ကျနော်တို့ ငယ်ငယ်က ကျောင်းဆွေး၊ လူဆွေးဆိုပြီး စာမေးပွဲကျကျနိုင်လွန်းသူများကိုခေါ်ဆိုလေ့ရှိတယ်။ တချို့က စာညံ့လို့ စာမေးပွဲကျကြတာဖြစ်ပြီး ကျောင်းဆွေး၊ လူဆွေးနေကြတာဖြစ်ပေမယ့် တက္ကသိုလ်မှာ တက္ကသိုလ်ဆွေး၊ လူဆွေးနေကြသူတွေကျ တက္ကသိုလ်မှာ ပျော်လို့နေကြသူတွေ ဖြစ်နေပြန်တယ်။
၁၉၃၀ ပြည့်နှစ်ကျော် ကာလက ရန်ကုန်တက္ကသိုလ်ကိုကြည့်ရင် စိတ်ဝင်စားစရာတွေ တပုံတပင် တွေ့ရတယ်။ အစိုးရက ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းစာအုပ် အလိုအရ ၁၉၃၂ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသားတွေ နေထိုင်ပြုမူကြပုံက လူကုံထံ သားသမီးတွေလိုဖြစ်တယ်။ သူတို့ကိုယ်သူတို့ မိုးကျရွှေကိုယ်တမျှ အထင်လည်း ကြီးကြပါသတဲ့။
တက္ကသိုလ်ကျောင်းသားတွေ စာသင်ခန်းသွားရင် ပွဲနေပွဲထိုင်သွားသလို ဝတ်စားပြီးသွားကြတယ်။ နိုင်ငံခြားဖြစ် ထင်ရှားတဲ့ ရေမွှေးကောင်းကောင်း သုံးကြတယ်။ ဆံပင်ပြောင်ချောအောင် ခေါင်းလိမ်းဆီမွှေးကို လိမ်း၊ ဟော်လန် ဒီယာပင်မင်းပြန် ရှပ်အင်္ကျီ စတစ်ကော်လာ ကြွေရောင်တိုက် ၅၅၀၀ သို့မဟုတ် အယ်လ်ပတ်ကား ပိုးတိုက်ပုံကို ဝတ်ကြတယ်။ ဘန်ကောက် လုံချည် ခေါက်ရိုးမပျက်ဝတ်၊ ပန့်ရှူးလို့ခေါ်တဲ့ ဖဲပြားတပ် ပြောင်လက်နေတဲ့ နောက်ပိတ်ဖိနပ်ဝတ်ပြီး ကျောင်းတက်ကြတယ်။
ကျောင်းသားတွေ ဒီလို ပြုမူနေထိုင်အောင်လည်း ဒီတုန်းက ကျောင်းအုပ် မစ္စတာ စလော့က သူ့ကျောင်းသူ ကျောင်းသားတွေကို သူဂုဏ်တင်တယ်။ သိက္ခာတင်တယ်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားဆိုလျှင် တပြည်လုံးက ဖူးဖူးမှုတ်ထားရအောင် သူအမွှမ်းတင်ထားတယ်။ ကျောင်းသားဆိုးလို့ ရန်ဖြစ်ရင်တောင် သူက အာမခံပြီး သူ့ကျောင်းသား သူပြန်ခေါ်တယ်။ ရဲ ဖမ်းမရ။ ဒီအကြောင်းကို မြကေတုရဲ့ နှောင်းခေတ် တက္ကသိုလ် ဘဝမှတ်တမ်းများ စာအုပ်မှာ အခုလို ရေးထားတယ်။
တက္ကသိုလ်ကျောင်းသားတွေ စာသင်ခန်းသွားရင် ပွဲနေပွဲထိုင်သွားသလို ဝတ်စားပြီးသွားကြတယ်။ နိုင်ငံခြားဖြစ် ထင်ရှားတဲ့ ရေမွှေးကောင်းကောင်း သုံးကြတယ်။ ဆံပင်ပြောင်ချောအောင် ခေါင်းလိမ်းဆီမွှေးကို လိမ်း၊ ဟော်လန် ဒီယာပင်မင်းပြန် ရှပ်အင်္ကျီ စတစ်ကော်လာ ကြွေရောင်တိုက် ၅၅၀၀ သို့မဟုတ် အယ်လ်ပတ်ကား ပိုးတိုက်ပုံကို ဝတ်ကြတယ်။
