ဒေါ်မြင့်မြင့်စန်းတယောက် ငိုပါများလို့ လည်ချောင်းပင် အက်ရှနေလေပြီ။ သူအားကိုးရတဲ့ သြရသသားကြီး ကိုအောင်သူရဇော်ကို ဘယ်တော့မှ ပြန်တွေ့ခွင့်မရတော့ဘူးဆိုတဲ့ အသိစိတ်ဝင်လာတိုင်း သူ့ရင်တွေပူလောင်လွန်းလှပြီ။
မကြာသေးခင်ကမှ စစ်အာဏာရှင်ရဲ့ မတရားကြိုးပေးကွပ်မျက်မှုကို ခံလိုက်ရတဲ့သူတွေထဲက တယောက်ဖြစ်တဲ့ လှိုင်သာယာမြို့နယ်က ကိုအောင်သူရဇော်တယောက် မတရားမှုကို တွန်းလှန်ရမယ်ဆိုတဲ့စိတ်နဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ရင်းက ခုတော့ သူချစ်တဲ့ မိသားစုကိုရော လူ့လောကကြီးကိုပါ အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခဲ့လေပြီ။
သူဟာ နိုင်ငံရေးသမား မဟုတ်သလို အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားတဲ့ လူဆိုးလူမိုက်၊ အကြမ်းဖက်သမားတဦး လည်း မဟုတ်ကြောင်း၊ စတီးသံပန်းလုပ်ငန်းနဲ့ မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ သာမန်အရပ်သားတဦးသာ ဖြစ်ကြောင်း မိခင် ဒေါ်မြင့်မြင့်စန်းက ပြောပြပါတယ်။
“ကျမသားက လူတွေအပေါ်မှာ ကူညီတတ်တယ်။ မိသားစုကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်ကျွေးတယ်။ သူနဲ့ ဆက်ဆံတဲ့သူမှန်သမျှကို အနစ်နာခံတယ်။ ကျမ အားကိုးရတဲ့သားကြီး။ အဲဒါကြောင့်လည်း ကျမ အရမ်းကို ပူဆွေးသောက ရောက်ရတယ်” လို့ သူက ဆိုပါတယ်။
ကွပ်မျက်ခံရချိန်မှာ အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ကိုအောင်သူရဇော်ကို စစ်ကောင်စီ စတင် ဖမ်းဆီးသွားချိန်က ဇနီးဖြစ်သူမှာ ကိုယ်ဝန် ၂ လနဲ့ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကိုအောင်သူရဇော်တယောက် သူ့ရင်သွေးလေးကို မြင်တွေ့သွားခွင့် ပင် မရခဲ့ပေ။
အလားတူ ကိုအောင်သူရဇော်ရဲ့ ရုပ်အလောင်းကိုလည်း အာဏာသိမ်း စစ်ကောင်စီက ထုတ်မပေးတဲ့ အတွက် မွေးမိခင်ဖြစ်သူ ဒေါ်မြင့်မြင့်စန်းတယောက် နောက်ဆုံး အခွင့်အရေး အဖြစ်တောင် မြင်တွေ့ခွင့် မပေးခဲ့။
“ကျမသားကြီးကို သတ်လိုက်ပြီဆိုရင် သားကြီးရဲ့ ရုပ်ကလာပ်ကို ပြန်လိုချင်တယ်။ ဒါမှမဟုတ်လည်း ရုပ်ကလာပ်ကို ကြည့် ချင်တယ်။ တွေ့ခွင့်ပေးပါ၊ ပြပါပြောတော့ တခါတည်း အပြီးစီစဉ်လိုက်တာတဲ့။ ဘာမှမသိဘူးတဲ့။ အဲဒီလို ပြောတယ်” လို့ ဒေါ်မြင့်မြင့်စန်းက ဝမ်းနည်းစွာ ဆိုပါတယ်။
ဒါ့ပြင် ဘယ်နေ့၊ ဘယ်အချိန်မှာ ကွပ်မျက်လိုက်သလဲ ဆိုတာလည်း တိကျသေချာစွာ မသိရတဲ့အတွက် သက်ပျောက် ဆွမ်းကို ရက်မှန်းလုပ်ရတဲ့၊ ရုပ်အလောင်းမရှိတဲ့ နာရေးလည်း ဖြစ်ခဲ့ရပါတယ်။
