စစ်တပ်သာ အာဏာ မသိမ်းခဲ့ရင် ကိုဖြိုးဇေယျာသော်ဟာ ပြည်ထောင်စုဝန်ကြီး ဖြစ်လာနိုင်တဲ့သူ တယောက်ပေါ့။
၂၀၂၀ ရွေးကောက်ပွဲအပြီး NLD က အစိုးရသစ်ဖွဲ့ဖို့ လုပ်ဆောင်ရာမှာ ပထမ ငါးနှစ်သက်တမ်း တာဝန်ယူခဲ့တဲ့ ဝန်ကြီးထဲက တချို့ အနားယူမယ့်သူတွေ ရှိသလို တာဝန် ဆက်ထမ်းရမယ့်သူတွေလည်း ရှိတဲ့အတွက် ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့ နောက်မှာ လျာထားမှုတွေ လုပ်ကြပါတယ်။
အနားယူမယ့် သူတွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်ဟောင်းတဦးလည်းဖြစ် ဗိုလ်မှူးချုပ် (ငြိမ်း) လည်း ဖြစ်ပြီး လက်ရှိ NLD အစိုးရအဖွဲ့မှာ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့ သူရ ဦးအောင်ကိုလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် ၇၀ ကျော်နေပြီဖြစ်တဲ့ သူရ ဦးအောင်ကိုဟာ ကျန်းမာရေး မကောင်းတာကြောင့် NLD အစိုးရ ဒုတိ ယသက်တမ်းမှာ ဆက်လက် တာဝန် မထမ်းနိုင်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် သင့်တော်သူကို တင်ပြဖို့ ပြောရာမှာ ဝန်ကြီး သူရ ဦးအောင်ကိုက အတန်ကြာ စဉ်းစားပြီးတဲ့နောက် ကိုဇေယျာသော်အမည်ကို တင်ပြခဲ့ ပါတယ်။
ဒါပေမယ့် ကိုဇေယျာသော်ဟာ အသက်ငယ်သေးတဲ့အတွက် နောက်တယောက် အဆိုပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုခဲ့ပါတယ်လို့ သိရပါတယ်။
သူရ ဦးအောင်ကိုက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးနေရာအတွက် ကိုဇေယျာသော်ကို ထောက်ခံခဲ့ခြင်းက သူဟာ ယဉ်ကျေးတယ်၊ အလုပ်ကြိုးစားတယ်၊ ရိုးသားတယ်၊ အရည်အချင်းရှိတဲ့သူ ဖြစ်တာကြောင့် အဆိုပြုတာလို့ သိရပါတယ်။
ဟစ်ဟော့ အဆိုတော် တဖြစ်လဲ ကိုဇေယျာသော်ဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက နေပြည်တော် ပုဗ္ပသီရိမြို့ နယ်မှာ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရာမှာ အနိုင်ရခဲ့သူပါ။
လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီးတဲ့နောက်မှာ ဝန်ကြီးသူရ ဦးအောင်ကိုနဲ့ ရင်းနှီးလာခဲ့တာဖြစ်ပါတယ်။
သူတို့ နှစ်ဦးမှာ တဦးက ငယ်ရွယ်တဲ့ ဟစ်ဟော့အဆိုတော် NLD ပါတီ ကိုယ်စားပြုသူ၊ တဦးက အငြိမ်းစား တပ်မတော် အရာရှိ ကြံ့ခိုင်ရေးပါတီဝင် ဗိုလ်မှူးချုပ်ဟောင်းတဦး ဖြစ်တဲ့အတွက် ဘ၀ဖြတ်သန်းမှုက လုံး၀ မတူညီပါဘူး။
ကိုဇေယျာသော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် အလုပ် လုပ်ရသူ ဖြစ်ပေမယ့် မိမိကိုယ်ကို မိမိ အမြဲနှိမ်ချကာ နေထိုင်သလို ယဉ်ယဉ်ကျေးကျေး ပြောဆို ဆက်ဆံခြင်းနဲ့ တိုင်းပြည်ကောင်းဖို့ အမြဲစဉ်းစားတတ်သူဖြစ်လို့ အသက်ငယ် ပေမယ့် ပြည်ထောင်စုဝန်ကြီး ရာထူးနဲ့ သင့်တော်တယ် ထင်တဲ့အတွက် သူရဦးအောင်ကိုက အကြံပြုခဲ့လို့ သိရပါတယ်။
ကိုဇေယျာသော်ဟာ နေပြည်တော်မှာ ဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယား သက်ငယ်မုဒိမ်းမှုမှာ အမှုမှန် ပေါ်ပေါက်ရေး တရားမျှတမှု ရှိဖို့ ဆောင်ရွက်ခဲ့သူဖြစ်သလို သက်ဆိုင်ရာ စာသင်ကျောင်းက ဒီအမှုမှာ ကိုဇေယျာသော်ကို ချဉ်းကပ်ခဲ့ပေမယ့် လက်မခံခဲ့ သူပါ။ သံသယ တရားခံ ကိုအောင်ကြီး လွတ်မြောက်ရေးကို ထင်ရှားတဲ့ ရှေ့နေတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သူ ဖြစ် ပါတယ်။