“မြို့တွင်း၌လည်း ကျောင်းသားများ ဂုဏ်ရှိကြသည်။ ကောလိပ်ကျောင်းသားဆိုလျှင် မော်မကြည့်ရဲကြ၊ ကောလိပ်ကျောင်းသားတဦး မြို့ထဲတွင် ဗိုလ်ကျနေပြီ ဆိုပါစို့၊ ဆူးလေဘုရား ရင်ပြင်တော်အောက် ရုံးနံဘေး၌ ဓားနှင့် တုတ်နှင့်၊ မူးကလည်း မူးလို့၊ ဘယ်သူမှ အနားမကပ်ရဲ၊ ရဲများက ကျောင်းသားနံဘေး ခြံရံလျက်၊ ကျောင်းကို တယ်လီဖုန်း ရောက်လာသည်။ ဆရာ စလော့ ကားနှင့် အပြေးရောက်လာပြီး အခြေအနေကို ကြည့်သည်။ ဘယ်ပုလိပ်မင်းကြီး၊ ဘယ်အရေးပိုင်ဖြစ်စေ အနားမသီနှင့်၊ ဒါဟာ ကျောင်းသား၊ ဆရာ စလော့ သူ့လက်ကိုကာပြ၍ သူ့ကျောင်းသားနား ပြေးကပ်လာသည်။ အတူယှဉ်တွဲ ရပ်လိုက်သည်။ ကျောင်းသားကို ပြုံးပြလိုက်ပြီး လက်တွဲ၍ သူငယ်ချင်းသဖွယ် ခေါ်ထုတ်သွားတတ်သည်။ မည်သူ ကျောင်းသားကို မော်ကြည့်ရဲကြမည်နည်း”
ဒါ့အပြင် တက္ကသိုလ် ကျောင်းဆရာများကလည်း တပည့်များအပေါ် သြဇာညောင်းကြပြီး စမတ်လည်း အလွန်ကျကြတယ်။ ရန်ကုန်တက္ကသိုလ်မှာ ထိုစဉ်က ကျောင်းအုပ်မှာ ဦးဖေမောင်တင် ဖြစ်တယ်။ ဆရာတွေက ဦးလူဖေဝင်း (နောင် ကျောက်စာဝန်)၊ ချစ်ဒုက္ခ ဦးဘညွန့် (သူက သထုံဆောင်နည်းပြ)။ ဦးဧမောင် (မြန်မာစာ)၊ ဦးအောင်သန်း (ပါဠိ)၊ ဦးတင်မောင်ကြည် (ခေါ်) ဦးဘာဘာ၊ ဦးညွန့်၊ ဦးဘကလေး (ပါဠိ)၊ သခင် ဘသောင်း (ဘာသာပြန်ဆရာ) (ကျောင်းသားတွေကို ထိုစဉ်က ရုရှားတော်လှန်ရေးအကြောင်း ဘာသာပြန်သင်ပေးလို့ အလုပ်ထုတ်ခံရသူ)။ ဆရာကြီး ဦးလင်း၊ ဦးပွား (မြန်မာမှု နိုင်နင်းကျွမ်းကျင်လို့ ဦးဖေမောင်တင်က တက္ကသိုလ်ခေါ် ခန့်ထားသူများ)။ ဆရာကြီး လုစ်၊ ဦးကာစင်၊ ဦးထွန်းဖေ စသူတို့ ဖြစ်ကြတယ်။
ဒီစာမူရေးနေတုန်း ကျနော့် လက်ထဲကို ရန်ကုန်တက္ကသိုလ် ကလောင်အသင်း (၁၉၅၈-၆၂) မှ စီစဉ်သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ် ရောက်လာတယ်။ ဒီစာအုပ်ထဲက ကလောင်ရှင်တွေဟာ စစ်ကြီးပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ကြသူတွေဖြစ်ပြီး သူတို့ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလက အဖြစ်အပျက်တချို့ကို ရေးဖွဲ့ထားတာ ဖတ်ရပြန်တယ်။ စစ်ကြီးမဖြစ်ခင် ၁၉၃၀ ကျော်မှ ၁၉၄၂ ခုနှစ်အထိ တက္ကသိုလ်နဲ့ စစ်ပြီးခေတ် တက္ကသိုလ်တို့ကိုလည်း နှိုင်းယှဉ်မြင်ရတယ်။
ထူးခြားတာကတော့ စာအုပ်ထဲပါတဲ့ စာမူတွေအရ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆွေး၊ လူဆွေးနေသွားတဲ့ ကျောင်းသားတွေအကြောင်း ပါလာတာပါပဲ။ တလောက တက္ကသိုလ်ရာပြည့် ဖျော်ဖြေပွဲတခုမှာ တေးသံရှင် ကိုင်ဇာက သူ ရန်ကုန်တက္ကသိုလ်မှာ ဆယ်နှစ် ကျောင်းတက်ခဲ့တဲ့အကြောင်း ပြောပြသွားတယ်။ တက္ကသိုလ်မှာက နှစ်နှစ်ကျရင် ကျောင်းပြင်ရောက်တယ်။ ဒီတော့ နှစ်နှစ်ကျပြီးရင် နောက်တနှစ်ကို ဆေးခွင့်တင်ပြီး စာမေးပွဲ မဖြေတဲ့နည်းနဲ့ ဆယ်နှစ်တက်ခဲ့တာ ဖြစ်တယ်။ အခုတော့ ကိုင်ဇာ့စံချိန်ကို ဟိုးအရင်ကတည်းကချိုးခဲ့သူ တက္ကသိုလ်ကျောင်းသားတဦး ထပ်တွေ့ရပြန်တယ်။