ကိုအောင်သူရဇော်လိုပဲ လှိုင်သာယာမြို့နယ်က ကိုလှမျိုးအောင်ကိုလည်း လူသတ်သမား၊ လုယက်သူတွေ၊ အကြမ်းဖက် သတ်ဖြတ်သူတွေအဖြစ်နဲ့ ပုံဖော်ပြီး စစ်ကောင်စီက စွပ်စွဲသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လအတွင်းမှာ လှိုင်သာယာမြို့နယ်က အမျိုးသမီး ၁ ဦးကို စစ်ကောင်စီ သတင်းပေး (ဒလန်) အဖြစ် စွပ်စွဲ သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး သူတို့ ၂ ဦးကို ဖမ်းဆီး၊ စစ်ခုံရုံးတင်ပြီး နောက်မှာတော့ လူသတ်မှု၊ လုယက်မှုဆိုတဲ့ ပုဒ်မတွေနဲ့ ၂၀၂၁ ဧပြီ ၁၂ ရက်မှာ သေဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အမှုတွဲပါဝင်သူ ၂၆ ဦးထဲကမှ သူတို့ ၂ ဦးပဲ သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေဒဏ်ကို ကြိုးပေးမစီရင်တာ မြန်မာ နိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီမို့ သေဒဏ်ဟာ နှစ်ရှည်ထောင်ဒဏ်လို့ပဲ အများက ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် တို့နဲ့အတူ ကိုအောင်သူရဇော်၊ ကိုလှမျိုး အောင်တို့ကို သေဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေကတဆင့် ထုတ်ပြန်ခဲ့ပါတယ်။
သေဒဏ်စီရင်ခံလိုက်ရတဲ့ ကိုလှမျိုးအောင်ရဲ့ ရုပ်အလောင်းကို မိသားစုက ပြန်မရရုံတင်သာမက သူမသေခင်မှာလည်း မိသားစုဝင် တဦးတယောက်နဲ့မှ တွေ့ခွင့်မရခဲ့ပါဘူး။ ဒါ့ပြင် ကိုလှမျိုးအောင်ရဲ့ အမျိုးသမီးဟာလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၃ နှစ် ချမှတ်ခံရပြီး လက်ရှိ ကျိုက်မရောထောင်မှာ ချုပ်နှောင်ခံနေရဆဲ ဖြစ်ပါတယ်။
သေဒဏ်စီရင်ခံလိုက်ရတဲ့ ၄ ယောက်မှာ သူတဦးပဲ မိသားစုတွေနဲ့ တွေ့ခွင့်မရခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေမှာတွေ့လို့ ဆက်သွယ်လာမလားဆိုပြီး စောင့်နေခဲ့ပေမယ့် နောက်ဆုံး သေဒဏ် စီရင်လိုက်ပြီဆိုတာ လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာတော့မှ သိရတယ်လို့လည်း ကိုလှမျိုးအောင်ရဲ့ ယောက္ခမက ပြောပြပါတယ်။
သူဟာ NLD အမာခံတယောက် ဖြစ်တာကြောင့် အာဏာသိမ်းကာလမှာ ဇနီးမောင်နှံနှစ်ယောက်လုံး သူတို့ အိမ်ရှိရာ လှိုင်သာယာကနေ ဆန္ဒပြပွဲတွေရှိတဲ့ လှည်းတန်း၊ မြေနီကုန်းတွေထိ နေ့စဉ်နီးပါး သုံးဘီးဆိုက်တွဲကိုမောင်းပြီး ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြပွဲတွေမှာ အတူပါဝင်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ကို ဖမ်းမမိတဲ့ စစ်ကောင်စီဟာ မိသားစုဝင်တွေဖြစ်တဲ့ ကိုလှမျိုးအောင်ဇနီးရဲ့ အဖေနဲ့အမေအပြင် မြေးတော်စပ်တဲ့ ဆယ်ကျော်သက်အရွယ် ယောကျ်ားလေး ၁ ဦးတို့ကို လှိုင်သာယာရဲစခန်းမှာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပြီး ၁ လလောက်ကြာတော့မှ ကိုလှမျိုးအောင်နဲ့ ဇနီး မကြူကြူအေးတို့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၁ ဧပြီက လှိုင်သာယာအချုပ်ခန်းမှာ ကိုလှမျိုးအောင်တို့မိသားစု ဆုံတွေ့ခဲ့ကြပြီး အဲဒီတွေ့ဆုံမှုဟာ နောက် ဆုံးအကြိမ် ဖြစ်ခဲ့ရပါတယ်။
‘လှိုင်သာယာ’ ဆိုတဲ့ အမည်နာမကို ကြားလိုက်တာနဲ့ လူမိုက်တွေ၊ ဇိုးတွေပေါတဲ့နေရာ၊ ကျူးကျော်တွေ၊ စက်ရုံအလုပ် သမားတွေနဲ့ နိုင်ငံရေးဆိုတာကို စိတ်မဝင်စားနိုင် နေ့စဉ်နဲ့အမျှ စားဝတ်နေရေးအတွက်သာ လုံးပမ်းနေရတဲ့ အခြေခံလူ တန်းစားအများစု နေထိုင်ရာမြို့အဖြစ် မြင်မိကြပါလိမ့်မယ်။
ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က လူထုရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး မတရား အာဏာသိမ်းယူလိုက်ချိန်မှာတော့ လှိုင်သာယာက ပြည်သူတွေဟာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ လက် မနှေးဘဲ တက်တက်ကြွကြွ တွန်းလှန်ပါဝင်ခဲ့ကြပါတယ်။
“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ၊ လှုပ်ရှားမှုတွေနဲ့ အတူ အရှိန်အဟုန် ပြင်းထန်လာနေတဲ့ လှိုင်သာယာ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ ရပ်တန့်စေရေး အာဏာသိမ်း စစ်ကောင်စီဟာ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လှိုင်သာယာ ဆင်ခြေဖုံးမြို့လေးမှာ ၂၀၂၁ မတ် ၁၄ ရက်နေ့က သွေးချောင်းစီးခဲ့ရပါတယ်။
အဲဒီ သွေးစွန်းတနင်္ဂနွေနေ့က လှိုင်သာယာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူတွေ အပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၂၂ ဦး သေဆုံးခဲ့ရပါတယ်။
သို့ပေမယ့် ဖျောက်ဖျက်ခံလိုက်ရတဲ့အလောင်းတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် တိတ်တဆိတ် ပြုလုပ်လိုက်ရတဲ့ ဈာပန တွေကြောင့် တကယ့်မြေပြင်မှာ အဲဒီကိန်းဂဏန်းထက် များစွာသေကြေခဲ့မယ်လို့ ယူဆထားကြပါတယ်။
၂၀၂၁ မတ် ၁၅ ရက်မှာတော့ စစ်ကောင်စီဟာ လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီး မြို့နယ်တွင်းက ပြည်သူတွေကိုလည်း ပုဒ်မမျိုးစုံတပ် ဖမ်းဆီးခဲ့ပါတယ်။
ဒီအထဲမှာ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့လည်း ပါဝင်ခဲ့ပြီး အခုတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ မတရားဥပဒေ အောက်မှာ သေဒဏ်ပေး စီရင်ခံလိုက်ရပါတယ်။
