဲ အခုမှ ထောင်ဝင်စာကို ပေးတွေ့ခွင့်ပြုသလိုလို၊ စပြီးတော့ အကျဉ်းသား အခွင့်အရေးပေးသလိုပြောပြီး လိမ်ပြီးတော့ ကြိုးပေးပစ်တယ်။ ဒါကြောင့် ထောင်ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီဆိုတာ လုံးဝမမှန်ကန် ဘူးလို့ ပြောချင်တယ်” ဟု ရှေ့နေတဦးက ပြောသည်။

အကျဉ်းထောင်လက်စွဲဥပဒေတွင် သေဒဏ်ကွပ်မျက်ခံရသူ၏ ရုပ်အလောင်းအား အထူးအကြောင်းတစုံတရာကြောင့် မိသားစုထံ ပြန်မ ပေးခဲ့ပါကလည်း“ မြုပ်နှံသော သင်္ချိုင်းမြေနေရာများတွင် သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့် နေရက်တို့ကို မှတ်သား ထားရှိရမည်” ဟု ပြဌာန်းထားသော်လည်း စစ်ကောင်စီသည် ဥပဒေချိုးဖောက်ကာ ဖုံးကွယ်အစဖျောက်ထားသည့်အတွက် မိသားစုဝင်များ မှာ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ ဆွမ်းသွပ်အမျှဝေရန်ပင် အခက်တွေ့နေကြရသည်။

စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဒါလူသတ်မှုကျူးလွန်တာပဲ၊ သူတို့က တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရမဟုတ်ဘူး၊ သူတို့မှာ ဒါမျိုးလုပ်ခွင့်မရှိဘူး။ အခုလို လူသတ်အလောင်းဖျောက်တဲ့လုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်သာဖြစ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်လိုက်တာဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။

အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သေဒဏ်ကွပ်မျက်စီရင်ခြင်းသည့် ဥပဒေနှင့်အညီ ထိုက်သင့် သည့် ပြစ်ဒဏ်ပေးခြင်းသာဖြစ်ကြောင်းနှင့် အလောင်းထုတ်ပေးခြင်းမပေးခြင်းမှာ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက် သာဖြစ် ကြောင်း ယနေ့ဇူလိုင် ၂၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့အား ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ လက်နက်များနှင့် အတူ ဖမ်းဆီးမိခဲ့ပြီး ၎င်းတို့၏ စီစဉ်ဦးဆောင် မှုဖြင့် သတ်ဖြတ်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သေဒဏ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

ယင်းအပြင် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှစ်ဦးမှာလည်း လှိုင်သာယာမြို့နယ်အတွင်း၌ ၂၀၂၁ ခုနှစ် မတ်လ အတွင်းက အမျိုး သမီးတဦးအား စစ်တပ်သတင်းပေးဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟုစွပ်စွဲကာ သေဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းတို့အား ကွပ်မျက်သတ်ဖြတ်ခြင်းမပြုမီ နိုင်ငံတကာလူ့အခွင့်အရေးပြဌာန်းများကို ချိုးဖောက်ရာရောက်သည့် သေဒဏ်ပေးမှုကို လုပ် ဆောင်ခြင်းမပြုရန် ကုသမဂ္ဂနှင့် အာဆီယံဥက္ကဌတို့အပါအဝင် နိုင်ငံတကာက သတိပေးမေတ္တာရပ်ခံခဲ့သော်လည်း စစ်ကောင်စီသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့အား သတ်ဖြတ်လိုက်ပြီဖြစ်သည်။

ယင်းအတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာက အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြပြီး ရက်စက်ကြမ်းကြုတ်သော လူသတ်မှုအတွက် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုအား ဥပေက္ခာပြုလျစ်လျူရှုသည့် စစ်အာဏာရှင် စရိုက်လုပ်ရပ်ကို ပြသခြင်းပင်ဖြစ်ကြောင်း အပြစ်တင်ခဲ့ကြသည်။

“စစ်အာဏာရှင်အဖွဲ့၏ ဟန်ပြတရားစီရင်မှုများနှင့် ယခုကွပ်မျက်မှုများသည် ဒီမိုကရေစီ ဆိတ်သုဉ်းစေရန် ဗြောင်ကျကျကြိုးပမ်းမှုများ ဖြစ်ပြီး ယခုကဲ့သို့လုပ်ဆောင်မှုများဖြင့် ရဲရင့်သော မြန်မာပြည်သူများ၏ စိတ်ဓာတ်ကို မည်သည့်အခါမှ ချိုးနှိမ်နိုင်မည်မဟုတ်ပါ” ဟု အ မေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)ရဲ့ အာရှဒေသဒါရိုက်တာ Elaine Pearson ကလည်း စစ်ကောင်စီအနေဖြင့် ကွပ်မျက်မှုအား မိသားစုဝင်များထံသို့ အသိပေးအကြောင်းကြားရန် ပျက်ကွက်ခဲ့သည့်အပြင် တရားမျှတမှုမရှိသည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ် တခုသာဖြစ်ကြောင်း ပြောသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်နှင့် အခြားသောနိုင်ငံများအနေဖြင့်လည်း စစ်ကောင်စီ၏ လူ့အသက်အပေါ် လျစ်လျူရှုသည့် ကျူးလွန်များ၏ နောက်ဆက်တွဲခံစားရမည့် အကျိုးဆက်များသိရှိအောင် လုပ်ဆောင်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ကိုလည်း ချက်ခြင်းအစီအမံများဖြင့် တောင်းဆိုဆောင်ရွက်ကြရန်လည်း HRW က တိုက်တွန်းခဲ့သည်။

လက်ရှိ စစ်ကောင်စီလက်အောက်တွင် သေဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၇၆ ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထား ရသူမှာ ၄၁ ဦးရှိသည့်အတွက် စုစုပေါင်းသေဒဏ်ချမှတ်ခံထားရသူ ၁၁၇ ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်းက ကြေညာထားသည်။ ထိုဒေသချမှတ်ခံထားရသူများထဲတွင် အသက်မပြည့်သေးသူများလည်း ပါဝင်နေသည်။

Loading