တလောက တက္ကသိုလ်ရာပြည့် ဖျော်ဖြေပွဲတခုမှာ တေးသံရှင် ကိုင်ဇာက သူ ရန်ကုန်တက္ကသိုလ်မှာ ဆယ်နှစ် ကျောင်းတက်ခဲ့တဲ့အကြောင်း ပြောပြသွားတယ်။ တက္ကသိုလ်မှာက နှစ်နှစ်ကျရင် ကျောင်းပြင်ရောက်တယ်။ ဒီတော့ နှစ်နှစ်ကျပြီးရင် နောက်တနှစ်ကို ဆေးခွင့်တင်ပြီး စာမေးပွဲ မဖြေတဲ့နည်းနဲ့ ဆယ်နှစ်တက်ခဲ့တာ ဖြစ်တယ်။
ရာပြည့်မဂ္ဂဇင်းထဲက အောင်ချိန်ဘွားရေးတဲ့ ‘မြကျွန်းသာဝေယံ ဆူညံသံပေးခဲ့’ ဆိုတဲ့ ဆောင်းပါးထဲမှာ တက္ကသိုလ်ဆွေး၊ လူဆွေးကို တွေ့ခဲ့ရတယ်။ ၁၉၅၅ – ၅၆ ပညာသင်နှစ် ရန်ကုန် တက္ကသိုလ်မှာ ကျောင်းသားပွဲတော်များ ကျင်းပတယ်။ မုံရွာသား ကိုကျော်ခိုင်မြိုင် ဆိုသူက သူ့ဦးလေးဖြစ်သူ ဦးဖိုးရှိဆီက ဒိုးပတ်ပညာကို အမွေခံရထားသူ။ တက္ကသိုလ်က ဒိုးပတ်ဘုရင်လို့ တောင်ပြောလို့ရသူ ကိုကျော်ခိုင်မြိုင်ရဲ့ ချင်းတွင်းဒိုးအဖွဲ့ဟာ ကျောင်းသားပွဲတော်မှာ ပထမ ရတယ်။
၂ နှစ်တကြိမ် ကျင်းပပြုလုပ်တဲ့ ကျောင်းသားပွဲတော်တွေမှာ ကိုကျော်ခိုင်မြိုင်က ဒိုးပတ်တီးပြီး မျိုးစုံလုပ်ပြ ဖျော်ဖြေတယ်။ အဲဒီခေတ်က နာမည်ကြီး အနောက်တိုင်း တေးတစ်ပုဒ်ဖြစ်တဲ့ အိုး အိုး အိုး ဘာနဒီ ဆိုတဲ့တေးသွား အလိုက်အတိုင်း မိုး မိုး မိုး ဘာလို့ရွာ ဖား ဖား ဖား ဖားအော်လို့ရွာ လို့လုပ်ပြီး ဒိုးပတ်တီး သီချင်းဆိုတယ်။
ကျောင်းသားပွဲတော် ကာလအတွင်း ဂျပ်ဆင်မြက်ခင်းပြင်မှာ ကိုကျော်ခိုင်မြိုင်နဲ့ မြတ်လေးတို့ပေါင်းပြီး ပြဇာတ်လည်း ကတယ်။ အမြင်ဆန်းတဲ့ ကဇာတ်များကို မြတ်လေးနဲ့ ကိုကျော်ခိုင်မြိုင်တို့က နာမည်ကျော်ရုပ်ရှင်နဲ့ ဂီတလောကသားတွေနဲ့ ပူးပေါင်းတင်ဆက်ခဲ့တာ အထူးအောင်မြင်တယ်။
တက္ကသိုလ်ကျောင်းသားတွေသာ မကဘဲ ပြင်ပက ပရိသတ်များပါ လာရောက်ကြည့်ရှုကြပြီး ကြိတ်ကြိတ်တိုး စည်ကားခဲ့တယ်။ အနှီ မုံရွာသား ကိုကျော်ခိုင်မြိုင် ဆိုသူကား မည်သို့သော ကျောင်းသားနည်း။