“သူက ဇိုး မဟုတ်ပါဘူး။ ဇိုး တယောက်ဆိုရင် ကျနော်တို့က သားမက်အနေနဲ့ လက်ခံပေးမှာ မဟုတ်ဘူး။ သူတို့အဖွဲ့ထဲမှာ ဇိုး တယောက်မှ မရှိဘူး” လို့ ပြောပြလာသူက ကိုလှမျိုးအောင်ရဲ့ ယောက္ခမ ဖြစ်ပါတယ်။
ဝဝပုပု၊ မျက်နှာပြဲပြဲနဲ့ ၄၁ နှစ်အရွယ် ကိုလှမျိုးအောင်ကို အရပ်ထဲမှာတော့ ‘ဝက်ကြီး’ လို့ ခေါ်ကြပါတယ်။ ရပ်ရေးရွာရေး ကိစ္စတွေမှာ ပါဝင်ကူညီတတ်သလို ပရဟိတအလုပ်တွေကိုလည်း တက်တက်ကြွကြွလုပ်လေ့ရှိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သူလို့ ဆိုကြပါတယ်။
စစ်အာဏာမသိမ်းခင်အထိ သူတို့တွေဟာ ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း ဘဝကို သာမန်ဖြတ်သန်း နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကိုလှမျိုးအောင်ဟာ မြို့နယ်ထဲမှာပဲ လမ်းဘေးထမင်းဆိုင်လေးတဆိုင် ဖွင့်ထားပါတယ်။ အဲဒီမတိုင်ခင်ကတော့ ကြေးစားဘိလိယက်သမားအဖြစ် ကျင်လည်ခဲ့ပါသေးတယ်။
လှိုင်သာယာဟာ တိုးချဲ့မြို့သစ်ဖြစ်တာကြောင့် အများစုဟာ ငယ်မွေးခြံပေါက်တွေ မဟုတ်ကြဘဲ ဒေသအသီးသီးကနေပြီး ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းလာကြတဲ့သူတွေ ဖြစ်ပါတယ်။
ကိုအောင်သူရဇော်ဟာလည်း လှိုင်သာယာမြို့နယ်ဇာတိ မဟုတ်ပါဘူး။ ၁၀ တန်း စားမေးပွဲကျချိန်က စလို့ သူ့ရဲ့ ဇာတိချက် မြှုပ်ဖြစ်တဲ့ ဧရာဝတီတိုင်းထဲက ဘိုကလေးမြို့ကို စွန့်ခွာပြီး အလုပ်လုပ်ဖို့ သူငယ်ချင်းတွေနဲ့အတူ ရန်ကုန်မြို့ကို တက်လာခဲ့ ရင်းက လှိုင်သာယာမှာအခြေချရင်း အလုပ်အကိုင် ရရှိပြီးတဲ့နောက် နယ်ကသူ့မိသားစုဝင်တွေဖြစ်တဲ့ မိခင်၊ အစ်မနဲ့ ညီတို့ ပါ ရွှေ့ပြောင်းနေထိုင်လာခဲ့တာ ဖြစ်ပါတယ်။
“မိသားစုရဲ့ ဆုံးရှုံးမှုအကြီးကြီး ဖြစ်တဲ့အပြင် ဒါမျိုး ပထမဆုံး ဆုံးရှုံးတာပဲ။ ဒါပေမဲ့ ကျမရဲ့ ဆုံးရှုံးမှုက ဂုဏ်ယူသင့်ဂုဏ်ယူ ထိုက်တဲ့ ဆုံးရှုံးမှုမျိုးပေါ့။ အတိုင်းထက်အလွန်ကို ဂုဏ်ယူတယ်။ လေးလည်း လေးစားပါတယ်” လို့ ကိုအောင်သူရဇော်ရဲ့ မိခင် ဒေါ်မြင့်မြင့်စန်းက ဆိုပါတယ်။
ကိုအောင်သူရဇော်ရဲ့ မိခင် ဂုဏ်ယူသလိုပဲ စစ်အာဏာရှင်ကို ကျရာအခန်းကဏ္ဍကနေ တော်လှန်ရင်း အသက်ပေးဆပ်သွား ခဲ့ရတဲ့ လှိုင်သာယာမြို့နယ်က ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို နွေဦးတော်လှန်ရေးရဲ့ အညတရသူရဲကောင်းတွေ အဖြစ် ပြည်သူတွေကလည်း လေးစားဂုဏ်ယူ အသိအမှတ်ပြုနေမှာ ဖြစ်ပါတယ်။
ကဗျာဆရာ သစ္စာနီကတော့ “ပြောမဆုံးပေ အမောဆုံးနွေမှာ၊ တတောလုံးဝေမယ့်သူတွေ။ သေလဲအဆန်းမဟုတ်၊ မကြွေရဲ ပဲ ပန်းမလုပ်” ဆိုပြီး ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်အတွက် ဂုဏ်ပြုသီကုံးပေးထားပါတယ်။