ဒါ့ပြင် တရားရုံးမှာ ဗစ်တိုးရီးယား သမီးငယ်လေးကို ဗီဒီယို ကွန်ဖရန့်ဇင်းနဲ့ အမှုစစ်တဲ့နေ့က ကလေးမိဘတွေ တရားခွင်ထဲ လိုက်ပါခွင့် မရ ဖြစ်နေရာက ကိုဇေယျာသော် ကိုယ်တိုင် တရားရုံးကို လာပြီး ဝင်ခွင့်ရရေး ဆောင်ရွက်ပေးခဲ့ပါတယ်။
ဇမ္ဗူသီရိမြို့နယ်မှာ နေထိုင်သူ အများစုက နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်ကြပြီး ကိုဇေယျာသော်အနေနဲ့ သူတာဝန်ယူခဲ့တဲ့ ငါးနှစ် အတွင်း ဝန်ထမ်းများ ဥပဒေနဲ့အညီ ခံစားခွင့်ရရေး အဓိက လုပ်ဆောင်ခဲ့ရာမှာ ဝန်ထမ်း ဥပဒေနဲ့အညီ မီးဖွားခွင့်ရခဲ့တာက ထင်ရှားတဲ့ လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။
အဲဒါအပြင် နေပြည်တော် ခုတင် ၁ ထောင်ဆန့် ဆေးရုံကြီးက ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းတွေ အိမ်ရာ အလုံ အလောက်ရရေး ကြိုစား ဆောင်ရွက်ခဲ့တဲ့အတွက် ဝန်ထမ်းတော်တော်များများ အိမ်ရာတွေရ ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုဇေယျာသော်ဟာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပေမယ့် သူ့ရဲ့ မဲဆန္ဒနယ်ဟောင်း ဇမ္ဗူ သီရိမြိုနယ်မှာ အသစ်ဝင်ပြိုင်မယ့် NLD ပါတီကိုယ်စားလှယ်လောင်း အနိုင်ရရေးအတွက် တက်တက်ကြွကြွဆောင်ရွက် ပေးခဲ့ပါတယ်။
သူဟာ ဆရာဝန် မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ လူငယ်တယောက်ဖြစ်ပြီး အနုပညာကို ဝါသနာပါတဲ့ လူငယ် အဆိုတော် ဘဝကနေ ခေတ်ရဲ့ လိုအပ်ချက်အရ ဝါသနာပါရာကို စွန့်ပြီး နိုင်ငံရေးမှာ ပါဝင်လာခဲ့ရသူပါ။ ဒီမိုကရေစီရရေး လှုပ်ရှားရင်း ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အခါ နိုင်ငံရေးလောကက အနားယူကာ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုပဲ ဆက် လုပ်တော့မယ်လို့ ပြောခဲ့ဖူးပေမယ့် သူ့ဆန္ဒ မပြည့်နိုင်တော့ပါဘူး။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက ပြည်လုံးကျွတ် အနိုင်ရတဲ့အခါ စစ်တပ်က အာဏာပြန်သိမ်းတာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီခရီးဟာ နောက်ပြန်ဆုတ်သွားတဲ့အတွက် ကိုဇေယျာသော်တို့လို လူငယ်များစွာဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့ရပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူငယ်တွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲတဲ့အတွက် ဒီလူငယ်တွေဟာ လက်နက်ကိုင် တော်လှန် ရေးဆိုတဲ့ သူတို့ မရွေးချင်တဲ့လမ်းကို မဖြစ်မနေ ရွေးချယ်လိုက်ရပါတော့တယ်။
နောက်ဆုံးတော့ စစ်တပ်ရဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး အသက် ဆုံးရှုံးခဲ့ကြပါတယ်။ ဒါပေမယ့် ကိုဇေယျာသော်နဲ့ အသက်စွန့်သွားတဲ့ သူရဲကောင်းတွေရဲ့ လုပ်ဆောင်တွေကိုတော့ မြန်မာပြည်သူတွေက ဘယ်တော့မှ မေ့မှာ မဟုတ်တော့ ပါဘူး။ ။
အောင်သူရသည် 7 Day နှင့် BBC သတင်းဌာနတွင် လုပ်ကိုင်ခဲ့သည့် သတင်းသမားဟောင်း တဦးဖြစ်သည်။
You may also like these stories:
အတုယောင် တရားရုံးကို အသုံးချ၍ သတ်ဖြတ်ခဲ့သော ဥပဒေမဲ့ လူသတ်မှု
ကွပ်မျက်ခံရသူများ၏ မိသားစုဝင်များ လုံခြုံရေး စိုးရိမ်ရ
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ထိခိုက်