“ရန်ကုန်တက္ကသိုလ်တွင် အလွန်ထူးခြားသော တက္ကသိုလ် ကျောင်းသားများအနက် တဦးအပါအဝင်ဖြစ်သည့် ကိုကျော်ခိုင်မြိုင်၏ ပထမဆုံး ထူးခြားချက်ကား သူသည် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်တနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ လာတက်သော ကျောင်းသားဖြစ်သည်။ ၁၉၆၂ခုနှစ် ရန်ကုန်တက္ကသိုလ်ကြီး မရှုမလှ အတိုက်မခံရစဉ် တနှစ်အလိုအထိ ၁၂ နှစ်တိုင်တိုင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆက်တိုက် ကျောင်းတက်ခဲ့သည့် ကျောင်းသားကြီး ဖြစ်သည်။”
အောင်ချိန်ဘွား ရေးထားတာက “ရန်ကုန်တက္ကသိုလ်တွင် အလွန်ထူးခြားသော တက္ကသိုလ် ကျောင်းသားများအနက် တဦးအပါအဝင်ဖြစ်သည့် ကိုကျော်ခိုင်မြိုင်၏ ပထမဆုံး ထူးခြားချက်ကား သူသည် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်တနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ လာတက်သော ကျောင်းသားဖြစ်သည်။ ၁၉၆၂ခုနှစ် ရန်ကုန်တက္ကသိုလ်ကြီး မရှုမလှ အတိုက်မခံရစဉ် တနှစ်အလိုအထိ ၁၂ နှစ်တိုင်တိုင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆက်တိုက် ကျောင်းတက်ခဲ့သည့် ကျောင်းသားကြီး ဖြစ်သည်။”
ကိုကျော်ခိုင်မြိုင်က ဘီအက်စ်စီ အင်ဂျင်နီယာမှာ သုံးနှစ်ကြာ တက်၊ အဲဒီကမှတခါ ရိုးရိုး ဘီအက်စ်စီတန်း ပြန်တက်၊ နှစ်နှစ် မကျအောင် နှစ်နှစ်မြောက်မှာ အောင် အောင်ဖြေ။ သူက စာညံ့လို့မဟုတ်ဘဲ တက္ကသိုလ်ကိုချစ်ပြီး တက္ကသိုလ်ထဲ ကြာကြာနေရအောင် တမင်နေခဲ့တာ ဖြစ်တယ်။ ကိုကျော်ခိုင်မြိုင်ဟာ ရန်ကုန်တက္ကသိုလ်မှာ နေရတာ ပျော်ရွှင်သူ ဖြစ်ရုံသာမကဘဲ တက္ကသိုလ်ကို ပျော်ရွှင်အောင် စည်ကားအောင် ရှင်သန်လှုပ်ရှားအောင် ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားအဖြစ်ရော၊ ဆရာအဖြစ်နဲ့ပါ နှစ်ပေါင်း ၆၀ ကြာ ပျော်ပျော်ကြီး ဖြတ်သန်းခဲ့သူ နောက်တဦးကတော့ ဆရာ မောင်ခင်မင် (ဓနုဖြူ)။
ရာပြည့်မဂ္ဂဇင်းထဲမှာ မောင်ခင်မင် (ဓနုဖြူ) က အမိတက္ကသိုလ်၏ ဟိုတကွက် သည်တကွက် ပုံရိပ်ကလေးများဆိုတဲ့ ဆောင်းပါးတစောင် ရေးထားတယ်။ ဆောင်းပါးအဖွင့်မှာ “အမိ တက္ကသိုလ်ဟု အလေးအမြတ် ဝိသေသပြုရသည့် ရန်ကုန်တက္ကသိုလ် ပရိဝုဏ်တွင် ကျနော် စတင်ခြေချခဲ့သည်မှာ ၁၉၆၁ ခုနှစ်၊ ဇွန်လက ဖြစ်ပါသည်။ ယခု အချိန်အထိလည်း ခြေချနေဆဲ ဖြစ်ပါသည်။ အမိတက္ကသိုလ်ကြီး နှစ် ၁၀၀ ပြည့်ချိန်တွင် တက္ကသိုလ်မှာ ကျနော် ကျင်လည်ခဲ့သည့် ကာလသည် နှစ် ၆၀ တောင် ရှိပါပြီကော”။
ဆရာ မောင်ခင်မင်တို့ တက္ကသိုလ်တက်တုန်းက နဂါးတံဆိပ် ဘတ်စ်ကားစီးပြီး အဓိပတိလမ်းထိပ် အဝိုင်းလေးမှတ်တိုင်မှာ ဆင်းကာ အဓိပတိလမ်းထဲ လှမ်းဝင်ရတယ်။ တက္ကသိုလ်မှာ အရင်က ကျောင်းလခ မပေးရပေမယ့် ဆရာ ကျောင်းစတက်တဲ့ နှစ်ကစပြီး ကျောင်းလခ တလ ၁၅ ကျပ်ပေးရတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံလည်း ရှိသေးပြီး အဲဒီ သမဂ္ဂအောက်ထပ်မှာ စားသောက်ဆိုင်ရှိလို့ ဆရာတို့ ကော်ဖီ၊ လက်ဖက်ရည် ဝင်သောက်ကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ တက္ကသိုလ်တက် ကတည်းကရှိတဲ့ ဆံပင်ညှပ်ဆရာ ဦးကံသိန်းဆိုင်လည်း အဲဒီအောက်ထပ်မှာ ဖွင့်ထားသေးတယ်။ အာစီလို့ အလွယ်ခေါ်ကြတဲ့ (Recreation Centre) အပန်းဖြေရိပ်သာက ဆောက်တုန်းဖြစ်ပြီး ၁၉၆၂ ခုနှစ်ကျမှ ပြီးတယ်။
ဆဲဗင်းဇူလိုင်အပြီးမှာ တက္ကသိုလ်ထဲ ခံစားချက်များကို ရင်ဖွင့်ထားတဲ့ ကဗျာစာအုပ်တွေ အများအပြား ထွက်ခဲ့ပြီး ဆရာမှတ်မိနေတဲ့ ကဗျာတပုဒ်က အို အမေ သားတွေ သေပွဲ၊ ငိုမစဲခင်၊ လှပဲ လှရက်နိုင်လွန်းတယ်တဲ့ ‘မိခင် ဘွဲ့နှင်းသဘင်သို့’ လို့ ကဗျာနာမည်ပေးထားတယ်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်လည်း မရှိသေးဘဲ အဓိပတိလမ်းဘေးက တိုက်ဖြူကြီးမှာ စာကြည့်တိုက် လုပ်ထားတယ်။ ကျောင်းကို မနက်စောစော ပုဂံလမ်းဘက်က လမ်းလျှောက်ပြီးဝင်ရင် မနက်ခင်း လမ်းလျှောက်နေတဲ့ ဗိုလ်ချုပ်တို့ခေတ်က ကျောင်းအုပ် ဦးဖေမောင်တင်ကို တွေ့ရလေ့ရှိတယ်။
သိန်းသန်းထွန်းရဲ့ မပန်ပါနဲ့ ကြွေချင်တယ်၊ အချစ်ရူးလေးရဲ့အချစ်ဦး ဝတ္တုများ လူကြိုက်များချိန်ဖြစ်ပြီး မပန်ပါနဲ့ ကြွေချင်တယ်ထဲက ဒိုင်ယာနာတို့ ဂျပ်ဆင်ဘုရားကျောင်း မျှော်စင်ပေါ်တက်ပြီး ပတ်ဝန်းကျင်ရှုခင်းကြည့်သလို တက်ကြည့်ကြသူတွေ ရှိခဲ့တယ်။
ဆဲဗင်းဇူလိုင်အပြီးမှာ တက္ကသိုလ်ထဲ ခံစားချက်များကို ရင်ဖွင့်ထားတဲ့ ကဗျာစာအုပ်တွေ အများအပြား ထွက်ခဲ့ပြီး ဆရာမှတ်မိနေတဲ့ ကဗျာတပုဒ်က အို အမေ သားတွေ သေပွဲ၊ ငိုမစဲခင်၊ လှပဲ လှရက်နိုင်လွန်းတယ်တဲ့ ‘မိခင် ဘွဲ့နှင်းသဘင်သို့’ လို့ ကဗျာနာမည်ပေးထားတယ်။ စာတွေ ဖတ်ပြီး ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲကို ရော်ရမ်းမျှော်မှန်း တမ်းတလွမ်းရပါတယ်။
You may also like these stories:
ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဒေါက်တာအာကာမိုးသူကို စစ်ကောင်စီက ထောင် ၃ နှစ်ချ
ပညာရေး ဒုဝန်ကြီးဟောင်း ဒေါက်တာညီညီ ကွယ်လွန်
ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း
အမှတ်ရနေမည့် ကွယ်လွန်သူ သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်